b သူရဲကောင်းကြယ်: ကိုယ်ပိုင်ကဗျာများ
•Saturday, July 20, 2013

အင်ဂျင်နီယာကြီး ကိုဖိုးအောင်
မိန်းမရဖို့ သူ စွမ်းဆောင်
Social sites တွေ အားလုံးထဲ
မကြီးမငယ် သူ ၀င်ကဲ

ဘ၀ အမျိုးမျိုး ပြောင်းရရှာ
ပေါသွပ် တဖြစ်လဲ သာအေးပါ
'အချစ်ဆိပ်'တွေ ငယ်ထိပ်ထက်
Skate စီးပြီး ကျောင်းကိုတက်

'အလွမ်းနာ'တွေ ကျပြန်တာ
သူ့ မာနတွေ ဖိနပ်ဖြစ်ကာ
အလျှံညီးငြီး တောက်လောင်ဆဲ
ထိန်းမနိုင် သိမ်းမနိုင် သောင်းကျန်းမြဲ

ပွဲကြည့်ပရိသတ် သူ့အစ်မပါ
ဘူ နဲ့ အကြောင်းပါမလဲ စောင့်ကြည့်တာ
တွေ့ပြီ..တွေ့ပြီ..သူပဲ…သူပဲ
'ဌက်ပျောတုံးကြီး' နဲ့ ဖက်အိပ်ဆဲ….

Dr.KMLN

မှတ်ချက်။ ။ အစ်မဝမ်းကွဲတစ်ယောက်၏ ကဗျာကို ကူးယူဖော်ပြပါသည်။ :) :)
•Saturday, February 18, 2012
ဟေမာန်ကို နွေလှန်လို့ တုံ့ပြန်တော့
လေပြန်လှုံ့ ဆော်ခဲ့ပြီ။
သုံးလရာသီ။

ပုရစ်ဖူးတွေဝေနေတဲ့ နွေသရုပ်မှာ
အိုမင်းရင့်ရော်ခြင်းတွေနဲ့အတူ
ဖူးသစ်စ ရွက်နုကလေးတွေလည်း
တွေ့နေရပေါ့။

သြော် တစ်ဆောင်းကုန်လို့
တနွေတောင် သစ်တော့မယ်။
ရာသီတွေ ပြောင်းပေမဲ့ ငါ့အတွက်တော့
ဘောပင်ပဲကိုင်ခဲ့တဲ့ လက်က
မြေဖြူပြောင်းကိုင်လိုက်ရတာပဲ ကွာတယ်
ကျန်တာကတော့ ခြားနားမှု နတ္ထိနဲ့
ကျောင်းဆရာဘဝပါလားနော်။

....

herostar
•Monday, August 30, 2010

အချစ်နဲ့ သဝန်တိုစိတ်က
ညီအစ်ကို တော်သလား မသိပါဘူး။


ခုဆို သူ့သူငယ်ချင်း

ကောင်လေးတွေအကြောင်း ပြောလာရင်

အလိုလို စိတ်တိုနေမိပေါ့။

ချစ်သူက အချစ်အကြောင်း သင်တယ်။
ကျွန်တော်က သဝန်တိုခြင်းကို နားလည်တယ်။


ကလေးဆိုးကြီးလို့ပဲ ပြောပြော

ချစ်သူ့အနားမှာ ဝဲနေတဲ့ လိပ်ပြာလေးဟာ

အထီးကလေးဖြစ်နေရင်တောင် သဝန်တိုတယ်။

ဘာပဲ ဖြစ်ဖြစ် သဝန်တိုတယ်ဗျာ။



herostar
•Friday, June 04, 2010

လိပ်ပြာနဲ့ ရွှေငါး မိတ်ဖွဲ့ရသလို

အလွှာခြားနေသလား ချစ်သူရယ်။


ပိုးဖလံတွေ မီးကို တိုးတယ်ဆိုတာ

ပူမှန်းသိလို့ တိုးတာမှ မဟုတ်တာ

အလင်းရောင်ထဲကို ပျော်ဝင်ချင်လို့တဲ့။


အချစ်က မီး ဆိုရင်တောင်

အချစ်ထဲမှာ ပျော်ဝင်ချင်တာနဲ့

ငါ လည်း ရှေ့ဆက် တိုးနေမိမှာပါ။


ငါ့ မာနကို ဖိနပ်လုပ်စီးသွားရင်တောင်

နင် ခလုတ်မထိ ဆူးမငြိအောင်

နင့် အနားက တစ်ဖဝါးမှ မခွာပါရစေနဲ့နော်။


ကိုယ်ချစ် ကိုယ်ခံ လောကဓံပေါ့ ချစ်သူရယ်။


herostar
•Tuesday, May 11, 2010


အချစ် ဆိုတာ
ငါ့အတွက်တော့
တစ်ကြိမ်သာ ပွင့်သောပန်းပါ။

နင့်အတွက်တော့
အကြိမ်ကြိမ် ပွင့်သောပန်းဖြစ်ချင် ဖြစ်နေပါစေ။
ငါ့ အချစ်ပမာဏကို ငါ အသိဆုံးမို့
ငါ မကြောက်ဘူး။

နင်နဲ့ ငါ ကြားမှာ ဂုဏ်တံတိုင်း ငွေတံတိုင်းတွေ
ဘယ်လောက်ပဲ ခြားနေပါစေ။
ငါ့ ယုံကြည်ချက် တွေကြောင့် ဖြတ်ကျော်ဖို့
ငါ မကြောက်ဘူး။

တခါတခါ နင်ပြောတတ်တဲ့ မုန်းတယ် ဆိုတဲ့ လက်နက်က
ငါ့ အချစ်မိုးကောင်းကင်ကို ပြိုအောင် ဖြို မပစ်နိုင်ဘူး။

နင် ငါ့ကို နည်းမျိုးစုံနဲ့ အကြိမ်ကြိမ် ထိုးနှက်ပါ။
နင့် ရှေ့မှာ လဲကျရှုံးနိမ့် မှာကို
ငါ မကြောက်ဘူး။

ငါ ကြောက်တာ တစ်ခုပဲ ရှိတယ်။

ငါ သိပ်ချစ်ရတဲ့ နင်က ငါ့ အချစ်တွေကို
နားလည်မှုလွဲ သွားမှာပဲ ကြောက်တာ။

herostar
•Sunday, May 09, 2010


မေတ္တာကိုရှာ
ဝင်္ကပါအကွေ့
လေအဆန် အပြန်လမ်းမှာ
သောက်ရေချို အမေ ကမ်းမှ
ဝမ်းမြောက်စွာတွေ့။

အမေ့နေ့မှာ ဒီကဗျာလေးကို
တိုးတိုးလေး ရွတ်မိတယ်။
ရေချိုတွေကမ်းနေမဲ့ အမေ့ဆီ ရောက်ဖို့
ရေငန်ပင်လယ်တွေ ခြားနေခဲ့တယ် အမေ။

ဒီတခါ အမေနဲ့ တွေ့ရင်
ငယ်ငယ်တုန်းကလို မုန့်မကျွေးလည်း
အမေ့ကို ချစ်တယ် လို့ ပြောမယ်နော်။

သားကြီး မောင်လူပေ

herostar
•Friday, April 16, 2010

အချစ်ဆိပ်တွေ ငယ်ထိပ်ထိ တက်နေလို့

လူလည်း ယဲ့ယဲ့ပဲ ကျန်တော့တယ်။

နေ နဲ့ လ ကို ခုံမှာ တပ်ပြီး

မြန်မာပြည်ကို စကိတ်စီး လာလိုက်ချင်တယ်။


မူးပဲ ဖြစ်ဖြစ် ကောင်မလေးရယ်

နင်ဟာ ငါ့ အတွက် မြစ်တစ်စင်းပါ။

နင့်ရယ်သံလေးတွေက ငါ့ နှလုံးအိမ်ရဲ့

ဆည်းလည်း သံလေးတွေပေါ့။


နေမြင့်လေ အရူးရင့်လေ ဘဝထဲမှာ

ငါ့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့ဟာ။

herostar

•Tuesday, March 30, 2010
အဆုံးသတ်ကို ကြိုသိထားရင်

ဒီဇာတ်လမ်းက ဒီလောက်ထိ စိတ်ဝင်စားစရာ

ကောင်းမယ် မထင်ဘူး။


မမရယ်...

ကျွန်တော့် အချစ်တွေကို မ,ယူနေသလား အောက်မေ့ရတယ်။

စက္ကန့်တံလေးနဲ့ အတူ ရှေ့တိုးနေတဲ့ ကျွန်တော့် အချစ်တွေမှာ

Back Gear မပါဘူး မမ။


အသက်က ကျွန်တော့်ထက် နှစ် နှစ်ငယ်ပေမဲ့

အချစ်မှာ နှစ်တန်းကြီးနေလို့ မမလို့ပဲ ခေါ်လိုက်ပါတယ်။

မမရိုက်နေကျ ကြက်တောင်လေးလို မမအားကုန်လွှဲရိုက်ဖို့

ကျွန်တော် လူဖြစ်လာခဲ့သလား ထင်နေမိတယ်။

အနီးအဝေး အကြီးအသေးတွေက အချစ်ကို တိုင်းတာတဲ့ ယူနစ်

မဟုတ်မှန်း ကျွန်တော်တို့ လက်ခံထားမယ်ဆိုရင်

ရှောင်လင်ပညာတွေ ခဏခဏသုံးပြီး

အချစ်နဲ့ ဝေးရာကို ပုန်းမနေပါနဲ့တော့ဗျာ။


ဘဝက စိတ်ကို ရင့်ကျက်ဖို့ ဖိအားမပေးခင်မှာ

စိတ်ကြိုး နှစ်စကို အချစ် နဲ့ ထုံးကြရအောင်နော်။

သစ္စာ လည်ဆွဲလေး ထာဝရ မြဲဖို့

ယုံကြည်ခြင်း ပုလဲကုံးတွေ မမကို ပေးမယ်။


ကမ်းလင့်နေတဲ့ လက်တစ်စုံအတွက်

ကန္တာရမှာ မိုးရွာပေးပါနော်...မမ။ ။


herostar

•Monday, March 22, 2010
ကဗျာတွေက လျှို့ဝှက်ချက်တွေကို
ဖော်ထုတ်တတ်သတဲ့လေ။
ငါက ရင်ဘတ်တုနဲ့ ရေးတဲ့သူ
မဟုတ်ဘူး ကောင်မလေး။

ထဆင်ထူးနဲ့ ထိန်းနေတာကို
ပစောက်နဲ့ ပိန်းတယ်လို့ မပြောလိုက်ပါနဲ့။
ချစ်တယ်ဆိုတဲ့ စကား လွယ်လွယ်မပြောတတ်တဲ့
ယောက်ျားတွေထဲမှာ ငါလည်း ပါနေလို့ပါ။

တခုတ်တရ နေ့ရက်တွေကို
တယုတယ သိမ်းဆည်းခဲ့တာ
ခုဆို ငါ့ရင်ထဲမှာ
တခမ်းတနားကြီး ဖြစ်နေပြီ ကောင်မလေး။

အဆိုးဆုံးကို ကြိုတွေးထားမိတော့
လက်တွေ့ဘဝမှာ
ကော်ဖီခါးခါး
နေ့တိုင်း သောက်ဖြစ်တယ်။

herostar
•Saturday, March 20, 2010

နင့် အပြုံး တစ်ပွင့် ကြောင့်

ငါ့ နှလုံးသားကျောက်တောင်တွေ

ပြိုကုန်ပြီ လိပ်ပြာလေး။


ငါ့ Mail Box ကို ဖွင့်လိုက်တာနဲ့

အမြင်ချင်ဆုံးက နင့် e mail တွေပါ။

ဆယ်တန်းကျောင်းသား အောင်စာရင်း

ကြည့်သလို နင် ဘာတွေရေးထားမယ်ဆိုတာ

ကြည့်ရင်း ရင်တွေ ခုန်တတ်နေပြီ။


Chatting မှာ လက်နဲ့ ရေးပြောတော့လည်း

နင့်နှလုံးသားက မဖတ်တတ်။

ဖုန်းခေါ်ပြီးပြောတော့လည်း

လိုင်းမကောင်းလို့ မကြားဘူးလို့ နင်ပဲပြော။


အကောင်လိုက်ပြတာတောင်

အရိပ်မမြင်လိုက်တဲ့ အချစ်မျက်ကန်းမလေးရေ...

ငါသာ လူပျိုကြီး ဖြစ်သွားရင်

တရားခံအစစ်ဟာ နင်ပဲ ဖြစ်မယ်။


အိပ်ပျော်နေတဲ့ နှလုံးသားကို

အပြုံးတစ်ပွင့်နဲ့ လာနှိုးပြီးမှ

နှလုံးသား အစစ်တစ်ခုနဲ့

နိုးထလာချိန်မှာ ပုန်းမနေပါနဲ့နော်။


ခုဆို နင် On Line လာမဲ့ရက်တွေကို လက်ချိုးမျှော်ရင်း

ငါတော့ သစ်ကုလားအုပ် ဖြစ်တော့မယ်။

နင် တစ်ယောက်ယောက်နဲ့ တွဲသွားတာကို မြင်လိုက်တာနဲ့

သစ်ကုလားအုပ်တစ်ကောင် ဘိုင်းကနဲ လဲသွားရင်

အဲဒါ ငါပဲလို့ နင် သိထားနော်။


အပြော မချို၊ အရေးမကောင်းပေမဲ့

နင့်ကို ချစ်ကြောင်း စာတစ်ကြောင်း လောက်တော့

ငါရေးတတ်ပါသေး တယ်ဟ။


herostar

•Thursday, March 18, 2010

အဖြူရောင် နှောင်ဖွဲ့မှုအောက်မှာ လိပ်ပြာငယ်လေး တစ်ကောင်နဲ့ ဆုံခဲ့တယ်။

သူဟာ ကျွန်တော့် ညီမလေး အဖြစ် ကျွန်တော့် နှလုံးသားရွာငယ်လေးမှာ နန်းတော်လာဆောက်ခဲ့တယ်။

အဲဒီနေ့ကစပြီး ကြည်ပြာရောင်ကောင်းကင်မှာ နေသာခဲ့တယ်။


တစ်သက်စာသိမ်းဆည်းထားတဲ့ နှလုံးသားစုဗူးလေး ကျွန်တော့်မှာ ရှိတယ်။ လိပ်ပြာငယ်လေးရဲ့

တောင်ပံခတ်သံအောက်မှာ စုဗူးလေး ကွဲတဲ့အခါ ကဗျာအဆုပ်လိုက်ကို ပန်းလုပ်ပြီး ကျဲလိုက်တယ်။

တကယ်ဆို ညက်ညောလှပတဲ့ စကားလုံးယဉ်ယဉ်တွေနဲ့ မြို့သားတွေလို ကျွန်တော် စာမတတ်ပါ။


နှလုံးသားရပ်ဝန်းမှာ မြစ်ဖျားခံတဲ့ ကြင်နာခြင်းတွေ အရှိန်နဲ့ စီးတဲ့အခါ ကျွန်တော် စာရေးဖြစ်ပါတယ်။

တစိမ့်စိမ့်ယိုဖိတ်လာတဲ့ မြတ်နိုးမှုတွေကို အက္ခရာတွေအဖြစ် အသွင်ပြောင်းခိုင်းတဲ့အခါ ညီမလေး

အပျင်းပြေဖတ်ဖို့ ကဗျာလေးတွေ ဖြစ်လာခဲ့တယ်။


ညီမလေးရယ်...ကဗျာမသီ၊ စာမစီတတ်ပေမဲ့ ရင်ထဲမှာ မင်းအမြဲ ရှိနေပါတယ်။


herostar

•Sunday, March 07, 2010
နေသာတဲ့ တစ်ရက်မှာ
အိမ်အပြင်ကို ထွက်ကြည့်မိတယ်။

တွေ့တဲ့သူတိုင်းက
ဘိုးတော် လို့
ခေါ်နေကြပြီ။
ငါ့ ကျောင်းသားဘဝက
တစိမ့်စိမ့်ကြာလွန်းနေပြီ ထင်တယ်။

ဘယ်ဘက်ရင်အုံ စေလို့သာ
ဒီနေရာကို ရောက်ဖြစ်ခဲ့တယ်
ဘာမှန်းတော့ မသိခဲ့။

နောက်ကျတဲ့ အသိမှာ
ပီပြင်လာတဲ့ ထူးခြားမှုက
အချစ် ဆိုတဲ့ အရာတွေကိုတယုတယ ငါ စု နေခဲ့မိတယ်။

အသိတရားက ရင်ခုန်ခြင်းကို
သော့ခတ်ထားနိုင်ခဲ့ပေမယ့်
ကဗျာဆန်တဲ့ နှလုံးသားကတော့
.....ကို လွမ်းတယ်။

herostar
•Saturday, February 13, 2010
ကိုယ်နဲ့ မဆိုင်သလိုပဲနော်...

ချစ်ခွင့်ကြုံခဲ့ ရင်တော့
ဖြူဝင်းနေတဲ့ ချစ်သူ့မျက်နှာလေးကို
ချယ်သဖို့ မိတ်ကပ်ရည်ကျဲလေး
L'Oréal Perfect Match K-3 ကို
ဝယ်ပေးလိုက်မယ်။

ချစ်စကားတီတီတာတာ ဆိုတတ်တဲ့
ချစ်သူ့နှုတ်ခမ်းလေးအတွက်
ပြင်သစ်ကထုတ်တဲ့
L'Oréal Paris တံဆိပ်ထဲက
Hot Chocolate No. 277 လေးကို
ဝယ်ပေးလိုက်မယ်။

ကိုယ်နဲ့တွေ့တဲ့အခါ
ကိုယ်သင်းရနံ့လေးပါ သင်းနေစေဖို့
ဂျာမနီကထုတ်တဲ့
Bruno Banani တံဆိပ်ထဲက
Magic Woman ရေမွှေးလေး တစ်ပုလင်းကို
ဝယ်ပေးလိုက်မယ်။

အလှကိုင်လို့ရအောင်
Paris ကလာတဲ့
La Diva
Leather အိတ်လေး
ဝယ်ပေးလိုက်မယ်။

ကိုလုံမြို့ရဲ့ နာမည်ကြီးတစ်ခုဖြစ်တဲ့
4711 အော်ဒီကလုန်းလေးလည်း
ဝယ်ပေးလိုက်မယ်။

အဲလိုလေး အိမ်မက်ထဲမှာ
စိတ်ကူးယဉ်လို့ကောင်းနေတုန်း
ရေနွေးပွက်သံကြားလို့ လန့်နိုးလာတာနဲ့
ပြုတ်ထားတဲ့ ယမ်ယမ်လေးကို
သတိရသွားတယ်။

အင်း ဒါလေးကို အသက်ဆက်ဖို့
စားရင်း ဒီလူပျိုကြီးဘဝကလွတ်အောင်
သူတို့ အကြိုက်လေးတွေ ရှာဖတ်ထားဦးမှလို့
တစ်ကိုယ်တည်း ရေရွတ်နေမိလေရဲ့။

ခင်မင်လေးစားစွာဖြင့်

herostar
•Wednesday, January 27, 2010
နာမည်ကတော့ Hero
အချစ်ကတော့ Zero
ကောင်မလေးကို ကြိတ်ပြီးပိုး

လက်ထပ်ရအောင် သိန်းထီထိုး
အဖြေရအောင် Net ကိုကိုး
ပြန်ရခဲ့တော့ မျက်ရည်မိုး

အချိန်တွေကုန်မှ တရေးနိုး

လက်တွေ့ဘဝက လူပျိုသိုး
ပညာရေးမှာ ခြေစုံတိုး
........မရမှာ သိပ်ကိုစိုး။

herostar

:P :P
•Monday, January 18, 2010
အလွမ်းကို စိတ်ထဲမှာ... မှတ်
လက်ဆယ်ချောင်းထောင်
အလွမ်းပြီးတော့ အလွမ်း
အကုန်ပေါင်းလိုက်တော့
ရလဒ်ကလည်း အလွမ်းပါပဲ။

တခုတ်တရ နေ့ရက်တွေကို
တစိမ့်စိမ့် လွမ်းနေပါတယ်
မိမြန်မာရယ်။

ခုတော့ နင်နဲ့ငါ
ရွာရိုးကိုးပေါက် ဝေးနေရတယ်နော်။

ဖြစ်နိုင်ရင်
ဒီ အလွမ်းကောင်းကင်ကို

ဒူးနဲ့ တိုက်လိုက်ချင်တယ်။
ဝရုန်းသုန်းကားလွမ်းတတ်တဲ့ကောင်
မဟုတ်လေတော့ ဖွဲမီးလို
တငွေ့ငွေ့လောင်နေပါရစေနော်။


herostar
•Tuesday, January 12, 2010
တစ်ယောက်တည်း လမ်းတွေလျှောက်
ဘဝတောင် တစ်ဆစ်ကျိုးပေါ့
အချစ်က ခုထိ မနိုးသေးဘူး။

ရယ်သံလွင်လွင်လေးတွေအောက်
အပြုံးတွေကို လိုက်ကောက်ရင်း
တစ်သက်စာ နားခိုလိုက်ချင်ရဲ့။

ဆည်းဆာချိန်မှာ
ချစ်သူ့ လက်ကိုတွဲ
အဆုံးသတ် ထမင်းတစ်လုတ်မှာ
အာဟာရလေး ပြည့်သွားချင်လို့။

herostar
•Tuesday, January 05, 2010
ချစ်သူသည်
အပြောကျယ်သော
ငွေပင်လယ်ကြီး ဖြစ်မည်ဆိုလျှင်
ကျွန်ုပ်သည် ရွက်လှေတစ်စင်း
ဖြစ်ပါစေ။

ချစ်သူသည်
ကျယ်ပြန့်သော
မိုးကောင်းကင်
်ကြီး ဖြစ်မည်ဆိုလျှင်
ကျွန်ုပ်သည် ငှက်ကလေးတစ်ကောင်
ဖြစ်ပါစေ။

ချစ်သူသည်
အဆုံးအစမသိနိုင်သော
မြေပြင်ကျယ
်ကြီး ဖြစ်မည်ဆိုလျှင်
ကျွန်ုပ်သည် လူသားတစ်ဦး
ဖြစ်ပါစေ။

ချစ်သူနဲ့ သာ
အတူ နေရမည်ဆိုလျှင်
ဘယ်အရာများက ဘယ်လောက်ပင်
တားဆီး ပိတ်ပင်နေပါစေ

ဖြိုခွင်း ဖြတ်ကျော်နိုင်သော
ခွန်အား ၂၀၁၀ မှာ ကျွန်ုပ်ကို
ပေးသနားတော်မူပါ။

အချစ်နတ် ဖုရားမလေး...

herostar

•Monday, December 14, 2009
"ချစ်တယ်"

ဒီစကားလုံး တိုလွန်းတယ်
အဓိပ္ပါယ်က ရှည်လွန်းတယ်
ဖွင့်ပြောဖို့ ခက်လွန်းနေတယ်

စာသားမှန်ပေမဲ့
သံစဉ်မတူတဲ့အခါ
အတူဆိုဖို့
ခက်နေခဲ့တယ်။

အချစ်ဆိုတဲ့ မျဉ်းတစ်ကြောင်းဟာ
ကြင်နာမူတွေ၊ အလေးအနက်ထားမှုတွေ
ဂရုစိုက်မှုတွေနဲ့ ဖွဲ့တည်နေတာလား

အချစ်မျဉ်းပေါ်မှာ ဘာတွေ ရှိနေဦးမလဲ

အူရိုင်းလေးမို့ ငါ အချစ်ကို နားမလည်ပါ။

ငါ မှားခဲ့သလား?
ငါ့ အတွေးတွေ လွဲနေခဲ့သလား?
ရိုးသားနေတာက
စိတ်ဆိုးချင်စရာ ကောင်းနေခဲ့သလား?

မသိခြင်းများစွာနဲ့
ဆိုနေမိတဲ့ သီချင်းတစ်ပုဒ်ပေါ့။

Rhythm တော့ နည်းနည်းလွဲနေတယ်။

herostar
•Friday, December 11, 2009
အချစ်ဆိုတဲ့ အရသာ

ကိုယ်က ချစ်ခြင်းကို ခံယူနေရချိန်မှာတော့
အချစ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ခံစားချက်ကို
နားမလည်ခဲ့ဘူး။

ကိုယ်တကယ် ချစ်တော့မှပဲ
အဲဒီ အဓိပ္ပါယ်ကို နားလည်လာ သလိုပဲ။
လူတစ်ယောက်ကို ချစ်ဖို့ဆိုတာ
တကယ် မလွယ်တဲ့ ကိစ္စ။

သူ ပြောသမျှ နားထောင်ပေးနိုင်ဖို့
သူဆိုးသမျှ မညည်းမညူ ခံယူပေးနိုင်ဖို့
ဒီ အချစ်တွေမှ မရှိရင်
ဘာကောင်မို့ ဒီလောက်ကြာရှည်
ဘေးနားမှာ နေပေးနိုင်မှာတဲ့လဲ။

herostar
•Monday, November 30, 2009
တစ်ဆောင်းသစ်လေပြီ

ရာသီစက်ဝန်းတွေ အလီလီပြောင်းခဲ့ပေမဲ့
မဟောင်းသေးတဲ့ အချစ်တွေနဲ့
မင်းကို ချစ်နေလျက်ပါပဲ။

ရွက်ကြွေဘဝမို့
ခပ်ဖွဖွလေးပဲ နင်းလျှောက်ပါနော်
လေအဝှေ့မှာ သူတို့
ငါ့ကို ခေါ်ဆောင်တဲ့အခါ
အလိုက်သင့်လေး ပါသွား ချင်လို့ပါ။

ပုဇွန်ဆီရောင် ထနေတဲ့
ဒီရော်ရွက်ဝါလေးတွေဟာ
ငါ့ အချစ်တွေပါ ချစ်သူရယ်။

ကြွေကျသွားတဲ့ ရွက်ဝါလေးတစ်ခုလို
ငါ့ကို ချစ်သူခြေရင်းမှာ ဝပ်ဆင်းခွင့်ပေးပါ။
မင်းမလိုအပ်တော့ပေမဲ့ ငါ့ဆန္ဒနဲ့ ငါ
အဝေးကို ထွက်မသွားချင်ပါဘူး။

ငါ့ရဲ့ တည်ရှိမှုဟာ မင်းဘဝရဲ့
အိုမင်းမှုကို ဖော်ကျူးနေတယ်ထင်ရင်သာ
လေအဝှေ့မှာ ခဏတာလိုက်ပါရင်း
ဝေးဝေးကနေ ခစားနေမယ်နော်။

herostar