b သူရဲကောင်းကြယ်: တက္ကသိုလ်
•Wednesday, March 10, 2010

အင်္ကျီကို ရွှေနဲ့ ရက်လုပ်ထားလို့ ရွှေအင်္ကျီလို့ ခေါင်းစဉ်တပ်လိုက်တာ မဟုတ်ပါ။ ရွှေလို ရှားရှားပါးပါး လုယူခဲ့ရ လို့သာ ရွှေအင်္ကျီလို့ ခေါ်မိပါတယ်။ Alcatraz အဆောင်ပေါ်က လှမ်းကြည့်တိုင်း အပြေးလေ့ကျင့်နေကြတဲ့ ဂျာမန်ကျောင်းသား တချို့ကို မြင်ရတယ်လေ။ သူတို့တွေ အားကစားကို တော်တော် ဝါသနာထုံ ကြတယ်။ အဆောင်နောက်က ဘောလုံးကွင်းမှာဆိုလည်း ၆ နှစ် ၇ နှစ်အရွယ်မှသည် အသက် ၆၀၊ ၇၀ အရွယ်တွေအထိ ဘောလုံး ကန်နေကြတာ တွေ့ရတယ်။ ဥရောပဘောလုံးအားကစား ကမ္ဘာကျော်တာလည်း ဒါ့ကြောင့်ဟု ထင်မိတယ်လေ။ သူတို့က တကယ် ဝါသနာပါပြီး အားသွန်ခွန်စိုက် လုပ်ကြတာလည်း ပါမှာပေါ့။

ခုလို ပြန်စဉ်းစားလိုက်တော့ မန္တလေးနည်းပညာတက္ကသိုလ်တုန်းက ဝင်ပြေးခဲ့ဖူးသည့် မာရသွန် အပြေးပြိုင်ပွဲလေး ကို ပြန်သတိရမိသည်။ (၅၉) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းအားကစား ပြိုင်ပွဲလေး လုပ်ခြင်း ဖြစ်သည်။ ပြိုင်ပွဲအတွက် ပထမရသူကို ဆုငွေ ၅၀၀၀ ကျပ်နှင့် အင်္ကျီတစ်ထည် ဒုတိယဆု ရရှိသူနှင့် တတိယဆုရရှိသူကို ၃၀၀၀ ကျပ်၊ ၂၀၀၀ ကျပ်နှင့် အင်္ကျီတစ်ထည်စီ အသီးသီး ဆုချမည်ဟု ကြေငြာထားသည်။ ဆုပိုက်ဆံငွေကိုတော့ မမက်မောမိပါ။ အင်္ကျီတစ်ထည်ကိုတော့ မက်မောမိသည်။

ထိုအင်္ကျီလေးကို ပီတီဆရာနှင့် ကိုယ်တိုင် သွားပြီး မန္တလေးမြို့ထဲမှာ အထည် ၂၀၀ အပ်ခဲ့ခြင်း ဖြစ်သည်။ ဇွဲဆု ရရှိသူများကိုလည်း အင်္ကျီတစ်ထည်စီပေးမည် ဖြစ်ကြောင်း ကြေငြာထားသည်။ အဖြူခံမှာ အနီရောင် စာလုံးလေးဖြင့် ရေးထားသော ထိုတီရှပ် အင်္ကျီလေးကို နှစ်နှစ်ကာကာကို လိုချင်နေမိသည်။ ခက်တာက အဆောင်နဲ့ စားရိပ်သာ ပေ ၂၀၀ လောက် ဝေးတာလေးကိုတောင် ဆိုင်ကယ်နဲ့ သွားတဲ့ ကောင်လေ။ ဒါပေမဲ့ အင်္ကျီလိုချင်တော့ မီတာ တစ်သောင်း (ပေ သုံးသောင်းကျော်) ပြိုင်ပွဲကို ဝင်ပြေးဖို့ စာရင်း ပေးခဲ့တယ်လေ။



ညောင်ရမ်း၊ ကနောင်၊ မက္ခရာဆိုပြီး ယောက်ျားလေးဆောင် ၃ ဆောင် ရှိတဲ့အထဲမှာ ကျွန်တော်နေတာက ကနောင်မှာလေ။ ကနောင်က အတန်းတူ သူငယ်ချင်းတွေကတော့ အဲဒီမာရသွန်ပြိုင်ပွဲအတွက် အပြေးလေ့ကျင့်နေကြပြီပေါ့။ အခြားအဆောင်က သူငယ်ချင်းတွေရော မန်းသီရိ၊ မန်းချယ်ရီနဲ့ ပြင်စည်က မိန်းကလေးတွေရော မနက်မနက်ဆို ထပြေးနေကြပြီလေ။ အချုပ်တန်း ဆရာဖေရဲ့ ဆောင်းရတုပွဲထဲကလို မန္တလေးဆောင်း ဘယ်လောက်အေးတယ်ဆိုတာလည်း ခံစားဖူးသူတိုင်း အသိပေါ့။
ဒီပုံလေးက ပြေးခါနီး တန်းစီနေတာပေါ့။
မိန်းကလေးတွေက ကျောင်းနှစ်ပတ်ပဲ ပြေးရတယ်လေ

ကျွန်တော်လည်း အပြေးလေ့ကျင့်ဖို့ ရက်ရွေးနေမိတယ်။ မနက်ဘက်မှာ ထပြေးမယ်လုပ်တိုင်း စောင်ကို ခွာလိုက်တာနဲ့ လေနုအေးတွေက အသားကိုဖောက်ပြီး အသဲထဲထိ စိမ့်အောင် အေးနေတာနဲ့ အင်း ပြိုင်ပွဲစခါနီး တစ်ပတ်လောက် အလိုမှ ထပြေးမယ်လို့ ဆုံးဖြတ်ထားတယ်။ တကယ်တမ်း နီးလာတော့လည်း စောင်ထဲမှာ ကွေးလို့ ကောင်းနေတာနဲ့ပဲ အပြေး လေ့ကျင့်ခြင်းမလုပ်ဖြစ်ခဲ့တော့ပါဘူး။

အင်း ဒီလိုနဲ့ ပြိုင်ပွဲစတဲ့ ၂၀၀၇ ခုနှစ်ရဲ့ လွတ်လပ်ရေးနေ့ကို ရောက်လာတာပေါ့။ အဲဒီနေ့မနက်တော့ နိုးတယ်လေ။ အင်္ကျီရအောင် ပြေးမယ်ဆိုတဲ့ စိတ်နဲ့ လူတစ်ရာကျော်ပါတဲ့ ပြေးပွဲမှာ ဝင်ပြေးတာပေါ့။ ကျောင်းကို ၄ ပတ်ပြည့် အောင်ပြေးရတယ်လေ။ ကျောင်းနှစ်ပတ်(မီတာ ၅၀၀၀)လောက်လည်းပြေးပြီးရော ခြေထောက်တွေက လေးလံလာပြီး လူလည်း ဟောဟဲကို ဆိုက်နေတော့တာပဲ။ အတူပြေးတဲ့ သူငယ်ချင်း ရခိုင်ကြီးကတော့ ဆက်မပြေးတော့ဘဲ အဆောင်ထဲ ဝင်သွားလေရဲ့။ ကျွန်တော်ကတော့ မောပေမဲ့ အင်္ကျီရချင်တဲ့ စိတ်ကို မလျော့နိုင်တာနဲ့ပဲ သေရင်သေပါစေဆိုပြီး ပြေးချလိုက်တာ နောက်ဆုံးမှာတော့ ဘယ်ရမလဲ ပန်းဝင်သွားတာပေါ့လေ။
ဒါကတော့ ကျောနံပါတ် ၀၉၅ နဲ့
ပန်းဝင်လာတဲ့ ကျွန်တော်ပေါ့

ပြေးလည်းပြီးရော တစ်နာရီလောက် စကားမပြောနိုင်ဘူး။ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတဲ့ နှလုံးခုန်သံနဲ့အတူ တော်တော်နဲ့ကို မထနိုင်ဘူးလေ။ အဲဒီတုန်းကတော့ ဘေးမှာက သူငယ်ချင်း မိန်းကလေးတွေလည်း ရှိနေတာဆိုတော့ ဘာမှ မဖြစ်သလိုတက်တက်ကြွကြွ ရှိနေခဲ့သေးတယ်။ အဲဒီနေ့ကုန်ဆုံးလို့ နောက်ရက်လည်း ရောက်ရော ဘာပြောကောင်းမလဲဗျာ။ ကျွန်တော်က ဒုတိယထပ်မှာ နေတယ်လေ။ ကိုယ့်အခန်းကို ပြန်တိုင်း လှေကားတက်ရတော့ ခြေထောက်တွေက လှေကားတစ်ထစ် နင်းတိုင်းကို နာနေတော့တာပါပဲ။

ပြေးပြီး တစ်ပတ်လောက်ကတော့ လမ်းကို ကောင်းကောင်းမလျှောက်နိုင်ဘူး။ ဒါနဲ့ မိုင် တစ်ရာကျော်ဝေးတဲ့ အိမ်က အမေ့ကို ဖုန်းဆက်ခေါ်ပြီး လာနင်းခိုင်းရတယ်။ အမေ နင်းပေးလိုက်မှပဲ လမ်းပြန် လျှောက်နိုင်တော့တယ်။

အမေကတော့ ပြောပါတယ်။ နင် မသေတာ ကံကောင်းတယ်တဲ့လေ။ ကျွန်တော်ကလည်း ပြန်ပြောလိုက်တယ် ဒီအင်္ကျီလေးလိုချင်လို့ပါ ဆိုပြီးပေါ့။ အဲလိုနဲ့ ရခဲ့တဲ့ ကျောင်းတော်က ရွှေအင်္ကျီလေးကို ခုထိ မြတ်မြတ်နိုးနိုးနဲ့ ဝတ်နေတုန်းပဲ။



ကျောင်းကို လွမ်းတိုင်း အင်္ကျီလေးကို ထုတ်ကြည့်မိတယ်။ အတိတ်ကို တူးတဲ့နေရာမှာ သူဟာ အကောင်းဆုံး ပေါက်ပြားတစ်လက်ဖြစ်ခဲ့တယ်။

ခင်မင်လေးစားစွာဖြင့်

herostar
•Saturday, October 03, 2009
သိင်္ဂါရလွင်ပြင်ထဲ လမ်းလျှောက်ရတဲ့ ဘဝကို သတိရမိတယ်။

ရင်ဘတ်ထဲက စွယ်တော်ရှိုက်သံ သီချင်းသံစဉ်နဲ့ အတူ တခါက တက္ကသိုလ် သီတင်းကျွတ်လပြည့်ညလေးကို သတိရမိပါတယ်။ ဒီလို ညမျိုးတွေဆို အဆောင်တိုင်းရဲ့ ပြတင်းပေါက်နားမှာ မီးပုံးလေးတွေ ကိုယ်စီနဲ့ ပေါ့။ ဆီမီး တစ်ထောင်လွှတ်ပွဲ တွေ ကျောင်းရှေ့ က ရေမြောင်းလေးမှာ လုပ်ကြတယ်လေ။ ခုဆို လွမ်းလို့ ကျလာတတ်တဲ့ နှလုံးသားရှိုက်သံနဲ့ အတူ အဆောင်ကျောင်းသား ဘဝကို ခဏခဏ တမ်းတမိပါတယ်။ တမာတန်းလေးမှာ လမ်းတွေလျှောက်ရင်း အတူတက် ခဲ့ဖူးတဲ့ စက်မှုကျောင်းသားဘဝကတော့ လွမ်းမပြေပါပဲလေ။

ဖူးသစ်စ ၊အပျံသင်ခါစ နှလုံးသားနုနုလေးတွေပေါ့။ လူတိုင်းရဲ့ မျက်နှာမှာ ရည်မှန်းချက်ကိုယ်စီ ရည်ရွယ်ရာပန်းတိုင်ကိုယ်စီနဲ့ ပေါ့။ ဒေါ်ဂွက်တို့ ကျော်သူဆွေတို့ (Canteen's Names) မှာ ခုချိန် လောက်ဆို အသံဗလံတွေ ဆူညံနေလောက်ပြီပေါ့လေ။ အချိန်တွေ ဘယ်လောက်ပဲ ကြာမြင့်လာပေမဲ့ ဒီအလွမ်းနာကို မကုသနိုင်ဘူးထင်တာပဲ။ ဆရာကန်တော့ပွဲတွေနဲ့ စည်ကားနေလောက်ပြီပေါ့။ ခုချိန်ဆို အဆာင်တိုင်းမှာ ဥပုသ်ပွဲအတွက် ပြင်ဆင်မှုတွေ ကိုယ်စီ လုပ်နေလောက်ပြီပေါ့လေ။ ၂၀၀၂ မန်းလေးတမ်းချင်းတွေထဲမှာ သီတင်းကျွတ်ည မီးပုံးပျံလွှတ်တာလေးတွေလည်း ပါတယ်။

အဓိပတိလမ်းမပေါ်မှာ ခြေရာတွေ ရှုပ်နေရောပေါ့။ ဥပုသ်ပွဲတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို အဆောင်လိုက် တာဝန်ယူပြီး လုပ်ရတယ်လေ။ သီတင်းကျွတ်ပြီးလို့ တန်ဆောင်မုန်း ကထိန်ပွဲတွက် တက္ကသိုလ်ခန်းမကြီးထဲမှာ ကထိန်တွက်လုပ်ထားတဲ့ လှူဖွယ်ပစ္စည်းတွေကို အဆောင်လိုက် ပဒေသာပင်သီးရတာ တော်တော်ပျော်စရာ ကောင်းပါတယ်။ ကထိန်ကျမဲ့ ဘုန်းတော်ကြီးကျောင်းကို မဲဖောက်ရွေးပြီး ကထိန်ပစ္စည်းတွေ ပို့ ဆောင်ရတာလည်း ပျော်စရာကောင်းတယ်။

တက္ကသိုလ်ရဲ့ ရင်ခွင်ကို သိင်္ဂါရ လွင်ပြင်လို့ ပြောလိုက်ချင်တယ်။ ချစ်ခင်မှု ပြယုဂ်တွေကို အပီအပြင်မြင်တွေ့နိုင်တဲ့ နေရာလေးမို့ လေ။ မှိုင်းညို့ ညို့ ရီဝေဝေ ဖြစ်နေတတ်တဲ့ မြခနောင်တောင်ရှူခင်းကို သတိရတယ်။ မြင်ခင်းစိမ်းစိမ်းတွေပေါ်မှာ အတူထိုင်ရင်း နေဝင်ချိန်ကို ငေးကြည့်ရတဲ့ အရာသာကို တစ်သက်မေ့မယ် မထင်ဘူး။ နေဝင်ချိန်ဆိုတာ အရာအားလုံး ချုပ်ငြိမ်းခြင်းသဘောကို ဆောင်တယ်တဲ့။ သို့ ပေမဲ့ တစ်ဦးမျက်နှာကို တစ်ယောက်က နောက်ဆုံးစက္ကန့် လေးတွေအထိ မြတ်မြတ်နိုးနိုးကြည့်ရင်း တနေ့ တာပျော်ရွှင်မှုတွေကို ပြန်ပြောနေတတ်ကြတဲ့ အတွဲကိုယ်စီကိုလည်း မြင်တွေ့ နိုင်သေးတယ်လေ။ အပြစ်ကင်းတဲ့ ကြည်နူးခြင်းတွေ ပေါ့။

ကျောင်းတော်ကြီးဆီကို နောက်တစ်ခေါက်ပြန်ရောက်တဲ့အခါ ဟာတာတာခံစားရမှာ သေချာတယ်။ မြင်နေကျခင်နေကျ သူငယ်ချင်းတွေက တစ်ယောက်တစ်နေရာဆီမှာဆိုတော့ ပြန်ရောက်ရင်လည်း ယောင်တောင်တောင်ဖြစ်နေမှာအတူတူဆိုတော့ စိတ်ကူးနဲ့ လွမ်းရတာပဲ ပိုကောင်းမယ်ထင်ပါတယ်လေ။ စိတ်ကူးထဲမှာ အားလုံးကိုပြန်စုစည်းလို့ ရတယ်လေ။ အပြင်မှာတော့ ဖြစ်နိုင်စရာ မလွယ်တော့ဘူးလေ။

နည်းပညာတက္ကသိုလ် (M.I.T) အလွမ်းပြေပေါ့။

ခင်မင်လေးစားလျက်

herostar
•Wednesday, August 19, 2009
ဝိုးတဝါး ပျော်ရွှင်မှု

ပုံပြင်လေးတစ်ခု ပြန်ပြောပြချင်တယ်...

တစ်ခါက မျက်စိကောင်းတဲ့လူနဲ့ မျက်စိမှုန်သူနှစ်ယောက် ရေထဲမျောပါသွားခဲ့တယ်။ ကျယ်ပြန့်တဲ့မြစ်ပြင်မှာ အသက်ရှင်နိုင်ဖို့အတွက် နှစ်ဦးသား အားသွန်ခွန်စိုက် ကူးခတ်ခဲ့ကြတယ်။ ဒါပေမယ့် မကြာပါဘူး.. သူတို့ ခြေကုန်လက်ပမ်း ကျသွားခဲ့တယ်။ အဲဒီအချိန်မှာ ရုတ်တရက် သူတို့ဘက်မျောလာနေတဲ့ အဝေးကလှေတစ်စီးကို မျက်စိကောင်းသူက တွေ့မြင်သွားခဲ့တယ်။ မျက်စိမှုန်သူကလည်း မှုန်ဝါးဝါးကြားမှာ လှေကိုတွေ့ခဲ့လို့ နှစ်ဦးသား လှေဖက်ကိုဦးတည်ပြီး အားကုန်ကူးခတ်ကြပြန်တယ်။

ကူးရင်းသွားရင်း မျက်စိကောင်းသူက ရုတ်တရက် အကူးရပ်လိုက်တယ်။ အကြောင်းက လှေတစ်စီးလို့ သူထင်ခဲ့တဲ့အရာက လှေမဟုတ်ဘဲ သစ်ဆွေးတုံးတစ်တုံးဖြစ်နေလို့ ဖြစ်တယ်။ ဒါပေမယ့် မျက်စိမှုန်သူက သစ်ဆွေးတုံးမှန်း မသိခဲ့လို့ အကူးမရပ်ခဲ့ဘူး။ အနီးနားရောက်မှ လှေမဟုတ်ဘဲ သစ်ဆွေးတုံးမှန်းသိတဲ့အချိန် သူဟာ ကမ်းနဲ့အတော်နီးတဲ့နေရာနား ကူးခတ်ရောက်ရှိနေပြီဖြစ်တယ်။ မျက်စိကောင်းသူကတော့ ရေလယ်မှာ တစ်ဝဲဝဲလည်ရင်း နစ်မြှုပ်သေဆုံးသွားခဲ့ရတယ်။ တဲ့

ဒီ ပုံပြင်လေးထဲက မျက်စိမှုန်နေသူတစ်ယောက်ဟာ ငါပေါ့ဟာ...
တကယ်တော့ ငါဟာ တော်တော်မှုန်ခဲ့ဖူးပါတယ်...ပြင်ဦးလွင်ကနေ ရွှေမန်းမြေကို ပြောင်းလာခါစကပေါ့...
ညောင်ရမ်းဆောင် အခန်း(၇၆) ဒုတိယထပ်မှာ နေရမယ်လို့ စတစ်ကော်လာအဖြူနဲ့ ဗိုလ်ကေကို သန့် နေအောင် ဖီးထားတဲ့သူတစ်ယောက်က ငါ့ကို လာပြောတယ်လေ...လိုအပ်တဲ့ စားပွဲတွေ ခုံတွေကို လိုအပ်သလို ဖြည့်ဆီးပေးမယ်ဆိုတဲ့ အကြောင်းသြဇာသံပါပါနဲ့ ပြောနေပါတော့တယ်...အော် ငါလည်း ကြည့်ရတာ ဒီလောက်ထိ ပြောနေပြီဆိုတော့ အဆောင်းမှူးမှတ်ပြီး ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးပဲနော် လို့ ပြောတော့ ရုပ်တည်ကြီးနဲ့ ကြိတ်ပြုံးနေတဲ့ ဆရာ့မျက်နှာလေးကို ခုထိ မှတ်မိတုန်းဟ..

နောက်တော့ ဒီကောင်ပေါ့ လွယ်အိတ်တစ်လုံးလွယ်ပြီး ငါ့လိုပဲ ကျောင်းတက်နေတာတွေ့ လိုက်ရတော့ အော် ဒီကောင်လည်း ငါ့လို ကျောင်းသားပါပဲလားဆိုပြီး လွယ်လွယ်နဲ့ ယုံတတ်ကြောက်တတ်တဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်လိုက်မိတော့တယ်။ ဒီလိုနဲ့ ဒုတိယနှစ်မှာ မေဂျာတွေ ခွဲကြတော့ မှုန်ဝါးဝါးပါပဲ...တကယ်တော့ ငါက ဘာမှ စိတ်မဝင်စားပါဘူး...ဘာရရဆိုပြီး ထိပ်ကနေစီလျှောက်လိုက်တော့ ထိပ်ဆုံးက ရွေးလိုက်တာပဲ ရတယ်လေ...ကြာလေသိလေ သိလာရတာကတော့ စာတော်တော်ကျက် ရတဲ့ မေဂျာပေါ့ဟာ...တစ်ဘာသာကို အနည်းဆုံး A4 နဲ့ အရွက် ၅၀ လောက်ကျက်မှ အောင်နိုင်တဲ့ ဘာသာတွေ အောက်မှာ
ငါလည်း ဝါးတားတားနဲ့ မျက်ဖြူဆိုက်အောင် ကျက်မှတ်ခဲ့ဖူးတယ်...

ဒီလိုနဲ့ နင်နဲ့ စတွေ့ တဲ့ ရွှေတိုင်းဒေသ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ စင်ပေါ်မှာ သီချင်းတက်ဆိုတဲ့ နင့်ကို
Therater ရဲ့ နောက်ဆုံးခုံကနေ ဝိုးတဝါးမြင်ခဲ့ဖူးတယ်...နင် တော်တော်လှတယ်...နင့် အချစ်ကို ရရင် သိပ်ကောင်းမှာပဲလို့ ဝိုးတဝါးအတွေးတွေနဲ့ အချိန်အတော်ကြာ ပျော်ခဲ့ဖူးတယ်...နင့်အချစ်ကို ပိုင်ဆိုင်ခဲ့ရတော့ အတိုင်းမသိပျော်ခဲ့ရတယ်..

ဒီလိုနဲ့ .....နင်က နှင်းတွေဝေတဲ့ ပြင်ဦးလွင်မှာ CNC တွေဘာတွေ သွားတက်တော့ ငါလည်း ကျောင်းပြောင်းရတော့တာပေါ့...CNC သင်တဲ့ ဆရာတွေက ငါတစ်ရက်တစ်ရက် မန်းလေးကို ဆင်းသွားရင် ကျောင်းမပျက်ရဘူးလို့ ပြောဆိုဆုံးမကြတယ်.. တကယ်တော့ ငါတက်နေတဲ့ ကျောင်းက မန်းလေးက မဟာတန်းပါဟာ...ငါ ရောက်နေခဲ့တာက ပြင်ဦးလွင်ပဲ ဖြစ်ဖြစ်နေခဲ့တယ်..
ငါ့အနာဂတ်တွေ မှုန်ဝါးလာပေမဲ့ ဝိုးတဝါးထဲမှာ ငါပျော်ရွှင်ခဲ့ဖူးတယ်လေ...ငါတို့ မေဂျာက ဆရာမတစ်ယောက်ရဲ့ ဘာသာဆိုရင် စာ စ,သင်တဲ့ နေ့ နဲ့ နောက်ဆုံးနှုတ်ဆက်စကားပြောတဲ့ နေ့ ၂ ရက်ပဲ တက်ခဲ့လို့ ဆရာမက နင် ဘာလာလုပ်တာလဲလို့ တောင် မေးခံရတယ်လေ...

အမိတက္ကသိုလ်မြေမှာ ငါတို့ တွေ အချစ်တွေ နဲ့ ဖြတ်ကူးခဲ့ကြဖူးတယ်...ခုလည်း နင်က ငါ့ရင်ထဲမှာ ရှိနေဆဲပါဟာ...တကယ့်ဖြစ်ရပ်တွေဟာ ကြာတော့ပုံပြင်တစ်ပုဒ် ဖြစ်သွားတတ်တယ်ဆိုပေမဲ့ ငါတွက်တော့ မရိုးနိုင်တဲ့ ပုံပြင်လေးမို့ ခဏခဏ ပြန်ဖတ်မိတယ်...အတိတ်ကို တူးဆွလိုက်တိုင်း နင့်အကြောင်းတွေက အစီအရီပေါ်လာတတ်တယ်...လူတိုင်းတွက် မထူးဆန်းပေမဲ့ ငါ့တွက်တော့ တခုတ်တရ နေ့ ရက်တွေမို့ ခုထိ စွဲစွဲမြဲမြဲ ဆုတ်ကိုင်ထားနေမိတုန်းပဲဟ..

အောင်ကောင်းကျော် ဓမ္မာရုံဘေးက ငါတို့ စိုက်ခဲ့ဖူးတဲ့ သပြေပင်လေးတွေသာ စကားပြောတတ်မယ်ဆိုရင်
သူတို့ အဖူးအညွန့် လေးတွေကို ခူးကြတိုင်း ငါ့တို့ အကြောင်းကို ပုံပြင်လေးတစ်ပုဒ်လို ပြောပြနေကြမယ်ထင်တယ်ဟာ...စိတ်ကူးနဲ့ ရူးခဲ့ကြတဲ့ အချိန်တွေတုန်းက အနာဂတ်တွေ ဝေဝါးလေ ငါတို့ ပျော်ရွှင်ခဲ့ရလေပဲလေ...ခုတော့ ကိုယ့်ကိုယ့်ကို သတ်မှတ်ချက်တွေအောက်မှာ စနစ်တကျရှင်သန်ရမယ်ဆိုတော့ ဝိုးတဝါး ဘဝတွေကို ပိုပြီးတွယ်တာနေမိတယ်...ဝါးတားတား ဖြစ်နေတာပဲ ကောင်းပါတယ်...ဟာ..

ခုထိ ငါ့စိတ်ကူးထဲ ငါ့အနာဂတ်ထဲမှာတော့ နင်ဟာ ဝါးတားတား နေရာယူနေတုန်းပါပဲ...ပုံပြင်လေးထဲကလို နင်ဟာ သစ်ဆွေးတုံးလေးဖြစ်နေခဲ့မယ်ဆိုရင်တောင် နင့်တွက် ကြိုးစားနေခွင့်တော့ပေးပါလို့ ဖွင့်ဟလိုက်ချင်တယ်...

ခုတော့ ငါသိလာရတာက လူ့ဘဝထဲက တစ်ချို့ ကိစ္စတွေမှာ သိတာထက် မသိတာက ပိုကောင်းတယ်။ ထက်မြက်တာထက် မထက်မြက်တာက ပိုကောင်းတယ်။ လူတွေပြောတတ်ကြတဲ့ ဝိုးတိုးဝါးတား၊ မှုန်ဝါးဝါးဖြစ်တယ်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မယ်။ တစ်ခါတလေမှာ ပျော်ရွှင်ခြင်းတွေက အဲဒီမှုန်ဝါးဝါးတွေထဲမှာ ပုန်းအောင်းနေတတ်တယ်။ တစ်ချို့ကိစ္စက များများသိလေ များများစိတ်ဆင်းရဲလေ ဆိုသလို ကြည်ကြည်လင်လင် နိုးထလာတဲ့ တခဏမှာ အဲဒီပျော်ရွှင်ခြင်းတွေက အဝေးကို လွှင့်ထွက်သွားတတ်တယ်။ ဆိုတဲ့ ကောက်ချက်တစ်ခုပဲ ဖြစ်နေတော့တယ်...

လေးစားလျက်

herostar
•Wednesday, May 13, 2009
ညအခါ
လသာသာ
ကစားမလား?
နားမလား?

တက္ကသိုလ်က ငွေလမင်းလေးရယ်...ဘယ်ကောင်းကင်မှာ မင်း သာနေလဲကွယ်..

ငါ့ ကို ကစားပါဦးဟာ...နင် နားခဲ့တုန်းက ထားခဲ့တဲ့ ကြင်နာမှုတွေက ခုတော့ နာကျင်မှုတွေဖြစ်နေပြီပေါ့
နင်ချန်ခဲ့တဲ့ နာကျင်မှုအဆိပ်ငွေ့တွေ ငါ့တစ်ကိုယ်လုံးပြန့်နေပြီလေ...နင် ကစားခဲ့တဲ့ ငါ့အိပ်မက်တွေ ပြန်မက်လို့ကို မရတော့ဘူး..
လာပါ..နားပါ..ကစားပါ...လို့ ငါ့ နှလုံးသွေးတွေက နင့်ကိုပဲ ဖိတ်ခေါ်နေတော့တယ်ဟာ...

အုတ်တွေ သဲတွေအကြောင်း ခေါင်းမီးတောက်အောင် ငါ ကျက်နေရတဲ့ အချိန်မှာ နင်ကတော့ DSP ဆိုတာကို သီချင်းလေး တအေးအေးနဲ့ တွက်နေတတ်တယ်လေ...ငါကတော့ နင့် DSP ကို (Don't Speak Parkyawe) ပါကျယ်စကားမပြောတဲ့ ဘာသာလို့ နာမည်ပေးခဲ့ဖူးတယ်။ တခါတခါ စာတွေက ခေါင်းထဲ မဝင်ပါဘူးဟာ...နင့် အပြုံးတွေပဲ ခေါင်းထဲရောက်နေခဲ့တာနဲ့ .. ကျလိုက်တဲ့ အဆင့်တွေကလည်း မပြောပါနဲ့တော့ ... နှစ်တိုင်း ပါချုပ်လက်မှတ် အပေါ်က နာမည်ဟာ ငါ့နာမည်ပဲ ဖြစ်နေတာပေါ့...

ငါပြီးရင် ပါချုပ်ပဲ ကျန်တော့တဲ့ အောင်စာရင်းကို နင်က ဘယ်ကြည့်ချင်မှာလဲနော်...ငါကတော့ ညိုညက်ညက် အသားရေလေးနဲ့ မျက်နှာဝိုင်းလေး နင့်ကိုပဲ ကြည့်ချင်နေမိတော့တယ်။ တက္ကသိုလ်ဇာတ်လမ်းတွေဟာ ပြန်လည်းတူးဆွတိုင်း ပျော်စရာကောင်းသလို လွမ်းစရာလည်း ကောင်းပါတယ်ဟာ...ခုလို ကဆုန်လပြည့်တို့၊ ဝါဆိုလပြည့်တို့မှာဆိုရင် အောင်ကောင်းကျော် ဓမ္မာရုံမှာ မေဂျာလိုက် ကုသိုလ်တွေလုပ်ကြတယ်လေ...ငါတို့တွေ တော်တော်ပျော်ဖို့ကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်ခဲ့ဖူးကြတာပဲနော်...

ဦးလာဘခြံထဲက သပြေပန်းတွေကိုလည်း သတိရနေမိတယ်ဟာ....ညနေဘက် လပြည့်နေ့တွေဆို သပြေပန်းတွေ သွားဝယ်ကြတယ်လေ။ ကျောင်းရှေ့က ရေမြောင်းလေးမှာ သပြေပန်းတွေကို ရေဆေးရင်း ရေစီးနဲ့ မျောလာတတ်တဲ့ ကိုင်းပင်လေးတွေကို မျက်စိတဆုံးအတူတူ လိုက်ကြည့်ရတဲ့ အရသာဟာ စိတ်ထဲမှာ တမျိုးပဲဟ..ဘယ်ဆီကိုရောက်လို့ ဘယ်လောက်ထိ မျောနေဦးမယ်မသိတဲ့
ရေစီးထဲက ကိုင်းပင်လေး တခက်ဟာ ခုတော့ ငါဖြစ်နေပြီပေါ့ဟာ...

ဘယ်ဘဝရောက်ရောက် အတူပေါင်းဖက်ရပါစေဆိုတဲ့ သစ္စာတွေတိုင်တည်ရင်း ညနေဘက် ဘုရားမှာ သပြေပန်းကပ်ရတာ တော်တော်ကြည်နူးဖို့ကောင်းတယ်နော်...အဖြူရောင်အင်္ကျီလေးတွေကိုယ်စီနဲ့ ဖြူဖြူစင်စင် အတူပြုခဲ့ဖူးတဲ့ ကုသိုလ်တွေဟာ ဘယ်တော့များမှ အကျိုးပေးမယ်ဆိုတာ ငါလည်း မခန့်မှန်းတတ်တော့ပါဘူးဟာ...နွေနေက ပူပေမဲ့ ထီးလေးတစ်ချောင်းကို နှစ်ယောက်တူတူဆောင်ရတာ တော်တော်အေးမြတယ်နော်...ချွေးစို့လို့ ထွက်လာတတ်တဲ့ နင့်ပါးပြင်ကသနပ်ခါးနံ့လေးကို
ဝေးဝေးကတောင် ငါအလွတ်ရတယ်...

ငါ့ရဲ့ စေတနာစကားတွေက နင့်နားကို ခါးနေစေပြီလားဟင်..နင်က ကစားတတ်တဲ့သူဆိုတော့ နင်ပျော်မယ်ဆိုရင် ငါ့ကိုသာ ခွဲလိုက် စိပ်လိုက် ပိုင်းလိုက်ပါတော့ဟာ...ကြယ်ရောင်ကင်းမဲ့တဲ့ ဘဝရဲ့ လမိုက်ညတွေမှာလျှောက်လှမ်းရင်း တခါတခါ လသာညလေးများ ကြုံမိရင် ငါတို့ ငယ်ငယ်ကဆိုခဲ့ဖူးတဲ့ အတိုင်း

ညအခါ
လသာသာ
ကစားမလား
နားမလား လို့ နင့်ကို ထပ်မေးလိုက်တယ်နော်...

နင်ပျော်ရွှင်ပါစေ..

လေးစားလျက်

herostar
•Saturday, May 02, 2009
Something is better than nothing.

ဒီစာလေးတစ်ကြောင်းကို အလွန်နှစ်သက်မိပါတယ်...
ဘာတစ်ခုမှ မရှိခဲ့ဖူးတာနဲ့ စာရင် တစ်ခုခုရှိခဲ့ဖူးတာကပိုကောင်းတယ်ဆိုတဲ့သဘောပေါ့.. .တက္ကသိုလ်ကျောင်းသားဘဝမှာအချစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်...ဘာတစ်ခုမှ မပိုင်ဆိုင်ခဲ့ဖူးတာနဲ့ စာရင်တော့ တခုခုကို ပိုင်ဆိုင်ခွင့် ရခဲ့လို ခုချိန်မှာ ပြန်တွေးရင်း ပျော်ခွင့်ရနေသေးတာကိုက ကံထူးတယ်လို့ ပြောရမှာပဲပေါ့ဗျာ...

ယောက်ျားတစ်ယောက်ဟာကိုရင်ဝတ်ဖူးရမယ်...တက္ကသိုလ်တက်ဖူးရမယ်...ရည်းစားထားပြီး အသဲကွဲဖူးရမယ်..လို့ ကျနော့်အဖေက ပြောဖူးပါတယ်...ဘာကိုဆိုလိုမှန်း ကျနော်အတိအကျ မသိခဲ့ပေမဲ့ ပထမ နှစ်ချက်ကိုတော့ ကျနော် ဖြတ်ကျော်ခဲ့ဖူးပါပြီ...နောက်တစ်ချက်ကိုတော့ ကျနော်မဖြစ်လိုပါ...နူးညံ့တဲ့အရာတစ်ခု ရင့်ကျက်လာဖို့တွက် နှလုံးသားကို Training ပေးမဲ့သူတစ်ယောက်တော့ ရှိသင့်တယ်လို့ပဲ အကြမ်းဖျင်း နားလည်ထားခဲ့ဖူးပါတယ်...

အခြားတက္ကသိုလ်တွေကိုတော့ မတက်ဖူးလို့ ဘယ်လိုရှိမယ်ဆိုတာ အသေအချာမသိပါ..ကျနော်တက်ခဲ့ဖူးတဲ့ မြကျွန်းညိုညို တက္ကသိုလ်ကြီးမှာတော့ ကျောင်းအိပ်ကျောင်းစား ဘဝနဲ့ တက္ကသိုလ် နှစ် ၈ နှစ်ကြာသင်ယူခဲ့ဖူးပါတယ်....ပထမနှစ် ဒုတိယနှစ် ကျောင်းသားဘဝတုန်းက ဆိုရင် ကျနော်တို့ ယောက်ျားလေးဆောင်ရှေ့ကို ဘယ်မိန်းကလေးမှ မလာရဲကြတာတော့ သေချာပါတယ်...
အဆောင်မှာ ရှိတဲ့ ကျနော်တို့ယောက်ျားလေးတွေမှာ တိုင်ပင်ထားစရာမလိုပဲ အလိုလိုသိနေတာတစ်ခုကတော့ အဆောင်ရှေ့ မှာ မိန်းကလေးတွေကို မြင်လိုက်တာနဲ့ အဆောင်မှာ ရှိသမျှ ဒန်အိုး ရေခွက် သံပုံး စတာတွေကို ကိုယ်စီတီးပြီး "ရန်သူ..ရန်သူဟေ့...ရန်သူတွေ အဆောင်ရှေ့မှာ ရောက်နေပြီ" ဟု အသံကုန်ဟစ်ကာ အော်ကြပါတော့တယ်...

ပြေလည်သူတွေရှိသလို အစိမ်းသက်သက်ပါးပြင်လေးတွေကလည်းမနည်းဘူးလေဗျာ။ ကျနော်ကိုယ်တိုင်ကလည်း အဲဒီချိန်တုန်းကတော့ ဘယ်ကိုယ်ချင်းစာတတ်မှာလဲလေ...သူနဲ့မှ မဆုံသေးတာကိုး...အကြောင်းမရှိအကြောင်းရှာပြီ မိန်းကလေးတွေနဲ့ ရောနှောနေတတ်သူကို ကျနော်တို့တွေက သိပ်မပေါင်းကြပါ...မိန်းကလေးဆို ဝေးဝေးရှောင်နေတတ်တာ သဘာဝပါ...စိတ်ထဲက ခင်မင်နေရင်တောင်မှ ဖွင့်ဟပြောဖို့ ဝန်လေးနေခဲ့ကြပါတယ်...ဘာပတ်သက်မှုမှ မရှိပဲ ခင်လိုက်ပြီဆိုတာနဲ့
ရည်စားဖြစ်ဖို့က ၈၀ ရာနှုန်းနီးပါးလောက် သေချာနေပြီလို့ မှတ်ယူထားကြတာကိုး...ဒီတော့ မိန်းကလေးတွေကလည်း ပြန်ခင်ဖို့ တော်တော်ကို စဉ်းစားကြပါတယ်...ယောကျာ်းလေးတွေကလည်း မိန်းကလေးဆောင်ရှေ့သွားရမှာကို တော်တော်လေးရှက်တတ်ကြပါတယ်...ကိုယ် သွားတွေ့တဲ့လူက ထွက်မတွေ့မှာတို့ ကိုယ်စောင့်နေတုန်း တခြားကိုယ့်သူငယ်ချင်းတွေက တွေ့သွားမှာလား စတာတွေကို ထည့်တွက်ရင်း ရင်ဖိုရတာပေါ့...

မိန်းကလေးဆောင်ရှေ့ရောက်တဲ့အခါမှာတော့ သေသေသပ်သပ်လေးရှိနေချင်တတ်ပါတယ်
်ဒီလိုနဲ့ပေါ့ဗျာ...ချင်းတွင်းမိသားစုရဲ့ တွေ့ဆုံပွဲလေးကို စလုပ်ဖြစ်ခဲ့တဲ့ ရက်မှာ သူနဲ့ စတင်ဆုံဆည်းခွင့် ရခဲ့တာပေါ့...

Love is first sight. ဆိုတာကို လက်ခံပါတယ်...ရွှေတိုင်းမိသားစု (စစ်ကိုင်းတိုင်း မိသားစု) တွေ့ဆုံပွဲမှာ ဒုတိယအကြိမ် တွေ့လိုက်ရတဲ့အခါမှာတော့ အစကတည်းက မလုံတဲ့ ကျနော့်နှလုံးသားအိုးလေးထဲက အချစ်တွေ ဒီတကြိမ်မှာတော့ သူ့ မျက်ဝန်းတွေအောက်မှာ အစိပ်စိပ်အမွှာအမွှာကွဲတော့တာပေါ့ဗျာ...ပြောရမဲ့ဆိုရင် အရှုံးတွေ စတော့တာပေါ့လေ..

ရုတ်တရက်အကြည့်လေးတချက်မှာ အမှတ်မထင်အပြုံးလေးတစ်ပွင့်က ကျနော့်အချစ်အားလုံးကို သိမ်းပိုက်သွားခဲ့ပါတော့တယ်။ နောက်ရက်တွေမှာတော့ သူနဲ့တွေ့ ခွင့်ရအောင် ကြံရဖန်ရပါတော့တယ်...တက္ကသိုလ်ကျောင်းသားအများစုရဲ့ ထုံးစံအတိုင်း စာအုပ်စငှားဖို့ ပြင်ဆင်ရတော့တာပေါ့...မိန်းကလေးတွေ ကိုယ့်အဆာင်လာတုန်းကတော့ သံပုံးတီးပြီး ရန်သူလို့အော်ခဲ့ဖူးတဲ့ ကျနော်ကိုယ်တိုင်က ခုရန်သူရှိရာတပ်စခန်းကို စတင်ချည်းကပ်ရတော့မယ် ဆိုတော့ ရင်ခုန်သံတွေ ပလုံစီနေလိုက်တာ ဘာပြောကောင်းမလဲဗျာ... တခါမှ မီးပူမတိုက်တဲ့ ရှပ်အင်္ကျီအဖြူလေးကို မီးပူတိုက်ရပါတော့တယ်..

အပေါစားဆိုပေမဲ့ အတန်အသင့် မွှေးတဲ့ Enternity ရေမွှေးကိုလည်း ဆွတ်ထားမိပါတယ်...ဆံပင်ကတော့ မနေ့က ညှပ်ထားတာဆိုတော့ အဆင်ပြေပါတယ်...သူငယ်ချင်းဆီက Code 10 လေးတောင် ငှားပြီး သလိုက်ပါသေးတယ်...လူလူသူသူဖြစ်နေတဲ့ ကိုယ့်ရုပ်ကိုကြည့်ရင်း တော်တော် တောင်သဘောကျနေမိပါတော့တယ်...ဘယ်သူ့ကြောက်စရာလိုလဲပေါ့လေ..
သတ္တိအပြည့် ပဲအပြည့်နဲ့ သူရှိရာအဆောင်ကို ခြေဦးတည်လိုက်ပါတော့တယ်...ဒီနေ့မှ စက်ဘီးက နှေးလွန်းနေတယ်လို့ ခံစားနေရပါတယ်...စက်ဘီးကပဲ နှေးနေတာလား ရင်ခုန်သံတွေကပဲ မြန်နေတာလား ကျနော် မဝေခွဲတတ်ခဲ့ပါ...

ပထမဆုံးခြေလှမ်းအနေနဲ့အားလုံးသုံးတဲ့ Method ဖြစ်တဲ့ သူ့ဆီက စာအုပ်ငှားရမှာပေါ့ဗျာ... သူတို့အဆောင်ရှေ့ရောက်တယ်ဆိုရင်ကိုပဲ အဆောင်စောင့် အဖွားကြီးက ဘယ်သူနဲ့တွေ့ချင်လို့လဲ လို့မေးပါတော့တယ်... သူ့နာမည်လေး ပြောလိုက်တာနဲ့ ဒါဆို ခဏစောင့်နော် ...ဘယ်သူလို့ ပြောလိုက်ရမလဲဆိုတော့ ကိုယ့်နာမည်လေးပါပြောလိုက်ရတာပေါ့လေ...အဲလိုနဲ့ အဆောင်ထဲကို ဝင်သွားလိုက်တာ နာရီဝက်လောက်ကြာပါတယ်... ပြန်ထွက်လာတော့ အားတက်သရောနဲ့ မေးလိုက်ရတာပေါ့...သူထွက်လာပြီလားပေါ့လေ...

အဖွားကတော့ ကျနော့်မေးခွန်းလေးတစ်ခုကို အဖြေများစွာ ပြန်ဖြေပါတော့တယ်...အင်း သူရေချိုးနေလို့တဲ့...
စာအုပ်လာငှားတာမဟုတ်လားတဲ့...သချာင်္နဲ့ အင်္ဂလိပ် (၂)အုပ်လုံး ငှားလိုက်တယ်တဲ့...လိုအပ်တာတွေကူးပြီးရင် စာအုပ်တွေကို အဖွားဆီမှာ ပြန်ပေးထားလိုက်ပါတဲ့...ဟုတ်ကဲ့.. ကျနော့်ရဲ့ ပထမဆုံးခြေလှမ်းတွေဟာ အဲလောက်ထိ အောင်မြင်ခဲ့ပါတယ်...

But, Something is better than nothing.

ခင်မင်လေးစားစွာဖြင့်

herostar
•Sunday, March 29, 2009
ကန်ထဲမှာ ရေပြည့်နေပြီ
သာသာယာယာ ရှိပါသည်။

ငါ့နှလုံးသားကန်ထဲမှာ အချစ်တွေပြည့်နေပါပြီဟာ…ရာသီဥတုကလည်း သာယာပါတယ်. ငါ့ကောင်းကင်မှာ နေမင်းဆိုလို့ နင်တစ်စင်းပဲ ရှိတာပါ…ငါ့ရာသီဥတုကို နင့်စိတ်ကြိုက် ဖန်တီးပါ.

ကြာပန်းများလည်း ခူးကြမည်။
ပျော်ပျော်ပါးပါးလှေလှော် သွားကြမည်။

ငါ့နှလုံးသားရဲ့ သူငယ်တန်းဖတ်စာကို နင်နဲ့ အတူတူ ပထမဆုံးဖတ်ခဲ့ဖူးတာပေါ့ သင်ပုန်းကြီးမကျေသေးတဲ့ နှလုံးသားတစ်စုံနဲ့ ချစ်ခဲ့တာပါ...တက္ကသိုလ်မှာ ၉ နှစ်ကြာတာတောင် အချစ်ဘာသာမှာ အောင်မှတ်မရခဲ့ဘူး နင်နဲ့သာဆိုရင် ကမ္ဘာဆုံးအောင် ကြာရှည်နေရဖို့ ကြာပန်းတွေခူးပြီး ဘုရားမှာတူတူကပ်ချင်ပါ သေးတယ်။ ဘဝခရီးတွေကို နှစ်ယောက်တူတူဖြတ်ကျော် လိုက်ချင်တယ်။ အချစ်လှေကလေးကို အတူတူစီးရင် ပျော်ရွှင်စရာလေးတွေ ကြုံချင်ပါသေးတယ်။ ထားခဲ့လို့ နေခဲ့ရပေမဲ့ ငါ့ကန်လေးထဲက အချစ်တွေဟာ နင့်တစ်ယောက်တည်း အတွက်ပါဟာ…

သင်္ကြန်တောင် ရောက်တော့မယ်ဟ…ဒီချိန်က တို့တွေအမျှော်ရဆုံး အချိန်လေ…အိမ်ပြန်ခွင့်ရ တော့မှာမို့ အဆောင်ကပစ္စည်းတွေ သိမ်းရင်း နင်ပေးခဲ့ဖူးတဲ့ အမှတ်တရတွေကို ကြည့်နေမိတယ်..အချစ်ရဲ့ သင်္ကေတအဖြစ် နင်ပေးဖူးတဲ့ ကျောက်ခဲလေးတစ်လုံးလည်း ပါတာပေါ့...

ဒီချိန်လောက်ဆို တက္ကသိုလ် Main ရှေ့မှာ ရေလောင်းတဲ့သူတွေများနေလောက်ပြီ။ အိမ်မပြန်ခင် သင်္ကြန်ကျတာပေါ့ ဟာ…ငါလေ နင့်ကို လောင်းဖို့ ရေသန့်တစ်ဗူးဝယ်ထားတယ်သိလား…ငါကိုယ်တိုင် ရေသန့်မသောက်နိုင်ရင်တောင်မှ နင့်ကိုတော့ သန့်ရှင်းတဲ့ ငါ့မေတ္တာတွေနဲ့ လောင်းချင်လို့ပေါ့

သနပ်ခါးဘဲကြားလေးနဲ့ Main ရှေ့ တမာပင်အောက်က ခုံဝိုင်းလေးမှာ ထိုင်နေတဲ့ နင့်ကို မြင်လိုက်ရတော့ ငါ့ရင်ထဲ အေးချမ်းလိုက်တာဟာ…ဒီနွေဘယ်လောက်ပဲ ပူပါစေတော့…. နင့်မျက်နှာလေးက ငါ့အတွက် အိုအေစစ်လေးတစ်ခုပါဟာ…တမာရနံ့တွေကို နင့်ပါးပြင်ထက်က သနပ်ခါးနံ့လေးက အနိုင်ယူနေခဲ့တယ်လေ…

ငါက နင့်ဘေးကို ရေသန့်ဗူးလေးကိုင်ပြီး ရောက်လာတော့ “တကယ်လောင်းတော့မှာပေါ့လေ” ဆိုပြီး မပွင့်တပွင့်လေးပြုံးပြခဲ့တဲ့ နင့်ကို သင်္ကြန်ရောက်တိုင်း လွမ်းပါတယ်ဟာ…နောက်တွဲလေးထုံးထားတဲ့ နင့်ဆံပင်လေးကို အသာအယာမပြီး ငါယူလာတဲ့ ရေတွေနဲ့ နင့်ကို လောင်းခဲ့တာပေါ့ဟာ…

ကျန်တဲ့ရေတဝက်နဲ့ နင်ကလည်း ငါ့ကို ပြန်လောင်းခဲ့တယ်လေ…အညာနွေရဲ့ အပူဒဏ်အောက်မှာ တို့လောင်းခဲ့ကြတဲ့ ရေတွေ အခြောက်မြန်ခဲ့ပေမဲ့ ငါ့နှလုံးသားပေါ်နင်လောင်းခဲ့တဲ့ ရေတွေကတော့ ခုထိစိုနေတုန်းပါပဲဟာ…ဦးထုပ်ငိုက်စိုက်ဆောင်းတတ်တဲ့ အနက်ရောင် အင်္ကျီအောက်မှာလည်း ဖြူစင်တဲ့ အချစ်တွေရှိနေခဲ့ဖူးပါတယ်…

ကျောင်းတော်ကြီးကို တိုင်တည်ပါတယ်ဟာ…ငါကြုံခွင့်ရှိမဲ့ သင်္ကြန်တစ်ခုရောက်ရင် ဘယ်လို အနေအထားမျိုးနဲ့ ပဲဖြစ်ဖြစ် နင့်ကို ရေတစ်ခွက်လောက် လောင်းချင်ပါသေးတယ်…

နင် မြင်တတ်မယ်ဆိုရင် ငါလောင်းမဲ့ရေတွေဟာ အသဲထဲစိမ့်အောင် အေးနေမှာပါ..

အားလုံးနဲ့ ဝေးတဲ့နေရာလေးတစ်ခုကနေ ဆုတောင်းပေးလိုက်ပါတယ်…

နင် ဒီသင်္ကြန်မှာ ပျော်ရွှင်ပါစေ

herostar
•Thursday, March 26, 2009
ငယ်ရွယ်နူပျိုတဲ့အရွယ်တွေမှာ အမှတ်တရဆိုတာ ရှိခဲ့ဖူးရင်
သေဆုံးတဲ့ထိ အမှတ်ရနေတတ်တယ်ဆိုတာ ဖြစ်နိုင်တယ်ဟ..

ငါ့နှလုံးသားရဲ့ မှတ်ဥာဏ်အကောင်းဆုံးအရွယ်မှာ နင်နဲ့ စတွေ့ခဲ့တာပေါ့… ခုဆို ငါ့နှလုံးသားက မေ့တတ်နေပြီဟ.အတိတ်ကို အမှတ်ရလွန်းနေတော့ ပစ္စုပ္ပန်ကို မေ့နေတတ်လို့လေ…

ဆရာရှင်းပြနေတဲ့ သင်္ချာပုစ္ဆာတွေထက် ငါက နင့်မျက်နှာလေးကိုပဲ ပိုနားလည်နေတယ်... ဆရာအလစ်မှာ စက္ကူမြှားလေးနဲ့ လှမ်းပစ်ရတာ ရင်ခုန်ဖို့ကောင်းတယ်ဟာ…လွယ်အိပ်ထဲမှာ စာအုပ်နဲ့ ဘောပင် ပါချင်မှ ပါမယ်…စက္ကူမြှားနဲ့ ဇွန်းလေးတစ်ချောင်းကတော့ အမြဲပါနေတတ်တယ်ဟ…စက္ကူမြှားက နင့် နှလုံးသားလေးကို မှန်အောင် ပစ်ဖို့၊ ဇွန်းလေးတစ်ချောင်းတော့ အတန်းဆင်းလို့ တက္ကသိုလ်စားရိပ်သာမှာ နေ့လယ်စာစားတဲ့အခါ အဆင်သင့်ဖြစ်နေချင်လို့လေ…

နက်မှောင်ရှည်လျားတဲ့ နင့်ဆံကေသာလေးပေါ်မှာပဲ ဖြစ်ဖြစ်၊ နင်ရေးနေတဲ့ စာအုပ်လေးရဲ့ ဘေးမှာပဲဖြစ်ဖြစ် ငါ့စက္ကူမြှားလေးကျသွားတဲ့အခါ ဘယ်သူဘယ်ဝါ သိချင်ဇောနဲ့ သမင်လည်ပြန်လေး လှည့်ကြည့်တတ်တဲ့ နင့်မျက်ဝန်းလေးတွေကို ခုထိ ရင်ခုန်နေတုန်းပဲဟာ…

ဆရာရှင်းပြတဲ့ Differentiate ကိုကောင်းကောင်းနားမလည်ပေမဲ့ နင့်အချစ်တွေကို ပိုင်ဆိုင်ခွင့်ရဖို့
ငါ ရှိတ်တတ်ချင်ခဲ့တယ်၊၊ နင်က စာတော်တဲ့သူတွေကိုမှ အထင်ကြီးတတ်တာဆိုတော့ ငါလို ငပေလေးတွက် ခက်တာပေါ့ဟာ...နင်နဲ့ ပတ်သက်လာရင် ငါဟာဘယ်နေရာမှာပဲ ဖြစ်ဖြစ် သူရဲကောင်းတစ်ယောက် ဖြစ်နေချင်ခဲ့တယ်…

နင်နဲ့ ငါက မေဂျာမတူတော့ minor တန်းလေးကိုပဲ အားကိုးနေရတယ်လေ…သင်္ချာသင်ရင်း..နင့်ကို ငေးမယ်… တက္ကသိုလ်သက်တမ်းတလျှောက်လုံးမှာ တစိုက်မတ်မတ် လေ့လာနေခဲ့မိတာ နင့်မျက်ဝန်းတွေပါဟာ…

စက္ကူမြှားလေးတွေနဲ့ Theater 1-2 ကို လွမ်းတယ်ဟာ…ဘဝမှာ ပြန်လည်တူးဆွစရာဆိုလို့ အတိတ်တစ်ခုပဲ ရှိလေတော့ ငါ တန်ဖိုးထားခဲ့တဲ့ ကျောင်းသားဘဝကိုပဲ အကိမ်ကြိမ်မြင်ယောင် နေမိတယ်ဟာ…တက္ကသိုလ်ကျောင်းသားဘဝ Theater ထဲမှာ စာသင်ရတာကို တအား ဂုဏ်ယူမိတယ်…ထရံကာ ဝါးကပ်မိုး အခြေခံပညာကျောင်းလေးမှာ သူငယ်တန်းဘဝကို ဖြတ်သန်းခဲ့ဖူးလို့လားတော့ မသိဘူးဟ… လူအများကြီး တခါတည်း သင်ယူနိုင်တဲ့ နည်းပညာတက္ကသိုလ်ဒီကျောင်းတော်ကြီးက ငါ့အတွက် အစစအရာရာ အသစ်အဆန်းတွေချည်းပါပဲဟာ…

ငါ့အသိဥာဏ်တွေကိုပါ ရင့်ကျက်စေခဲ့သလို ငါ့နှလုံးကိုပါ ရင့်ကျက်အောင်သင်ပေးခဲ့တဲ့ ဒီတက္ကသိုလ်ကြီးကို တွေးမိတိုင်းလွမ်းနေမိတယ်..

ချစ်ခြင်းရင်ခုန်ယုံကြည်စွာဖြင့် ရုပ်ရှင်ကားကို ဒွေးနဲ့ အူဝဲတို့ လာရိုက်တုန်းကဆို မင်းသားမင်းသမီးတွေကို အရှင်လတ်လတ်မြင်လိုက်ရတော့ ကိုယ့်ကျောင်းတော်ကြီးကို ဂုဏ်ယူမိတယ်ဟာ… ငါ့လိုတောသားတစ်ယောက်အတွက်တော့ အူဝဲကို အော်တို ရေးခိုင်းစေချင်တာပေါ့...နင်က မကြိုက်ဘူးဆိုလို့ နင့် စကားကိုပဲ နားထောင်ပြီး ရုပ်ရှင်ရိုက်တဲ့နေရာကို ခြေဦးတောင် မလှည့်ခဲ့ဘူး။ ဖြတ်လျှောက်တွေထဲမှာ နင်လည်း မပါခဲ့ဘူးလေ…ငါက နင့်စကားဆိုရင် မြေဝယ်မကျပါဟာ.

တခါက ငါဖတ်ဖူးတဲ့ စာလေးတစ်ကြောင်းရှိတယ်..

အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။

ခုတော့ ဒီစကားလေးရဲ့ အဓိပ္ပါယ်ကို ငါကောင်းကောင်းနားလည် နေပြီဟ…တန်ဖိုး ဆိုတဲ့စကားလေးတစ်ခုရဖို့ အချစ်ကို ယစ်ပုလ္လင်မှာ ဆက်သခဲ့ဖူးပါပြီ..နင်လည်း နင်တကယ် ချစ်တဲ့သူနဲ့ ပျော်ရွှင်နေပြီဆိုတော့ ငါကျေနပ်ရမှာပေါ့…ငါ့ဘဝကို တံတားလိုခင်းပေးလိုက်ရပေမဲ့ နင်တို့တွေ ပျော်ရွှင်တယ်ဆိုရင် ငါလည်း တစ်ယောက်တည်း ပျော်အောင်နေရမှာပေါ့ဟာ…

ကျောင်းကို လွမ်းမိတဲ့အခါတိုင်း အရင်တုန်းကနင့်ကိုပါ လွမ်းနေမယ်နော်

ခင်မင်လေးစားစွာဖြင့်

herostar
•Saturday, March 14, 2009
အချိုလွန်တဲ့အခါ အခါးဖြစ်တယ်ဆိုရင် ... အခါးတွေလွန်တဲ့အခါ အချိုပြန်ဖြစ်မှာလား???

နွေလေရူးနဲ့အတူ တမာရွက်ကြွေတွေ ပြေးလွှားဆော့ကစားနေတတ်တဲ့ အညာနွေရဲ့မြင်ကွင်းကို မြင်ရတိုင်း တို့ကျောင်းကြီးကို လွမ်းတယ်ဟာ...ငါ ကိုက အလွမ်းဓာတ်ခံရှိနေတာလားတော့ မသိဘူးဟ...ဒီလိုရာသီကို ပြန်ရောက်ပြီဆိုရင်ကို မလွမ်းပဲမနေနိုင်ဘူးလေ..ငါ့ရဲ့ အမှတ်တရတွေထဲမှာ

ရွှေလီလမ်းပေါ်က တမာတန်းလေးရယ်...
ညောင်ရမ်း ဆောင်ထဲက ပိတောက်ပင်လေးရယ်
ရေကြည်ရွာထဲက စပယ်ပန်းသည်ကြီရယ်...အဓိပဲဖြစ်မယ်ထင်တယ်ဟ

နင် မှတ်မိသေးလား ... ငါက အညာကတောသားဆိုတော့လေ တမာရွက်နဲ့ ငပိချက်သာ စားရမယ်ဆိုရင် ဝက်သားနဲ့ မလဲနိုင်ဘူးလို့ ပြောခဲ့ဖူးတာ... ကျောင်းထဲက တမာရွက်နုနုလေးတွေကို ဆီးသီးနဲ့ ပြုတ်ပြီး ငါကိုယ်တိုင် ချက်ထားတဲ့ ငပိချက်နဲ့ ထမင်းအတူတူ စားခဲ့ကြဖူးတယ်လေ...မန်ကျည်းရွက်ချဉ်ရည်လေးက အသဲအေးတယ်ဆိုပြီး နင်ကလည်း တစ်ခွက်ချက်လာတယ်လေ...ငါးဆင့်ချိုင့်ကြီး တကားကားနဲ့ လမ်းသလားနေတတ် နင်နဲ့ ငါ့ကို သူငယ်ချင်းတွေ နဲ့ဆုံတိုင်း ရယ်ပြနှုတ်ဆက်တဲ့အခါ နင်မျက်နှာလေး မချိုမချဉ် ဖြစ်နေတာကို ခုထိမှတ်မိနေတုန်းပဲဟ..

နွေအကြိုမိုးလေး တဖြိုက်နှစ်ဖြိုက် ရွာလိုက်တဲ့အခါ ရလာတတ်တဲ့ မြေသင်းနံ့လေးနဲ့ အတိုတောက်ပင်အိုတွေလည်း နိုးထလာတတ်တယ်လေ...ညောင်ရမ်းဆောင်ထဲက ပိတောက်ပင်လေးကတော့ ငါ့အတွက်ပဲလားတောင် မသိပါဘူးဟာ...ကျောင်းဂိတ်တဲ ခေါင်းရင်းက ပိတောက်ပန်းရနံ့ ထက် ငါတို့ညောင်ရမ်းဆောင်ဘေးက ပိတောက်က သာတယ်လို့ နင်ကပြောတော့ ငါလည်း သေချာမသိပေမဲ့ အင်း.ဟုတ်လောက်တယ်လို့ ခေါင်းညိမ့်ခဲ့ဖူးတယ်...တကယ်တော့ ငါဟာ နင်ဘာပြောပြော လက်ညှိုးထောင်
ခေါင်းညိမ့်နေတတ်တဲ့ လူတစ်ယောက်ပါဟာ...နင်ဖြူဆို ဖြူ နင်မည်းဆို မည်း နင့်အမိန့်ပဲ နာခံတတ်တဲ့ နယ်ရုပ်လေးတစ်ရုပ်ပါဟာ...

ရေကြည်ရွာထဲက စံပယ်ပန်းသည်ကြီး ဒေါ်ကြင်မေ တောင် စပယ်ပန်းတွေ ရောင်းတုန်းပဲလားတော့ မသိဘူးဟ...ညနေတိုင်း စပယ်ပန်း တွေကို ဘုရားကပ်ဖို့ ငါတို့အတူတူဝယ်ခဲ့ကြဖူးတယ်လေ...တို့ဇာတ်လမ်း စပယ်က စတယ်လို့တောင် ပြောလို့ရမယ်ထင်တယ်ဟ နင့်ကို ချစ်ရေးဆိုပြီးနောက် ရက်တစ်ရာတိတိ စပယ်တွေ နေ့တိုင်း ပေးခဲ့ဖူးတယ်လေ...ငါတို့ ကျောင်းပြီးတော့ ငါပေးခဲ့ဖူးတဲ့ ရည်းစားစာဟာ ကျန်ကျောင်းအိတ်ကြီး(ကျွတ်ကျွတ်အိတ် အကြီးစား)နဲ့တစ်ထုပ်ရတဲ့အကြောင်း စံပယ်ပန်းခြောက်တွေက ယမ်ယမ်ဗူးနဲ့ သုံးဗူးအပြည့်ရတဲ့အကြောင်း နင်ပြန်ပြောတော့မှ ငါတော်တော် ဆိုးတဲ့ကောင်ပါလားလို့ ကိုယ့်ကိုယ်ကို ရှက်နေမိတယ်

ခုတော့ဟာ တမာတောမှာကြီးပြင်းခဲ့တဲ့ငါဟာ စံပယ်ခင်းထဲက နင်နဲ့ မဆုံနိုင်လောက်အောင် ပိတောက်နဲ့ဝေးတဲ့ နေရာတစ်ခုမှာ ရှင်သန်နေရတယ်ဟာ...ဗမာတွေ ဘယ်ရောက်ရောက် ဗမာဟာ ဗမာပဲလေ...ချောကလက်နဲ့ ကိုလာတွေ ဘယ်လောက်ပဲပေါပေါ ရေနွေးကြမ်းနဲ့ ထန်းလျက်ခဲကိုပဲ ခုံမင်နေဆဲပါဟာ...ဝက်သား ငါးဆယ်သားနဲ့ တမာရွက်တစ်စည်း ဈေးချင်းတူတာတောင် ငါ့ ကျောင်းကြီးကို လွမ်းတဲ့အခါ တမာရွက်တစ်စည်းကိုပဲ အလွမ်းပြေ ဝယ်စားမိတယ်ဟာ...

နင်တို့တောင် ဘွဲ့နှင်းသဘင်တွေ နီးပြီနော်...မတ်လ ၂၂ ရက်နေ့ဆိုလား ... မာစတာကြီးတွေဖြစ်ကြ၊ ဒေါက်တာကြီးတွေ ဖြစ်ကြနဲ့ အားကျလိုက်တာဟာ...ဘွဲ့ယူတုန်းမှာတီးလေ့ရှိတဲ့ ဘွဲ့နှင်းတီးလုံးလေးရဲ့ အဓိပ္ပါယ်ကို နားမလည်ပေမဲ့ ရင်ထဲမှာ အီလည်လည်ကြီး ခံစားရတယ်ဟာ...မိဘတွေ စုံစုံညီညီနဲ့ သူငယ်ချင်းတွေကို တွေ့ရတဲ့အခါ ရင်ထဲမှာ ဝမ်းသာဝမ်းနည်းကြီးပေါ့...ဝမ်းသာတာက ဘွဲ့တွေရကြပြီမို့ ..ဝမ်းနည်းတာက ပညာသင်ကာလ တစ်ခုပြီးဆုံးသွားလို့...တို့တွေ ခွဲခွာရတော့မယ်ဆိုတဲ့ အသိပေါ့ဟာ...
ဝတ်ရုံနက်ကြီးရဲ့ တည်ငြိမ် နက်ရှိုင်းမှုနဲ့ အတူ အဝါရောင်လိုင်းကလေး နှစ်ခု ပခုံးပေါ်ရောက်လာပြီဆိုတော့ တိုတွေ တာဝန်တစ်ခုကို ရုန်းရတော့မယ်လို့ ဆိုလိုနေတာလားတော့မသိဘူးဟာ...အဝါရောင်လိုင်းကလေး ပခုံးပေါ်ရောက်ခဲ့တာ ခဏဆိုပေမဲ့ ကျရာတာဝန်ကို ထမ်းရင်း အသိုက်ခဏခဏ ပြောင်းနေရတာကတော့ အကြာကြီးပဲဟာ...

အဓိပတိလမ်းမပေါ်မှာ ခဏလောက်ပြန်ဆုံတာတောင် မျက်နှာလွှဲပြီး ဆိုင်ကယ်ကို ဒုန်းစိုင်းသွားတဲ့ နင့်ကို
နောက်ပြန်လှည့်ကြည့်ရင်း ငါ့မြင်ကွင်းကနေ နင်ပျောက်ကွယ်သွားတဲ့ အထိ ငါရပ်ကြည့်ခဲ့ဖူးတယ်
ဒီတခါ ပြန်ဆုံးဦးမယ်ဆိုရင်တော့ ငါ နင့်ကို နှုတ်ဆက်ဖြစ်ဖို့ ကြိုးစားမိမှာပါဟာ...

ခါးသီးမှုတွေ ရင်မှာပိုက်ရင်း အတိတ်က ပျော်ရွှင်မှုတွေကို တူးဆွနေပါ့မယ်...
အခါးတွေရဲ့ နောက်က ရလာမဲ့ ချိုမြိန်ခြင်းလေးကို မျှော်လင့်နေမိတတ်လို့ပါ...

နင်ပျော်ပါစေ

လေးစားလျက်

herostar
•Saturday, March 14, 2009
လူပျိုလက် ဝက်မြီးတဲ့ဗျ... ကျွန်တော့် လက်ကလေးက keyboard ပေါ်မှာ ဝက်မြီးလေးလို အငြိမ်မနေတဲ့အခါ တက္ကသိုလ်က နွေညတွေအကြောင်း ရောက်ရောက်သွားတတ်တယ်ဗျ...အမိတက္ကသိုလ် လို့ မိခင်နဲ့ နိုင်းရလောက်အောင် တက္ကသိုလ်ရင်ခွင်ဟာ ကျွန်တော့်တို့တွက် တကယ်ကို နွေးထွေးခဲ့ဖူးပါတယ်...

ကံခေတယ်ပဲ ပြောရမလား? ဆယ်တန်းအောင်လို့ တက္ကသိုလ်ကို တက်ချင်ပါတယ်ဆိုမှ ပထမနှစ်မှာ ကြုံရတာက မမေ့ချင်စရာပဲဗျ...ကျွန်တော်တို့ မြန်မာပြည် အထက်ပိုင်းက အညာသားတွေအတွက် မန္တလေးနည်းပညာ တက္ကသိုလ်ကြီးက ပထမနှစ်မှာ မကြိုဆိုခဲ့ဘူးဗျ...

မုံရွာလို ပူပြင်းခြောက်သွေ့တဲ့ အညာမြေ နွေနေပူပူမှာ မွေးခဲ့တဲ့ ကျွန်တော့်ကို ဆောင်းရာသီမှာ ပြင်ဦးလွင် G.T.I ကို ပို့ခဲ့တယ်လေ...ပုစွန်ထုပ်လို ကွေးနေအောင် အိပ်လို့ကောင်းတဲ့ ဆောင်းရာသီ မနက်စောစောတွေမှာ P.T ဆိုတာကြီး ထထ ပြေးရတာ သေချင်စော်တောင် နံမိပါတယ်...မနက်မနက် ကြားရတဲ့ ငှက်ဆိုးထိုးသံ P.T ခရာသံကြီးနဲ့ အတူ..ဘာစိတ်ဓာတ်လဲ..သံမဏိစိတ်ဓာတ် ဆိုပြီး ဖယောင်းလို ပြေးခဲ့ရပါတယ်

ကိုယ့်ကိုယ်ကို ကျောင်းသားလိုလို စစ်သားလိုလို ဖားတပိုင်းငါးတပိုင်း ဘဝနဲ့ ပြေးလိုက်ရတဲ့ P.T ဟာ ရှစ်လ ကြာခဲ့ပါတယ်....မနက်မနက် ရွေးကောက်ပွဲ လုပ်ပြီးစားခဲ့ရတဲ့ ထမင်းကြော်ကို ခုထိမှတ်မိတုန်း...ဒန်ဖလား ပုံစံခွက်ကြီးနဲ့ ထမင်းတစ်လုပ် မြေပဲတစ်စေ့ စားရင်တောင် အလုတ် နှစ်ဆယ်သာသာပဲ စားလို့ရတဲ့ ရွှေဝါရောင် ထမင်းကြော်တွေက အစာအိမ်ထဲကို ခဲထည့်ထားတဲ့ အတိုင်းပါပဲဗျာ..

ဒီလိုနဲ့ ပေါ့ဗျာ..အင်မတန် ပူပြင်းတဲ့ နွေရက်တွေလည်းရောက်ရော .ပြင်ဦးလွင်ကနေ ပြောင်းရတော့တာပေါ့.. ခုတော့ M.T.U (Mandalay Technology University), ကိုရောက်ပြီပေါ့ဗျာ...ကျွန်တော် တက္ကသိုလ် ရောက်စက တောကြီးမြက်ကြီးထဲ နေရမှာဆိုတဲ့ အတွေးနဲ့ ပျော်စရာတွေ မရှိလောက်ဘူးလို့ ထင်တာပေါ့. .တကယ်တော့ အပျော်ဆိုတာက နေရာဒေသတွေနဲ့ မဆိုင်မှန်း နောက်တော့ သိလာတာပေါ့ဗျာ..

တခါတခါ ဘယ်ရက်တွေက ပျော်စရာ အကောင်းဆုံးလဲလို့ စဉ်းစားကြည့်ရင် ပြောရ အခက်သားဗျ.. သေချာတာတစ်ခုကတော့ဗျာ ... ကျော်သူဆွေမှာ ဆီဆမ်းလေးတစ်ပွဲ စားပြီး Black and White မှာ ကျဆိမ့်လေးတစ်ခွက်နဲ့ London လေးတစ်လိပ်လောက် ခဲလိုက်ရရင်ကိုပဲ ကျွန်တော့် အတွက်ကတော့ လုံလောက် နေတတ်လို့ပါ...ဘာလို့လဲဆိုတော့ ဒီနေရာလေးက ခံစားမှု ပေါင်းစုံကို ပေးစွမ်းနိုင်တဲ့ဗျ... .မျက်စိစားပွဲထိုင်းရင် ထွေရာလေးပါးလေးပြောရတာပေါ့..

ခက်တာကဗျာ..ပြင်ဦးလွင်က ပြောင်းလာခါစ ကျွန်တော်တို့ အဖွဲ့တွေကို နာမည် ဘယ်သူတွေ ပေးထားလဲတော့မသိဘူးဗျ....ကြွက်ဆယ်ကောင်တို့..ကျားဆယ်ကောင်တို့ပေါ့..ကြွက်ဆိုတာကကြွက်တွင်းဖြစ်အောင် သောက်နေတတ် တဲ့ ဂျိုးတွေကို ပြောတာတဲ့..ကျားဆယ်ကောင် ဆိုတာကတော့ မိန်းကလေးတွေနဲ့ မိတ်ဖွဲ့ချင်တဲ့ ကောင်တွေကို ဦးချိုး ထားတဲ့ သဘောလားတော့ မသိလူးဗျ..

စစ်မှန်တဲ့ ခင်မင်မှုတွေက သံယောဇဉ်တွေကို မွေးဖွားပေးနိုင်ပါတယ်ဗျာ...တက္ကသိုလ် အဝန်းအဝိုင်းကြီးက ကျယ်ပေမဲ့ ကျောင်းသားလောကက ကျဉ်းလေးတော့ တစ်ခုခုဆို ပြန့်လွယ်တယ်လေ... ရည်စားစကားဆိုတာကြီးကိုလည်းတော်တော် စဉ်းစားပြီးမှ ပြောရတာဗျ...စံပြကျောင်းသားတွေတွက် ရည်စားစကားဆိုတာ ပေပင်နဲ့ ပေသီးလိုပါပဲဗျာ...ပြောပြီးမှ မီးနီပြလိုက်မယ်ဆိုရင်တော့ ကွဲပြီသာမှတ်....

ဒီနယ်မြေတွေက ချစ်ခြင်းတရားနဲ့ အတူ သစ္စာတရားတွေလည်း လွှမ်းခြုံနေတတ်လို့လေ...
ချစ်တိုင်း မညားခဲ့ကြရင်တောင် ကျွန်တော်တို့ အချစ်တွေကို တက္ကသိုလ် မော်ကွန်းတိုက်မှာ ကမ္ပည်းရေးထိုးထားခဲ့ဖူးပါ တယ်...အချစ်ကြောင့်နေခဲ့ရဖူးတဲ့ ပါချုပ်အိမ်မှာ တိုက်ပိတ်ခံရခြင်းတွေ အပါအဝင်ပေါ့ဗျာ...တော်ပြီဗျာ..နောက်မှပဲ ဆက်တော့မယ်နော်

လေးစားလျက်

herostar
•Saturday, March 14, 2009
တခါတခါ နင်တို့ အတန်းပြီးချိန်ထိ ထိုင်စောင့်နေရတာ တော်တော် စိတ်ရှည်ရတယ် သိလား ။ဒီနေ့ ငါကိုယ်တိုင် ချက်ထားတဲ့ ဝက်သားဟင်းလေးနဲ့ ချဉ်ပေါင်ကျော်လေး နင့်ကို စားစေချင်လိုက်တာဟာ။ တကယ်ဆို ငါကလေ...ငါ့အိမ်မှာ ဘုရင်တစ်ဆူလို နေခဲ့ဖူးတာဟ...နင်နဲ့ တွေ့မှ အပါးတော်မြဲ ရာထူးကို ရပေမဲ့ ဒီလိုလေးတွေ လုပ်ပေးခွင့် ရနေတာကိုပဲ ပျော်နေမိတယ်လေ..

ဒီနေ့ ငါတို့မေဂျာက အရင်စောဆင်းတယ်လေ...ဒါ့ကြောင့် ငါကနင့်ကို စောင့်နေနှင့်တာပေါ့ .. နင့်ကို ငါ့နဲ့ အတူထမ်းပိုးခဲ့ဖူးတဲ့ ငါ့စက်ဘီးနီညိုရောင်လေးတောင် အရောင်တွေမှိန်နေပြီဟ...ဒါပေမဲ့ သူလည်းငါနဲ့အတူ ငါးနှစ်လုံးလုံး တာဝန်ကျေခဲ့ပါတယ်ဟာ...နင် အဆောင်ပြန်နောက်ကျမှာစိုးလို့ လျှာထွက်အောင် နင်းခဲ့ရပေမဲ့ မောလားလို့ မေးတဲ့အခါတိုင်း မမောဘူးလို့ ဖြေရတာ အမောပါပဲ...

ခုနင့်ကို တင်ပြီးစက်ဘီးလေး မစီးရတာ ကြာလာတော့မှ ငါမောတတ်နေပြီဟ...အရင်တုန်းက မမောခဲ့တဲ့ အမောတွေက ခုမှ စုပြီးသိပ်ခံစားနေရတယ် ထင်ပါတယ်ဟာ..ငါလေ...နင်နဲ့ အတူစားခဲ့ဖူးတဲ့ တိုးကျော်ကျော်က ထမင်းဆီဆမ်းတွေကို ခုထိ သတိရတုန်း ဒီစာလေး ရေးနေရင်းနဲ့တောင် တိုးကျော်ကျော်ကို သတိရတဲ့အခါ ငါ့ နှလုံးသားက ဆတ်ကနဲ နာကျင်နေတတ်ပြီဟ..

ဘာပဲဖြစ်ဖြစ်လေ...နင့်တို့အတန်းပြီးတော့ နင့်ကို တွေ့ခွင့်ရပြီ... ငါအရမ်းပျော်သွားတာပဲဟာ...ဝက်သားဟင်းက ဆားငန်နေပေမဲ့ နင်က ကောင်းတယ်လို့ ပြောခဲ့တယ်နော်..တကယ်ဆို ငါတောင် မနည်းမျိုချနေရတာ သိတာပေါ့...နားလည်ပေးတတ်လွန်းလို့ သိပ်ချစ်နေမိတာနေမှာ...

ဒီစာမျက်နှာတွေက နင်ဖတ်ချင်တဲ့ စာတွေမဟုတ်တော့ပေမဲ့ ငါမှာ ပြောပြရင် နားလည်ပေးနိုင်မဲ့လူ မရှိလို့သာ ခံစားချက်တွေကို အန်ထုတ်နေရတာ...အရက်သောက်လို့ အမူးလွန်နေရင်တောင် နင့်နာမည်လေးတလိုက်မှ အန်ဖတ်က ထွက်လာတတ်တာဟ...နင် ငါ့ရင်ထဲ ဘယ်လောက်ထိ တစ်ဆို့နေလဲ နင့်ကို သိစေချင်လိုက်တာဟာ....လွမ်းဆွတ်ရတဲ့ အခါရင်ဘတ်တွေ တအားအောင့်တယ်ဟ..

ငါ့မှာ နှလုံးရောဂါအခံရှိလို့လားတော့ မသိဘူး...တစ်ခုခု နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရရင် သူများနဲ့ မတူအောင်လှိုက်ဖိုပြီး မောနေတတ်တယ်လေ..ခုချိန်ဆို နင်နဲ့ အတူစိုက်ခဲ့ဖူးတဲ့ အောင်ကောင်းကျော် ဓမ္မာရုံဘေးက သပြေပင်လေးတွေတောင် တော်တော်လေး ကြီးနေလောက်ပြီနော်....သူတို့လေးတွေကို ရှင်သန်အောင် စိုက်ပျိုးနိုင်ခဲ့ကြပေမဲ့ နင်နဲ့ ငါရဲ့ ရှင်သန်မှုကို တော့ မစိုက်ပျိုးနိုင်ခဲ့ကြဘူးလေ..

Building 14 အဝင်က တမာပင်လေးတောင် အရင်ကထက် အရိပ်တွေကောင်းနေလောက်ပြီဟ.. ဒီဆောင်းကျွတ်လို့ နွေဝင်တော့မယ်ဆိုရင် တမာတွေကြွေတော့မယ်နော်...တမာရွက်ကြွေလေးတွေ လေအတိုက် ကြွေကျတဲ့ အခါ လေထဲက ရွက်ကြွေလေးတွေ လိုက်ဖမ်းတမ်း ကစားရတာ ပျော်စရာကောင်းတယ် လေ...နင်က လေထဲက ရွက်ကြွေတွေကိုတောင် ငါ့ထက်မိအောင် ပိုဖမ်းနိုင်တဲ့သူပါဟာ...

ငါကလေ..ရွက်ကြွေလေးတစ်ခုကိုတောင်မှ မိအောင်ဖမ်းနိုင်ခဲ့တာမှ မဟုတ်တာ...

လေးစားလျက်

herostar
•Saturday, March 14, 2009
အဖြူရောင် တိမ်တိုက်တွေနဲ့ ကြည်ပြာရောင် ကောင်းကင်ကြီးကို မြင်ရတိုင်း အမိတက္ကသိုလ်ကြီးမှာ သူငယ်ချင်းတွေနဲ့ အတူဝတ်ခဲ့ဖူးတဲ့ အဖြူရောင် ရှပ်အင်္ကျီလေးနဲ့ မည်းပြာရောင် ပုဆိုးလေးကို လွမ်းမိတယ်...

တိမ်တိုက်တွေ ရွေ့လျားနေကြသလို သူငယ်ချင်းတွေလည်း ဝေးကွာနေကြပေမဲ့ ကြည်ပြာရောင် စိတ်ဓာတ်တွေကတော့ ခုချိန်ထိ တူညီနေကြတုန်းပါ...ကျနော်တို့ ဝတ်ခဲ့ကြတာ ယူနီဖောင်းလို့ ပဲ ထင်ခဲ့မိတာ.......... တကယ်တော့ စိတ်ဓာတ်တွေကိုပါ ထပ်တူကြနေစေခဲ့တာပါ

တမာတန်းလေးနဲ့ မြေနီလမ်းလေးကို လွမ်းတယ်....အဓိပတိလမ်းမထိပ်က အုတ်ခုံလေးကိုလည်း လွမ်းတယ်...
ညနေချိန်တွေဆို အဆောင်ရှေ့က ကွင်းပြင်ကျယ်ကြီးကို နှစ်ယောက်တူတူ ဖြတ်လျှောက်ရတာ လျှောက်ဖူးသူတိုင်း မေ့နိုင်မှာတဲ့လားဗျာ...ဘဝရဲ့ လမ်းတွေမှာ တစ်ယောက်တည်းလျှောက်နေရတဲ့အခါ ဟိုစဉ်ချိန်တွေကို သတိရမိတယ်

စားမေးပွဲနီးမှ သူငယ်ချင်းတွေဆီက စာအုပ်လိုက်ငှားပြီး မိတ္တူကူးရတဲ့ ဘဝလေးကို ခုံမင်မိတယ်…
တကယ်တော့ စာပဲမိတ္တူကူးရတာ မဟုတ်ခဲ့ပါဘူး…ဦးနှောက်တွေကိုပါ မိတ္တူကူးခွင့်ပေးဖို့ လက်ဖက်သုတ်တစ်ပွဲ…အကြော်တစ်ဝိုင်းနှုန်းနဲ့ တောင်းပန်ရတဲ့ အခါလည်းရှိတာပေါ့...
ခုတော့ ဒီမှာက အဲဒီလို ဆိုးလို့မရတော့ဘူးလေ..

တခါကတက္ကသိုလ် နွေရက်တွေမှာပေါ့.... Main အပေါ်ဆုံးထပ်က လေသာဆောင်လေးမှာ စာအတူတူလုပ်ခဲ့ဖူးတဲ့ ဘဝတွေကို ဘယ်လိုမေ့လို့ရမှာလဲ..တကယ်တော့ တို့ဖတ်ခဲ့ကြတာ ကျောင်းသင်ခန်းစာတွေတင် မကပါဘူး… ဘဝသင်ခန်းစာတွေရောပါပါတယ်ဟာ…

တို့တွေက ချို့တဲ့သူတွေဆိုတော့ တစ်ယောက်ကို တစ်ယောက်ဖေးမ ကူညီရတယ်လေ...လစာထုတ်ရက်လေးကို မျှော်ရင်း နင့်အတွက် ငါဘာလုပ်ပေးနိုင်မလဲ စဉ်းစားရတာ အမောပါပဲ...မောင်နှရင်းတွေလို ကောင်းတူဆိုးဖက် တိုင်ပင်ရင်း ရင်းနှီးခဲ့ကြဖူးတာပေါ့…

တက္ကသိုလ် သက်တမ်းတလျှောက်မှာ သင်ခဲ့ဖူးတဲ့ စာတွေသာ အချိန်မရွေးမေ့ချင်မေ့မယ်..
သူငယ်ချင်းတို့ရဲ့ ဖော်ရွေတဲ့ မျက်နှာလေးတွေနဲ့ သူတို့အသံတွေကို အချိန်မရွေး သတိနေတတ်ပါတယ်

အရင်းတုန်းကဆို လေချင်းတိုင်းလေနေပြီး စာမလုပ်ဘဲ လျှောက်သွားနေရင် သူငယ်ချင်းတွေက ဝိုင်းထိန်းကြတယ်…ဦးရှည်ကြီးကလည်း အားပေးတယ်…ကိုယ်သောက်ရင် သောက်သလောက် သူစီးပွားတက်မယ်ဆိုတဲ့ အသိ သူ့မှာ ရှိမနေခဲ့ဘူး…ငါ့ညီလေးတို့ ဒီလောက်ဆို.တော်လောက်ပြီ လို့ ပြောတတ်တယ်…

ကျောင်းရှေ့က ဦးရှည်ကြီးကတောင် ဒီလိုကြင်နာတဲ့ စကားလေးတွေ ပြောနေတတ်ပါတယ်..ဒါဆို ကျနော်သိပ်ချစ်ရတဲ့ မိခင်ကျောင်းတော်ကြီးကသာ စကားပြောတတ်မယ်ဆိုရင် ဗိုက်ခေါက်ဆွဲလိမ်ရင်း ကရုဏာဒေါသနဲ့ ဘယ်လောက်များ ပြောနေလိမ့်မလဲဗျာ.....လမ်းကြုံရင် ဦးရှည်ကြီးကို ပြောလိုက်ကြပါဗျာ...အရင်ကလို လူပေကြီး မဟုတ်တော့တဲ့ အကြောင်းပေါ့

တစ်ယောက်တည်း ကြိုက်သလောက်သောက်လို့ရနေပေမဲ့ ဒီဘီယာတွေက စနှိုးဝှိုက်က ဘီယာလောက် မချိုမြိန်ဘူး…အမြည်းနည်းနည်းနဲ့ လုသောက်နေရပေမဲ့ ပျော်မိတယ်။ သူငယ်ချင်းတွေနဲ့ သောက်ရတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ပါဘူး။ မူးလာတိုင်း ရင်ဖွင့်ရတဲ့ အရသာလောက် ဘယ်အရာက ကောင်းအုန်းမှာလဲဗျာ။

အခန်းတစ်ခန်းမှာ စုအိပ်ရင်း မလောက်ငှတဲ့အခါ စောင်တွေကို လုခြုံရတယ် .....လုခြုံခဲ့ရတဲ့ စောင်တွေက မနွေးပေမဲ့ သူငယ်ချင်းတွေရဲ့ ခင်မင်မှုက နွေးထွေးတယ်။ တက္ကသိုလ်ဆိုတာကြီးကစာပဲသင်ပေးတတ်တဲ့ နေရာလို့ ထင်ခဲ့မိတာ။ တကယ်တော့ နှလုံးသားတွေကိုလည်း ရင့်ကျက်လာအောင် သင်ပေးနိုင်ခဲ့ပါတယ်…

ဒီနယ်မြေမှာ ပြောမဲ့ဆိုမဲ့သူ ဆီးကြိုမဲ့သူတွေ မရှိတော့ပေမဲ့ သူငယ်ချင်းတွေပေးခဲ့ဖူးတဲ့ ဖြူစင်တဲ့ ခင်မင်မှုတွေကို တသသ တွေးရင်း ကိုယ်ကိုယ့်ကို ပျော်အောင်နေနေရပြီ...လုပ်ယူနေတဲ့ ပျော်ရွှင်မှုဆိုတာ ဘယ်လောက်ထိ စစ်မှန်မှာတဲ့လဲဗျာ…

M.I.T မှသူငယ်ချင်းအားလုံးကို သတိရနေမိတယ်

herostar
•Wednesday, February 18, 2009
ငါတို့ ကျောင်းလေးရဲ့ အဝင်မှာ ရေနီမြောင်းလေးတစ်ခု ရှိတယ်…တသွင်သွင် စီးဆင်းနေတတ်ပြီး အလွန်လည်း အေးမြတယ်။ ကျောင်းအဝင် အဓိပတိလမ်းမကြီးရဲ့ ဘေးမှာ တမာတောလေးရှိတယ်..ဒီချိန်ဆို တမာတောလေးက ဆောင်းဦးရွက်ကြွေတွေနဲ့ ပုံနေလောက်ရောပေါ့

အရင်တုန်းကဆို ငါတို့တွေ တမာတောလေးထဲမှာ ပျော်ရွှင်ကြည်နူးခဲ့ကြဖူးတယ်။ နင်နဲ့ ငါ စိန်ပြေးတမ်း ကစားခဲ့ကြဖူးတယ်…နင်ကပြေးတဲ့အခါ ငါက မိအောင်လိုက်ဖမ်းရပြီး ငါက ပြေးတဲ့အခါ နင်က မိအောင်လိုက် ဖမ်းတယ်…ဒီဆော့နည်းလေးကို ငါသိပ်သတိရတာပဲ ပြေးလို့မောလာတဲ့အခါ အဆောင်က ငါယူလာတဲ့ ရေဗူးလေးကို နှစ်ယောက်တူတူ လုသောက်ကြတယ်…ငါက ကောင်လေးဆိုတော့ နင့်ကို ဦးစားပေးရတာပေါ့

ငါက အဖြူရောင်ရှပ်အင်္ကျီလေးကို နေ့ တိုင်းဝတ်ရတယ်။ နင်ကလည်း အဖြူရောင်ရင်ဖုံးအင်္ကျီလေးကို ဝတ်ရတယ်.. ကြည်ပြာရောင် လုံချည်လေးနဲ့ နင်လေ..တအားလှတာပဲ..နင်က နည်းနည်းလေးဝတော့
ငါက ပါကျယ်လေးလို့ ခေါ်တယ်… မိုနာလီဇာကို လှတယ်လို့ စာအုပ်တွေထဲမှာငါ ဖတ်ခဲ့ဖူးတယ်… ငါ့မျက်စိထဲမှာတော့ နင်လောက် မလှတာ သေချာခဲ့တယ်။ ဒါပေမဲ့ ငါလေ.. နင့်ရှေ့မှာ နင့်ကို လှတယ်လို့ မချီးကျူးမိဖူး…

ငါရင်ထဲမှာပဲ နင့်အလှတွေကို သိမ်းထားခဲ့တာကိုး…ငါတို့ မေဂျာက မောင်မယ်သစ်လွင်ကြိုဆိုပွဲလေးမှာ ငါလည်း သီချင်း ဆိုချင်မိတယ်…သူငယ်ချင်းတွေလည်း ဆိုကြတယ်။ ငါက သင်္ကြန်မိုး သီချင်းလေးဆိုတော့ နင်က စင်ပေါ်မှာ ကပေးခဲ့တယ်။ ငါတို့ ပါချုပ်ကြီးကတောင် ငါ့တို့ကို ဆုချသွားသေးတယ်။ သင်္ကြန်လို့ ကြားလိုက်မိတိုင်း ဒီသီချင်းလေးနဲ့ အတူ နင့်ကို သတိရနေတတ်တယ်။

နှစ်တွေသာ ကြာညောင်းလာခဲ့ပေမဲ့ မဟောင်းနိုင်တဲ့ ဒီသီချင်းလေးနဲ့ အတူ တမာမြေကကျောင်းတော်ကြီးကို သတိရတယ်။ စွယ်တော် ရှိုက်သံသီချင်းလေးကို နားဆင်ရင်းနဲ့တောင် တမာရှိုက်သံကို ကြားနေမိတယ်
သီတင်းကျွတ် မီးမျှောပွဲညလေးမှာပေါ့….နင်တို့လည်း အဲဒီညမှာ အဆောင်အပြင်ထွက်ခွင့်ရတယ်…ငါတို့တွေ အဓိပတိလမ်းမကြီးပေါ် သူငယ်ချင်းတွေနဲ့ အတူတူ လမ်းလျှောက်ခဲ့ကြတယ်…ဦးတည်ရာ အတူတူနဲ့ပေါ့

တန်ဆောင်မုန်းလမှာ မဲဇလီဖူးသုတ်တွေ နင်တို့ အဆောင်မှာ လုပ်ကြတယ်။ ငါတို့လည်း ဆေးပေါင်းခတဲ့ အချိန်ကို နင်တို့နဲ့ အတူတူ စောင့်ခဲ့ကြဖူးတယ်။ အိုးစည် ဒိုးပတ်သံတွေနဲ့ ဆရာ ဆရာမတို့ အဆောင်တွေမှာ မုန့်ဖိုးလိုက်တောင်းကြတယ်။ ငါက က,ရတာဝါသနာပါတယ်…ဒါပေမဲ့ နင်ရှိနေတော့ ငါ ရှက်နေမိတယ်..
ကျောင်းသားဘဝ အဖြူထည်လေးတွေမို့ ရိုးသားမှုတွေ လှိုင်လှိုင်ပွင့်ခဲ့ကြတယ်

ဒီနယ်မြေမှာ သိင်္ဂါရ ရသတွေကို အပြည့်အဝခံစားနိုင်ခဲ့တယ်..ထွေထွေထူထူမဟုတ်ပေမဲ့ ငါတို့တွေ တနေ့တမျိုး မရိုးနိုင်အောင် ချစ်စကားတွေ ပြောခဲ့ကြတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဖူးပွင့်စ အချစ်တွေနဲ့ အရိုးသားဆုံး ချစ်ခဲ့ကြဖူးတယ်။ ခုတော့ နင်ရော ငါရော ပြေးလည်း မပြေးကြတော့ဘူး။ လိုက်လည်း မဖမ်းကြတော့ဘူးနော်….

ဘာလို့လည်းဆိုတော့ နင်နဲ့ ငါက ဝေးခဲ့ကြပြီကိုး နေရာဒေသတွေက ငါတို့ကို ခြားခဲ့တာလား…?
ငါတို့ စိတ်တွေက ငါတို့ကို ခြားလိုက်တာလား? တစ်ခုခုတော့ တစ်ခုခုပေါ့..

သေချာတာက ကျောင်းတော်ကြီးကို ငါလွမ်းတတ်နေပြီ

သူငယ်ချင်းများကို သတိရခြင်းများစွာဖြင့်

herostar