b သူရဲကောင်းကြယ်: 2010
•Wednesday, September 22, 2010
အခါအခွင့်သင့်သဖြင့် ဥရောပ နိုင်ငံတော်တော်များများသို့ လည်ပတ်ခွင့်ရခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့အကြောင်း တင်ပြပါရစေ။


ပဲရစ် (Paris)

ပဲရစ်သည် ပြင်သစ်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ မြို့ဧရိယာသည် ၁၀၅ km² ဖြစ်ပြီး ပြင်သစ်နိုင်ငံ၏ အကြီးဆုံးမြို့လည်း ဖြစ်သည်။ 2007 ခုနှစ် စစ်တမ်းများအရ လူဦးရေ ၂ သန်းကျော်နေထိုင်သော မြို့လည်း ဖြစ်သည်။ စိန်းမြစ်သည် ပဲရစ်မြို့ဟောင်းကို ဖြတ်သန်းစီးဆင်းသည်။ ဂျာမနီမှ ပြင်သစ်သို့ သွားမည်ဆိုလျှင် ရထားလမ်း၊ ကားလမ်း၊ လေယာဉ် စသည်ဖြင့် အလွယ်တကူ သွားလာနိုင်သည်။ ဂျာမနီနိုင်ငံ Frankfurt (Main) မြို့မှ ပဲရစ်သည် ၆၇၈ Km (မိုင် ၄၂၀ ) ကွာဝေးသည်။ ICE (Intercity City Express) ဟုခေါ်သော အမြန်ရထားဖြင့် သွားမည်ဆိုပါက မိုင် ၄၂၀ ကျော်ကို ၃ နာရီ မိနစ် ၅၀ ဖြင့်ရောက်အောင်သွားနိုင်သည်။

ဘယ်လိုသွားမလဲ

ဂျာမနီမှ ဈေးအသက်သာဆုံးနည်းဖြင့် ခရီးသွားလာချင်ပါက www.bahn.de ဆိုဒ်တွင် ၂ လ ၃ လ ကြိုတင်၍ Booking လုပ်ထားနိုင်သည်။ ထိုသို့လုပ်ပါက 29 Euro ဖြင့် သွားလာနိုင်ပြီး ပုံမှန်ဈေးဖြင့် သွားလည်မည် ဆိုပါက ၁၀၆ ယူရိုမျှ ကုန်ကျမည် ဖြစ်သည်။ နောက်ထပ် ဈေးသက်သာ စေမည့် နည်းလမ်းတစ်ခုမှာ http://www.mitfahrgelegenheit.de/ ဟု ခေါ်သည့် ကိုယ်ပိုင်ကားကို ကပ်စီးသည့်နည်းဖြစ်သည်။ ကျွန်တော်တို့ဆီမှာတော့ Taxi နံပါတ်အနီဖြစ်မှသာ ခရီးသည် တင်ဆောင်ခွင့်ရှိသည်ဟု ကြားဖူးပါသည်။ ကိုယ့်ဆီမှာတော့ ကိုယ်ပိုင်ကားမောင်းနိုင်သူများကလည်း ဓာတ်ဆီဖိုးရရုံမျှဖြင့် သူစိမ်းခရီးသည်ကို တင်ဆောင်သွားလေ့ မရှိပါ။

ဂျာမနီမှာကတော့ ကိုယ်ပိုင်ကားစီးနိုင်သူများပင် ဖြစ်လင့်ကစား တစ်မြို့မှ တစ်မြို့သို့ ခရီးကြုံတင်သည့် စနစ်ရှိသည်။ http://www.mitfahrgelegenheit.de/ ဤဆိုဒ်တွင် မိမိနေထိုင်သည့်မြို့မှ မိမိသွားလိုသည့်မြို့သို့ ကားကြုံရှိမရှိ စုံစမ်းနိုင်သည်။ ကားကြုံရှိပါက ကီလိုမီတာ ၁၀၀ ကို ၅ ယူရိုနှုန်းဖြင့် အကြမ်းဖျင်းတောင်းလေ့ရှိသည်။ Weekend Tickets ကို ဝယ်ထားပြီး ရထားကို ရှယ်ယာလုပ်၍ စီးပါက အဆင်ပြေလျှင် ရထားအလကားစီးရသည့် အပြင် အမြတ်တောင် ထွက်နိုင်သည်။ ဂျာမနီမှာကတော့ ပြောတတ်ရင် လေယာဉ်တော့ မသိပါ၊ ရထားကိုတော့ တရားဝင် အလကားစီးနိုင်သည်။ ကျွန်တော်နေထိုင်ရာ Kaiserslautern မြို့မှ ပဲရစ်မြို့သည် ကီလိုမီတာ ၆၀၀ နီးပါးရှိသဖြင့် ကားခ ၃၀ ယူရို ပေးရပါသည်။ ပထမတော့ ၃၅ ယူရိုပေးရမည်ဟု ပြောပါသေးသည်။ အသွားအပြန်လိုက်မည်ဟု ပြောသဖြင့် ယူရို ၁၀ လျှော့ပေးပါသည်။ ပဲရစ်ခရီးစရိတ်သည် အသွားအပြန် ယူရို ၆၀ သာ ကျပါသည်။

ဘယ်လို တည်းမလဲ

တည်းခိုရာတွင်လည်း တည်ခိုးခန်း အမျိုးမျိုး ရှိပါသည်။ Pullman, MGallery, 5 star, Novotel ကဲ့သို့ အဆင့်မြင့် ဟိုတယ်ကြီးများတွင် တည်းမည်ဆိုပါက တစ်ညလျှင် ယူရို ၁၀၀ အထက်မှ ၅၀၀ အထိ သောက်သောက်လဲ ကုန်မှာ သေချာသည်။ ဈေးသက်သာတာကို ရွေးချယ်မည်ဆိုပါက Youth Hostel ဟုခေါ်သည့် လူငယ်များ တည်းခိုရာ ၄ ယောက် ၆ ယောက် ၈ ယောက် ပေါင်းအိပ်ရသည့် အဆောင်များတွင်လည်း တည်းခိုနိုင်သည်။

http://www.hostelbookers.com/ ဤဆိုဒ်တွင် မိမိသွားလိုသည့် မြို့ရှိ ဈေးအချိုဆုံး တည်းခိုခန်းများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။ ကျွန်တော်တို့တည်းခိုခဲ့တာကတော့ Novotel :) :) မဟုတ်ပါ။ Novotel ဘေးက Blue Planet Hostel ဟုအမည်ရသော လူငယ်ဆောင်တွင် တစ်ညကို ၁၆ ယူရို နှုန်းဖြင့် တည်းခိုခဲ့ပါသည်။ မနက်စာ အဖြစ် နှစ်သက်ရာ ကော်ဖီတစ်ခွက်နှင့် ပေါင်မုန့် နှစ်ချပ်လည်း ကျွေးပါသည်။ ဈေးသက်သာသော်လည်း အဆိုးဆုံးတစ်ခုမှာ ခြုံရန် ပေးထားသော စောင်များ ဖြစ်ပါသည်။ တော်တော်လေးကို ဟောင်းနွမ်းနေသဖြင့် အင်မတန် သည်းခံပြီး ခြုံခဲ့ရပါသည်။ကောင်းကောင်း အိပ်ရဖို့ထက် ကောင်းကောင်းလည်ရဖို့ကိုပဲ ဦးစားပေးခဲ့တာလည်း ပါမည်။

နှစ်ထပ် ကုတင်တွင် ဤကဲ့သို့သော စောင်များဖြင့် အိပ်စက်နိုင်မည် ဖြစ်သည်။

အစားအသောက်တွင်လည်း ဥရောပနိုင်ငံတွေရဲ့ ဘယ်မြို့ကြီးကိုပဲ ရောက်ရောက် Mc Donald 's နှင့် KFC ဆိုင်များကိုသာ မရမက ရှာလေ့ရှိပါသည်။ ထိုဆိုင်များသည် နိုင်ငံပင်ကွာသော်လည်း ပုံမှန် ဈေးနှုန်းများဖြင့်သာ ရောင်းချလေ့ရှိသောကြောင့် တစ်နပ်စာကို ၇ ယူရိုမျှဖြင့် စားသုံးနိုင်မည် ဖြစ်သည်။ ကြက်ကြော်ကြိုက်သူများကတော့ KFC ကိုရွေးလေ့ရှိပြီး ဘာဂါနှင့် အာလူးချောင်းကြိုက်သူများကတော့ Mc Donald's ကို ရွေးချယ်လေ့ရှိပါသည်။

ရထားလက်မှတ်များ

ပဲရစ်မှာကတော့ Bus, RER, Metro, T စသဖြင့် အစုံရှိပါသည်။ တစ်ခါစီး လက်မှတ် တစ်စောင်ကို 1.70 ယူရို ပေးရပါသည်။ ထိုလက်မှတ်သည် မိမိသွားလိုသည့် နေရာသို့ Zone 3 အတွင်း တစ်ကြောင်း သွားလာနိုင်သည်။ ၂ ရက် ၃ ရက်လည်ပတ်မည် ဆိုပါက 10 times tickets ကို ဝယ်သင့်ပါသည်။ လက်မှတ် ၁၀ စောင်ကို ၁၂ ယူရို ပေးရမည်ဖြစ်သည်။ ၁၀ နေရာစာ ၁၀ ခါ သုံးနိုင်မည် ဖြစ်သည်။ ပဲရစ်မြို့ကို Zone များ သတ်မှတ်ထားသဖြင့် ထိုလက်မှတ်သည် မြို့တွင်း ခရီးတို အဖြစ် Zone 3 အတွင်းသာ အသုံးပြုနိုင်မည် ဖြစ်သည်။ ပဲရစ်မြို့လည်နှင့် မိနစ် ၄၀ မျှ ဝေးသော ဗာဆိုင်းနန်းတော်သို့ သွားရောက်လည်ပတ်လိုပါက RER ဗာဆိုင်း လက်မှတ်ကို ဝယ်ယူရမည် ဖြစ်သည်။

ညပိုင်းတွင် ပဲရစ်မြို့သည် Light of the City ဟုခေါ်ရလောက်အောင်ပင် မီးရောင်စုံများဖြင့် အလွန်ပင် လှပပါသည်။ ညမထွက်ရအမိန့် ကာဖျူးထုတ်ထားခြင်းမရှိသဖြင့် ည ၂ နာရီ ၃ နာရီထိ ရထားများ ကားများက ဥဒဟို ပြေးဆွဲလျက် ရှိသည်။ မြေအောက် ဘူတာရုံများတွင် သတိမထားမိပါက နေ့နှင့် ညပင် မှားနိုင်သည်။

Eiffel Tower (အီဖဲ မျှော်စင်)

Iron Lady ဟုတင်စားခေါ်ဝေါ်ကြသည့် ပဲရစ်မြို့၏ သင်္ကေတ အီဖဲ မျှော်စင်ကို ၁၈၈၉ ခုနှစ် ဆောက်လုပ်ခဲ့ပါသည်။ မျှော်စင် ဒီဇိုင်း ရေးဆွဲသူ အင်ဂျင်နီယာ Gustave Eiffel ၏ နာမည်ကို အစွဲပြုပြီး အီဖဲ တာဝါဟု ခေါ်ဝေါ်ခဲ့ကြသည်။ အီဖဲတာဝါ၏ အလှအပကို ခံစားမည်ဆိုပါက နေ့ရော ညပါ ခံစားပါမှ လုံလောက်မည်ဟု ထင်ပါသည်။ ညဘက်တွင် မီးသီးအလုံးပေါင်း ၂ သောင်းကျော်၏ မီးရောင်စုံများဖြင့် လှပသောမျှော်စင်ကြီးကို မြင်တွေ့ရမည် ဖြစ်ပြီး နေ့ဘက်တွင် မြင်ခင်းစိမ်းများနှင့် ပဲရစ်တစ်မြို့လုံး၏ အထင်ကရ အဆောက်အဦးများကို တာဝါပေါ်မှ မြင်တွေ့နိုင်မည် ဖြစ်ပါသည်။

အီဖဲတာဝါ၏ ညအလှ ရှုခင်း

ပဲရစ်မျှော်စင်သည် ၃၂၄ မီတာ (၁၀၆၃ ပေ) မြင့်မားပြီး အမြင့်တူ အထပ်ပေါင်း ၈၁ ထပ်ဖြင့် တစ်ဆင့်ချင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ ဝန်ချီကရိန်းကြီးများ မပေါ်သေးမီကပင် လူ့လုပ်အားများဖြင့်သာ တည်ဆောက်ထားသော ကမ္ဘာ့အရှည်လျားဆုံး မျှော်စင် ဖြစ်ခဲ့ဖူးသည်။ ခရီးသွားဧည့်သည်များအတွက် အဆင့် ၃ ဆင့်ပါရှိပြီး ပထမအဆင့်သို့ ရောက်ရန် လှေကားထစ် ၃၀၀ ကျော် ရှိသည်။ ပထမအဆင့်မှ ဒုတိယအဆင့်သို့ရောက်ရန်လည်း လှေကား ၃၀၀ ကျော်မျှ ရှိသည်။ တတိယအဆင့် မျှော်စင်၏ ထိပ်ဆုံးသို့သွားလိုပါက ဓာတ်လှေကားဖြင့်သာ သွားရောက်ခွင့် ပြုထားသည်။

စက်တင်ဘာ ၂၀၁၀ ခုနှစ်၏ ဈေးနှုန်းအရ မျှော်စင်၏ ထိပ်ဆုံးအထိ တက်မည်ဆိုပါက ၁၃.၁၀ ယူရို ပေးရပြီး ဒုတိယအထပ်ထိသာ တက်မည်ဆိုပါက ၈.၁၀ ယူရိုပေးရမည် ဖြစ်သည်။ ဒုတိယထပ် အထိ ဓာတ်လှေကားဖြင့် သော်လည်းကောင်း၊ ရိုးရိုးလှေကားဖြင့် သော်လည်းကောင်း တက်ရောက်နိုင်သည်။ အီဖဲတာဝါ၏ အပေါ်ဆုံးထပ်တွင် နိုင်ငံတကာ အလံများနှင့် အီဖဲတာဝါမှ မည်မျှ ကွာဝေးသည်ကို ဖော်ပြထားသည့် ပုံများကို တွေ့မြင်နိုင်သည်။ အီဖဲတာဝါမှ မြန်မာနိုင်ငံ ရန်ကုန်မြို့သည် ၈၈၉၈ ကီလိုမီတာ ကွာဝေးသည်ဟု ဖော်ပြထားသောပုံကို ဤသို့ မြင်တွေ့ခဲ့ရသဖြင့် ဝမ်းသာမိသည်။



Louvre Palace (လူဘရေ နန်းတော် ပြတိုက်)

မိုနာလီဇာပန်းချီကားနှင့် ဗီးနပ်စ်ရုပ်တုတို့ရှိရာ ကမ္ဘာ့အကြီးဆုံးနှင့် အထင်ရှားဆုံးပြတိုက်ကြီး တစ်ခု ဖြစ်သည်။ နှစ်ပေါင်း ၇၀၀ ကျော်သက်တမ်းရှိသော နန်းတော်ဟောင်းကြီးကို ပြတိုက်အဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ ပြတိုက်အတွင်း၌ ပန်းချီ၊ ပန်းပု၊ ကျောက်ဆစ်ပညာစသည့် အနုပညာလက်ရာပေါင်းများစွာကို တွေ့မြင်ရမည် ဖြစ်သည်။

Les Invalides (စစ်သင်္ချိုင်း)

ကမ္ဘာ့စစ်ဘုရင် နပိုလီယန်၏ အုတ်ဂူနှင့် တကွ စစ်ပွဲများ၌ ကျဆုံးခဲ့သော ပြင်သစ်သူရဲကောင်းများ၏ အရိုးပြာများကို ထားရှိရာ နေရာဖြစ်သည်။ ၁၆၇၀ ခုနှစ်တွင် လူဝီ ၁၄ ဘုရင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဘဲဥပုံ အဆောက်အဦးကြီး အတွင်း၌ နပိုလီယန် ဘိုနာပတ်၏ သစ်သားအခေါင်းကြီး တစ်ခုရှိပြီး ဘေးပတ်ချာလည်တွင် အထင်ကရ စစ်သူရဲကောင်းများ၏ ခေါင်းတလားများကိုလည်း တွေ့မြင်နိုင်သည်။
နပိုလီယန် ဘိုနာပတ်၏ သစ်သားခေါင်း

အခြားပုံများနှင့် သမိုင်းကြောင်းကို အသေးစိပ်ဖတ်လိုပါက ဤနေရာတွင် ကြည့်နိုင်သည်။


ဗာဆိုင်းနန်းတော် (Palace of Versailles)

ပဲရစ်မြို့လည်နှင့် ကီလိုမီတာ ၂၀ ကျော်အကွာတွင် ရှိသော ဗာဆိုင်းနန်းတော်ကို သွားလိုပါက RER ရထားလက်မှတ်ကို ဝယ်ယူနိုင်ပြီး အသွားအပြန် ၆.၂၀ ယူရို ပေးရမည် ဖြစ်သည်။ ဗာဆိုင်းနန်းတော်ကို လည်မည်ဆိုလျှင် မနက်ပိုင်း စောစောသွားနိုင်လျှင် ပိုကောင်းသည်။ သို့မဟုတ်ပါက လက်မှတ်ဝယ်ရန် လူစောင့်ရသည်မှာ အနည်းဆုံး တစ်နာရီခန့် ကြာမြင့်တတ်သည်။ နန်းတော်တွင်း ဝင်ကြေးမှာ ၁၅ ယူရို ဖြစ်ပြီး ဘုရင့် ဥယျာဉ်တော် အတွင်းထိ ဝင်ရောက်လိုပါက ၂၅ ယူရို ဖြစ်သည်။ ဘူတာမှ ဆင်းဆင်းချင်းတွင် Mc Donal's ဆိုင်ရှိပြီး ကြိုတင်လက်မှတ်ကို ဝယ်သွားပါက ဦးစွာခွင့်ဝင်ရနိုင်မည် ဖြစ်သည်။ ကလေးတွဲလောင်းနှင့် မိသားစုလိုက်လည်မည်ဆိုလျှင် ဖြစ်စေ၊ အသက် ၆၀ အထက်လူကြီးများနှင့် Wheel Chair သမားများအတွက် အထူးအခွင့်အရေးအဖြစ် တန်းစီရန် မလိုပဲ Group Entrance မှ ဝင်ရောက် လည်ပတ်နိုင်မည် ဖြစ်သည်။ ဥရောနိုင်ငံသား ကျောင်းသား ဖြစ်ပါက ဝင်ကြေးမှာ အခမဲ့ ဖြစ်သည်။

နန်းတော် အတွင်း၌ ဘုရင့် ဆွေစဉ်မျိုးဆက်ပြဇယားနှင့်အတူ ခေတ်အဆက်ဆက်မှ ရေးဆွဲခဲ့သော ပန်ချီးကားများကို တွေ့မြင်နိုင်မည် ဖြစ်သည်။ ဘုရင့် စာဖတ်ခန်း၊ နားနေခန်း၊ အိပ်ခန်း စသဖြင့် အခန်းများစွာ ရှိသည်။ သမိုင်းကြောင်းများကို အလွယ်တကူ သိရှိနိုင်ရန် Audio Guide များကို ဘာသာစကား ဆယ်မျိုးဖြင့် မိမိနှစ်သက်ရာ ရွေးချယ်နားဆင်နိုင်သည်။ မိမိရောက်ရှိနေသော အခန်း၏ နံပါတ်ကို နှိပ်ရုံမျှဖြင့် ထိုအခန်းအတွင်းရှိ ပန်းချီ ပန်းပု လက်ရာတို့၏ သမိုင်းကြောင်းကို နှစ်သက်ရာ ဘာသာ စကားဖြင့် နားဆင်နိုင်သည်။ ဂျာမန်၊ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ပြင်သစ်၊ ဂျပန်၊ ရုရှား၊ ထိုင်း စသဖြင့် ဘာသာစကား ဆယ်မျိုးမျှ ပါရှိသော်လည်း မြန်မာ ဘာသာစကားကိုတော့ ထည့်သွင်းထားခြင်း မရှိသေးပေ။

၁၆၂၄ ခုနှစ်တွင် လူဝီ ၁၃ ဘုရင်က ဗာဆိုင်းရွာငယ်လေးတွင်
အမဲလိုက်ရင်း ခေတ္တနားခိုရန်အဖြစ် ဤနန်းတော်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ နန်းတော်နှင့် ဥယျာဉ် ဧရိယာသည် တစ်သောင်းရှစ်ထောင် စတုရန်း မီတာ ကျယ်ဝန်းသည်။


ဗာဆိုင်းနန်းတော်

ဆက်ရန်...




•Monday, September 06, 2010
လမိုက်ညများတွင် ဆွဲဆွဲငင်ငင်အူတတ်သော ခွေးအူသံများကို ကြားရသည့်အခါ ငယ်စဉ်က ကြောက်စိတ်များ ဝင်ခဲ့ဖူးသည်။ ခြောက်ခြားဖွယ်နေ့ရက်များတွင် အမိ၏ ရင်ခွင်ကြား၌ ခေါင်းကလေးကို ဖွက်၍ နေချင်ခဲ့သော်လည်း ဘဝက မျက်နှာသာ မပေးခဲ့ချေ။

ဘုန်းကြီးကျောင်းသားအဖြစ် ကျောင်းအိပ် ကျောင်းစား နေရင်း အစိုးရ အတန်းပညာများကိုလည်း လေ့လာရသည်။ ကျောင်းပိတ်ရက်များတွင် ပရိတ်ကြီး ၁၁ သုတ်၊ သဒ္ဒါ၊ ဗုဒ္ဓဝင်၊ မဟာဝင် စသည်တို့ကို ဘကြီး ဘုန်းကြီးထံတွင် သင်ယူ ရသည်။ ဘုန်းကြီးကျောင်းသား ဟင်းကောင်းစားရသည်မှာ မှန်သော်ငြားလည်း စာသင် စာအံရချိန်များတွင် အလွန်ပင် ခက်ခဲပါသည်။ ပရိတ်ကြီး (၁၁) သုတ်နှင့် ရှင်ကျင့်ဝတ်ကို အာဂုံဆောင်ထားရပြီး ထမင်းစားတိုင်းလည်း အလှူရှင်များကို မေတ္တာပို့ရသည်။

ထိုစဉ်အခါက ကျွန်တော့်ကို အမှန်တကယ်ခင်မင်ကြင်နာသူမှာ သက်ရှိဆို၍ ခွေးပိန်လေးတစ်ကောင်သာ ဖြစ်လိမ့်မည်ဟု မှတ်ထင်မိသည်။ သူသည် ကျွန်တော်၏ မိတ်ဆွေ၊ ကျွန်တော်၏ ကစားဖော်၊ ကျွန်တော်၏ စားဖော် ဖြစ်ပေလိမ့်မည်။ သူနှင့် ကျွန်တော်သည် ဘဝတူများ ဖြစ်လိမ့်မည်ဟုလည်း ယုံကြည်မိပါသည်။

မကောင်း ကျောင်းပို့ ဆိုသည့်မြန်မာ စကားပုံတစ်ခုရှိသည်။ သူ့ကို သူ့သခင်များက ကျွန်တော့်လိုပဲ ဆိုး၍ ဘုန်းကြီးကျောင်းတွင် အပြီးပို့ထားခဲ့ခြင်းလားတော့ ကျွန်တော်လည်း သေချာမသိပါ။ ကျွန်တော့်ကိုတော့ အင်မတန်ဆိုးလွန်း၍ မိဘများက ဘုန်းကြီးကျောင်းတွင် ပို့ထားခဲ့ခြင်း ဖြစ်ပေသည်။ ထိုခွေးပိန်လေးကိုတော့ ကျားဘို ဟု ကျွန်တော်က နာမည် ပေးထားပါသည်။

သူသည် ညစဉ် ညတိုင်း ကျွန်တော့် ခြေရင်းတွင်သာ အိပ်လေ့ရှိပါသည်။ မည်သို့ပင် မောင်းထုတ်စေကာမူ ပေကပ်ကပ် ဂျစ်ကန်ကန်နိုင်လှသော သူ့အပြုအမူတွေကြောင့် ကျွန်တော်ပင် လက်လျှော့ခဲ့ရသည်။ ကျွန်တော်တို့ ကျောင်းသို့ သူ ရောက်လာခါစက လသားအရွယ်လေးမျှသာ ရှိသေးသည်။ နို့ပင် မပြတ်သေးသော အရွယ်မို့ ကျွန်တော် အလွန်ကြိုက်သော နွားနို့များကိုပင် သူ့ကိုသာ တိုက်ခဲ့ရသည်။

ဘကြီး ဘုန်းကြီးကလည်း သူ့ကို အလွန်ချစ်ပါသည်။ သူ့အတွက် ဆောင်းတွင်းမှာ နွေးနွေးထွေးထွေး ကွေးဖို့ ဂုန်နီအိတ်တစ်လုံး ပေးထားပါသည်။ သူကတော့ ထို ဂုန်နီအိတ်လေးကို ကိုက်ချီလာပြီး ကျွန်တော့် ခြေရင်းတွင်သာ အိပ်ပါသည်။ မနက်(၄)နာရီခန့် လင်းကြက်တွန်သံကြားသည့်အခါ ကျွန်တော် အုန်းမောင်းထခေါက်ရပါသည်။ လင်းကြက်သံကို ကျားဘိုက ကောင်းကောင်း သိသည်။ ထိုအသံကြားလျှင် ကျွန်တော့် ခြေထောက်ကို သူ့နှုတ်သီးဖြင့် ထိုးပါတော့သည်။ ထိုမျှနှင့် မနိုးလျှင်တော့ ခေါင်းရင်းဘက်ထိ လာပြီး သူ့လျှာဖြင့် ပါးလျက် နားလျက် လုပ်ပါတော့သည်။ အိပ်မက်မှ လန့်နိုးသည့် အခါများတွင်တော့ သူ့ကို စိတ်တိုမိပါသည်။

သူကတော့ ကျွန်တော့်ကို စိတ်တိုလေ့ မရှိပါ။ သွားလေရာ လိုက်လာတတ်ပါသည်။ ဤသို့ဖြင့် ၃ နှစ်မျှ စားအတူ သွားအတူ နေလာခဲ့ရာ တစ်ရက်တွင် ဘုန်းကြီးကျောင်းအောက်၌ ကျွန်တော် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ပါသည်။ ဘယ်က ဘယ်လို ရောက်လာမှန်းမသိသော ကြောင်တစ်ကောင်က မြွေတစ်ကောင်ကို ချီလာပြီး ကျွန်တော့်နားတွင် ထားခဲ့ခြင်းဖြစ်ပါသည်။ ထိုအခြင်းအရာကို သိသော ကျွန်တော့် ခွေးပိန်လေး ကျားဘိုက ထို မြွေ ကျွန်တော့်ဘက်သို့ မလာစေရန် ကျွန်တော့်ကို ကာ၍ ထိုးဟောင်နေခြင်း ဖြစ်ပါသည်။ သူ၏ စူးစူးဝါးဝါး ဟောင်သံကြောင့် ကျွန်တော် ရုတ်တရက် နိုးလာသောအခါ ကြောက်လန့်တကြား ထပြေးမိပါတော့သည်။

နောက်မှ အသိဝင်လာကာ တုတ်တစ်ချောင်းကို ယူလာပြီး ထိုမြွေကို ခြောက်ထုတ်ရပါတော့သည်။ ခုချိန်ထိ အသက်သခင် ခွေးပိန်လေးကို အမှတ်ရနေမိပါသည်။ မည်သူမျှ ကျွန်တော်အား မမှတ်မိသည့်တိုင် ပြန်ရောက်ဖြစ်တိုင်း ကျွန်တော့်ကို မှတ်မိနေတတ်သူမှာ ထိုခွေးပိန်လေးပဲ ဖြစ်ပါသည်။ ကြာခဲ့ပြီ ဆိုပေမဲ့ တွေးမိတိုင်း မနေ့တနေ့ကလို ခံစားရမြဲပါ။

ခွေးသက်တမ်းစေ့၍ ကျွန်တော့်ခွေးပိန်လေးက ကျွန်တော့်ကို ထာဝရနှုတ်ဆက်သွားခဲ့ပါပြီ။ သူ့ပေါ်မှာရှိခဲ့သော ကျွန်တော့် သံယောဇဉ်ကတော့ ကျွန်တော် အသက်ရှင်နေသည့်တိုင် ရှိနေဦးမည်သာ ဖြစ်ပါတော့သည်။

ခင်မင်လေးစားလျက်

herostar
•Monday, August 30, 2010

အချစ်နဲ့ သဝန်တိုစိတ်က
ညီအစ်ကို တော်သလား မသိပါဘူး။


ခုဆို သူ့သူငယ်ချင်း

ကောင်လေးတွေအကြောင်း ပြောလာရင်

အလိုလို စိတ်တိုနေမိပေါ့။

ချစ်သူက အချစ်အကြောင်း သင်တယ်။
ကျွန်တော်က သဝန်တိုခြင်းကို နားလည်တယ်။


ကလေးဆိုးကြီးလို့ပဲ ပြောပြော

ချစ်သူ့အနားမှာ ဝဲနေတဲ့ လိပ်ပြာလေးဟာ

အထီးကလေးဖြစ်နေရင်တောင် သဝန်တိုတယ်။

ဘာပဲ ဖြစ်ဖြစ် သဝန်တိုတယ်ဗျာ။



herostar
•Friday, July 23, 2010
အစာအိမ်ရောဂါကြောင့် ဆေးရုံတက်ရမဲ့ရက်မှာပဲ အမေ့ဆီက ဖုန်းလာတယ်။ သားကြီး နေကောင်းလားတဲ့ ။ နေမကောင်းဘူး ပြောလိုက်ရင် မျက်ရည်အဝိုင်းသားနဲ့ စိုးရိမ်တကြီးမေးတော့မဲ့ အမေ့အသံကို မကြားရက်တာနဲ့ ဟုတ် အမေ ကျွန်တော် အဆင်ပြေပါတယ် လို့ ဖြေခဲ့တယ်။

ကျောင်းစာအုပ်တွေနဲ့ Lab ခန်းထဲမှာ တိုင်ပတ်နေတုန်း ညနေစာအဖြစ် အကျင့်မရှိခဲ့တဲ့ ပေါင်မုန့်ကို ထမင်းအမှတ်နဲ့ စားနေခိုက် အွန်လိုင်းမှာ အမေနဲ့ တွေ့တယ်။ သားကြီး စားရသောက်ရတာ အဆင်ပြေလားတဲ့။ အမေ့ ထမင်းဟင်းတွေနဲ့ အမေ့အကြောင်းကို သိထားတာမို့ သူ့ကို စိတ်မဆင်းရဲစေချင်တာနဲ့ ဟုတ် အမေ ကျွန်တော် အဆင်ပြေပါတယ် လို့ ဖြေနေရတယ်။

မြို့ခေါင်ခေါင်မှာ တစ်ယောက်တည်းလာနေရလို့ အမိမြေကို လွမ်းနေခိုက် အမေ့ဆီက စာလာတယ်။ သားကြီး နိုင်ငံခြားမှာ နေရတာ ပျော်ရဲ့လားတဲ့။ ဟုတ် အမေ ပျော်ပါတယ်။ ဒီမှာ အားလုံးအဆင်ပြေပါတယ် လို့ စာပြန်လိုက်တယ်။

စိတ်ညစ်စရာ တပုံတခေါင်းနဲ့ သွေးပျက်ညတွေမှာ တစ်ယောက်တည်း အိပ်စက်ရတဲ့အခါတိုင်း အိမ်ကို သတိရတယ်။ သူငယ်ချင်းတွေကို လွမ်းတယ်။ ကျွန်တော့်စိတ်ခံစားချက်တွေကို အိမ်က မေးတိုင်း ဟုတ် အမေ ... ကျွန်တော် အဆင်ပြေပါတယ် လို့ ပြန်ဖြေတတ်တာ ကျင့်သားရနေပြီဆိုတော့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဒီစကားကလွဲလို့ ဘာမှ ထွက်မလာခဲ့ဘူး။

ဘယ်တော့များမှ ကျွန်တော့် အမေကို အမေ ... ကျွန်တော် အဆင်မပြေဘူးလို့ ပြောဖြစ်မယ် မသိတော့ပါ။

ခင်မင်လေးစားလျက်

herostar


•Friday, June 04, 2010

လိပ်ပြာနဲ့ ရွှေငါး မိတ်ဖွဲ့ရသလို

အလွှာခြားနေသလား ချစ်သူရယ်။


ပိုးဖလံတွေ မီးကို တိုးတယ်ဆိုတာ

ပူမှန်းသိလို့ တိုးတာမှ မဟုတ်တာ

အလင်းရောင်ထဲကို ပျော်ဝင်ချင်လို့တဲ့။


အချစ်က မီး ဆိုရင်တောင်

အချစ်ထဲမှာ ပျော်ဝင်ချင်တာနဲ့

ငါ လည်း ရှေ့ဆက် တိုးနေမိမှာပါ။


ငါ့ မာနကို ဖိနပ်လုပ်စီးသွားရင်တောင်

နင် ခလုတ်မထိ ဆူးမငြိအောင်

နင့် အနားက တစ်ဖဝါးမှ မခွာပါရစေနဲ့နော်။


ကိုယ်ချစ် ကိုယ်ခံ လောကဓံပေါ့ ချစ်သူရယ်။


herostar
•Sunday, May 30, 2010
ဥရောပမှာရှိတဲ့ ဂျူးသင်္ချိုင်းတွေထဲမှာ ဂျာမနီနိုင်ငံ ဗွန်း (Worms) မြို့မှာ ရှိတဲ့ သင်္ချိုင်းက ရှေးအကျဆုံးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်ကတည်းက မြှုပ်နှံခဲ့ဖူးတဲ့ ဂူသင်္ချိုင်းတွေကို တွေ့မြင်နိုင်ပါသေးတယ်။ အတိအကျ ပြောရလျှင် ၁၀၇၆ မှ ၁၉၄၀ နှစ်အတွင်းမြှုပ်နှံခဲ့သော အုတ်ဂူများ ဖြစ်ပါတယ်။ လူတစ်ဦး သေဆုံးသွားတိုင်း ကျောက်တိုင် တစ်ခုနှုန်းနဲ့ မှတ်တိုင် ထူခဲ့ကြလေရာ ထိုသင်္ချိုင်းအတွင်း၌ ကျောက်တိုင်ပေါင်း များစွာကိုလည်း ဤသို့ တွေ့မြင်ခဲ့ပါတယ်။


တချို့သော အုတ်တိုင်များပေါ်တွင် စာရွက်လေးများကို ကျောက်ခဲများဖြင့် ဖိထားရာ အကြောင်းရင်းကို မေးကြည့်တော့ မဖြေရှင်းနိုင်သော ပြဿနာများ၊ အခက်အခဲများရှိလာပါက စာရွက်ပေါ်တွင် ရေးသားပြီး အဘိုးအဘွားများကို ကူညီစောင့်ရှောက်ပေးစေရန် ဖြစ်သည်ဟု သိခဲ့ရပါတယ်။ ဂျူးသာသာစကားဖြင့် ရေးသားထားသော သေဆုံးသူတို့၏ ကိုယ်ရေးအကျဉ်းများကို လည်း ဖတ်ရှုနိုင်ပါသေးတယ်။


မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဆိုသော စကားကို အမှတ်ရမိလိုက်တယ်။ သင်္ချိုင်းမြေကို ခြေချမိစဉ်ခဏတိုင်း သတိတရားတစ်ခုက ခေါင်းထဲ ရောက်လာသလိုလို။ အုတ်ဂူမှတ်တိုင်လေးများ ရှိသူများကို ရေတွက်ကြည့်လျှင်ပင် ဤသင်္ချိုင်းအတွင်း၌ သောင်းနှင့် ချီပြီး ရှိလေသည်။ နှစ်တစ်ထောင်အတွင်း သေဆုံးခဲ့သော ဂျူးလူမျိုးများချည်းပင် ဤမျှ များပြားသည်ကို တွေ့ခဲ့ရပါတယ်။


၂၀၀၇ ခုနှစ်ရဲ့ ကမ္ဘာ့လူသေဆုံးမှုစာရင်းကို ကြည့်မည်ဆိုရင် တစ်မိနစ်ကို 8.37 deaths/1,000 population (2007 est.) ဖြစ်သည်ဟု ဝီကီမှာ ဖြေထားသည်ကို တွေ့ရပါတယ်။ ကမ္ဘာ့လူဦးရေအရ ကြည့်မယ်ဆိုရင် တစ်စက္ကန့်ကို လူနှစ်ဦးနှုန်းနဲ့ စက္ကန့်တိုင်း သေဆုံးနေသည်ကို သတိပြုမိပါတယ်။ ကျွန်ုပ်တို့သည် အဘယ် တစ်စက္ကန့်တွင် ဤလူ့လောကမှ စွန့်ခွာသွားရမည်ကို မည်သူမျှ ကြိုတင် မသိနိုင်ကြပါ။


တစ်ရက်ကို လူ တစ်သိန်းခွဲနှုန်း နေ့စဉ်သေဆုံး နေသည်ကို ဆင်ခြင်မိပါက သံဝေဂ ရစေမယ် ထင်ပါတယ်။ တစ်စက္ကန့်ကို လူသား ၂ ယောက်နှုန်းသေဆုံး နေသလို တစက္ကန့်ကို လူသား ၁၀ ဦးနှုန်းနဲ့ မွေးဖွား လာနေသောကြောင့်သာ ကမ္ဘာ့လူသားတွေ မျိုးမတုံးပဲ လူဦးရေက တိုးသထက် တိုးလာနေခြင်း ဖြစ်ပါတယ်။ စက္ကန့်နဲ့ အမျှ လူမည်မျှ သေဆုံးနေသည်ကို လေ့လာနေသော ဆိုဒ်တစ်ခုကို ဤနေရာတွင် ကြည့်ရှုနိုင်ပါတယ်။

ပထမကမ္ဘာစစ်တုန်းက သေးဆုံးခဲ့တဲ့ စစ်သည်ပေါင်း ၉ သန်းကျော်ကို ဦးခေါင်းကနေ ခြေဖျားအထိ ဆက်လိုက်မယ်ဆိုရင် ၁၅၀၈၄ ကီလိုမီတာ (မိုင်အားဖြင့် ၉၃၇၅ မိုင်) ရှိလိမ့်မည်ဟုလည်း ဆိုကြသည်။ ဒီအကွာအဝေးက ကမ္ဘာကြီးကို တစ်ပတ်ပတ်မယ်ဆိုရင် ထက်ဝက်နီးပါးလောက် ရှိမယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင်ဖြင့် ဒုတိယကမ္ဘာစစ်တုန်းက သေဆုံးခဲ့ရတဲ့ လူသန်းပေါင်း ၇၀ ကျော်ကိုသာ ဆက်လိုက်မယ်ဆိုရင် လူသေအလောင်းတွေနဲ့ ကမ္ဘာကို ၃ ပတ်လောက် ပတ်လို့ရမှာ အသေအချာပါပဲ။


အမှည့်တဝင်းဝင်း၊ အကင်း တဖြုတ်ဖြုတ် ကြွေနေတဲ့ ဒီလောကမှာ လောဘ၊ ဒေါသ၊ မောဟ တရားများကို အတတ်နိုင်ဆုံး လျော့ချပြီး မတည်မြဲခြင်း (အနိစ္စတရား) ကို ဆင်ခြင်ပါမှ တော်ကာကျပေလိမ့်မည်ဟု ဆင်ခြင်မိပါတယ်။ ဘဝတစ်ခု နိဂုံးချုပ်သွားတဲ့အခါအတိုင်း ကိုယ်နှင့်အတူ ဘာတစ်ခုမှ ပါသွားလိမ့်မည် မဟုတ်ပေ။ လူကို လူက ညှင်းဆဲခြင်း၊ ကိုယ့် စိတ်ချမ်းသာမှုလေး တစ်ခု ရရှိရေးတွက် လူတစ်ဖက်သားရဲ့ စိတ်မချမ်းသာမှုနဲ့ လဲယူခြင်းများ လျော့နည်းလာပါစေလို့သာ ဆုတောင်း နေမိပါတော့တယ်။


သင်္ချိုင်းက အပြန်လမ်းမှာတော့ ရှေးဟောင်းပစ္စည်းများ ရောင်းသည့် ဆိုင်လေးကိုတွေ့ခဲ့ပါတယ်။ နှစ်ကာလ ကြာလာတာနဲ့အမျှ တန်ဖိုးတက်တာဆိုလို့ ရှေးဟောင်း ပစ္စည်းများပဲ ဖြစ်ပါလိမ့်မယ်။ လူကတော့ နှစ်ကြာလာလေ ကိုယ်အား ဥာဏ်အားတွေ လျော့လာလေ၊ လှုပ်ရှားမှုတွေ နှေးကွေးလာလေ၊ ယိုယွင်းပျက်စီးလာလေ ၊ နှစ်သက်မြတ်နိုးချင်တဲ့သူတွေ နည်းပါးလာလေ လို့သာ ထင်မြင်မိပါတော့တယ်။

ဒါတွေကို အမှန်တကယ် သိမြင်လက်ခံလာပါက လူအချင်းချင်း မောက်မာခြင်း၊ အနိုင်ယူလိုခြင်းတွေ လျော့ပါးလာမယ်ဆိုတာ မုချ မလွဲပါ။


ခင်မင်လေးစားစွာဖြင့်


herostar


•Saturday, May 15, 2010
အချစ်နတ် ဖမ်းစားခံ နေရသလားမသိပါဘူး။ အချစ်အကြောင်းပဲ တွေးနေမိတယ်။ နတ်ကတော်တွေ နတ်ပင့်သလို ၃၇ မင်း ဝင်ချင်တဲ့နတ်ဝင်ဆိုပြီး ပင့်ခဲ့တာမဟုတ်ပါ။ မပင့်ရ၊ မဖိတ်ရပါဘဲ စိတ်ထဲကို အလိုလိုနေရာယူ လာခဲ့တာကတော့ အချစ်နတ် ပေါ့။ အချစ်နတ်ပူးလာကတည်းက တနေ့တနေ့ ချစ်စကားတွေနဲ့ ချစ်ကဗျာတွေပဲ ဒလဟော ထွက်နေတော့တယ်။

ဘယ်နှစ်က ထုတ်ထုတ် မဖတ်ရသေးရင် စာအုပ်မှန်သမျှဟာ အသစ်ပဲလေ။ ကျွန်တော့်ရင်ထဲက အချစ်တွေကိုလည်း ၃၀ နားနီးမှ ထုတ်ဝေဖြစ်ခဲ့တယ်။ အလားတူစာအုပ်တွေကို ဖတ်ခဲ့ဖူးတဲ့ သူမအတွက်တော့ သိပ်မထူးဆန်းလောက်ပေမဲ့ ကျွန်တော့် ဘဝမှာတော့ ပထမဆုံး ထုတ်ဝေခြင်း ဖြစ်တဲ့အတွက် သူမအတွက် အသစ်စက်စက် စာတစ်အုပ် ဖြစ်ချင်ခဲ့တယ်။ ချစ်ခြင်းရဲ့ နောက်ကပါလာတတ်တဲ့ စိတ်ကောက်ခြင်းတွေနဲ့ အနိုင်ယူလို စိတ်တွေအပေါ်မှာ ဘယ်လို တုံ့ပြန်မှုပေးရမယ်ဆိုတဲ့ ဗဟုသုတ နည်းခဲ့တာ ခက်တယ်။ အချစ်မှာ သင်ရိုးကျေ ဖို့ ငယ်ငယ်ကတည်းက ရည်စားထားခဲ့ရအောင် ရူပါက ချူချာခဲ့တယ်လေ။

ဒိန်းတလိန်းနတ်ဆိုတာ ၃၇ မင်းနတ်တွေထဲ ပါမပါတော့ မသိဘူး။ အဲ့ဒီနတ် ဝင်ပူးလို့ အချစ်ရေးမှာ ထူးတယ်လို့ ထင်နေမိတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိတဲ့ အချစ်နဲ့ ပတ်သက်တဲ့ နတ်တွေအားလုံးကို စာရင်းပြုစုမယ်ဆိုရင် အချစ်နတ်ဖုရားနဲ့ အချစ်နတ်ဖုရားမ ပေါင်း ၂၀၀ ကျော်ရှိပါတယ်။ ဒီနတ်တွေထဲက တစ်ပါးပါး ဝင်ပူးခဲ့လို့များလားလို့တောင် တွေးနေမိပါသေးတယ်။ Freya လို့ခေါ်တဲ့ ဂျာမန် အချစ်နတ်၊ Gekka-O လို့ ခေါ်တဲ့ ဂျပန် ဖူးစာရေးနတ်၊ Kanikanihia လို့ ခေါ်တဲ့ ဟာဝိုင်အီ အချစ်နတ်သမီး၊ Kurukulla လို့ခေါ်တဲ့ တိဘက်အချစ်နတ်သမီး၊ Mariana လို့ ခေါ်တဲ့ ဘရာဇီးလ် အချစ်နတ်သမီး စသဖြင့် အများကြီး ရှိပါသေးတယ်။ ဒီအချစ်နတ်တွေရဲ့ စာရင်းကို သိမ်းထားချင်သေးတယ်ဆိုရင်လည်း အောက်ကပုံလေးကို နှိပ်ပြီး ဒေါင်းလုပ် ရယူနိုင်ပါသေးတယ်။

ဒီ အချစ်နတ်တွေထဲမှာ ကျွန်တော်ကြားဖူးတဲ့ နတ် ၂ ပါးရှိပါတယ်။ သူတို့ကတော့ ရောမဒဏ္ဍာရီတွေထဲက Venus ဆိုတဲ့ အလှနတ်သမီး(အချစ်နတ်ဖုရားမလေး)နဲ့ သူ့ရဲ့သား မြှားပစ်တဲ့နတ်ကလေး ကျူးပစ် (Cupid) တို့ပဲ ဖြစ်ပါတယ်။ ဂရိဒဏ္ဍာရီမှာတော့ Venus ကို Aphrodite လို့ ခေါ်ပြီး ကျူးပစ်ကို Eros လို့ ခေါ်ကြပါသေးတယ်။ ဒေသကွဲလို့ နာမည်ကွဲပေမဲ့ အချစ်နတ်ချင်းကတော့ အတူတူပဲပေါ့လေ။ ဒီနေ့တော့ အချစ်နတ်ဖုရားမလေး ဗီးနပ်စ်အကြောင်း ပြောပြရရင် ကောင်းမလားလို့။

လက်တင်ဘာသာအားဖြင့် Venus ရဲ့ အဓိပ္ပါယ်ကိုက အချစ် သို့မဟုတ် sexual desire ဖြစ်ပါတယ်။ Venus ရဲ့ အခြားအဓိပ္ပါယ်တစ်ခုက အဆိပ် ဖြစ်ပါတယ်။ အချစ်ဆိုတာ အဆိပ်နဲ့ တူတာတော့ အမှန်ပဲ ဖြစ်လိမ့်မယ်လို့ တွေးမိပါသေးတယ်။
ဒဏ္ဍာရီတစ်ခုမှာ ရေးထားတာက အချစ်နတ်ဖုရားမလေး ဗီးနပ်စ်ဟာ ပင်လယ်နဲ့ ကောင်းကင်ရဲ့ သမီးတော်လေး ဖြစ်ပါသတဲ့။ သူမကို မိဘတွေဖြစ်တဲ့ Uranus နဲ့ Gaia တို့က ချစ်ခင် စုံမက်ကြလွန်းလို့ မွေးဖွားခဲ့တာတော့ မဟုတ်ပါဘူး။ သူ့မိခင် Gaia က သူ့ဖခင် Uranus (ယူရေးနပ်စ်)ကို စိတ်ကောက်ရာက စတာပေါ့လေ။ တနေ့မှာ သူတို့ချင်း အဆင်မပြေဖြစ်ကြရာက သူ့မိခင်က သူ့ဖခင်ရဲ့ ဖွားဖက်တော်ကို ဖြတ်ပစ်လိုက်ပြီး ပင်လယ်ထဲကို ပစ်ချ လိုက်သတဲ့လေ။ အဲ့ဒီမှာ သူ့ဖခင်ရဲ့ ဖွားဖက်တော်နဲ့ ပင်လယ်ရေမြှုပ်တို့ ပေါင်းစပ်ရာကနေ အချစ်နတ်သမီးလေး ဗီးနပ်စ် မွေးဖွားလာရတယ်တဲ့လေ။

မိခင်ရဲ့ ဝမ်းနဲ့ လွယ်မမွေးခဲ့ရပဲ သဘာဝအလျောက် မွေးဖွားလာတယ် ဆိုပေမဲ့ နတ်သမီးလေးကတော့ ချောမောလှပခြင်း၊ ကျန်းမာခြင်းနဲ့ ပြည့်စုံသတဲ့။ ချောလွန်းလို့ ဗီးနပ်စ်ကို အလှနတ်ဖုရားမလေးအဖြစ် သတ်မှတ်လိုက်ကြသတဲ့လေ။ ဘီစီ ၂၉၃ သြဂုတ် ၁၅မှာ သူမအတွက် ရည်စူးပြီး ဘုရားကျောင်းလေး ဆောက်လုပ်ပေးခဲ့သေးတယ်။ ဒီရောမနဲ့ ဂရိသမိုင်းထဲက အလှနတ်သမီးဗီးနပ်စ်ရဲ့ ရုပ်တုလေးကိုတော့ ပြင်သစ်သွားတုန်းက Louvre ပြတိုက်ထဲမှာ တွေ့ခဲ့ဖူးတယ်။

ပြတိုက်ထဲက ဗီးနပ်စ် အချစ်နတ်သမီးလေး

အချစ်နတ်ဖုရားမလေးရဲ့ ကူညီစောင့်ရှောက်မှုကြောင့်များ အခုလို အချစ်စိတ်တွေ ဝင်လာတာလားတော့ မသိပါ။ အခုတော့ ချစ်သူရဲ့ ပန်းဥယျာဉ်အလယ်က ပန်းလေးတစ်ပွင့် ဖြစ်ခွင့်ရနေတာကိုပဲ ကျေနပ်နေမိတယ်။ သူမ ပန်ဆင်သည် ဖြစ်စေ၊ နင်းခြေသည် ဖြစ်စေ ဒီဥယျာဉ်ထဲမှာ ရှင်သန်ခွင့်ရခဲ့တဲ့ အချိန်တွေကိုပဲ စိန်စီထားချင်မိတော့တယ်။

Venus အကြောင်းဖတ်လိုက်ရတော့ အချစ်တစ်ခုမှာ စိတ်ကောက်ခြင်း၊ အဆင်မပြေခြင်းတွေ ပါလိမ့်မယ် ဆိုတာတော့ သိတာပေါ့လေ။ ဒါပေမဲ့ အချစ်နတ်ဖုရားမလေးရဲ့ မိခင်လို ဒေါသကြီးစွာ စိတ်ကောက်မဲ့သူနဲ့ တွေ့မှာကိုတော့ ခုထိ တွေးကြောက်နေတုန်းပါပဲ။ :P :P


ခင်မင်လေးစားစွာဖြင့်

herostar


•Tuesday, May 11, 2010


အချစ် ဆိုတာ
ငါ့အတွက်တော့
တစ်ကြိမ်သာ ပွင့်သောပန်းပါ။

နင့်အတွက်တော့
အကြိမ်ကြိမ် ပွင့်သောပန်းဖြစ်ချင် ဖြစ်နေပါစေ။
ငါ့ အချစ်ပမာဏကို ငါ အသိဆုံးမို့
ငါ မကြောက်ဘူး။

နင်နဲ့ ငါ ကြားမှာ ဂုဏ်တံတိုင်း ငွေတံတိုင်းတွေ
ဘယ်လောက်ပဲ ခြားနေပါစေ။
ငါ့ ယုံကြည်ချက် တွေကြောင့် ဖြတ်ကျော်ဖို့
ငါ မကြောက်ဘူး။

တခါတခါ နင်ပြောတတ်တဲ့ မုန်းတယ် ဆိုတဲ့ လက်နက်က
ငါ့ အချစ်မိုးကောင်းကင်ကို ပြိုအောင် ဖြို မပစ်နိုင်ဘူး။

နင် ငါ့ကို နည်းမျိုးစုံနဲ့ အကြိမ်ကြိမ် ထိုးနှက်ပါ။
နင့် ရှေ့မှာ လဲကျရှုံးနိမ့် မှာကို
ငါ မကြောက်ဘူး။

ငါ ကြောက်တာ တစ်ခုပဲ ရှိတယ်။

ငါ သိပ်ချစ်ရတဲ့ နင်က ငါ့ အချစ်တွေကို
နားလည်မှုလွဲ သွားမှာပဲ ကြောက်တာ။

herostar
•Sunday, May 09, 2010


မေတ္တာကိုရှာ
ဝင်္ကပါအကွေ့
လေအဆန် အပြန်လမ်းမှာ
သောက်ရေချို အမေ ကမ်းမှ
ဝမ်းမြောက်စွာတွေ့။

အမေ့နေ့မှာ ဒီကဗျာလေးကို
တိုးတိုးလေး ရွတ်မိတယ်။
ရေချိုတွေကမ်းနေမဲ့ အမေ့ဆီ ရောက်ဖို့
ရေငန်ပင်လယ်တွေ ခြားနေခဲ့တယ် အမေ။

ဒီတခါ အမေနဲ့ တွေ့ရင်
ငယ်ငယ်တုန်းကလို မုန့်မကျွေးလည်း
အမေ့ကို ချစ်တယ် လို့ ပြောမယ်နော်။

သားကြီး မောင်လူပေ

herostar
•Monday, May 03, 2010
ငယ်ငယ်က ကျောင်းမှာ အေသင်မြို့မှ အပြေးသမား ဆိုတာလေး သင်ခဲ့ဖူးတယ်။ ကမ္ဘာ့သမိုင်းစာအုပ်ထဲက ပုံပြင်တစ်ပုဒ်လို့ မှတ်ယူထားခဲ့ဖူးတယ်။ ခုတော့ မမျှော်လင့်ဘဲ အဲ့ဒီအပြေးသမားလေးရဲ့ အေသင်မြို့ကို ရောက်ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာက ပြန်လာတုန်းကတည်းက သွားလည်ဖို့ စိတ်ကူးထားပေမဲ့ ဒီလမှပဲ လည်ဖြစ်တော့တယ်။ ဒီခရီးစဉ်လေးမှာတော့ ထုံးစံအတိုင်းပါပဲ။ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်၊ ဆဲဖော်ဆဲဖက်သူငယ်ချင်းများနဲ့ မိတ်ဆွေအချို့ကို စုပြီး အားလုံး မြန်မာကျောင်းသား ၈ ယောက် သွားလည် ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၄၀၀ ကျော်လောက်ကတည်းက ရှိနေခဲ့တာဆိုတော့ ကမ္ဘာ့မြို့ဟောင်းကြီးတွေထဲက တစ်ခုပေါ့လေ။

ဂရိနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံရှိတဲ့ European Union အီးယူရဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခု လည်းဖြစ်ပါတယ်။ အေသင်ကတော့ ဂရိနိုင်ငံရဲ့မြို့တော်ဖြစ်ပြီး လူဦးရေ ၇ သိန်းကျော်နေထိုင်ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းကတော့ ကမ္ဘာ့ ၃၂ ခုမြောက် အချမ်းသာဆုံးမြို့တော် ဖြစ်ခဲ့ပါတယ်။ အသီနာ(Athena) ဆိုတဲ့ အေသင်မြို့တော်ကို စောင့်ရှောက်တဲ့ နတ်ဖုရားမရဲ့ နာမည်ကို ယူပြီး အေသင်မြို့လို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။


လည်မယ်ဆိုရင်


Germanwings Airline ကို ၂ လလောက်ကြိုတင် Booking လုပ်ထားတဲ့အတွက် အသွားအပြန်လေယာဉ်ခက ယူရို ၈၀ ကျော်ပဲ ကျပါတယ်။ Aristoteles Hotel (15 , Aharnon str. Vathi sq., Athens, Greece 10438) မှာလည်း ၂ လလောက်ကြိုတင် Booking လုပ်တဲ့အတွက် တစ်ညကို 12 ယူရိုနှုန်းနဲ့ ၄ ည တည်းခဲ့ပါတယ်။ ခရီးစဉ်တစ်ခုလုံးရဲ့ ကုန်ကျစရိတ်က ယူရို ၁၇၀ ကျော်ပဲ ကျပြီး လက်ဆောင်ဝယ်တာ စားတာနဲ့ ဆိုရင်တော့ ယူရို ၂၀၀ ကျော်နီးပါးပဲ ကျတဲ့အတွက် မြန်မာငွေ ၃ သိန်းနီးပါးနဲ့ အေသင်မြို့မှာ ၄ ည အိပ် ၅ ရက်ခရီးကို ပျော်ပျော်ကြီး ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။ သွားတတ်ရင် စရိတ်သက်သက်သာသာနဲ့ သွားနိုင်တဲ့အတွက် ဥရောပမှာ ခရီးသွားတွေက နေရာအနှံ့ပါပဲ။


ဂရိစကားကတော့ ကာလီမဲရာ (Good Morning) ဆိုတာလောက်ပဲ လေ့လာသွားပါတယ်။ အင်္ဂလိပ်စကားကို နေရာတိုင်းမှာ သုံးလို့ ရနေလို့ တော်သေးတယ်။ ဒီလိုနဲ့ ၂၀၁၀ ရဲ့ဧပြီ ၂၀ ရက်နေ့မှာတော့ Stuttgart မြို့လေယာဉ်ကွင်းကနေ မနက် ၇ နာရီလောက်မှာ ထွက်ခဲ့လိုက်ပါတယ်။ လေယာဉ်ပေါ်မှာ ၃ နာရီကြာစီးပြီးတဲ့ နောက်မှာတော့ အေသင်မြို့ကို ရောက်ပါတော့တယ်။ ဂျာမနီနဲ့ ဂရိက အချိန် တစ်နာရီ ကွာနေတဲ့အတွက် အချိန်တွေကို တစ်နာရီ ရှေ့တိုးရပါတယ်။ ဂျာမနီက အချိန်တစ်နာရီနောက်ကျနေတာပေါ့လေ။

Aristotle Hotel ကိုလည်း ရောက်ရော ညတုန်းက လေယာဉ်ကွင်းမှာ ညအိပ်စောင့်ထားရလို့ အိပ်ရေးပျက်တာရော၊ ခရီးပန်းတာရော၊ ဟိုတယ်က ကုတင်မွေ့ယာတွေက ကောင်းတာရောကြောင့် အနား ယူချင်နေပါတော့တယ်။ ဗိုက်ကလည်း တမနက်လုံး ဘာမှ စားမထားရသေးတော့ နီးစပ်ရာမှာ KFC ဆိုင်ကို ပြေးဝယ်ပြီး မနက်စာနဲ့ နေ့လည်စာကို ဟိုတယ်မှာ ပေါင်းစားလိုက်ပါတော့တယ်။ ဒီလိုနဲ့ နားပြီးတဲ့နောက် ညနေပိုင်းလောက်ရောက်မှ အမျိုးသားရှေးဟောင်းယဉ်ကျေးမှုပြတိုက် (National Archeological Museum) နဲ့ အေသင်ပိုလီတက် တက္ကသိုလ် (Athens Poly-tech University) ဘက်ကို အလည်သွားရင်း ညနေစာ ရှာဖွေ စားသောက်ကြပါတော့တယ်။ ဒါကတော့ ပိုလီတက်ကျောင်းထဲက ပုံလေးပါ။


ပထမရက်


ဒီနေ့ကတော့ အေသင်မြို့ရဲ့ အထင်ကရ နာမည်အကြီးဆုံးဖြစ်တဲ့ Acropolic တောင်ကုန်းဘက်ကို ရောက်ပါတယ်။ Acropolic ဆိုတာကတော့ ဂရိလို ရေးထားတာပါ။ အဓိပ္ပါယ်ကတော့ မြို့ရဲ့ အမြင့်ဆုံးနေရာလို့ ဆိုလိုပါတယ်။ ဒီတောင်ကုန်းထိပ်ကနေကြည့်လိုက်ရင် အေသင်မြို့ကြီးကို အပေါ်စီးကနေ အံ့မခန်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ခရစ်တော် မပေါ်ခင် ဘီစီ ၅၀၀ လောက်ကတည်းက ဂရိမှာ နတ်ဘုရားကိုးကွယ်မှုတွေ အားကောင်းခဲ့တော့ တောင်ကုန်းပေါ်မှာ နတ်ဘုရားကျောင်းတွေကို တွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကျော်လောက်တုန်းကတည်းက ဆောက်ထားတဲ့အဆောက်အဦးတွေဆိုပေမဲ့ မြင်ရတာ အံ့စရာပါပဲ။ မြတ်စွာဘုရားသခင်လည်း ဒီအဆောက်အဦးတွေ တွေ့သွားမှာပဲ တွေးနေမိပါသေးတယ်။ ဘုရားပွင့်တဲ့အချိန်နဲ့ ဒီနတ်ဘုရား ကိုးကွယ်မှုတွေ ပေါ်ထွန်းခဲ့တဲ့ နှစ်တွေက သိပ်လည်း မကွာဘူးလေ။



တောင်ကုန်းပေါ်မှာတော့ (Parthenon) ပါသီနွန်လို့ ခေါ်တဲ့ နတ်ဘုရားကျောင်းကြီးကို တွေ့မြင်ရပါတယ်။ အေသင်မြို့တော်ကို အကာအကွယ်ပေးတဲ့ ဂရိနတ်ဖုရားမ အသီနာတွက် ဆောက်လုပ်ပေးထားခြင်း ဖြစ်ပါတယ်။ ကီလိုဂရမ် ၅၀ ( 50 Kg) လေးတဲ့ သံတူနဲ့ ပေပေါ်တင်ထုရင်တောင် မကွဲတဲ့ စကျင်ကျောက်တုံးတွေနဲ့ ဆောက်လုပ်ထားတဲ့ နန်းတော် ဖြစ်ပါတယ်။ မာခြင်းအဆင့် (Mohs scale) မောစကေး ၄ နဲ့ ၅ ကြားမှာရှိတဲ့ စကျင်ကျောက်တွေနဲ့ ဆောက်လုပ်ခဲ့လို့ နှစ်ပေါင်း ထောင်ချီပြီး ခုချိန်ထိ မြင်တွေ့နေနိုင်ခြင်းဖြစ်ပါတယ်။ ဒီနတ်ဖုရားကျောင်းကို BC 447 မှာ ၉ နှစ်ကျော်ကြာ ဆောက်လုပ်ခဲ့ပါတယ်။ ရှေးခေတ်ဂရိလူမျိုးတွေရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု ပြယုဂ်တစ်ခုအဖြစ် ကြံ့ကံ့ခံ တည်ရှိနေမဲ့ နန်းတော်ဆောင်လို့ ဆိုပါတယ်။

အသီနာ နတ်ဖုရားမရဲ့ ကျောင်းဆောင်ဘေးမှာကတော့ အဲရစ်သွန် ကျောင်းဆောင်ကို တွေ့မြင်ရပါတယ်။ ဂရိသူရဲကောင်း Erichthonius အဲရစ်သိုးနီးယပ်စ်တွက် နတ်ကွန်းဗိမာန်ဖြစ်ပြီး ဂရိ ဒဏ္ဍာရီ ဘုရင် Erechtheus က သူသေဆုံးတဲ့အခါ ဒီကျောင်းဆောင်ရဲ့ ဘေးမှာ မြှုပ်နှံပေးဖို့ဆိုပြီး ဆောင်လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ နတ်သမီးတိုင်လုံးတွေနဲ့ မို့ ဒီကျောင်းဆောင်က ကမ္ဘာ့လှည့်ခရီးသည်တွေကို ဆွဲဆောင်အား ကောင်းစေ ပါတယ်။ ဒီနတ်ဖုရားကျောင်းလေးက ရာဇဝင်လေး ရှိတော့ နည်းနည်းလေး ပြောပြချင်ပါသေးတယ်။

အေသင်မှာက ဘီစီ ၅၀၀ စု အစစောပိုင်းကတည်းက ဒီမိုကရေစီထွန်းကားနေခဲ့ပြီလေ။ လူ့အခွင့်အရေး အပြည့်အဝရတယ်ဆိုပေမဲ့ အစပိုင်းမှာတော့ အမျိုးသမီးတွေ မဲပေးခွင့် မရကြပါဘူး။ ပန်ဒိုရာနဲ့ သူမရဲ့ သေတ္တာလေးအကြောင်းကြောင့်လည်း ဖြစ်မယ်ထင်တယ်။ ဂရိဒဏ္ဍာရီမှာ ပန်ဒိုရာ (Pandora ) ဆိုတာက နတ်ဘုရားတွေ ဖန်ဆင်းပေးလိုက်တဲ့ ပထမဆုံး လူသားအမျိုးသမီးလေးလေ။ သူမနဲ့ သူမရဲ့ သေတ္တာလေးအကြောင်း ပြောပြရမလား။ ဒါဆို အပိုင်း (၂)မှာ ဖတ်နော်။ :P :P

herostar
•Monday, May 03, 2010

ကမ္ဘာပေါ်မှာ အရင်တုန်းက ယောက်ျားတွေပဲ ရှိတာတဲ့လေ။ ပရပ်မီးသယပ်စ်ကို မကျေနပ်တာနဲ့ ဇုနတ်ဘုရားကြီးက လူသားတွေကို လက်စားချေဖို့ အမျိုးသမီးတစ်ဦးကို စတင်ဖန်ဆင်း ခဲ့တယ်တဲ့။ သူမဟာ ပန်ဒိုရာပေါ့။ ရှည်လျားသော ဆံပင်၊ တင့်တယ်သော ကိုယ်နေဟန်နဲ့ ချစ်ခင်စွဲမက်ဖွယ်ကောင်းတဲ့ ပန်ဒိုရာကို ဖန်ဆင်းပြီးတဲ့နောက်မှာတော့ လှပတဲ့ သေတ္တာလေးနဲ့ အတူ ကမ္ဘာမြေပေါ်ကို ပထမဆုံးအမျိုးသမီးလေး ခြေချခဲ့တယ်ဆိုပဲ။ ဇုနတ်ဘုရားကြီးက ပေးလိုက်တဲ့ သေတ္တာလေးကို တစ်သက်လုံး ဖွင့်မကြည့်ဖို့လည်း မှာလိုက်သေးတယ်တဲ့။ ယောက်ျားတွေချည်းပဲ ရှိတဲ့ ကမ္ဘာလောကကို စတင်ရောက်ရှိလာတဲ့ ပန်ဒိုရာကို ချစ်ခင်စွဲလန်းသွားသူကတော့ ပရပ်မီးသယပ်စ် ရဲ့ ညီတော် Epimetheus အပီမီးသယပ်စ်ပဲပေါ့။ အချစ်ဆိုတာ ဆန်းတော့ အဆန်းသားနော်။ သူတို့ လက်ထပ်လိုက်ကြပြီး နောက်မှာတော့ ပန်ဒိုရာက လှပတဲ့ သေတ္တာလေးကို မဖွင့်ဘဲ မနေနိုင်တော့ဘူးဆိုပဲ။

သေတ္တာကလေးကို ဖွင့်လိုက်တဲ့အခါ လှပတဲ့စီခြယ်မှုများတွေရဲ့ နောက်ကွယ်က ဇုနတ်မင်းရဲ့ လက်စားချေမှုကို ပန်ဒိုရာ သဘောပေါက်သွားတော့တယ်။ သေတ္တာအတွင်းမှာ နတ်ဘုရားတို့သိရှိ သမျှ မကောင်းဆိုးဝါး စိတ်ဓါတ်များကို ထည့်သွင်းထားတယ်လေ။ သေတ္တာဖုံးကိုဖွင့်လိုက်တာနဲ့ ၀မ်းနည်းခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ဒေါသထွက်ခြင်း၊ ရောဂါစွဲကပ်ခြင်း၊ ရူးသွပ်ခြင်းနှင့် အခြားရာပေါင်းများစွာသော မကောင်းတဲ့ စိတ်ဓာတ်တွ ထွက်ကျကုန်ပြီး အဲ့ဒီကတည်းက လူသားမျိုးနွယ်တစ်ခုလုံးကို ထာဝရနှိပ်စက်ဒုက္ခပေး နေတော့တာ ဒီနေ့ထိ ဆိုပါတော့။ သေတ္ထာတွင်းမှ အဲ့ဒီမကောင်းတဲ့ စိတ်ဓါတ်တွေ ထွက်ကုန်လို့ ပန်ဒိုရာကြောက်လန့်သွားခြဲ့ပီး သေတ္တာဖုံးကို အမြန်ဆုံးပြန်ပိတ်လိုက်ပေမဲ့ နောက်ကျသွားခဲ့တယ်လေ။

ပန်ဒိုရာ နောင်တရမိပေမဲ့ နတ်ဘုရားတွေရဲ့ လက်စားချေမှု အောင်မြင်သွားခဲ့တာပေါ့လေ။ ဒါပေမဲ့ သေတ္တာထဲမှာ စိတ်ဓါတ်တစ်ခု ကျန်ရှိနေ သေးကြောင်း ပန်ဒိုရာသိရှိခဲ့တယ်။ အဲ့ဒီ စိတ်ဓါတ်ကတော့ “မျှော်လင့်ခြင်း” (hope) ပဲ ဖြစ်ပါတော့တယ်။ ဒါ့ကြောင့် လူသားတွေဟာ ဒီနေ့ထိ မျှော်လင့်ချက် ကိုယ်စီနဲ့ အသက်ရှင်နေ ကြတယ်တဲ့လေ။ ဒါ့ကြောင့် ဒီကျောင်းဆောင်လေးမှာ အမျိုးသမီးပုံလေးကို တိုင်လုံးအဖြစ်ထုပြီး ဒီနေ့ထိတိုင် တွေ့မြင်နေရခြင်း ဖြစ်တယ်တဲ့။

ဒီနေရာတဝိုက်မှာကတော့ နတ်ဖုရားတွေတွက် ဆောက်လုပ်ထားတဲ့ ကျောင်းဆောင်တွေကို နေရာတော်တော်များများမှာ တွေ့မြင်ခဲ့ရပါတယ်။ ဒီကိုရောက်တော့ ကိုယ့်ဆီက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တို့ စုဝေးရာ ပုဂံဒေသကို သွားလည်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာမိပါတော့တယ်။

ဇုနတ်ဘုရားကျောင်း

ဒီနောက်မှာတော့ မိုးကောင်းကင်ကို အစိုးရတဲ့ Zeus ဇုနတ်ဘုရားကြီးရဲ့ ကျောင်းဆောင်ကို ရောက်ရှိခဲ့ပါတယ်။ နတ်ဘုရားတို့ရဲ့ ဘုရင်ဖြစ်တဲ့ ဇုနတ်မင်းကြီးရဲ့ ကျောင်းဆောင်ကြီးကတော့ ဂရိနတ်အားလုံး လာရောက်ပူဇော်နိုင်အောင် ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဇုနတ်မင်းကြီးကတော့ ဂရိမှာ အမြင့်ဆုံးတောင် ဖြစ်တဲ့ အိုလံပီယာတောင်ကုန်းကို အစိုးရတဲ့သူတဲ့လေ။ အဲ့ဒီတောင်ကုန်းကြီးရဲ့ နာမည်ကို အစွဲပြုပြီး ကမ္ဘာမှာ အိုလံပစ်အားကစားပြိုင်ပွဲတွေကို ဒီနေရာလေးမှာ စတင်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။ လေးနှစ်တစ်ကြိမ် ကျင်းပနေကျဖြစ်တဲ့ ကမ္ဘာ့အိုလံပစ်အားကစားပွဲတွေကို ၂၀၀၄ မှာ အေသင်၊ ၂၀၀၈ မှာ ဘီဂျင်း နဲ့ လာမဲ့ ၂၀၁၂ မှာတော့ လန်ဒန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။


ဒုတိယနေ့


ဒီနေ့မှာတော့ အိုလံပစ်အားကစားကွင်းကြီးဆီကို ရောက်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပွဲတွေ ကန်သွားခဲ့တဲ့ ကွင်းထဲမှာ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့ပါတယ်။ ဘီစီ ၇၇၆ ကနေ အေဒီ ၃၉၃ ထိ အေသင်မှာပဲ ပထမဆုံးကမ္ဘာ့အိုလံပစ်ပြိုင်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ၁၈၉၆ မှာတော့ ပထမဆုံးခေတ်ပေါ် အိုလံပစ်အားကစား ကျင်းပခဲ့ပါတယ်။

အိုလံပစ်ရဲ့ အမှတ်တံဆိပ်ကတော့ အဖြူရောင်အောက်ခံမှာ နီ၊ပြာ၊ဝါ၊စိမ်း၊နက် အရောင် ၅ မျိုးပါတဲ့ ကွင်းကလေးတွေကို ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အရောင်မတူပေမဲ့ ပေါင်းစည်းခြင်းပါ။ နိုင်ငံတိုင်းရဲ့ အလံတွေမှာ ဒီအရောင်တွေထဲက တစ်မျိုးမဟုတ် တစ်မျိုးပါဝင်နေကြပြီး အဲ့ဒီအရောင်လေးတွေ ပေါင်းစည်းနေကြသလို အားကစားစိတ်ဓာတ်နဲ့ နိုင်ငံအချင်းချင်း ပျော်ရွှင်ညီညွတ်စွာ ဆင်နွှဲခြင်းကို ဆိုလိုပါတယ်။ ၁၉၁၂ ခုနှစ်မှာ ပြင်သစ်လူမျိုး Baron Pierre က ဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပြီး မူလအတွေးကတော့ အိုလံပစ်စတင်ကျင်းပတုန်းက ပါဝင်ခဲ့တဲ့ တိုက်ကြီး ၅ တိုက်ကို အရောင် ၅ မျိုးနဲ့ ကိုယ်စားပြုဖော်ပြခဲ့တာ ဖြစ်ပါတယ်။


အေသင်မှာ လျှောက်လည်ရတာ ကျောင်းသားတွေတွက် တကယ့် အခွင့်အရေးကောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ သာမန်အားဖြင့် Acropolic လိုတောင်ကုန်းပေါ်ကို တက်မယ်ဆိုရင် ၁၂ ယူရိုပေးရပါတယ်။ ကျွန်တော်တို့ ကျောင်းသား ၈ ယောက်လုံးမှာ အီးယူကျောင်းသားကဒ်တွေ ပါသွားတာဆိုတော့ ဥရောပ ကျောင်းသားဆိုရင် တစ်ပြားမှ မယူပါဘူး၊ ပြတိုက်ဝင်ကြေး၊ ဘာကြေး၊ ညာကြေး ဘာမှကို ပေးစရာမလိုတဲ့ မြို့ပေါ့။ ပြီးတော့ 24 hours ticket တစ်စောင်မှ ၃ ယူရိုပဲပေးရပါတယ်။ ဒါ ဝယ်ထားလိုက်ရင် Metro ပဲ စီးစီး၊ Bus ကားပဲ စီးစီး ကြိုက်ရာစီးလို့ ရပါပြီ။ အေသင်မှာက နီ၊ ပြာ၊ စိမ်း ဆိုပြီး Metro လိုင်းက ၃ လိုင်းပဲ ရှိလေတော့ သွားရတာ လွယ်ကူပါတယ်။

ဒါ့ကြောင့် အားကစားကွင်းကအပြန် ညနေဘက်မှာတော့ ဂလိုက်ဖားရားကမ်းခြေဘက်ကို ရောက်ဖြစ်ပါတယ်။ အေသင်ကမ်းခြေမှာ လေညှင်းခံရင် ကျွန်တော့် ရောင်းရင်းတွေကတော့ ကမ်းခြေက ဆိုင်ထဲမှာ ပင်လယ်စာတွေကို အားပါးတရ စားခဲ့ကြတယ်ဆိုပဲ။ ကျွန်တော်ကတော့ ဂရိကော်ဖီလေးကို သောက်ရင်း မြေထဲပင်လယ်ရဲ့ ကမ်းခြေအလှကို တစ်နာရီနီးပါး ထိုင်ကြည့်ဖြစ်ခဲ့ပါတယ်။


ဂရိကော်ဖီ

ကမ်းခြေမှာ ရေကစားကြပြီး အဖွဲ့လိုက် ဓာတ်ပုံတွေ ရိုက်ကြပါတယ်။ အဲ့ဒီနောက်မှာတော့ Hot Dog လေးစားပြီး ဟိုတယ်ကို ပြန်ခဲ့ပါတော့တယ်။
•Monday, May 03, 2010
တတိယနေ့

တစ်ရက်မှာ ၁၂ ယူရိုပဲ ပေးရပေမဲ့ ဟိုတယ်က ကျွေးတဲ့ မနက်စာကတော့ တော်တော်လေးကောင်းပါတယ်။ တန်တယ်လို့ ပြောလို့ရပါတယ်။ မနက်စာစားပြီးတာနဲ့ အမျိုးသားရှေးဟောင်းယဉ်ကျေးမှုပြတိုက် (National Archeological Museum) ဖွင့်တဲ့အချိန်နဲ့က အံကျပါပဲ။ အေသင်မှာ ပြတိုက်တွေက ညနေ ၃ နာရီဆို ပိတ်တာက များပါတယ်။ နတ်ဘုရားရုပ်တွေကို ပြသထားတဲ့ ပြတိုက်ဆိုတော့ သူတို့ နတ်ဘုရားတွေရဲ့ ပုံစံအတိုင်း လိုက်တုပြီး ဓာတ်ပုံရိုက်တာတို့၊ ထိတာ ကိုင်တာတို့ဆိုရင် သူတို့ အားကြီး စိတ်ဆိုးကြပါတယ်။ ပြတိုက်ထဲက အရုပ်တွေနဲ့ ဓာတ်ပုံရိုက်တိုင်း သူတို့က သေသေချာချာ လိုက်ကြည့်နေပါတော့တယ်။

ဒါတွေကတော့ ပြတိုက်ထဲမှာ
ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေ ဖြစ်ပါတယ်။

၂ နာရီခွဲလောက် လျှောက်ကြည့်ပြီးတဲ့နောက်မှာတော့ ပင်လယ်ကို အစိုးရတဲ့ နတ်ဖုရားကြီး ( Poseidon ) ပိုဆီဒွန်ရဲ့ ကျောင်းတော်ရှိရာကို ရောက်ခဲ့ပါတယ်။ Sounion အငူပေါ်မှာ တည်ရှိပြီး ကမ္ဘာပေါ်မှာ အသက်ရှူလို့ အကောင်းဆုံးနေရာလို့ ပြောကြတယ်လေ။ ဒီနေရာလေးကတော့ နေဝင်ချိန်ကို ကြည့်ရှုခံစား ရင်း ဘဝအမောတွေကို ပြေစေတဲ့ နေရာလို့ နာမည်ကြီးပါတယ်။

ပိုဆီဒွန် ဘုရားကျောင်းပုံ



ကျွန်တော်တို့ အဖွဲ့လည်း ဆိုနီယွန် ပင်လယ်ကွေ့က ကျွန်းဆွယ်လေးပေါ်မှာ ပင်လယ်ပြင်ကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေနုအေးတွေကို အားပါးတရ ရှုသွင်းကြရင်း ညနေဆည်းဆာအလှကို ခံစားခဲ့ကြပါတယ်။ ပင်လယ်ကို ငေးရတဲ့အခါ လွတ်လပ်ခြင်း၊ ကျယ်ပြန့်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ ရောက်ရှိလာသလို ဖြစ်မိပါတယ်။ နေဝင်ချိန်လေးမှာတော့ ၅.၇ ယူရို ပေးရတဲ့ Bus ကားကို ၂ နာရီကြာစီးပြီး အေသင်မြို့ထဲကို ပြန်လာခဲ့ကြပါတော့တယ်။ ဒါကတော့ နေဝင်ချိန် ရှုခင်းလေးပါ။


နောက်နေ့ မနက်မှာတော့ အေသင်မြို့ကနေ မနက် ၁၀ နာရီ ၁၀ မိနစ်လေယာဉ်နဲ့ ဂျာမနီကို ပြန်လာခဲ့ ပါတော့တယ်။ အိုင်ယာလန်မှာ မီးတောင်ပေါက်ခါနီးလို့ ပြာမှုန်တွေ ထွက်နေတာနဲ့ လေယာဉ်တွေ ပျံသန်းမှုရပ်ဆိုင်းနေချိန်၊ ဂရိမှာ စီးပွားပျက်ကပ်ဆိုက်လို့ အေသင်မှာ ဗုံးခွဲသံတွေ၊ ဆန္ဒပြတဲ့သူတွေနဲ့ ရှုပ်ရှက်ခတ်နေတယ်လို့ ပြောနေတဲ့အချိန် ကျွန်တော်တို့တွေကတော့ အေးချမ်းစွာ၊ အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ပါတယ်။ အမှတ်တရအဖြစ် သူငယ်ချင်းတွေပါ လည်လို့ ရအောင် မှတ်မိသမျှ တင်ပြလိုက်ရပါတယ်။ ခရီးတစ်ခု ထွက်ဖြစ်တိုင်း မိတ်ဆွေတွေကို သတိရမိနေတတ်တာ ကျွန်တော်ပေါ့ဗျာ။ ပန်ဒိုရာရဲ့ သေတ္တာလေးထဲက မျှော်လင့်ချက်ဆိုတာလေးကို လက်တွဲပြီး နေ့စဉ်ဘဝတွေမှာ ကြိုးစား ရုန်းကန်ရင်း ဘဝကို ပျော်ပျော်ကြီး နေသွားကြတာပေါ့။

P.S ဂရိနတ်ဘုရားတွေနဲ့ နတ်ဖုရားမတွေအကြောင်း ထပ်သိချင်စိတ်များ ရှိခဲ့မယ်ဆိုရင် Michelle M. Houle ရေးသားထားတာကို စာရေးဆရာ မောင်သစ်စိမ်း ဘာသာပြန်ထားတဲ့ စာအုပ်လေး ရှိပါတယ်။

ဒါလေးက မြန်မာပြန် စာအုပ်လေးပါ။ ဒီနေရာ မှာ ဒေါင်းလုပ်ရယူပါ။
ဒါလေးက မူရင်း စာအုပ်လေးပါ။ အင်္ဂလိပ်လို ဖတ်ရင် မေးခွန်းနဲ့ အဖြေတွေပါ တွေ့ရမှာပါ။ ဒီနေရာလေးမှာ ဒေါင်းလုပ်ရယူပါ။

ခင်မင်လေးစားစွာဖြင့်

herostar
•Friday, April 16, 2010

အချစ်ဆိပ်တွေ ငယ်ထိပ်ထိ တက်နေလို့

လူလည်း ယဲ့ယဲ့ပဲ ကျန်တော့တယ်။

နေ နဲ့ လ ကို ခုံမှာ တပ်ပြီး

မြန်မာပြည်ကို စကိတ်စီး လာလိုက်ချင်တယ်။


မူးပဲ ဖြစ်ဖြစ် ကောင်မလေးရယ်

နင်ဟာ ငါ့ အတွက် မြစ်တစ်စင်းပါ။

နင့်ရယ်သံလေးတွေက ငါ့ နှလုံးအိမ်ရဲ့

ဆည်းလည်း သံလေးတွေပေါ့။


နေမြင့်လေ အရူးရင့်လေ ဘဝထဲမှာ

ငါ့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့ဟာ။

herostar

•Thursday, April 15, 2010
ကျွန်တော် ဆယ်တန်းအောင်တော့ မြန်မာစာကလွဲရင် ဂုဏ်ထူးအားလုံးပါတယ်လေ။ အောင်စာရင်း မထွက်ခင်တုန်းက တစ်ကိုယ်လုံး ရွှေသုတ်ထားမယ်ဆိုတဲ့ ကျွန်တော့် ဆရာက အမှတ်တရအဖြစ် ကချင် လွယ်အိတ်အနီလေး တစ်လုံး လက်ဆောင်ပေးပါတယ်။ အထက်တန်း ကျောင်းသားဘဝ တလျှောက်လုံးမှာ အဖေ့ စစ်လွယ်အိတ်ကြီးကိုပဲ လွယ်ခဲ့ရလို့ ဒီကချင် လွယ်အိတ်လေးကို အရမ်းနှစ်သက်မိပါတယ်။

တက္ကသိုလ် စတက်တော့ ပထမနှစ်မှာ စစ်သားတွေလိုပဲ ကျောင်းတက်ခဲ့ရတယ်လေ။ ပြင်ဦးလွင်မှာ ကျောင်းသားချည်းပဲ ၁၆၀ ကျော် အတူတူတက်ခဲ့ရလို့ ကချင် လွယ်အိတ်လေးကို မလွယ်ဖြစ်ဘဲ သိမ်းထားခဲ့တာ တစ်နှစ်ကြာတယ်။ ဒီလိုနဲ့ သူနဲ့ ကျွန်တော် ရင်းနှီးရမဲ့ တက္ကသိုလ် ဒုတိယနှစ်ကို ရောက်ခဲ့တယ်။ ဒီနှစ်မှာတော့ ကျွန်တော့်ရဲ့ ကချင်လွယ်အိတ်အနီလေးက ကျောင်းသွားတိုင် ကျွန်တော့် ဘယ်ဘက်ပခုံးထက်မှာ ပါနေကြလေ။

ကျွန်တော်တို့ ကျောင်းမှာ လွယ်အိတ်ကြိုးထုံးလေးက အဓိပ္ပါယ်ရှိတယ်တဲ့။ လွယ်အိတ်ကြိုးထုံးလေးကို ရင်ဘတ်ရှေ့မှာ ထားရင် အဲ့ဒီကောင်လေးက ချစ်သူ ရှာနေပါတယ်ဆိုတဲ့ သဘောလေ။ အဲ့ဒီ လွယ်အိတ်ကြိုးထုံးလေး ပခုံးပေါ်ရောက်လာပြီဆိုရင် သူ့ချစ်သူကို ရှာဖွေ တွေ့ရှိသွားပြီဆိုတဲ့ သဘောပေါ့။ အဲ အဲ့ဒီအထုံးလေး နောက်ကျောကို ရောက်သွားပြီဆိုရင်တော့ သူ့မှာ ချစ်သူရှိနေပါပြီဆိုတဲ့ သဘောပေါ့လေ။

ဒါတွေကို နောက်မှ သိတာပါ။ ကျွန်တော်သိတာက အစိုးရက လစဉ်ထုတ်ပေးတဲ့ လစာငွေလေးကို လောက်ငှအောင် သုံးနိုင်ဖို့ရယ်၊ လကုန်ရက်တွေမှာ အမေ့ကို ကန်တော့ငွေ ပေးနိုင်ဖို့ရယ်ပဲ တွေးနေတာနဲ့ တစ်ရက်ကို ၁၀ ဖိုးနှုန်းနဲ့ ရှည်နေတဲ့ ဒီဆံပင်ကိုတောင် လစဉ်မညှပ်ဖြစ်ဘူး။ အဲ့ဒီတုန်းက ဆံပင်တစ်ခါ ညှပ်ရင် ၃၀၀ ကျပ် ကျတယ်လေ။ ၂ လပေါင်းပြီး တစ်ခါ အောင်ဆန်းကေ ညှပ်ရင်တော့ ၂၀၀ ပဲကျတယ်လေ။ မန္တလေးမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ MIT တောအုပ်ထဲမှာ ကျောင်းအိပ်၊ ကျောင်းစား ကျောင်းတက်ခဲ့ရတော့ ငွေသိပ်သုံးစရာလည်း မလိုဘူးလေ။

ဘဝကိုက ခြိုးခြံနိုင်မှ တော်ကာကျတာဆိုတော့ ကပ်စေးနည်းတယ် ထင်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ဝန်ထမ်းဖြစ်တဲ့ အဖေ့သင်ရိုးကို ကျေတယ် ပြောရမှာပဲ။ ကုန်သည်ဖြစ်တဲ့ အမေ့ စကားပရိယာယ်ကိုတော့ ခုထိ မကြွယ်သေးပါဘူး။


ဒါပေမဲ့ လွယ်အိတ်နီလေးကိုတော့ ကျွမ်းကျွမ်းကျင်ကျင် လွယ်တတ်ခဲ့ပါတယ်။ ကျောင်းကပြန်လာလို့ အမောတကောနဲ့ အိပ်ပျော်သွားရင်တောင် လွယ်အိတ်က မချွတ်ဘူးလေ။ ဒီလွယ်အိတ်လေးထဲမှာ ဘယ်ဆရာ ဘာသင်သင် လိုက်မှတ်ဖို့ အတွက် A4 စက္ကူ ၁၀ ရွက်လောက်ပါတဲ့ ဖိုင်တစ်ခုရယ်၊ ခဲတံလေးတစ်ချောင်းရယ်။ ဘောပင်လေး တစ်လက်ရယ်၊ ဇွန်းလေးတစ်ချောင်းလည်း ပါတယ်။ ဇွန်းက ဘာလို့ ထည့်ထားရတာလဲဆိုတော့ Lecture တန်းတွေပြီးလို့ စားရိပ်သာမှ ထမင်း ဝင်စားတဲ့အခါ အဆင်သင့် ဖြစ်အောင်လို့ပေါ့ ။

လွယ်အိတ်ကလေးရဲ့ ၅ နှစ်တာ တာဝန်တွေပြီးလို့ နောက်ရန်ကုန်ကို ပြောင်းပြီး ဘွဲ့ယူကျမ်းပြုစုရတော့လည်း သူက ပါစမြဲပဲလေ။ ရန်ကုန်မြို့ကို ကျွန်တော်က ငွေကုန်မြို့လို့ နာမည်ပေးထားမိတယ်။ ရေတောင် အလကားမရတဲ့ မြို့လေ။ ၂၀၀၅ ခုနှစ်လောက်ကပေါ့။ အင်းစိန်လမ်းမပေါ်က သံလမ်းမှတ်တိုင်ကနေ ကြို့ကုန်း (BBI) မှတ်တိုင်ထိ ၄၅ ကားစီးမယ်ဆိုရင် သမိုင်းလမ်းဇုံကို ကျော်လို့ ၄၀ ကျပ်ပေးရပါတယ်။ ကားခကို တစ်ဝက်ချွေတဲ့ အနေနဲ့ ၂၀ ကျပ်ပဲပေးပြီး သမိုင်းကနေ ကြို့ကုန်းထိ လမ်းလျှောက်ပါတယ်။ နောက်တော့ RC -2 ကနေ ကြို့ကုန်းထိ လမ်းလျှောက်တိုင်းလည်း ဒီလွယ်အိတ်ကလေးကပဲ ကျွန်တော့်ရဲ့ အဖော်ပေါ့ဗျာ။

ကျွန်တော် ဒီကချင် လွယ်အိတ်အနီလေးကို အရမ်းချစ်ပါတယ်။ သူဟာ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တစ်ဦးပဲလေ။ သူမပါဘဲ လမ်းလျှောက်ရတဲ့အခါ တစ်ခုခုလိုနေသလို ခံစားရတယ်။ အင်္ကျီအဖြူဝတ်ရလွန်းလို့ မတော်တဆတစ်ခုခုများ စွန်းထင်းနေရင် လွယ်အိတ်ကလေးက အားကိုးရတယ်လေ။ ခုဆို သူ ကျွန်တော်နဲ့ အတူရှိနေတာ ဆယ်နှစ်တောင်ကျော်ပေါ့။

ရန်ကုန်မှာ အမှုတော်ထမ်းခဲ့ရုံတင်မကပဲ ဥရောပထိ လိုက်ထမ်းနေတုန်းပေါ့။ အနောက်တိုင်းသားတွေ ဘာပဲ လွယ်လွယ် ကျွန်တော်ကတော့ ကချင်လွယ်အိတ်လွယ်ပြီး ခုထိ သူတို့ ကျောင်းမှာ တက်နေတုန်းပါပဲ။ ပိုင်ဆိုင်မှုနည်းတဲ့ ဘဝထဲမှာ ကြီးပြင်းလာခဲ့ရလို့လားမသိပါဘူး။ ဘယ်အရာလေးကိုပဲဖြစ်ဖြစ် နှစ်နှစ်ကာကာ စွဲစွဲလန်းလန်းဖြစ်နေတတ်တယ်လေ။


အသုံးပြုလို့ မရတော့ရင်တောင် အမှတ်တရ ပစ္စည်းတစ်ခုအဖြစ်
သိမ်းဆည်းထားတတ်တာ ကျွန်တော့် အကျင့်ပေါ့။


ခင်မင်လေးစားစွာဖြင့်


herostar


•Wednesday, April 14, 2010
(၁)

ဘဝဟူသည် ကံကြမ္မာအလှည့် အပြောင်း အကွေ့အကောက်များစွာနှင့် ဆန်းကြယ်လှပေသည်။ မိသားစုဝင် (၆) ယောက်ရှိတဲ့ ကမ္ဘာလေးမှာ ငြိမ်းချမ်းမှုတို့ လွှမ်းခြုံ နေခဲ့သည်။ သူ့ရဲ့ မိသားစုဝင်တွေကတော့ သူ့မိခင်ရဲ့ မိဘနှစ်ပါး ဖြစ်တဲ့ သူ့အဖိုးနဲ့ သူ့အဖွားရယ်၊ သူ့မိခင်ကို သမီးရင်း တစ်ယောက်လို ပညာတွေသင်ပေးတဲ့ သူ့မိခင်ရဲ့ မွေးစားဖခင်ရယ်၊ သူ့ညီမလေးရယ်ပေါ့လေ။ သူ့ကိုတော့ မောင်လူအေးလို့ ခေါ်ကြတယ်လေ။

မောင်လူအေးလေး ပထမတန်းအောင်လို့ ဒုတိယတန်းတက်တော့ ၈၈ ကျောင်းသားအရေးအခင်းဖြစ်လို့ ကျီးလန့်စာစား နေနေရတဲ့အချိန်ပေါ့လေ။ အညာဒေသရဲ့ ဗုံးကျင်းတွေထဲမှာ ညီမလေး ယဉ်မွှေးကို ကျောမှာပိုးပြီး ဘယ်အချိန်များ လာလု ကြမှာလဲဆိုတဲ့ အသိနဲ့ အထိန့်တလန့် နေ့ရက်များကို ကျော်ဖြတ်ခဲ့ဖူးသည်။ နောက် ကျောင်းတွေ ပြန်ဖွင့်တော့ ညီမလေး ယဉ်မွှေးနဲ့ အတူတူ ကျောင်းသွားဖော်တွေ ဖြစ်ခဲ့သည်။

သူ့အိမ်မှာလျှပ်စစ်မီးမရခင် နေ့တွေတုန်းက ဓာတ်တိုင်တွေအောက် စာကျက်ခဲ့ရဖူးသည်။ ဝါဆို ဝါခေါင် မြစ်ရေကြီးချိန်ဆိုရင် သူတို့အိမ်လေး ရေမြှုပ်သည်။ အိမ်မှာနေလို့ မရတော့ဘဲ ကားလမ်းထိပ်က ဘုရားစောင်းတန်းမှာ တဲထိုးနေရသည်။ ဒါက အထူးအဆန်းတော့ မဟုတ်ပါ။ တစ်နှစ်ကို ၃ လလောက်တော့ နှစ်စဉ် ဒီလိုပဲ ရွှေ့ပြောင်းနေရတာက ကျင့်သားရနေကြပေပြီ။

ကျင့်သားမရသေးတာကတော့ သူ့မိခင်ရဲ့ အမျိုးသားဖြစ်သူက သူ့ညီမလေးကို ခိုးယူသွားခြင်းပင် ဖြစ်သည်။ အထီးကျန်ကမ္ဘာလေးထဲမှာ တစ်ယောက်တည်း ရှိစဉ်အချိန်တွေတုန်းက မသိသာပေမဲ့ ခုလို ရုတ်တရက် ပျောက်ဆုံးသွားတဲ့ ညီမလေးကို ရှာဖွေရင်း မျက်ရည် ပင်လယ်ဝေရတော့သည်။ မောင်နှမ ဟူသည် အတူနေစဉ် တုန်းကတော့ ဘယ်လောက်ချစ်မှန်းမသိသော်လည်း ခုလို ရုတ်တရက် ဝေးကွာသွားရတော့ တော်တော်လေး ခံစားရသည်။ သူ့ညီမလေးကို အရမ်းချစ်တဲ့ သူ့ပထွေးကို မောင်လူအေးလည်း ချစ်ပါသည်။ သူ့ ညီမလေးရဲ့ ဖခင်၊ သူ့ မိခင်ရဲ့ အမျိုးသားဆိုတော့ သူ့ခမျာ ချစ်ရှာသည်။ ငယ်စဉ်တုန်းက အဖိုးကို အဖေခေါ်ခဲ့တာက အကျင့်ပါနေတော့ သူ့ပထွေးရဲ့ နာမည်လေး တစ်လုံးကိုထည့်ုပြီး အဖေစိုးလို့ ခေါ်လေ့ရှိသည်။

ဒီလိုနဲ့ သူ ၇ တန်းကျောင်းသားအရွယ်ရောက်တဲ့ ၁၄ နှစ်သားလောက်မှာတော့ သူ့ဖခင်ရင်းကို မမျှော်လင့်ပဲ နတ်ပွဲတစ်ခုမှာ ဆုံဖြစ်ကြသည်။ သူ့ဘဝမှာ သူ့ဖခင်ရင်း ရှိတယ်ဆိုတဲ့ အသိကို ပေးနိုင်ခဲ့တာကတော့ သူတို့အိမ်မှာ ဘုရားရှိခိုးတိုင်း အမျှဝေနေကျ ကြေးစည်လေးပင် ဖြစ်သည်။ ထို ကြေးစည်လေး၌ သူ့ဖခင်ရင်း၏ နာမည်ကို ရေးထားလေသည်။ ဒါ ဘယ်သူ့နာမည်လဲလို့ မေးမိတိုင်း သူအရိုက်ခံရဖူးသည်။ နောက်တော့ မမေးဖြစ်တော့ပေမဲ့ အဲ့ဒါ သူ့ဖခင်ရင်း၏ နာမည်မှန်း သူသိလာခဲ့သည်။ သူ့အဖွားက သူ့ကို ရိုက်နှက်ဆုံးမတိုင်းလည်း အမျိုးတစ်ခြမ်းယုတ်လို့ ဆဲလေ့ရှိသည်။ ငယ်စဉ်ကတော့ ဘာကို ဆိုလိုမှန်း သူမသိခဲ့ပါ။

(၂)

" လူလေး နာမည် ဘယ်လို ခေါ်သလဲ"

ကျွန်တော့်နာမည် မောင်လူအေးပါ။ ဦလေးနာမည်ကရောလို့ မေးလိုက်တော့ အဲ့ဒီလူကြီးက သူ့နာမည်ကို ပြောပါတယ်။ ဒီနာမည်ကို ကျွန်တော်ကြားဖူးနေကြဗျ။ အိမ်က ကြေးစည်လေးမှာလည်း အဲ့ဒီနာမည်လေး ရေးထားတယ်။ ဘယ်လို ရေးထားလဲ လူးလေးရဲ့ လို့ မေးလိုက်တော့ မောင်မောင် လို့ ရေးထားတယ် ဦးလေး။ အော် ဒါဆို လူလေးက ဦးလေးရဲ့ သားအရင်းပါကွယ်ဆိုပြီး ဦးမောင်မောင်ဆိုတဲ့ လူကြီးက မောင်လူအေးလေးကို ပွေ့ချီလိုက်လေတော့သည်။ ဒီတော့ မောင်လူအေးလေး စိတ်ရှုပ်သွားမိသည်။

သူ့မှာ အဖေလို့ ခေါ်နေကြဖြစ်တဲ့ သူ့အဖိုးရယ်၊ အဖေစိုးလို့ ခေါ်ရတဲ့ သူ့ပထွေးရယ်၊ ခုနောက်တစ်ယောက် အဖေရင်းလို့ ပြောနေတဲ့ ဦးမောင်မောင်ဆိုတဲ့ လူကြီးရယ်။ နောက်တော့ အိမ်နီးနားချင်းတွေက ရှင်းပြတော့မှ သူ့ဘဝ ဇာတ်လမ်းစုံကို တစတစ သိမြင်လာခဲ့တော့သည်။


(၃)

" ဒါ ငါ့ ကလေး ဟုတ်ရဲ့လား"

ဒေါသတကြီးနဲ့ ပြောနေတဲ့ ဦးဖိုးမောင်ကို ဒေါ်ခင်ရွှေ ရှင်းပြမနေချင်တော့ပါ။ ရှမ်းစောဘွားမျိုးရိုးမှ ဆင်းသက်လာတဲ့သူဆိုတော့ စိတ်ကြီးသည်။ မာနကြီးသည်။ မိုးကုတ်မှာ ကျောက်တွင်းတွေ အများကြီး ပိုင်ဆိုင်ပြီး ရွှေပေါ်မြတင် နေလာခဲ့သူကို ဒီလို စကားမျိုးတွေနဲ့ ထိကပါး ရိကပါး ပြောလာတော့ အသဲ တွေတဆတ်ဆတ် နာလှသည်။ ရှင် အဲ့လောက်တောင် သံသယရှိနေရင် ကျွန်မကို ကွာရှင်းလိုက်လို့ တစ်ခွန်းတည်း ပြောပြီးတဲ့ နောက်မှာတော့ သူတို့ အိမ်ထောင်ရေးက သာသာယာယာ မရှိတော့ပါ။

တကယ်ဆို ကလေးတွေပဲ ၄ ယောက် ထွန်းကားနေခဲ့ပြီ။ အခုချိန်ထိ ဇနီးမယားအပေါ်မှာ ယုံကြည်ချက် ကင်းမဲ့နေသော သူ့ခင်ပွန်းကို စိတ်နာလွန်းလှသည်။ ခင်ပွန်းသည်ဆိုပေမဲ့ ဘာမှ အားကိုးလို့က မရ။ ဒီမိသားစုရဲ့ စားဝတ်နေရေးကို ဒေါ်ခင်ရွှေတစ်ယောက်တည်း ရုန်းကန်နေရသည်ပင် မဟုတ်ပါလား။ သူ့ကျောက်တွင်းမှာ အလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေ အများကြီးရှိသည်။ ဒီထဲကမှ မောင်ရဲဒင်သည် အလုပ်ကြိုးစားသူ တစ်ဦး ဖြစ်သည်။

(၄)

မောင်ရဲဒင်က ကျောက်တွင်းတွေမှာ ဦးစီးဦးဆောင်လုပ်နိုင်သူ ဖြစ်သည်။ ဒေါ်ခင်ရွှေ အပေါ်မှာလည်း အစ်မရင်း တစ်ဦးလို ကူညီ စောင့်ရှောက်တတ်သူဖြစ်သည်။ ဒီလိုနဲ့ တနေ့ ကျောက်တွင်းမှာ မိုင်းခွဲတော့ မတော်တဆ ဖြစ်ကာ မောင်ရဲဒင် တစ်ယောက် မိုင်းမှန်ပြီး အကြောတွေ ကပ်သွားရှာသည်။ သူ့အမျိုးသမီးနဲ့ သားကလေး ရှိရာ သူ့နေရပ်ကိုလည်း မပြန်လိုတော့ဘဲ သူ့ဘဝကို အဆုံးစီရင်ဖို့ အထိ စိတ်ဓာတ်တွေ ကျသွားခဲ့သည်။ မောင်တစ်ယောက်လို ချစ်ရတဲ့ မောင်ရဲဒင်ရဲ့ သတင်းကိုကြားတဲ့အခါ ဒေါ်
ခင်ရွှေခမျာ နေမထိ ထိုင်မသာ ဖြစ်ခါ မောင်ရဲဒင်ကို ကိုယ်တိုင် ပြုစုပေးရှာသည်။

အစကတည်းက မကြည်မလင် ဖြစ်နေတဲ့ ဒေါ်ခင်ရွှေ၏ အိမ်ထောင်ရေးသည် ဒီမြင်ကွင်းကို တွေ့သွားတဲ့ သူ့ခင်ပွန်းက ရန်ရှာကာ အိမ်မှ နှင်ချလေတော့သည်။ သား နှစ်ယောက် သမီး နှစ်ယောက် ရှိတဲ့ သူ့အိမ်ထောင်ရေးမှာ သားနှစ်ယောက်ကို သူ့ခင်ပွန်းက ယူထားလိုက်ပြီး သမီးနှစ်ယောက် လက်ကို ဆွဲပြီး ရတနာမြေကို စွန့်ခွာခဲ့လေတော့သည်။


herostar

•Wednesday, April 14, 2010

၁။ ညှင်းသိုးသိုး ဖြစ်နေတယ်ထင်လို့ သဲကြိုးလဲ လိုက်တယ်။

၂။ သူ့ရှေ့မှာ 9 mm ကေနဲ့ အူရောင်ငန်းဖျား ဖြစ်သွားတယ်။

၃။ တချိန်ချိန်မှာ အမေ ခေါ်ရမဲ့ အန်တီအေးနဲ့ မိတ်ဆက်တယ်။


၎။ အေးချမ်းမေဘဝနဲ့ တိုင်ပတ်ရမဲ့ ရက်တွေ များတယ်။

၅။ ဂျလွတ်ပလွတ် ဖြစ်နေတာတောင် ပေသီးခေါက်တတ်တာ ငါပေါ့။

၆။ အလွမ်းတွေ ပုလင်းတူ ဗူးဆို့ဖို့ တခါတခါ အော်ဂျက် လုပ်ဖြစ်တယ်။


၇။ အထာမကျလို့ ပေတိုင်းနေမှာပဲ စိုးတာ။

၈။ အရမ်းဝေးတာ သိသွားလို့ သူ စိတ်ပိန်သွားရင် ဒုက္ခ။

၉။ ဆုံခွင့်မရမှာကိုတော့ ကျွတ်ကျဲမိတယ်။


၁၀။ စမုံတုံးဖို့ အလားအလာများရှိရင် သံချောင်းခေါက်ပေးကြပါ။

၁၁။ အော်ဆွေးဖြစ်ချင် ဖြစ်ပါစေ။ ပိုးဟပ်တော့ အဖြစ်မခံနိုင်ဘူး။

၁၂။ ဂွမ်းချင်သလောက်သာ ဂွမ်းပါစေတော့။ လွမ်းတာက တားမရလို့။


herostar

•Saturday, April 10, 2010
ပျော်ပျော်နေ သေခဲ မော်တော်တွေ ရေထဲဆိုတာ ကျွန်တော့်ရဲ့ လက်သုံး စကားတစ်ခုပေါ့ဗျာ။ ခုတော့ မော်တော်တွေ ကုန်းပေါ် ရောက်ကုန်ပေါ့။ အချစ်ဆိုတာ စိတ်ကို အနူးညံ့ဆုံးဖြစ်စေတဲ့ ဘုရင်တစ်ပါး ဖြစ်မယ်ထင်ပါတယ်။ အရင်က အဲ့လောက်ထိ ခံစားလွယ်တဲ့ လူမှ မဟုတ်တာ။ ကမ္ဘာဦးကျမ်းထဲက အာဒံနဲ့ ဧဝ ပန်းသီးစားမိသလို ကျွန်တော်လည်း ဒီအသီးကို စားမိသွားပေါ့။ သူနဲ့ တွေ့ရတဲ့အခါတိုင်း ပျော်သလိုလို ကြည်နူးသလိုလို ရင်ထဲမှာ တလှပ်လှပ်နဲ့ ပြည့်စုံမှုကို ခံစားရတယ်လေ။

ခဏတာ တွေ့ဆုံမှုလေး ပြီးတဲ့နောက်မှာ သူထွက်သွားတော့မယ်လည်းဆိုရော ရေပျော်ငါးလေး တစ်ကောင်ကို ကုန်းပေါ် ဆွဲတင်ထားလိုက်သလို ကျွန်တော့်ခမျာ ဖျတ်ဖျတ်ကို လူးနေတော့တာပါပဲဗျာ။ သူတို့ပျော်ကြမဲ့ ငါးရက်တာ ကာလလေးဟာ ငါး ကမ္ဘာခြားသွားသလို ခံစားနေရပေါ့။ လိပ်ကလေးကို ပက်လက် လှန်လိုက်သလို ယက်ကန်ယက်ကန်နဲ့ ယောင်ချာချာ ဖြစ်နေတော့မှာ အသေအချာပါပဲ။ မြန်မာပြည်က သင်္ကြန်ပွဲကို သွားလည်မဲ့ သိကြားမင်းကြီး ဥရောပကို ရောက်လာပြီး ကျွန်တော့်ချစ်သူကို မလွမ်းရဘူးလို့ လာတားတောင် ကျွန်တော်ကတော့ ဗူးဆို ဖရုံမသီးဘူးပဲ။

လွမ်းဖြစ်အောင်ကို လွမ်းနေမိမှာ အသေအချာပေါ့ဗျာ။ သူ့ကို ခေါင်းတခါခါ လည်တဆန့်ဆန့်နဲ့ မျှော်လွမ်းရင်း ကျွန်တော့် လည်ပင်းကြီး ပြင်သစ်က အီဖဲ မျှော်စင်နဲ့ တိုက်မိလို့ အရေးယူခံရလည်း ကျွန်တော်က မှုမှာ တော့မဟုတ်ပါဘူး။ တယုတယနဲ့ တသိမ့်သိမ့် လွမ်းနေပါ့မယ်။ မျက်ရည်တွေ သွင်သွင်စီးလာလို့ ရေတံခွန်တွေ အားကောင်းလာပြီး မြေထဲပင်လယ်ကြီး လျှံသွားမှာ စိုးရတယ်။ ဥရောပတိုက်သာ ရေမြုပ်သွားရင် အဓိက တရားခံဟာ ကျွန်တော့်ချစ်သူလေးပဲ ဖြစ်ပါလိမ့်မယ်။


ပန်းသီးတစ်လုံးရဲ့ ကောက်ကြောင်းကို ပုံမဖော်တတ်ပေမဲ့ ချစ်တဲ့သူကို ချစ်ကြောင်း ပြောဖို့ တော့ကျွန်တော့်ရင်ဘတ်က အလွမ်းတွေ တစိမ့်စိမ့်ထွက်ပါတယ်။

ဒီနှစ်လည်း လွဲပြန်ပေါ့ ချစ်ရတဲ့ ချစ်သူ သင်္ကြန်ရယ်။

သင်္ကြန်မှာ အားလုံးပျော်ရွှင်ကြပါစေ။

ခင်မင်လေးစားလျက်

herostar
•Tuesday, March 30, 2010
အဆုံးသတ်ကို ကြိုသိထားရင်

ဒီဇာတ်လမ်းက ဒီလောက်ထိ စိတ်ဝင်စားစရာ

ကောင်းမယ် မထင်ဘူး။


မမရယ်...

ကျွန်တော့် အချစ်တွေကို မ,ယူနေသလား အောက်မေ့ရတယ်။

စက္ကန့်တံလေးနဲ့ အတူ ရှေ့တိုးနေတဲ့ ကျွန်တော့် အချစ်တွေမှာ

Back Gear မပါဘူး မမ။


အသက်က ကျွန်တော့်ထက် နှစ် နှစ်ငယ်ပေမဲ့

အချစ်မှာ နှစ်တန်းကြီးနေလို့ မမလို့ပဲ ခေါ်လိုက်ပါတယ်။

မမရိုက်နေကျ ကြက်တောင်လေးလို မမအားကုန်လွှဲရိုက်ဖို့

ကျွန်တော် လူဖြစ်လာခဲ့သလား ထင်နေမိတယ်။

အနီးအဝေး အကြီးအသေးတွေက အချစ်ကို တိုင်းတာတဲ့ ယူနစ်

မဟုတ်မှန်း ကျွန်တော်တို့ လက်ခံထားမယ်ဆိုရင်

ရှောင်လင်ပညာတွေ ခဏခဏသုံးပြီး

အချစ်နဲ့ ဝေးရာကို ပုန်းမနေပါနဲ့တော့ဗျာ။


ဘဝက စိတ်ကို ရင့်ကျက်ဖို့ ဖိအားမပေးခင်မှာ

စိတ်ကြိုး နှစ်စကို အချစ် နဲ့ ထုံးကြရအောင်နော်။

သစ္စာ လည်ဆွဲလေး ထာဝရ မြဲဖို့

ယုံကြည်ခြင်း ပုလဲကုံးတွေ မမကို ပေးမယ်။


ကမ်းလင့်နေတဲ့ လက်တစ်စုံအတွက်

ကန္တာရမှာ မိုးရွာပေးပါနော်...မမ။ ။


herostar

•Monday, March 29, 2010

ကျွန်တော်သည် အိမ်တွင် အကြီးဆုံးသား ဖြစ်သည်။ ညီမလေးတစ်ယောက်ရှိပြီး ကျွန်တော့်ထက် အသက် ၆ နှစ် ငယ်ပါသည်။ တစ်ယောက်တည်း ကစားဖော်မရှိဘဲ ပျင်းနေချိန်မှာ မေမေက ကျွန်တော့်ကို လက်ဆောင်ပေးခြင်း ဖြစ်ပါလိမ့်မည်။ ညီမလေးအတွက် ကိုယ်တိုင် နို့ ဗူးဖျော်ပေးရသည်။ ရေချိုးပေးရသည်။ သနပ်ခါး လိမ်းပေးရသည်။ ညီမလေးက မွေးကတည်းက ၈ ပေါင်ကျော်သည်။ တဖြိုးတည်း ဝလာခဲ့တာ ခုထက်ထိ ဆိုပါတော့။ ဒါ့ကြောင့် ကျွန်တော်က သူ့ကို ဝက်ကလေး လို့ ခေါ်တာက များသည်။ ခေါ်တိုင်းလည်း သူ စိတ်ဆိုးနေကျ ဖြစ်သည်။ ကလေးထိန်းတဲ့ အတတ်ပညာကို ငယ်စဉ်ကတည်းက သင်ကြားခဲ့ရသည်။ သူရယ်အောင် မျောက်က ကပြရသည်။ သီချင်းဆိုပြရသည်။

သူအိပ်ပျော်သွားတဲ့အခါ သူ့ဘေးနားမှာ ခြင်ခြောက်ရင်း ကျွန်တော်လည်း အိပ်ပျော်သွားလေ့ရှိသည်။ သွားကလေးတွေပေါက်လာတော့ ခဏခဏ ကုန်းကိုက်တာ ခံရဖူးသည်။ သူ့သွားလေးတွေ ချွန်အောင် ကျွန်တော့် အသားနဲ့ သွေးတာပဲလေဟု နားလည်ခဲ့ဖူးသည်။ နာပေမဲ့လည်း အံကြိတ်ခံခဲ့ဖူးသည်။ မောင်နှမဆိုလို့ ဒီညီမလေးပဲ ရှိလေတော့ သံယောဇဉ်လည်း ပိုရပါသည်။ ကျောင်းနေစဉ်ကာလတွေမှာဆို ညီမလေးနဲ့ အတူတူ။ ထမင်းချိုင့်လေးကိုယ်စီနဲ့ပေါ့။ ကားလမ်းကူးတိုင်း လက်တွဲမဖြုတ်ကြပါ။

ငယ်ငယ်က ကြက်တောင်ရိုက်တိုင်း အလျော့ပေးရသည်။ ထမင်းအတူစားတိုင်းလည်း အသားဟင်းဆိုရင် သူ့ကို တစ်တုံးပိုထည့် ပေးဖြစ်သည်။ ကျွန်တော်မည်မျှပင် ဆာလောင်နေစေကာမူ သူစားမည်ဆိုရင် မဆာဟန် ဆောင်တတ်ခဲ့သည်။ သူက အရုပ်ကလေးများနှင့် ဆော့ကစားရသည်ကို နှစ်သက်သူ ဖြစ်သည်။ မိန်းကလေးဆိုပေမဲ့ အလှအပ အခြယ်အသများကို အရုပ်လေးများလောက် မက်မောလေ့ မရှိပါ။ အငယ်ဆိုတော့ ဘာမဆို ဦးစားပေးဖြစ်သည်။ သူက ဘာသာရေး ကိုင်းရှိုင်းပြီး ရိုသေလေးစားမှုလည်း အပြည့်ရှိသည်။

အစ်ကို အများစုက ညီ၊ ညီမတွေကို ဖွင့်ဟမပြောသော်လည်း အရမ်းချစ်ကြလိမ့်မည်ဟု ယုံကြည်မိသည်။ ကျွန်တော့်ကို မည်မျှပင် ကဲ့ရဲ့စကားဆိုနေစေကာမူ ကျွန်တော်သည် အပြုံးပျက်လေ့မရှိပါ။ သို့သော် ညီမလေးနှင့် ပတ်သက်လာရင်တော့ ကျွန်တော်ကသာ သူ့ရဲ့ ညံ့ဖျင်းမှုတွေကို ဆုံးမစကားပြောချင်ပြောမည်။ အခြားတစ်ယောက်က ညံ့လိုက်တာဟု ပြောလျှင် မခံမရပ် ဖြစ်မိသည်။ ကျွန်တော် ဆယ်တန်းအောင်တော့ မြန်မာစာက ဂုဏ်ထူး မထွက်ခဲ့ပါ။ ညီမလေးကို မြန်မာစာ ဂုဏ်ထူးပါစေချင်သည်။ ညီမလေးကို ကျေးဇူးတင်မိသည်။ သူ့ဆီမှာ ကျွန်တော် ရသမျှစာတွေကို "၏၊ သည်" မလွဲ စာအံ ခဲ့ဖူးသည်။ တစ်ခုခု မှားလျှင် ညီမလေးက ကြိမ်လုံးနဲ့ လက်ဝါးကို ရိုက်ပါသည်။ သူဆယ်တန်းရောက်တဲ့အချိန်မှာတော့ ကျွန်တော် တက္ကသိုလ်တက်နေပြီ ဖြစ်တဲ့အတွက် အစ်ကို တစ်ယောက်အနေနဲ့ ဘာမျှဂရုမစိုက်နိုင်ခဲ့တော့ပါ။ ဒီ့အတွက် စိတ်မကောင်း ဖြစ်မိသည်။

ဘဝဟူသည် တိုတောင်းလှသည်ဟု ဆိုကြသည်။ ညီမလေးနဲ့ အတူတူ နေခဲ့ရချိန် ၇ နှစ်တာ ကာလသည် ကျွန်တော့်အတွက် အမှတ်တရများကို ဖြစ်စေခဲ့သည်။ ယခုတော့ အိမ်နှင့် ဝေးနေခဲ့သည်မှာ ၁၀ နှစ်ပင် ကျော်ခဲ့လေပြီ။ ငယ်သံယောဇဉ်ဆိုတာ ဘယ်လောက်ထိ ကြီးမားတတ်တယ် ဆိုတာ အားလုံးအသိပင် ဖြစ်ပါလိမ့်မည်။ ညီမလေးကို မည်မျှပင် ချစ်နေစေကာမူ သူ့ရှေ့တွင် ကျွန်တော် ဟန်ဆောင် ကောင်းခဲ့သည်။

အချစ်များစွာကို ဟန်ဆောင်နေရခြင်းသည် စိတ်ကို အလွန်မွန်းကြပ်စေကြောင်း တစတစ သိလာခဲ့သည်။ ဘာပဲ ဖြစ်ဖြစ် အချစ်နဲ့ ပတ်သက်လာရင် ဟန်မဆောင်တာ အကောင်းဆုံးဖြစ်ကြောင်း သိရှိလာချိန်မှာတော့ ကျွန်တော့် ညီမလေးကို ချစ်ကြောင်းပြဖို့ ကျွန်တော့်ရဲ့ အချိန်တွေ သူ့ကို မပေးနိုင်တော့ပါ။ သတိရကြောင်း စာရေးပြောရုံက လွဲလို့ ခုတော့ ဘာတတ်နိုင်တော့မှာလဲလေ။ အတူနေခွင့် ရနေချိန်မှာ မောင်နှမတွေ အချင်းချင်း ချစ်ခင်ကြစေဖို့ ဒီစာလေးကို ရေးဖြစ်သည်။


ခင်မင်လေးစားစွာဖြင့်

herostar

•Thursday, March 25, 2010

သင်္ကြန် ရောက်တော့မယ်။ ကျောင်းတွေ ပိတ်တော့မှာမို့ ဒီအချိန်ဆို အရမ်းပျော်တယ်။ တခါတုန်းက တက္ကသိုလ် Main ရှေ့မှာ ကျောင်းသားအချင်းချင်း အပြန်အလှန် ရေလောင်းရင်း ပျော်မြူးခဲ့ကြဖူးတယ်။ အိမ်မပြန်ခင် သင်္ကြန်ကျသွားတာပေါ့လေ။

ငါလည်း နင့်ကို လောင်းဖို့ရေသန့်တစ်ဗူးဝယ်ထားတယ် သိလား။ ငါကိုယ်တိုင်ရေသန့် ဝယ်မသောက်နိုင် ရင်တောင်မှ နင့်ကိုတော့ သန့်ရှင်းတဲ့ ငါ့မေတ္တာအဖြစ် ဒီရေသန့်လေးနဲ့ လောင်းလိုက်ချင်လို့ပေါ့။ သနပ်ခါးဘဲကြားလေးနဲ့ Main ရှေ့ တမာပင်အောက်က ခုံဝိုင်းလေးမှာ ထိုင်နေတဲ့ နင့်ကို မြင်လိုက်ရတော့ ငါ့ရင်ထဲ အေးချမ်းလိုက်တာဟာ။ ဒီနွေဘယ်လောက်ပဲ ပူပါစေတော့။ နင့်မျက်နှာလေးက ငါ့အတွက် အိုအေစစ်လေးတစ်ခုပါဟာ။ နင့်ပါးထက်က သနပ်ခါးနံ့လေးက တမာရနံ့တွေကို အနိုင်ယူနေခဲ့တယ်လေ။

ငါက နင့်ဘေးကို ရေသန့်ဗူးလေးကိုင်ပြီး ရောက်လာတော့ “တကယ်လောင်းတော့မှာပေါ့လေ” ဆိုပြီး မပွင့်တပွင့်လေးပြုံးပြခဲ့တဲ့ နင့်ကို သင်္ကြန်ရောက်တိုင်း လွမ်းပါတယ်ဟာ။ နောက်တွဲလေးထုံးထားတဲ့ နင့်ဆံပင်လေးကို အသာအယာမပြီး နင့်ကို ငါ ရေလောင်းခဲ့ဖူးတယ်။

ကျန်တဲ့ရေတဝက်နဲ့ နင်ကလည်း ငါ့ကို ပြန်လောင်းခဲ့တယ်လေ။ အညာနွေရဲ့ အပူဒဏ်အောက်မှာ တို့အချင်းချင်း လောင်းခဲ့ကြတဲ့ ရေတွေ အခြောက်မြန်ခဲ့ပေမဲ့ ငါ့နှလုံးသားပေါ် နင်လောင်းခဲ့တဲ့ ရေတွေကတော့ ခုထိစိုနေတုန်းပါပဲဟာ။ ဦးထုပ်ငိုက်စိုက်ဆောင်းတတ်တဲ့ အနက်ရောင် အင်္ကျီအောက်မှာလည်း ဖြူစင်တဲ့ အချစ်တွေ ရှိနေခဲ့ဖူးပါတယ်။

ငါ့ နှလုံးသား သူငယ်တန်းဖတ်စာကို နင်နဲ့ အတူတူ ပထမဆုံး ဖတ်ခဲ့ဖူးတာပါ။ သင်ပုန်းကြီးမကျေသေးတဲ့ နှလုံးသားတစ်စုံနဲ့ ချစ်ခဲ့တာပါ။ တက္ကသိုလ်မှာ ၅ နှစ်ကြာတာတောင် အချစ်ဘာသာမှာ အောင်မှတ်မရခဲ့ဘူး ။ နင်နဲ့သာဆိုရင် ကမ္ဘာဆုံးအောင် ကြာရှည်နေရဖို့ ကြာပန်းတွေခူးပြီး ဘုရားမှာတူတူကပ်ချင်ပါ သေးတယ်။ ဘဝခရီးလမ်းတွေကို ဖြတ်ကျော်တဲ့အခါ နင့်လက်ကလေးကို ဆုပ်ကိုင်ထားချင်မိတယ်။ အချစ်လှေကလေးကို အတူတူစီးရင်း ပျော်ရွှင်စရာလေးတွေ ကြုံချင်ပါသေးတယ်။ ထားခဲ့လို့ နေခဲ့ရပေမဲ့ ငါ နင်ပြန်လာမဲ့ နေ့ကို ဒီနေ့ထိ စောင့်နေဆဲပါဟာ။ ငါ့ကန်လေးထဲက အချစ်တွေဟာ နင့်တစ်ယောက်တည်း အတွက်မို့ပေါ့။

ငါ့နှလုံးသားကန်ထဲမှာ အချစ်တွေပြည့်နေပြီဟ။ ငါ့ ရာသီဥတုကို နင့်စိတ်ကြိုက် ဖန်တီးပါတော့ဟာ။

သိကြားမင်းကြီးကို တိုင်တည်ပါတယ်။ ငါ ကြုံခွင့်ရှိမဲ့ သင်္ကြန်တစ်ခုရောက်ရင် ဘယ်လို အနေအထားမျိုးနဲ့ ပဲဖြစ်ဖြစ် နင့်ကို ရေတစ်ခွက်လောက် လောင်းလိုက်ချင်ပါသေးတယ်…

နင် မြင်တတ်မယ်ဆိုရင် ငါလောင်းမဲ့ရေတွေဟာ အသဲထဲစိမ့်အောင် အေးနေမှာပါ။


ငါ ဆုတောင်းပေးလိုက်တယ်နော်။

နင် ဒီသင်္ကြန်မှာ ပျော်ရွှင်ပါစေဟာ

ခင်မင်လေးစားစွာဖြင့်

herostar

( စိတ်ကူးဖြင့် ပုံဖော်သည်။) :P :P
•Wednesday, March 24, 2010
ဂျာမနီမှာ ထီ တစ်ခါလောက် ပေါက်ဖူးချင်တယ်ဗျာ။ ယူရို ၅ သန်း (မြန်မာငွေ ကျပ် သန်း ၇၅၀၀) လောက်သာ ရမယ်ဆိုရင်တော့ ဒီဘဝ ဘာမှကို မလုပ်တော့ဘူး။ ရတာလေး ဆွတ်ဇာလန်ဘဏ်မှာ တစ်ဝက်အပ်ထားပြီး ကျန်တဲ့ တစ်ဝက်ကို မြန်မာပြည်မှာ ပရဟိတ လုပ်ငန်းတွေ လုပ်ရင်း ဘဝကို ဇိမ်နဲ့ နေလိုက်ချင်တယ်။ ဒါနဲ့ ၅ ယူရို (၇၅၀၀ ကျပ်) ပေးပြီး မနေ့က ထီထိုးလိုက်ပါတယ်။ ထီ ၃ ကွက်ထိုးရင် ၂ ယူရိုခွဲ ပေးရပါတယ်။


ဂျာမနီက 6 aus 49 ဆိုတဲ့ ထီအကြောင်းလေး ပြောပြချင်လို့ ဒီ Post ကို ရေးလိုက်တာပါ။ 6 aus 49 ဆိုတာက ဂဏန်း ၄၉ လုံးမှာ ၆ လုံးတူရင် ထီပေါက်ပြီလို့ ပြောချင်တာပါ။ မြန်မာပြည်မှာဆို ၃ လုံးတို့ ၂ လုံးတို့လိုပေါ့လေ။ သူက ကိုယ်ကြိုက်တဲ့ ဂဏန်းကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိပါတယ်။ ၁ ကနေ ၄၉ ထိ ရှိတဲ့ ဂဏန်းတွေထဲက ကိုယ်ကြိုက်ရာ ဂဏန်း ၆ လုံးကို ပေးထားတဲ့ စာရွက်လေးပေါ်မှာ ကြက်ခြေလိုက်ခတ်ရပါတယ်။ အောက်မှာ ထီထိုးတဲ့အခါ ကြက်ခြေခတ်ရတဲ့ စာရွက်လေးကို ဖော်ပြထားပါတယ်။
ထီတစ်ခါ ထိုးရင် ပေးထားတဲ့ စာရွက်လေးမှာ ၁ ကွက်ကနေ ၁၂ ကွက်ထိ ကိုယ်နှစ်သက်ရာ နှစ်သက်သလို ထိုးခွင့်ရှိပါတယ်။ တစ်ကွက်မှာပါတဲ့ ဂဏန်း ၄၉ လုံးထဲက ကိုယ်နှစ်သက်ရာ ဂဏန်း ၆ လုံးကို ဘောပင်လေးနဲ့ လိုက်ကြက်ခြေခတ်ရပါတယ်။ ပြီးတော့ Spiel 77 တို့ Super 6 တို့ကိုပါ ထိုးချင်သေးတယ်ဆိုရင် ထိုးလို့ ရပါသေးတယ်။ ထိုးမယ်ဆိုရင်တော့ Ja(Yes) ပေါ့။ မထိုးတော့ဘူးဆိုရင်တော့ Nein (No)ပေါ့လေ။ အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့တိုင်း တစ်ပတ် နှစ်ခါ ထီဖွင့်ပါတယ်။ ၆ လုံးလုံးတူတဲ့သူ မရှိသေးဘူးဆိုရင် မရှိသေးသလောက် အဲဒီငွေတွေက ဆတိုးနဲ့ ပုံနေတတ်ပါတယ်။ သူက ၆ လုံးလုံးတူမှ မဟုတ်ပါဘူး။ အနည်းဆုံး ၃ လုံးတူတယ်ဆိုရင်ကို ယူရို ၁၀ ကတော့ ရနေပါပြီ။ အောက်မှာ ဘယ်နှစ်လုံးတူရင် ဆုငွေ ဘယ်လောက်ဆိုတဲ့ ဇယားလေး ရှိပါတယ်။

အပေါ်ဆုံးက First Class မှာ ဆုငွေ ၅,၂၄၃,၉၃၁ ယူရို (ကျပ်သန်း ၇၅၀၀ နီးပါး) ဖြစ်ပါတယ်။ ဒီပမာဏက အတူတူ ပေါက်တဲ့သူ ရှိလာရင်တော့ ဒီဆုကို ခွဲယူရပါတယ်။ သူကတော့ ဖြစ်ခဲပြီး ပေါက်ခဲပါတယ်။ ဂဏန်း ၃ လုံးတူဖို့ ဖြစ်နိုင်ခြေက ၄၄ % တနည်းအားဖြင့် ၆၁ ပုံတစ်ပုံပေါ့လေ။ ဒီတော့ သူကတော့ ဖြစ်နိုင်ခြေ ပိုများပါတယ်။ မြန်မာပြည်က ထီနဲ့စာရင်တော့ ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတာရယ်၊ ဂဏန်း ၆ လုံးပဲ တူဖို့ လိုတာရယ် ဆိုတော့ အားကျမိတာတော့ အမှန်ပါ။ ပေါက်လိုက်ရင်လည်း တစ်ဘဝစာ လုံလောက်တယ်ဆိုတော့ ဒီထီကို ထိုးနေမိတာ ယူရို ၅၀ နီးပါးတော့ ကုန်နေပါပြီ။ ခုထိ ၂ လုံးပဲ တူပြီး ၃ လုံးကို တခါမှ မတူသေးလို့ ယူရို ၁၀ တောင် ပြန်တော့ မရဖူးသေးပါဘူး။ ဒါကတော့ မနေ့က ကျွန်တော်ထိုးထားတဲ့ စာရွက်လေးပေါ့။

၂၄.၀၃.၂၀၁၀ အတွက်နဲ့ ၂၇.၀၃.၂၀၁၀ နေ့အတွက် ထိုးထားတဲ့ ထီစာရွက်လေးပါ။ ဒီနေ့ထွက်သွားတဲ့ ဂဏန်းကတော့ အောက်မှာ ပြထားတဲ့အတိုင်း ဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်က ၃ ကွက်ထိုးထားတဲ့ အထဲမှာ အလယ်ကွက်မှာ ၂ လုံးပဲ တူလေတော့ ဘာဆုမှ မရဘူးပေါ့ဗျာ။ ထိုးထားတဲ့ ၃ ကွက်မှာ ၄ လုံးတော့ တူပါရဲ့။ တူတာက တစ်ကွက်တည်းမှာ လာမတူပဲ ကျန်တဲ့ နှစ်လုံးက အခြားတစ်ကွက်စီမှာ ပါနေလို့ပေါ့။ ၄ လုံးလုံးသာ တစ်ကွက်တည်းမှာ တူပြီး Bonus No ရောပါ တူမယ်ဆိုရင်တော့ ယူရို ၁၆၀ ကျော်( မြန်မာငွေ ၂ သိန်းကျော်) လောက်တော့ ရဦးမှာပေါ့လေ။ ခုတော့ ထိုးထားတဲ့ ထီ ၃ ကွက်ဖိုး ၂ ယူရိုခွဲ ( ကျပ် သုံးထောင်ကျော်) တော့ ပလုံသွားတာပေါ့လေ။

ဒီထီက စနေနေ့လည်း ဖွင့်ဦးမှာဗျ။ အဲဒီနေ့တွက်ပါ ဒီဂဏန်းတွေပဲ ထပ်ထိုးထားတယ်လေ။ ၆ လုံးလုံးသာတူပြီး Superzahl နံပါတ်ရောပါ တူခဲ့လို့ကတော့ မြန်မာငွေ ကျပ်သန်း ၇၅၀၀ ကျော်ပေါ့ဗျာ။ ဒါဆိုရင်တော့ ကျွန်တော့် ဘလော့မှာ Comment ဝင်ပေးတဲ့ သူမှန်သမျှကို ဥရောပအနှံ့ အလည်လိုက်ပို့ ပစ်လိုက်မှာ သေချာတယ်။

ခုတော့ ဒီနေ့ ထီမပေါက်တာနဲ့ စိတ်ညစ်လို့ ကျွန်တော့် မိတ်ဆွေတွေတွက် ဂျာမနီထီ အကြောင်း ဝေမျှလိုက်ပါကြောင်း။

ခင်မင်လေးစားစွာဖြင့်

herostar