b သူရဲကောင်းကြယ်: 2014
•Tuesday, July 01, 2014
ကျွန်တော် ငယ်ငယ်က စာဖတ်ဝါသနာ အတော်ကြီးခဲ့ဖူးတယ်ဗျ.. အဲ ဖတ်လိုက်ရင်လည်း ဆရာကြီး မင်းသိင်္ခရဲ့ စုံထောက်ဝတ္ထုတွေရယ်၊ တာရာမင်းဝေရဲ့ အချစ်ဝတ္ထုတွေအဖတ်များခဲ့တယ်..ပြီးတော့ နီကိုရဲ.. ခုတော့ ဒီစာရေးဆရာကြီးတွေ မရှိတော့ပေမဲ့ သူတို့စာတွေကနေ တဆင့် သူတို့ရဲ့ စိတ်ထားတွေ ကူးစက်ခဲ့ဖူးတယ် ဖြစ်ချင်တာဖြစ် မောင်ဘချစ် ဝတ္ထုကို ဖတ်ပြီးတဲ့နောက်ပိုင်း ဇာတ်လမ်းထဲက မောင်ဘချစ်ဟာ ကျွန်တော်ကိုယ်တိုင် ဖြစ်လာခဲ့ဖူးတယ်။ စိတ်ညစ်တယ်လို့ သူငယ်ချင်းတွေဆီက ကြားတဲ့အခါ တပည့်တွေဆီက ကြားတဲ့အခါ ချစ်သူဆီက ကြားတဲ့အခါ ကျွန်တော် စိတ်ညစ်ခြင်းတွေ နေရာရွေ့တတ်လာခဲ့တယ်။ ကလေးဘဝမှတ်မှတ်ရရ စိတ်ညစ်ခဲ့ဖူးတဲ့ အချိန်တစ်ချိန်ရှိခဲ့ဖူးတယ်။ ဒုတိယတန်းတုန်းကပေါ့။ ကျွန်တော့် မိဘတွေက သာမန်ကုန်သည်မျိုးရိုးကပါ။ အဆင်းရဲကြီး မဟုတ်ခဲ့ပေမဲ့ မုန့်ဖိုးကိုင်သုံးနိုင်တဲ့ အနေအထားတော့ ရှိခဲ့ပါတယ်။ သူငယ်ချင်းတွေထဲမှာ ချမ်းသာတဲ့လူတွေရှိခဲ့ဖူးတယ်။ အရင်တုန်းကတော့ လူတိုင်းနဲ့ ပေါင်းပါတယ် တနေ့တော့ ချမ်းသာတဲ့ သူငယ်ချင်းရဲ့ ကွန်ပါဘူးထဲက ငွေ ငါးမူးပျောက်သွားတယ်ဗျ။ အတန်းထဲက ကျောင်းသားအားလုံးကို မတ်တပ်ရပ်စေပြီး ရှာတာပေါ့။ ကျွန်တော့် ကွန်ပါဗူးထဲက ငါးမူးစေ့ကို ပျောက်တဲ့ သူငယ်ချင်းက သူ့ငါးမူးပါဆိုပြီး ဆရာမကို ပြောပါတော့တယ်။ ရှက်ခြင်း ဒေါသဖြစ်ခြင်းတွေနဲ့ မျက်ရည်များစွာနဲ့ ဆရာမကို အိမ်ကပေးလိုက်တဲ့ အကြောင်းပြောပေမဲ့ ဆရာမက မယုံခဲ့ပါဘူး။ ချမ်းသာတဲ့ ကျောင်းသားပဲ ငါးမူးကိုင်နိုင်တဲ့ခေတ်ဆိုတော့ ကျွန်တော့်ကို ဆရာမက အထင်သေးခဲ့ပါတယ်။ ကျွန်တော့်မိဘကို အထင်သေးခြင်းရှိနေတဲ့ စိတ်ခံလည်းရှိနေလေတော့ မိဘကို မတိုင်ဖို့ ကျွန်တော့်ငွေ ငါးမူးပေး ချမ်းသာတဲ့ သူငယ်ချင်းကို ပေးလိုက်ပါတယ်။ အတန်းထဲမှာ သူခိုးတစ်ယောက်အဖြစ် ကျောင်းဆက်တက်နေခဲ့ ရတဲ့အချိန်တွေကို တော်တော်မုန်းခဲ့ဖူးပါတယ် မိဘတွေ စိတ်ဆင်းရဲမှာစိုးတာရယ်၊ ပြဿနာဖြစ်တိုင်း ကျွန်တော့်ကိုပဲ အရင်ဆုံး ဆုံးမလေ့ရှိတဲ့ မိဘတွေကြောင့် ဘာမှ ပြန်မပြောဖြစ်တာက များပါတယ်၊ သူငယ်ချင်းခုံမင်တဲ့ ကျွန်တော် ဘဝတူတွေကိုပဲ ရွေးပေါင်းတော့တယ်။ ဒုတိယတန်းကျောင်းသားလေးဆိုပေမဲ့ သူ့မှာလည်း သူ့သိက္ခာနဲ့ သူဆိုတာ ကျွန်တော့် ဆရာမကို သိစေချင်ခဲ့ဖူးတယ်။ ခုတော့ ဆရာမကို ကျေးဇူးတင်နေမိတယ်။ ဆရာမကြောင့် စိတ်ဓာတ်တွေ ရင့်ကျက်ခဲ့ပြီး ကိုယ့်လိပ်ပြာ ကိုယ်လုံခြင်းဖြင့် စိတ်အားငယ်မှုကို တွန်းလှန်နိုင်ခဲ့ဖူးတယ်။ အခံရခက်ခဲ့ပေမဲ့ အခုတော့ ကျင့်သားရလာခဲ့တယ်။ နောက်တကြိမ်က စတုတ္ထတန်းအောင်တော့ မိဘဆရာနှစ်ပတ်လည်နှင့် ဆုနှင်းသဘင်တစ်ခုမှာပေါ့။ ငယ်ကတည်းက ဘောင်းဘီအဝတ်များခဲ့တာက ပြဿနာကို ဖြစ်စေခဲ့တာပါ။ ဆုတက်ယူစဉ် စိတ်လှုပ်ရှားပြီး လူပုံအလည် ပုဆိုးကျွတ်ကျတာဗျ။ တစ်ပတ်လောက် အိမ်အပြင်မထွက်ရဲလောက်အောင် စိတ်ညစ်ခဲ့ဖူးပါတယ် ခုတော့လည်း စိတ်ညစ်တယ်ဆိုတဲ့ အရာတွေဟာ ပြန်ပြောလို့ ကောင်းတဲ့ ရယ်စရာဟာသတွေ ဖြစ်လာခဲ့တယ်။ ဒါ့ကြောင့် စိတ်ညစ်စရာကြုံတိုင်း စိတ်ထဲမှာ စွဲစွဲမြဲမြဲရှိနေတဲ့ စကားတစ်ခွန်းက ခုကြုံနေရတဲ့ ပြဿနာဟာ ဘာမှ မဟုတ်သေးဘူး။ ဒီထက်ကြီးမားတဲ့ ပြဿနာတွေ အများကြီး ကျန်သေးတယ်။ ဖြေရှင်းလို့ရတဲ့ ကိစ္စရပ်တိုင်းကို ပြဿနာလို့ နာမည် မတပ်တော့ပါဘူး။ ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ်တွေပဲလို့ ဖြေတွေးလေး တွေးတတ်လာတယ်။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက ဘဝတွေမှာ ဘာမှ စိတ်ညစ်စရာမလိုဘူး။ အချိန်တန်ရင် အားလုံးပြီးသွားမှာပါ။ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ထူးဆန်းတဲ့ ကိစ္စရပ်ဆိုတာ ဒီလောကမှာ ဘာမှ မရှိဘူးလို့ လက်ခံနိုင်လာတဲ့အထိ စိတ်ကို ကျင့်ခဲ့ဖူးတယ်။ ဒီစာစုက စိတ်ညစ်နေတဲ့ လူတွေကို တစ်ထောင့် တစ်နေရာကနေ ပြေလျော့နိုင်ပါစေ။ herostar

•Saturday, June 07, 2014
အဖြစ်အပျက်ကလေးကို မတင်ပြမီ စက်ဘီးနဲ့ ပတ်သက်တဲ့ ဥပဒေများကို ပြောပြချင်ပါတယ်

၁။ ဘယ်မောင်း ဖြစ်သည့် အတွက် လမ်းဘယ်ဘက်ကို ကပ်စီးရပါတယ်၊
၂။ လူသွားလမ်းမှာ စက်ဘီးမစီးရပါ။
၃။ ဒါလေးပြထားရင်တော့ လူသွားလမ်းမှာ စီးလို့ ရပါတယ်
၎။ စက်ဘီးမှာ ရှေ့မီး၊ နောက်မီး ဘဲလ် ပါဖို့ လိုပါတယ်။ မပါရင် ရဲက ဒဏ်ရိုက်ပါလိမ့်မယ်။
၅။ စက်ဘီးရဲ့ ဘောင်မှာ လိုင်စင်အမှတ်အသားနဲ့ ဘောင်နံပါတ်ပါပါတယ်။ ဘီးလိုင်စင်လက်ဝယ်ရှိတဲ့အခါ အခိုးခံရရင် ဘောင်နံပါတ်ကို ပြောလိုက်ရုံပါပဲ။
၆။ Parking မဟုတ်တဲ့နေရာမှာ စက်ဘီးရပ်ထားခဲ့ရင် မြို့တော်စည်ပင်က သိမ်းတာခံရပါလိမ့်မယ်။

ဒီ law တွေကို အရင်က မသိပါဘူး။ ဖြစ်ပုံက ဒီလို။ Kyoto ကနေ Osaka ကို experiment တစ်ခု လုပ်ဖို့ ရှိတာနဲ့ သွားတဲ့ နေ့ကပေါ့။ katsura Station ဘူတာရုံအောက်မှာ No Parking ဆိုတဲ့ စာတန်းလေးတွေ့တယ်။ အင်္ဂလိပ်လို ရေးထားတာက နည်းတယ်။ ဘူးသီးကြော်တွေက များတော့ နားမလည်တာလည်း ပါတာပေါ့။ No Parking ဆိုင်းဘုတ်အောက်မှာ ရပ်ထားတဲ့ ဘီးတွေက မနည်းပါဘူး။ ဒါနဲ့ ကိုယ်လည်း ရောယောင်ပြီး စက်ဘီးကို ရပ်ထားခဲ့လိုက်တယ်။ အဲ ပြန်လာတော့ အေးဆေးပဲဗျ။

ဒါနဲ့ နောက်နေ့ကျတော့ No Parking ရှေ့မှာ စက်ဘီးထားခဲ့ရတာ စိတ်မသန့်တာနဲ့ Family Mark ဆိုတဲ့ Mini Mark တစ်ခု ရှေ့မှာ အခြားဘီးတွေနဲ့ အတူ ရပ်ထားခဲ့လိုက်တယ်။ Osaka က ပြန်လာတော့ စက်ဘီးကမရှိတော့ဘူးဗျ။ ဒါနဲ့ နီးစပ်ရာကို လိုက်ကြည့်တော့လည်း အစအနတောင် မတွေ့တာနဲ့ တစ်ယောက်ယောက် ယူသွားသလားပေါ့။ ဒီလောက် ညံ့တဲ့ဘီး တော်တန်ရုံလူကလည်း မယူလောက်ပါဘူးပေါ့လေ။
ဒါနဲ့ ဘူတာရုံထဲက Information Center မှာ မေးလိုက်တော့မှ Parking မထိုးရမဲ့နေရာဖြစ်ဖြစ်၊ ဆိုင်တစ်ခုခုရှေ့မှာ ၃ နာရီထက် ပိုကြာကြာထားမိခဲ့ရင် ဖြစ်ဖြစ် မြို့တော်စည်ပင်က သိမ်းလေ့ရှိတဲ့အကြာင်း သိရပါတော့တယ်။ နောက်တော့ Kyoto City မှာ စက်ဘီး Parking မှားထိုးတာကို လိုက်ဖမ်းတဲ့ အဖွဲ့အများကြီးရှိကြောင်း၊ ပြန်ရွေးရမဲ့ ဌာန ၆ ခု ရှိကြောင်း၊ ဘယ် အပိုင်းဆို ဘယ်ဌာနမှာ လိုက်ရွေးရတယ် စသဖြင့် စေ့စေ့ငှငှ သိရပါတော့တယ်။

ဒါနဲ့ ရထားတစ်ခါ ကားတစ်ခါ စီးပြီး စက်ဘီးလိုက်ရွေးရပါတော့တယ်။ ဂျပန်ယမ်း ၂၃၀၀ ကျပါတယ်။ ပြန်ရွေးတဲ့အခါ စက်ဘီးဝယ်တုန်းက နံပါတ်တွေ လိုပါတယ်။ ပြီးတော့ လမ်းပေါ်မှာ သော့မပါဘဲ ရပ်ထားတဲ့ စက်ဘီးတွေတွေ့ရင် ပစ်ထားတဲ့ ဘီးတွေမှန်း သိနိုင်ပေမဲ့ ပိုင်ရှင် မပေးပဲ ယူဖို့ စိတ်မကူးပါနဲ့။ ရဲနဲ့တွေ့တဲ့အခါ လိုင်စင်ပြဖို့ ခက်ပါတယ်။

စက်ဘီးအသစ်ဆို ဈေးများပါတယ်။ ခဏပဲ စီးမှာဆိုရင်တော့ Recycle ဆိုင်တွေမှာ Used Bicycle ကို ဝယ်သုံးတာက ဈေးသက်သာပါတယ်။ (6500 to 9500 Yan, 2014) ။ အတွေ့အကြုံ လက်ဆင့်ကမ်းရုံ သက်သက်ပါ။ ဂျပန်စကား နဂန်းတစ်လုံးမှ မတတ်ဘဲ သုံးလနီးပါးနေရတာ တခါတခါတော့ စိတ်လေပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေနဲ့ စာရင်တော့ ယဉ်ကျေးပျူ ငှာပြီး ဖော်ရွေကြပါတယ်။

အလုပ်ဘယ်လောက်ပဲ များများ နေ့လည် ၁၂ ထိုးတာနဲ့ ထမင်းစားချိန်ဆိုရင် လူစုံအောင် စောင့်ပြီးမှ ထမင်းအတူတူစားရတာကိုတော့ တကယ်ပဲ နှစ်သက်မိပါတယ်။ ထမင်းစားတာ နောက်ကျနေရင် အကုန်လုံးက စောင့်ပေးနေကြပါသေးတယ်။ ထမင်းမစားခင် လက်အုပ်တစ်ခါ ချီပြီး စားပြီးတဲ့အခါလည်း လက်အုပ်တစ်ခါ ချီ ပြီး အရိုအသေပေးကြပါသေးတယ်။

စက်ဘီးနဲ့ပတ်သက်ပြီး ထပ်တိုးရမဲ့ ဥပဒေက

၆။ Parking မဟုတ်တဲ့နေရာမှာ စက်ဘီးရပ်ထားခဲ့ရင် မြို့တော်စည်ပင်က သိမ်းတာခံရပါလိမ့်မယ်။
(2300 Yan) to pay for that.

ဂျပန်မှာ စက်ဘီးစီးရတာ တန်ပါတယ်။ ကားခက အလွန်ဈေးကြီးပါတယ်။ Kyoto မြို့ထဲမှာဆိုရင် ဘယ်နားစီးစီး ယမ်း ၂၃၀ ပါ။ မြိုအစွန်းကျတဲ့အခြမ်းမှာဆိုရင်တော့ ၃ မှတ်တိုင်ထိကို ၁၆၀ ယမ်းကနေ ၂၄၀၊ ၃၆၀ စသဖြင့်။ သေချာတာကတော့ ဂျပန်မှာ Bus ကားခ ဈေးကြီးပါတယ်။ စက်ဘီးလေးရှိရင်တော့ ဟိုနားဒီနား သွားရတာ လွယ်ကူတဲ့အတွက် လူအများစု စက်ဘီးစီးနေတာကို တွေ့ရမှာပါ။

ကျွန်တော်နေတဲ့ မန်းလေးမြို့မှာ ၁၀ နှစ်အတွင်း စက်ဘီးစီးတဲ့သူတွေ လျော့သွားတာ သိသာလွန်းပါတယ်။ ပြီးတော့ ဆိုင်ကယ်တွေများလာပြီး လူသေတာလည်း များလာပါတယ်။ ဖြေရှင်းရန် နည်းတစ်ခုကတော့ ဟိုနားဒီနားဆိုရင် စက်ဘီးပြန်စီးခြင်းအားဖြင့် ကျန်းမာရေးအတွက် ကောင်းစေသလို ဆိုင်ကယ် Accident ကိုလည်း လျော့နိုင်တာပေါ့။

ခင်မင်လေးစားစွာဖြင့်

herostar



•Thursday, May 22, 2014








တိတ်ဆိတ်လွန်းတော့လဲ
ပူညံပူညံ လုပ်တတ်တဲ့
ချစ်ဇနီးလေးကို သတိရတယ်

တိတ်ဆိတ်လွန်းတော့လဲ
အိပ်ကောင်းတဲ့အချိန်နို့ထတိုက်ရတဲ့
သားသားလေးကို သတိရတယ်

တိတ်ဆိတ်လွန်းတော့လဲ
မနက်မိုးလင်းတာနဲ့ ကြားရလေ့ရှိတဲ့
တရားသံတွေကို သတိရတယ်

တိတ်ဆိတ်လွန်းတော့လဲ
အလုပ်များတဲ့အချိန်မှ စာမေးဖို့ဝိုင်းအုံနေတတ်တဲ့
တပည့်လေးတွေကို သတိရတယ်

တိတ်ဆိတ်လွန်းတော့လဲ
ခင်မင်ရင်းနှီးစွာ ပြောတတ်လွန်းတဲ့
လုပ်ဖော်ကိုင်ဘက် ဆရာ/ဆရာမတွေကို သတိရတယ်

တိတ်ဆိတ်လွန်းတော့လဲ
နှစ်ရက်တစ်ခါလောက် ဖုန်းဆက်ပြီး နေကောင်းလားမေးတတ်တဲ့
မေမေ့ကို သတိရတယ်

တိတ်ဆိတ်လွန်းတော့လဲ
အဓိပတိလမ်းပေါ်က အဆက်မပြတ်ရှိနေတတ်တဲ့
ဆိုင်ကယ်သံတွေကို သတိရတယ်

တိတ်ဆိတ်လွန်းတော့
ကိုယ့်ကိုယ်ကို သတိရဖို့တောင်
တခါတခါ မေ့နေတတ်ပြီ MTU ရေ။

                                                 
သူရဲကောင်းကြယ်
•Thursday, May 22, 2014
မြေစွမ်းအားဆိုင်ရာ သင်ခန်းစာတစ်ခုမှာ Attberg Limit or Consistency Limit တွေအကြောင်း သင်နေတုန်း ကျောင်းသားတစ်ယောက်က ထမေးတယ် စမ်းသပ်ချက်လုပ်တဲ့အခါ ဘာ့ကြောင့် 25 Blows ကိုပဲ သုံးသလဲပေါ့၊ အချက် ၂၀ ပဲခေါက်ရင် မရဘူးဘူးလားတဲ့။
မေးခွန်းက လှပေမဲ့ အဖြေရ ကြပ်ပါတယ်။ ရုတ်တရက်အတွေး တခုဝင်လာပြီး တစ်ပေမှာ ဘာ့ကြောင့် ၁၂ လက်မ ဖြစ်နေရတာလဲလို့ ပြန်မေးလိုက်မှ မြန်မြန် သဘောပေါက်သွားတယ်။ တခါတခါ အမေးကို အမေးနဲ့ ပြန်ဖြေလိုက်တာ ပိုထိရောက်မှန်း သိလာရတယ်။