b သူရဲကောင်းကြယ်: August 2009
•Wednesday, August 19, 2009
ဝိုးတဝါး ပျော်ရွှင်မှု

ပုံပြင်လေးတစ်ခု ပြန်ပြောပြချင်တယ်...

တစ်ခါက မျက်စိကောင်းတဲ့လူနဲ့ မျက်စိမှုန်သူနှစ်ယောက် ရေထဲမျောပါသွားခဲ့တယ်။ ကျယ်ပြန့်တဲ့မြစ်ပြင်မှာ အသက်ရှင်နိုင်ဖို့အတွက် နှစ်ဦးသား အားသွန်ခွန်စိုက် ကူးခတ်ခဲ့ကြတယ်။ ဒါပေမယ့် မကြာပါဘူး.. သူတို့ ခြေကုန်လက်ပမ်း ကျသွားခဲ့တယ်။ အဲဒီအချိန်မှာ ရုတ်တရက် သူတို့ဘက်မျောလာနေတဲ့ အဝေးကလှေတစ်စီးကို မျက်စိကောင်းသူက တွေ့မြင်သွားခဲ့တယ်။ မျက်စိမှုန်သူကလည်း မှုန်ဝါးဝါးကြားမှာ လှေကိုတွေ့ခဲ့လို့ နှစ်ဦးသား လှေဖက်ကိုဦးတည်ပြီး အားကုန်ကူးခတ်ကြပြန်တယ်။

ကူးရင်းသွားရင်း မျက်စိကောင်းသူက ရုတ်တရက် အကူးရပ်လိုက်တယ်။ အကြောင်းက လှေတစ်စီးလို့ သူထင်ခဲ့တဲ့အရာက လှေမဟုတ်ဘဲ သစ်ဆွေးတုံးတစ်တုံးဖြစ်နေလို့ ဖြစ်တယ်။ ဒါပေမယ့် မျက်စိမှုန်သူက သစ်ဆွေးတုံးမှန်း မသိခဲ့လို့ အကူးမရပ်ခဲ့ဘူး။ အနီးနားရောက်မှ လှေမဟုတ်ဘဲ သစ်ဆွေးတုံးမှန်းသိတဲ့အချိန် သူဟာ ကမ်းနဲ့အတော်နီးတဲ့နေရာနား ကူးခတ်ရောက်ရှိနေပြီဖြစ်တယ်။ မျက်စိကောင်းသူကတော့ ရေလယ်မှာ တစ်ဝဲဝဲလည်ရင်း နစ်မြှုပ်သေဆုံးသွားခဲ့ရတယ်။ တဲ့

ဒီ ပုံပြင်လေးထဲက မျက်စိမှုန်နေသူတစ်ယောက်ဟာ ငါပေါ့ဟာ...
တကယ်တော့ ငါဟာ တော်တော်မှုန်ခဲ့ဖူးပါတယ်...ပြင်ဦးလွင်ကနေ ရွှေမန်းမြေကို ပြောင်းလာခါစကပေါ့...
ညောင်ရမ်းဆောင် အခန်း(၇၆) ဒုတိယထပ်မှာ နေရမယ်လို့ စတစ်ကော်လာအဖြူနဲ့ ဗိုလ်ကေကို သန့် နေအောင် ဖီးထားတဲ့သူတစ်ယောက်က ငါ့ကို လာပြောတယ်လေ...လိုအပ်တဲ့ စားပွဲတွေ ခုံတွေကို လိုအပ်သလို ဖြည့်ဆီးပေးမယ်ဆိုတဲ့ အကြောင်းသြဇာသံပါပါနဲ့ ပြောနေပါတော့တယ်...အော် ငါလည်း ကြည့်ရတာ ဒီလောက်ထိ ပြောနေပြီဆိုတော့ အဆောင်းမှူးမှတ်ပြီး ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးပဲနော် လို့ ပြောတော့ ရုပ်တည်ကြီးနဲ့ ကြိတ်ပြုံးနေတဲ့ ဆရာ့မျက်နှာလေးကို ခုထိ မှတ်မိတုန်းဟ..

နောက်တော့ ဒီကောင်ပေါ့ လွယ်အိတ်တစ်လုံးလွယ်ပြီး ငါ့လိုပဲ ကျောင်းတက်နေတာတွေ့ လိုက်ရတော့ အော် ဒီကောင်လည်း ငါ့လို ကျောင်းသားပါပဲလားဆိုပြီး လွယ်လွယ်နဲ့ ယုံတတ်ကြောက်တတ်တဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်လိုက်မိတော့တယ်။ ဒီလိုနဲ့ ဒုတိယနှစ်မှာ မေဂျာတွေ ခွဲကြတော့ မှုန်ဝါးဝါးပါပဲ...တကယ်တော့ ငါက ဘာမှ စိတ်မဝင်စားပါဘူး...ဘာရရဆိုပြီး ထိပ်ကနေစီလျှောက်လိုက်တော့ ထိပ်ဆုံးက ရွေးလိုက်တာပဲ ရတယ်လေ...ကြာလေသိလေ သိလာရတာကတော့ စာတော်တော်ကျက် ရတဲ့ မေဂျာပေါ့ဟာ...တစ်ဘာသာကို အနည်းဆုံး A4 နဲ့ အရွက် ၅၀ လောက်ကျက်မှ အောင်နိုင်တဲ့ ဘာသာတွေ အောက်မှာ
ငါလည်း ဝါးတားတားနဲ့ မျက်ဖြူဆိုက်အောင် ကျက်မှတ်ခဲ့ဖူးတယ်...

ဒီလိုနဲ့ နင်နဲ့ စတွေ့ တဲ့ ရွှေတိုင်းဒေသ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ စင်ပေါ်မှာ သီချင်းတက်ဆိုတဲ့ နင့်ကို
Therater ရဲ့ နောက်ဆုံးခုံကနေ ဝိုးတဝါးမြင်ခဲ့ဖူးတယ်...နင် တော်တော်လှတယ်...နင့် အချစ်ကို ရရင် သိပ်ကောင်းမှာပဲလို့ ဝိုးတဝါးအတွေးတွေနဲ့ အချိန်အတော်ကြာ ပျော်ခဲ့ဖူးတယ်...နင့်အချစ်ကို ပိုင်ဆိုင်ခဲ့ရတော့ အတိုင်းမသိပျော်ခဲ့ရတယ်..

ဒီလိုနဲ့ .....နင်က နှင်းတွေဝေတဲ့ ပြင်ဦးလွင်မှာ CNC တွေဘာတွေ သွားတက်တော့ ငါလည်း ကျောင်းပြောင်းရတော့တာပေါ့...CNC သင်တဲ့ ဆရာတွေက ငါတစ်ရက်တစ်ရက် မန်းလေးကို ဆင်းသွားရင် ကျောင်းမပျက်ရဘူးလို့ ပြောဆိုဆုံးမကြတယ်.. တကယ်တော့ ငါတက်နေတဲ့ ကျောင်းက မန်းလေးက မဟာတန်းပါဟာ...ငါ ရောက်နေခဲ့တာက ပြင်ဦးလွင်ပဲ ဖြစ်ဖြစ်နေခဲ့တယ်..
ငါ့အနာဂတ်တွေ မှုန်ဝါးလာပေမဲ့ ဝိုးတဝါးထဲမှာ ငါပျော်ရွှင်ခဲ့ဖူးတယ်လေ...ငါတို့ မေဂျာက ဆရာမတစ်ယောက်ရဲ့ ဘာသာဆိုရင် စာ စ,သင်တဲ့ နေ့ နဲ့ နောက်ဆုံးနှုတ်ဆက်စကားပြောတဲ့ နေ့ ၂ ရက်ပဲ တက်ခဲ့လို့ ဆရာမက နင် ဘာလာလုပ်တာလဲလို့ တောင် မေးခံရတယ်လေ...

အမိတက္ကသိုလ်မြေမှာ ငါတို့ တွေ အချစ်တွေ နဲ့ ဖြတ်ကူးခဲ့ကြဖူးတယ်...ခုလည်း နင်က ငါ့ရင်ထဲမှာ ရှိနေဆဲပါဟာ...တကယ့်ဖြစ်ရပ်တွေဟာ ကြာတော့ပုံပြင်တစ်ပုဒ် ဖြစ်သွားတတ်တယ်ဆိုပေမဲ့ ငါတွက်တော့ မရိုးနိုင်တဲ့ ပုံပြင်လေးမို့ ခဏခဏ ပြန်ဖတ်မိတယ်...အတိတ်ကို တူးဆွလိုက်တိုင်း နင့်အကြောင်းတွေက အစီအရီပေါ်လာတတ်တယ်...လူတိုင်းတွက် မထူးဆန်းပေမဲ့ ငါ့တွက်တော့ တခုတ်တရ နေ့ ရက်တွေမို့ ခုထိ စွဲစွဲမြဲမြဲ ဆုတ်ကိုင်ထားနေမိတုန်းပဲဟ..

အောင်ကောင်းကျော် ဓမ္မာရုံဘေးက ငါတို့ စိုက်ခဲ့ဖူးတဲ့ သပြေပင်လေးတွေသာ စကားပြောတတ်မယ်ဆိုရင်
သူတို့ အဖူးအညွန့် လေးတွေကို ခူးကြတိုင်း ငါ့တို့ အကြောင်းကို ပုံပြင်လေးတစ်ပုဒ်လို ပြောပြနေကြမယ်ထင်တယ်ဟာ...စိတ်ကူးနဲ့ ရူးခဲ့ကြတဲ့ အချိန်တွေတုန်းက အနာဂတ်တွေ ဝေဝါးလေ ငါတို့ ပျော်ရွှင်ခဲ့ရလေပဲလေ...ခုတော့ ကိုယ့်ကိုယ့်ကို သတ်မှတ်ချက်တွေအောက်မှာ စနစ်တကျရှင်သန်ရမယ်ဆိုတော့ ဝိုးတဝါး ဘဝတွေကို ပိုပြီးတွယ်တာနေမိတယ်...ဝါးတားတား ဖြစ်နေတာပဲ ကောင်းပါတယ်...ဟာ..

ခုထိ ငါ့စိတ်ကူးထဲ ငါ့အနာဂတ်ထဲမှာတော့ နင်ဟာ ဝါးတားတား နေရာယူနေတုန်းပါပဲ...ပုံပြင်လေးထဲကလို နင်ဟာ သစ်ဆွေးတုံးလေးဖြစ်နေခဲ့မယ်ဆိုရင်တောင် နင့်တွက် ကြိုးစားနေခွင့်တော့ပေးပါလို့ ဖွင့်ဟလိုက်ချင်တယ်...

ခုတော့ ငါသိလာရတာက လူ့ဘဝထဲက တစ်ချို့ ကိစ္စတွေမှာ သိတာထက် မသိတာက ပိုကောင်းတယ်။ ထက်မြက်တာထက် မထက်မြက်တာက ပိုကောင်းတယ်။ လူတွေပြောတတ်ကြတဲ့ ဝိုးတိုးဝါးတား၊ မှုန်ဝါးဝါးဖြစ်တယ်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မယ်။ တစ်ခါတလေမှာ ပျော်ရွှင်ခြင်းတွေက အဲဒီမှုန်ဝါးဝါးတွေထဲမှာ ပုန်းအောင်းနေတတ်တယ်။ တစ်ချို့ကိစ္စက များများသိလေ များများစိတ်ဆင်းရဲလေ ဆိုသလို ကြည်ကြည်လင်လင် နိုးထလာတဲ့ တခဏမှာ အဲဒီပျော်ရွှင်ခြင်းတွေက အဝေးကို လွှင့်ထွက်သွားတတ်တယ်။ ဆိုတဲ့ ကောက်ချက်တစ်ခုပဲ ဖြစ်နေတော့တယ်...

လေးစားလျက်

herostar