b သူရဲကောင်းကြယ်: တခါက တက္ကသိုလ် နွေညများ (၃)
•Saturday, March 14, 2009
တခါတခါ နင်တို့ အတန်းပြီးချိန်ထိ ထိုင်စောင့်နေရတာ တော်တော် စိတ်ရှည်ရတယ် သိလား ။ဒီနေ့ ငါကိုယ်တိုင် ချက်ထားတဲ့ ဝက်သားဟင်းလေးနဲ့ ချဉ်ပေါင်ကျော်လေး နင့်ကို စားစေချင်လိုက်တာဟာ။ တကယ်ဆို ငါကလေ...ငါ့အိမ်မှာ ဘုရင်တစ်ဆူလို နေခဲ့ဖူးတာဟ...နင်နဲ့ တွေ့မှ အပါးတော်မြဲ ရာထူးကို ရပေမဲ့ ဒီလိုလေးတွေ လုပ်ပေးခွင့် ရနေတာကိုပဲ ပျော်နေမိတယ်လေ..

ဒီနေ့ ငါတို့မေဂျာက အရင်စောဆင်းတယ်လေ...ဒါ့ကြောင့် ငါကနင့်ကို စောင့်နေနှင့်တာပေါ့ .. နင့်ကို ငါ့နဲ့ အတူထမ်းပိုးခဲ့ဖူးတဲ့ ငါ့စက်ဘီးနီညိုရောင်လေးတောင် အရောင်တွေမှိန်နေပြီဟ...ဒါပေမဲ့ သူလည်းငါနဲ့အတူ ငါးနှစ်လုံးလုံး တာဝန်ကျေခဲ့ပါတယ်ဟာ...နင် အဆောင်ပြန်နောက်ကျမှာစိုးလို့ လျှာထွက်အောင် နင်းခဲ့ရပေမဲ့ မောလားလို့ မေးတဲ့အခါတိုင်း မမောဘူးလို့ ဖြေရတာ အမောပါပဲ...

ခုနင့်ကို တင်ပြီးစက်ဘီးလေး မစီးရတာ ကြာလာတော့မှ ငါမောတတ်နေပြီဟ...အရင်တုန်းက မမောခဲ့တဲ့ အမောတွေက ခုမှ စုပြီးသိပ်ခံစားနေရတယ် ထင်ပါတယ်ဟာ..ငါလေ...နင်နဲ့ အတူစားခဲ့ဖူးတဲ့ တိုးကျော်ကျော်က ထမင်းဆီဆမ်းတွေကို ခုထိ သတိရတုန်း ဒီစာလေး ရေးနေရင်းနဲ့တောင် တိုးကျော်ကျော်ကို သတိရတဲ့အခါ ငါ့ နှလုံးသားက ဆတ်ကနဲ နာကျင်နေတတ်ပြီဟ..

ဘာပဲဖြစ်ဖြစ်လေ...နင့်တို့အတန်းပြီးတော့ နင့်ကို တွေ့ခွင့်ရပြီ... ငါအရမ်းပျော်သွားတာပဲဟာ...ဝက်သားဟင်းက ဆားငန်နေပေမဲ့ နင်က ကောင်းတယ်လို့ ပြောခဲ့တယ်နော်..တကယ်ဆို ငါတောင် မနည်းမျိုချနေရတာ သိတာပေါ့...နားလည်ပေးတတ်လွန်းလို့ သိပ်ချစ်နေမိတာနေမှာ...

ဒီစာမျက်နှာတွေက နင်ဖတ်ချင်တဲ့ စာတွေမဟုတ်တော့ပေမဲ့ ငါမှာ ပြောပြရင် နားလည်ပေးနိုင်မဲ့လူ မရှိလို့သာ ခံစားချက်တွေကို အန်ထုတ်နေရတာ...အရက်သောက်လို့ အမူးလွန်နေရင်တောင် နင့်နာမည်လေးတလိုက်မှ အန်ဖတ်က ထွက်လာတတ်တာဟ...နင် ငါ့ရင်ထဲ ဘယ်လောက်ထိ တစ်ဆို့နေလဲ နင့်ကို သိစေချင်လိုက်တာဟာ....လွမ်းဆွတ်ရတဲ့ အခါရင်ဘတ်တွေ တအားအောင့်တယ်ဟ..

ငါ့မှာ နှလုံးရောဂါအခံရှိလို့လားတော့ မသိဘူး...တစ်ခုခု နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရရင် သူများနဲ့ မတူအောင်လှိုက်ဖိုပြီး မောနေတတ်တယ်လေ..ခုချိန်ဆို နင်နဲ့ အတူစိုက်ခဲ့ဖူးတဲ့ အောင်ကောင်းကျော် ဓမ္မာရုံဘေးက သပြေပင်လေးတွေတောင် တော်တော်လေး ကြီးနေလောက်ပြီနော်....သူတို့လေးတွေကို ရှင်သန်အောင် စိုက်ပျိုးနိုင်ခဲ့ကြပေမဲ့ နင်နဲ့ ငါရဲ့ ရှင်သန်မှုကို တော့ မစိုက်ပျိုးနိုင်ခဲ့ကြဘူးလေ..

Building 14 အဝင်က တမာပင်လေးတောင် အရင်ကထက် အရိပ်တွေကောင်းနေလောက်ပြီဟ.. ဒီဆောင်းကျွတ်လို့ နွေဝင်တော့မယ်ဆိုရင် တမာတွေကြွေတော့မယ်နော်...တမာရွက်ကြွေလေးတွေ လေအတိုက် ကြွေကျတဲ့ အခါ လေထဲက ရွက်ကြွေလေးတွေ လိုက်ဖမ်းတမ်း ကစားရတာ ပျော်စရာကောင်းတယ် လေ...နင်က လေထဲက ရွက်ကြွေတွေကိုတောင် ငါ့ထက်မိအောင် ပိုဖမ်းနိုင်တဲ့သူပါဟာ...

ငါကလေ..ရွက်ကြွေလေးတစ်ခုကိုတောင်မှ မိအောင်ဖမ်းနိုင်ခဲ့တာမှ မဟုတ်တာ...

လေးစားလျက်

herostar
This entry was posted on Saturday, March 14, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: