b သူရဲကောင်းကြယ်: May 2009
•Wednesday, May 13, 2009
ညအခါ
လသာသာ
ကစားမလား?
နားမလား?

တက္ကသိုလ်က ငွေလမင်းလေးရယ်...ဘယ်ကောင်းကင်မှာ မင်း သာနေလဲကွယ်..

ငါ့ ကို ကစားပါဦးဟာ...နင် နားခဲ့တုန်းက ထားခဲ့တဲ့ ကြင်နာမှုတွေက ခုတော့ နာကျင်မှုတွေဖြစ်နေပြီပေါ့
နင်ချန်ခဲ့တဲ့ နာကျင်မှုအဆိပ်ငွေ့တွေ ငါ့တစ်ကိုယ်လုံးပြန့်နေပြီလေ...နင် ကစားခဲ့တဲ့ ငါ့အိပ်မက်တွေ ပြန်မက်လို့ကို မရတော့ဘူး..
လာပါ..နားပါ..ကစားပါ...လို့ ငါ့ နှလုံးသွေးတွေက နင့်ကိုပဲ ဖိတ်ခေါ်နေတော့တယ်ဟာ...

အုတ်တွေ သဲတွေအကြောင်း ခေါင်းမီးတောက်အောင် ငါ ကျက်နေရတဲ့ အချိန်မှာ နင်ကတော့ DSP ဆိုတာကို သီချင်းလေး တအေးအေးနဲ့ တွက်နေတတ်တယ်လေ...ငါကတော့ နင့် DSP ကို (Don't Speak Parkyawe) ပါကျယ်စကားမပြောတဲ့ ဘာသာလို့ နာမည်ပေးခဲ့ဖူးတယ်။ တခါတခါ စာတွေက ခေါင်းထဲ မဝင်ပါဘူးဟာ...နင့် အပြုံးတွေပဲ ခေါင်းထဲရောက်နေခဲ့တာနဲ့ .. ကျလိုက်တဲ့ အဆင့်တွေကလည်း မပြောပါနဲ့တော့ ... နှစ်တိုင်း ပါချုပ်လက်မှတ် အပေါ်က နာမည်ဟာ ငါ့နာမည်ပဲ ဖြစ်နေတာပေါ့...

ငါပြီးရင် ပါချုပ်ပဲ ကျန်တော့တဲ့ အောင်စာရင်းကို နင်က ဘယ်ကြည့်ချင်မှာလဲနော်...ငါကတော့ ညိုညက်ညက် အသားရေလေးနဲ့ မျက်နှာဝိုင်းလေး နင့်ကိုပဲ ကြည့်ချင်နေမိတော့တယ်။ တက္ကသိုလ်ဇာတ်လမ်းတွေဟာ ပြန်လည်းတူးဆွတိုင်း ပျော်စရာကောင်းသလို လွမ်းစရာလည်း ကောင်းပါတယ်ဟာ...ခုလို ကဆုန်လပြည့်တို့၊ ဝါဆိုလပြည့်တို့မှာဆိုရင် အောင်ကောင်းကျော် ဓမ္မာရုံမှာ မေဂျာလိုက် ကုသိုလ်တွေလုပ်ကြတယ်လေ...ငါတို့တွေ တော်တော်ပျော်ဖို့ကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်ခဲ့ဖူးကြတာပဲနော်...

ဦးလာဘခြံထဲက သပြေပန်းတွေကိုလည်း သတိရနေမိတယ်ဟာ....ညနေဘက် လပြည့်နေ့တွေဆို သပြေပန်းတွေ သွားဝယ်ကြတယ်လေ။ ကျောင်းရှေ့က ရေမြောင်းလေးမှာ သပြေပန်းတွေကို ရေဆေးရင်း ရေစီးနဲ့ မျောလာတတ်တဲ့ ကိုင်းပင်လေးတွေကို မျက်စိတဆုံးအတူတူ လိုက်ကြည့်ရတဲ့ အရသာဟာ စိတ်ထဲမှာ တမျိုးပဲဟ..ဘယ်ဆီကိုရောက်လို့ ဘယ်လောက်ထိ မျောနေဦးမယ်မသိတဲ့
ရေစီးထဲက ကိုင်းပင်လေး တခက်ဟာ ခုတော့ ငါဖြစ်နေပြီပေါ့ဟာ...

ဘယ်ဘဝရောက်ရောက် အတူပေါင်းဖက်ရပါစေဆိုတဲ့ သစ္စာတွေတိုင်တည်ရင်း ညနေဘက် ဘုရားမှာ သပြေပန်းကပ်ရတာ တော်တော်ကြည်နူးဖို့ကောင်းတယ်နော်...အဖြူရောင်အင်္ကျီလေးတွေကိုယ်စီနဲ့ ဖြူဖြူစင်စင် အတူပြုခဲ့ဖူးတဲ့ ကုသိုလ်တွေဟာ ဘယ်တော့များမှ အကျိုးပေးမယ်ဆိုတာ ငါလည်း မခန့်မှန်းတတ်တော့ပါဘူးဟာ...နွေနေက ပူပေမဲ့ ထီးလေးတစ်ချောင်းကို နှစ်ယောက်တူတူဆောင်ရတာ တော်တော်အေးမြတယ်နော်...ချွေးစို့လို့ ထွက်လာတတ်တဲ့ နင့်ပါးပြင်ကသနပ်ခါးနံ့လေးကို
ဝေးဝေးကတောင် ငါအလွတ်ရတယ်...

ငါ့ရဲ့ စေတနာစကားတွေက နင့်နားကို ခါးနေစေပြီလားဟင်..နင်က ကစားတတ်တဲ့သူဆိုတော့ နင်ပျော်မယ်ဆိုရင် ငါ့ကိုသာ ခွဲလိုက် စိပ်လိုက် ပိုင်းလိုက်ပါတော့ဟာ...ကြယ်ရောင်ကင်းမဲ့တဲ့ ဘဝရဲ့ လမိုက်ညတွေမှာလျှောက်လှမ်းရင်း တခါတခါ လသာညလေးများ ကြုံမိရင် ငါတို့ ငယ်ငယ်ကဆိုခဲ့ဖူးတဲ့ အတိုင်း

ညအခါ
လသာသာ
ကစားမလား
နားမလား လို့ နင့်ကို ထပ်မေးလိုက်တယ်နော်...

နင်ပျော်ရွှင်ပါစေ..

လေးစားလျက်

herostar
•Saturday, May 02, 2009
Something is better than nothing.

ဒီစာလေးတစ်ကြောင်းကို အလွန်နှစ်သက်မိပါတယ်...
ဘာတစ်ခုမှ မရှိခဲ့ဖူးတာနဲ့ စာရင် တစ်ခုခုရှိခဲ့ဖူးတာကပိုကောင်းတယ်ဆိုတဲ့သဘောပေါ့.. .တက္ကသိုလ်ကျောင်းသားဘဝမှာအချစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်...ဘာတစ်ခုမှ မပိုင်ဆိုင်ခဲ့ဖူးတာနဲ့ စာရင်တော့ တခုခုကို ပိုင်ဆိုင်ခွင့် ရခဲ့လို ခုချိန်မှာ ပြန်တွေးရင်း ပျော်ခွင့်ရနေသေးတာကိုက ကံထူးတယ်လို့ ပြောရမှာပဲပေါ့ဗျာ...

ယောက်ျားတစ်ယောက်ဟာကိုရင်ဝတ်ဖူးရမယ်...တက္ကသိုလ်တက်ဖူးရမယ်...ရည်းစားထားပြီး အသဲကွဲဖူးရမယ်..လို့ ကျနော့်အဖေက ပြောဖူးပါတယ်...ဘာကိုဆိုလိုမှန်း ကျနော်အတိအကျ မသိခဲ့ပေမဲ့ ပထမ နှစ်ချက်ကိုတော့ ကျနော် ဖြတ်ကျော်ခဲ့ဖူးပါပြီ...နောက်တစ်ချက်ကိုတော့ ကျနော်မဖြစ်လိုပါ...နူးညံ့တဲ့အရာတစ်ခု ရင့်ကျက်လာဖို့တွက် နှလုံးသားကို Training ပေးမဲ့သူတစ်ယောက်တော့ ရှိသင့်တယ်လို့ပဲ အကြမ်းဖျင်း နားလည်ထားခဲ့ဖူးပါတယ်...

အခြားတက္ကသိုလ်တွေကိုတော့ မတက်ဖူးလို့ ဘယ်လိုရှိမယ်ဆိုတာ အသေအချာမသိပါ..ကျနော်တက်ခဲ့ဖူးတဲ့ မြကျွန်းညိုညို တက္ကသိုလ်ကြီးမှာတော့ ကျောင်းအိပ်ကျောင်းစား ဘဝနဲ့ တက္ကသိုလ် နှစ် ၈ နှစ်ကြာသင်ယူခဲ့ဖူးပါတယ်....ပထမနှစ် ဒုတိယနှစ် ကျောင်းသားဘဝတုန်းက ဆိုရင် ကျနော်တို့ ယောက်ျားလေးဆောင်ရှေ့ကို ဘယ်မိန်းကလေးမှ မလာရဲကြတာတော့ သေချာပါတယ်...
အဆောင်မှာ ရှိတဲ့ ကျနော်တို့ယောက်ျားလေးတွေမှာ တိုင်ပင်ထားစရာမလိုပဲ အလိုလိုသိနေတာတစ်ခုကတော့ အဆောင်ရှေ့ မှာ မိန်းကလေးတွေကို မြင်လိုက်တာနဲ့ အဆောင်မှာ ရှိသမျှ ဒန်အိုး ရေခွက် သံပုံး စတာတွေကို ကိုယ်စီတီးပြီး "ရန်သူ..ရန်သူဟေ့...ရန်သူတွေ အဆောင်ရှေ့မှာ ရောက်နေပြီ" ဟု အသံကုန်ဟစ်ကာ အော်ကြပါတော့တယ်...

ပြေလည်သူတွေရှိသလို အစိမ်းသက်သက်ပါးပြင်လေးတွေကလည်းမနည်းဘူးလေဗျာ။ ကျနော်ကိုယ်တိုင်ကလည်း အဲဒီချိန်တုန်းကတော့ ဘယ်ကိုယ်ချင်းစာတတ်မှာလဲလေ...သူနဲ့မှ မဆုံသေးတာကိုး...အကြောင်းမရှိအကြောင်းရှာပြီ မိန်းကလေးတွေနဲ့ ရောနှောနေတတ်သူကို ကျနော်တို့တွေက သိပ်မပေါင်းကြပါ...မိန်းကလေးဆို ဝေးဝေးရှောင်နေတတ်တာ သဘာဝပါ...စိတ်ထဲက ခင်မင်နေရင်တောင်မှ ဖွင့်ဟပြောဖို့ ဝန်လေးနေခဲ့ကြပါတယ်...ဘာပတ်သက်မှုမှ မရှိပဲ ခင်လိုက်ပြီဆိုတာနဲ့
ရည်စားဖြစ်ဖို့က ၈၀ ရာနှုန်းနီးပါးလောက် သေချာနေပြီလို့ မှတ်ယူထားကြတာကိုး...ဒီတော့ မိန်းကလေးတွေကလည်း ပြန်ခင်ဖို့ တော်တော်ကို စဉ်းစားကြပါတယ်...ယောကျာ်းလေးတွေကလည်း မိန်းကလေးဆောင်ရှေ့သွားရမှာကို တော်တော်လေးရှက်တတ်ကြပါတယ်...ကိုယ် သွားတွေ့တဲ့လူက ထွက်မတွေ့မှာတို့ ကိုယ်စောင့်နေတုန်း တခြားကိုယ့်သူငယ်ချင်းတွေက တွေ့သွားမှာလား စတာတွေကို ထည့်တွက်ရင်း ရင်ဖိုရတာပေါ့...

မိန်းကလေးဆောင်ရှေ့ရောက်တဲ့အခါမှာတော့ သေသေသပ်သပ်လေးရှိနေချင်တတ်ပါတယ်
်ဒီလိုနဲ့ပေါ့ဗျာ...ချင်းတွင်းမိသားစုရဲ့ တွေ့ဆုံပွဲလေးကို စလုပ်ဖြစ်ခဲ့တဲ့ ရက်မှာ သူနဲ့ စတင်ဆုံဆည်းခွင့် ရခဲ့တာပေါ့...

Love is first sight. ဆိုတာကို လက်ခံပါတယ်...ရွှေတိုင်းမိသားစု (စစ်ကိုင်းတိုင်း မိသားစု) တွေ့ဆုံပွဲမှာ ဒုတိယအကြိမ် တွေ့လိုက်ရတဲ့အခါမှာတော့ အစကတည်းက မလုံတဲ့ ကျနော့်နှလုံးသားအိုးလေးထဲက အချစ်တွေ ဒီတကြိမ်မှာတော့ သူ့ မျက်ဝန်းတွေအောက်မှာ အစိပ်စိပ်အမွှာအမွှာကွဲတော့တာပေါ့ဗျာ...ပြောရမဲ့ဆိုရင် အရှုံးတွေ စတော့တာပေါ့လေ..

ရုတ်တရက်အကြည့်လေးတချက်မှာ အမှတ်မထင်အပြုံးလေးတစ်ပွင့်က ကျနော့်အချစ်အားလုံးကို သိမ်းပိုက်သွားခဲ့ပါတော့တယ်။ နောက်ရက်တွေမှာတော့ သူနဲ့တွေ့ ခွင့်ရအောင် ကြံရဖန်ရပါတော့တယ်...တက္ကသိုလ်ကျောင်းသားအများစုရဲ့ ထုံးစံအတိုင်း စာအုပ်စငှားဖို့ ပြင်ဆင်ရတော့တာပေါ့...မိန်းကလေးတွေ ကိုယ့်အဆာင်လာတုန်းကတော့ သံပုံးတီးပြီး ရန်သူလို့အော်ခဲ့ဖူးတဲ့ ကျနော်ကိုယ်တိုင်က ခုရန်သူရှိရာတပ်စခန်းကို စတင်ချည်းကပ်ရတော့မယ် ဆိုတော့ ရင်ခုန်သံတွေ ပလုံစီနေလိုက်တာ ဘာပြောကောင်းမလဲဗျာ... တခါမှ မီးပူမတိုက်တဲ့ ရှပ်အင်္ကျီအဖြူလေးကို မီးပူတိုက်ရပါတော့တယ်..

အပေါစားဆိုပေမဲ့ အတန်အသင့် မွှေးတဲ့ Enternity ရေမွှေးကိုလည်း ဆွတ်ထားမိပါတယ်...ဆံပင်ကတော့ မနေ့က ညှပ်ထားတာဆိုတော့ အဆင်ပြေပါတယ်...သူငယ်ချင်းဆီက Code 10 လေးတောင် ငှားပြီး သလိုက်ပါသေးတယ်...လူလူသူသူဖြစ်နေတဲ့ ကိုယ့်ရုပ်ကိုကြည့်ရင်း တော်တော် တောင်သဘောကျနေမိပါတော့တယ်...ဘယ်သူ့ကြောက်စရာလိုလဲပေါ့လေ..
သတ္တိအပြည့် ပဲအပြည့်နဲ့ သူရှိရာအဆောင်ကို ခြေဦးတည်လိုက်ပါတော့တယ်...ဒီနေ့မှ စက်ဘီးက နှေးလွန်းနေတယ်လို့ ခံစားနေရပါတယ်...စက်ဘီးကပဲ နှေးနေတာလား ရင်ခုန်သံတွေကပဲ မြန်နေတာလား ကျနော် မဝေခွဲတတ်ခဲ့ပါ...

ပထမဆုံးခြေလှမ်းအနေနဲ့အားလုံးသုံးတဲ့ Method ဖြစ်တဲ့ သူ့ဆီက စာအုပ်ငှားရမှာပေါ့ဗျာ... သူတို့အဆောင်ရှေ့ရောက်တယ်ဆိုရင်ကိုပဲ အဆောင်စောင့် အဖွားကြီးက ဘယ်သူနဲ့တွေ့ချင်လို့လဲ လို့မေးပါတော့တယ်... သူ့နာမည်လေး ပြောလိုက်တာနဲ့ ဒါဆို ခဏစောင့်နော် ...ဘယ်သူလို့ ပြောလိုက်ရမလဲဆိုတော့ ကိုယ့်နာမည်လေးပါပြောလိုက်ရတာပေါ့လေ...အဲလိုနဲ့ အဆောင်ထဲကို ဝင်သွားလိုက်တာ နာရီဝက်လောက်ကြာပါတယ်... ပြန်ထွက်လာတော့ အားတက်သရောနဲ့ မေးလိုက်ရတာပေါ့...သူထွက်လာပြီလားပေါ့လေ...

အဖွားကတော့ ကျနော့်မေးခွန်းလေးတစ်ခုကို အဖြေများစွာ ပြန်ဖြေပါတော့တယ်...အင်း သူရေချိုးနေလို့တဲ့...
စာအုပ်လာငှားတာမဟုတ်လားတဲ့...သချာင်္နဲ့ အင်္ဂလိပ် (၂)အုပ်လုံး ငှားလိုက်တယ်တဲ့...လိုအပ်တာတွေကူးပြီးရင် စာအုပ်တွေကို အဖွားဆီမှာ ပြန်ပေးထားလိုက်ပါတဲ့...ဟုတ်ကဲ့.. ကျနော့်ရဲ့ ပထမဆုံးခြေလှမ်းတွေဟာ အဲလောက်ထိ အောင်မြင်ခဲ့ပါတယ်...

But, Something is better than nothing.

ခင်မင်လေးစားစွာဖြင့်

herostar