b သူရဲကောင်းကြယ်: ဂျာမနီ ထီ
•Wednesday, March 24, 2010
ဂျာမနီမှာ ထီ တစ်ခါလောက် ပေါက်ဖူးချင်တယ်ဗျာ။ ယူရို ၅ သန်း (မြန်မာငွေ ကျပ် သန်း ၇၅၀၀) လောက်သာ ရမယ်ဆိုရင်တော့ ဒီဘဝ ဘာမှကို မလုပ်တော့ဘူး။ ရတာလေး ဆွတ်ဇာလန်ဘဏ်မှာ တစ်ဝက်အပ်ထားပြီး ကျန်တဲ့ တစ်ဝက်ကို မြန်မာပြည်မှာ ပရဟိတ လုပ်ငန်းတွေ လုပ်ရင်း ဘဝကို ဇိမ်နဲ့ နေလိုက်ချင်တယ်။ ဒါနဲ့ ၅ ယူရို (၇၅၀၀ ကျပ်) ပေးပြီး မနေ့က ထီထိုးလိုက်ပါတယ်။ ထီ ၃ ကွက်ထိုးရင် ၂ ယူရိုခွဲ ပေးရပါတယ်။


ဂျာမနီက 6 aus 49 ဆိုတဲ့ ထီအကြောင်းလေး ပြောပြချင်လို့ ဒီ Post ကို ရေးလိုက်တာပါ။ 6 aus 49 ဆိုတာက ဂဏန်း ၄၉ လုံးမှာ ၆ လုံးတူရင် ထီပေါက်ပြီလို့ ပြောချင်တာပါ။ မြန်မာပြည်မှာဆို ၃ လုံးတို့ ၂ လုံးတို့လိုပေါ့လေ။ သူက ကိုယ်ကြိုက်တဲ့ ဂဏန်းကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိပါတယ်။ ၁ ကနေ ၄၉ ထိ ရှိတဲ့ ဂဏန်းတွေထဲက ကိုယ်ကြိုက်ရာ ဂဏန်း ၆ လုံးကို ပေးထားတဲ့ စာရွက်လေးပေါ်မှာ ကြက်ခြေလိုက်ခတ်ရပါတယ်။ အောက်မှာ ထီထိုးတဲ့အခါ ကြက်ခြေခတ်ရတဲ့ စာရွက်လေးကို ဖော်ပြထားပါတယ်။
ထီတစ်ခါ ထိုးရင် ပေးထားတဲ့ စာရွက်လေးမှာ ၁ ကွက်ကနေ ၁၂ ကွက်ထိ ကိုယ်နှစ်သက်ရာ နှစ်သက်သလို ထိုးခွင့်ရှိပါတယ်။ တစ်ကွက်မှာပါတဲ့ ဂဏန်း ၄၉ လုံးထဲက ကိုယ်နှစ်သက်ရာ ဂဏန်း ၆ လုံးကို ဘောပင်လေးနဲ့ လိုက်ကြက်ခြေခတ်ရပါတယ်။ ပြီးတော့ Spiel 77 တို့ Super 6 တို့ကိုပါ ထိုးချင်သေးတယ်ဆိုရင် ထိုးလို့ ရပါသေးတယ်။ ထိုးမယ်ဆိုရင်တော့ Ja(Yes) ပေါ့။ မထိုးတော့ဘူးဆိုရင်တော့ Nein (No)ပေါ့လေ။ အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့တိုင်း တစ်ပတ် နှစ်ခါ ထီဖွင့်ပါတယ်။ ၆ လုံးလုံးတူတဲ့သူ မရှိသေးဘူးဆိုရင် မရှိသေးသလောက် အဲဒီငွေတွေက ဆတိုးနဲ့ ပုံနေတတ်ပါတယ်။ သူက ၆ လုံးလုံးတူမှ မဟုတ်ပါဘူး။ အနည်းဆုံး ၃ လုံးတူတယ်ဆိုရင်ကို ယူရို ၁၀ ကတော့ ရနေပါပြီ။ အောက်မှာ ဘယ်နှစ်လုံးတူရင် ဆုငွေ ဘယ်လောက်ဆိုတဲ့ ဇယားလေး ရှိပါတယ်။

အပေါ်ဆုံးက First Class မှာ ဆုငွေ ၅,၂၄၃,၉၃၁ ယူရို (ကျပ်သန်း ၇၅၀၀ နီးပါး) ဖြစ်ပါတယ်။ ဒီပမာဏက အတူတူ ပေါက်တဲ့သူ ရှိလာရင်တော့ ဒီဆုကို ခွဲယူရပါတယ်။ သူကတော့ ဖြစ်ခဲပြီး ပေါက်ခဲပါတယ်။ ဂဏန်း ၃ လုံးတူဖို့ ဖြစ်နိုင်ခြေက ၄၄ % တနည်းအားဖြင့် ၆၁ ပုံတစ်ပုံပေါ့လေ။ ဒီတော့ သူကတော့ ဖြစ်နိုင်ခြေ ပိုများပါတယ်။ မြန်မာပြည်က ထီနဲ့စာရင်တော့ ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတာရယ်၊ ဂဏန်း ၆ လုံးပဲ တူဖို့ လိုတာရယ် ဆိုတော့ အားကျမိတာတော့ အမှန်ပါ။ ပေါက်လိုက်ရင်လည်း တစ်ဘဝစာ လုံလောက်တယ်ဆိုတော့ ဒီထီကို ထိုးနေမိတာ ယူရို ၅၀ နီးပါးတော့ ကုန်နေပါပြီ။ ခုထိ ၂ လုံးပဲ တူပြီး ၃ လုံးကို တခါမှ မတူသေးလို့ ယူရို ၁၀ တောင် ပြန်တော့ မရဖူးသေးပါဘူး။ ဒါကတော့ မနေ့က ကျွန်တော်ထိုးထားတဲ့ စာရွက်လေးပေါ့။

၂၄.၀၃.၂၀၁၀ အတွက်နဲ့ ၂၇.၀၃.၂၀၁၀ နေ့အတွက် ထိုးထားတဲ့ ထီစာရွက်လေးပါ။ ဒီနေ့ထွက်သွားတဲ့ ဂဏန်းကတော့ အောက်မှာ ပြထားတဲ့အတိုင်း ဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်က ၃ ကွက်ထိုးထားတဲ့ အထဲမှာ အလယ်ကွက်မှာ ၂ လုံးပဲ တူလေတော့ ဘာဆုမှ မရဘူးပေါ့ဗျာ။ ထိုးထားတဲ့ ၃ ကွက်မှာ ၄ လုံးတော့ တူပါရဲ့။ တူတာက တစ်ကွက်တည်းမှာ လာမတူပဲ ကျန်တဲ့ နှစ်လုံးက အခြားတစ်ကွက်စီမှာ ပါနေလို့ပေါ့။ ၄ လုံးလုံးသာ တစ်ကွက်တည်းမှာ တူပြီး Bonus No ရောပါ တူမယ်ဆိုရင်တော့ ယူရို ၁၆၀ ကျော်( မြန်မာငွေ ၂ သိန်းကျော်) လောက်တော့ ရဦးမှာပေါ့လေ။ ခုတော့ ထိုးထားတဲ့ ထီ ၃ ကွက်ဖိုး ၂ ယူရိုခွဲ ( ကျပ် သုံးထောင်ကျော်) တော့ ပလုံသွားတာပေါ့လေ။

ဒီထီက စနေနေ့လည်း ဖွင့်ဦးမှာဗျ။ အဲဒီနေ့တွက်ပါ ဒီဂဏန်းတွေပဲ ထပ်ထိုးထားတယ်လေ။ ၆ လုံးလုံးသာတူပြီး Superzahl နံပါတ်ရောပါ တူခဲ့လို့ကတော့ မြန်မာငွေ ကျပ်သန်း ၇၅၀၀ ကျော်ပေါ့ဗျာ။ ဒါဆိုရင်တော့ ကျွန်တော့် ဘလော့မှာ Comment ဝင်ပေးတဲ့ သူမှန်သမျှကို ဥရောပအနှံ့ အလည်လိုက်ပို့ ပစ်လိုက်မှာ သေချာတယ်။

ခုတော့ ဒီနေ့ ထီမပေါက်တာနဲ့ စိတ်ညစ်လို့ ကျွန်တော့် မိတ်ဆွေတွေတွက် ဂျာမနီထီ အကြောင်း ဝေမျှလိုက်ပါကြောင်း။

ခင်မင်လေးစားစွာဖြင့်

herostar
This entry was posted on Wednesday, March 24, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

4 comments:

On March 25, 2010 at 12:42 AM , johnmoeeain said...

ဗျို့ comment ပေးမှ လိုက်ပို့မှာလား.....
ထီသာပေါက်လို့ကတော့ တစ်ကမ္ဘာလုံးအနှံ့ လျှောက်လည်ပစ်လိုက်နော်.... :) လကမ္ဘာကြီးတော့ မလည်ပါနဲ့... ဈေးကြီးလွန်းတယ်...။

ထီမြန်မြန်ပေါက်ပါစေနော်..... :D

 
On March 25, 2010 at 4:30 AM , Anonymous said...

ထီထိုးတယ်ဆိုတာ လူတွေကို မက်လုံးပေးပြီးငွေလှည့်ယူတယ်ဆိုတဲ့အစွဲက ရှိနေခဲ့တော့ ထီကိုမထိုးဖြစ်ဘူး..
ငယ်ငယ်က အမေ့ရဲ့အိပ်ခန်းတံခါးနောက်ကအိတ်ထဲမှာမပေါက်တဲ့ ထီစာရွက်တစ်ထပ်ကြီးကိုသတိရမိတယ်..
တစ်နေ့ပေါက်နိုးပေါက်နိုးနဲ့စောင့်ခဲ့ရတာအမောပေါ့...
ဘာလို့လဲဆိုတော့ အဖေကပြောတယ် ထီပေါက်ရင် ဟိုဘက်နိုက်လဲမုန့် ဒီဘက်နိုက်လဲမုန့် ...
မုန့်တွေအများကြီးဝယ်ပေးမယ်တဲ့..
စိတ်ကူးနဲ့တင်ပျော်ရွင်ခဲ့ရပါတယ်..
ိအကယ်၍ ဒီထီသာပေါက်ခဲ့ရင် အဖေနဲ့ အမေ ကို ဥရောပ ခရီး အလည်ပို့ချင်ပါတယ်။

 
On March 25, 2010 at 5:05 PM , khin oo may said...

ပေါက်ပါစေဗျာ.

 
On March 27, 2010 at 5:20 PM , Shinlay said...

ထီပေါက်အောင်ဆုတောင်းပေးပါတယ်။
ကျမကတော့ ထီထိုးတာဝါသနာမပါပါဘူး။
ကိုသောမတ်စ်ကတော့ ရံဖန်ရံခါ ထိုးလေရဲ့ ။
ဲပြီးရင် ထီလက်မှတ်တွေ ဘုရားစင်ပေါ် တင်ထားတာ
တွေတာပဲ။ အခုထိတော့ မပေါက်သေးဘူး။
၂၀၊ ၃၀ လောက်တော့ရတာကြားဖူးတာပဲ။