b သူရဲကောင်းကြယ်: November 2009
•Monday, November 30, 2009
တစ်ဆောင်းသစ်လေပြီ

ရာသီစက်ဝန်းတွေ အလီလီပြောင်းခဲ့ပေမဲ့
မဟောင်းသေးတဲ့ အချစ်တွေနဲ့
မင်းကို ချစ်နေလျက်ပါပဲ။

ရွက်ကြွေဘဝမို့
ခပ်ဖွဖွလေးပဲ နင်းလျှောက်ပါနော်
လေအဝှေ့မှာ သူတို့
ငါ့ကို ခေါ်ဆောင်တဲ့အခါ
အလိုက်သင့်လေး ပါသွား ချင်လို့ပါ။

ပုဇွန်ဆီရောင် ထနေတဲ့
ဒီရော်ရွက်ဝါလေးတွေဟာ
ငါ့ အချစ်တွေပါ ချစ်သူရယ်။

ကြွေကျသွားတဲ့ ရွက်ဝါလေးတစ်ခုလို
ငါ့ကို ချစ်သူခြေရင်းမှာ ဝပ်ဆင်းခွင့်ပေးပါ။
မင်းမလိုအပ်တော့ပေမဲ့ ငါ့ဆန္ဒနဲ့ ငါ
အဝေးကို ထွက်မသွားချင်ပါဘူး။

ငါ့ရဲ့ တည်ရှိမှုဟာ မင်းဘဝရဲ့
အိုမင်းမှုကို ဖော်ကျူးနေတယ်ထင်ရင်သာ
လေအဝှေ့မှာ ခဏတာလိုက်ပါရင်း
ဝေးဝေးကနေ ခစားနေမယ်နော်။

herostar

•Sunday, November 01, 2009
စာမရေးဖြစ်တာ ကြာသွားတယ်ဗျာ။
ဒီနေ့တော့ ဘာစီလိုနာခရီးစဉ်လေးအကြောင်းကို ပြောပြချင်ပါတယ်။ ဒီခရီးစဉ်ကလေး ဖြစ်မြောက်လာပုံကိုလည်း ထည့်ပြောချင်ပါသေးတယ်။ ဆောင်းဦးပေါက်ရာသီမှာ ကျွန်တော်တို့ ကျောင်းသားအများစု အားလပ်လေ့ရှိကြပါတယ်။ ဒါနဲ့ပဲ သူငယ်ချင်းတွေနဲ့ Skype မှာ ထုံးစံအတိုင်းဆုံပြီး ဘယ်သွားမယ်၊ ဘယ်နှစ်ရက်နေမယ်၊ ဘယ်နေရာတွေလည်မယ် စသဖြင့်တိုင်ပင် ပါတော့တယ်။

သူငယ်ချင်းတွေနဲ့ ရက်ညှိရင်း နောက်ဆုံးတော့ ကျွန်တော့် မွေးနေ့အပြီးနောက်တစ်ရက် ဖြစ်တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ကို စလည်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲဒီနောက်မှာတော့ လေယာဉ်လက်မှတ် Booking စလုပ်ပါတော့တယ်။ ဂျာမနီနိုင်ငံ Baden-Baden Karlsruhe မြို့ကနေ စပိန်နိုင်ငံ ဘာစီလိုနာမှာရှိတဲ့ Girona မြို့လေးထိ လေယာဉ်ခမှာ အသွား ၁ ယူရို အပြန် ၁ ယူရိုပဲ ကျပါတယ်။ အခွန်နဲ့ ပေါင်းလိုက်တော့ အသွားအပြန် ယူရို ၆၀ လောက်ကျသွားပါတယ်။လေယာဉ်ကွင်းကနေ ဘာစီလိုနာမြို့ထဲအထိ အသွားအပြန် ကတော့ ၂၁ ယူရိုတောင် ပေးရပါတယ်။ ဘာစီလိုနာ မြို့လည်ခေါင်မှာ ရှိတဲ့ တည်းခိုခန်းကတော့ တစ်ညကို ၁၆ ယူရိုနှုန်းနဲ့ ၃ ညတည်းဖို့ Booking လုပ်ထားလိုက်ပါတော့တယ်။ ခရီးစဉ်တစ်ခုလုံးမှ ယူရို ၂၀၀ နီးပါးလောက်ပဲ ကျတဲ့အတွက် မြန်မာငွေ ၃ သိန်း လောက်နဲ့ နိုင်ငံခြားမှာ ၃ ည အိပ်လည်နိုင်တာပေါ့လေ။
ကြိုတင် စီစဉ်နိုင်လို့ကတော့ ဥရောပမှာ သွားရလာရတာ ဈေးသက်သာတယ်လို့ ပြောလို့ ရပါတယ်။ ကျောင်းသားတွက် တွက်တတ်တဲ့ အကျင့်ကြောင့်လည်း ဖြစ်မှာပါ။ တစ်ခုခုဆို ဘယ်လိုနည်းက သက်သာမလဲ ဆိုတာပဲ ရှာဖွေကြတာလည်း ပါတာပေါ့လေ။

ပိုက်ပိုက်ပေါလို့ရယ်တော့ ဟုတ်ပါဘူး။ ဥရောပ ရောက်တုန်း နိုင်ငံစုံအောင် လျှောက်လည်ချင်တာနဲ့ပဲ မုန့်ဖိုးလေးတွေ စုပြီးလည်တဲ့ သဘောပါ။ ဒီလိုနဲ့ ဥရောရဲ့ အနောက်တောင်ဘက်မှာ ရှိတဲ့ စပိန်နိုင်ငံ ဘာစီလိုနာ ခရီးစဉ်ကို စတင်ခဲ့ပါတော့တယ်။ စပိန်နိုင်ငံဟာ နိုင်ငံဧရိယာ 195,364 စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေ ၄၆ သန်းနီးပါးရှိပါတယ်။ ဘာစီလိုနာကတော့ မြို့တော် မက်ဒရစ် Madrid ပြီးရင် ဒုတိယအကြီးဆုံးမြို့တော် ဖြစ်ပါတယ်။ ပင်လယ်ဆိပ်ကမ်းမြို့ကြီးဖြစ်တဲ့ ဘာစီလိုနာကို ရောက်တော့မယ်ဆိုရင်ပဲ လေယာဉ်ပေါ်ကနေ မြေထဲပင်လယ်ကြီးရဲ့ ကျယ်ပြန့်တဲ့ ရေပြင်ကြီးကို မြင်တွေ့ရပါတော့တယ်။ လေယာဉ်ပေါ်မှာ ၁ နာရီခွဲမျှ ကြာပြီးတဲ့နောက်မှာတော့ ဘာစီလိုနာကို ညနေဘက် ၄ နာရီလောက်မှာ ရောက်ရှိခဲ့ပါတယ်။

လေယာဉ်ကွင်းကနေထွက်လိုက်တာနဲ့ ဘာစီလိုနာကို သွားတဲ့ Barcelona Bus ဆိုတဲ့ ကားကြီးတွေက အဆင်သင့်ပါပဲ။ Google မှာ ရိုက်ရှာတုန်းကတော့ မိနစ် ၂၀ လောက်လမ်းလျှောက်ရမယ်ဆိုလို့ ဘယ်လမ်းကနေ ဘယ်လို သွားရမယ်ဆိုတာတွေ ကြိုလုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ခုတော့ ကားဂိတ်ကို အနီးဆုံးနေရာမှာ ရွှေ့ထားလိုက်တာ မကြာသေးဘူးဆိုတော့ တခါတည်း အဆင်ပြေသွားတော့တာပေါ့လေ။

အဲဒီနောက်မှာတော့ ကျွန်တော်တို့တည်းခိုးမဲ့ နေရာကို စတင်ရှာဖွေရပါတော့တယ်။ ဒီကို ရောက်ဖူးတဲ့သူ ဘယ်သူမှ မပါဘူး။ Google ကနေပဲ ကြိုသွားထားနှင့်ရတာပါ။ အင်္ဂလိပ်လို ပြောတိုင်းလည်း နားလည်တဲ့သူမှ နားလည်တာပါ။ သူတို့ရဲ့ စပိန်စကားကလည်း အင်္ဂလိပ်စကားပြီးရင် ဒုတိယအသုံးအများဆုံး ဘာသာစကားတစ်ခု ဖြစ်လေတော့ သူတို့လည်း အင်္ဂလိပ်စကားကို လေ့လာတဲ့သူမှ လေ့လာကြတာပေါ့လေ။

လူငယ်အများစုကတော့ နားလည်ကြတာများပါတယ်။ ဒါပေမဲ့လည်း ဒီခရီးစဉ်မှာတော့ စပိန်စကားကို ၁ ပတ်လောက်လေ့လာထားတဲ့ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းကြီးလည်းပါလာတော့ တစ်ခုခုဆို သူက အားကိုးရပါတယ်။ ဒီလိုနဲ့ ပထမရက်မှာတော့ မိုးကလည်း ရွာနေတာနဲ့ ထမင်းချက်စားပြီး ကျွန်တော့်တို့ တည်းခိုတဲ့နေရာ ဝန်းကျင်ကို ခဏလည်ပြီး မွေးနေ့ပွဲလေး လုပ်ဖို့ စီစဉ်ဖြစ်ပါတယ်။

မြို့ထဲကို လည်နေစဉ်မှာပဲ ပင်လယ်ကို ဖြတ်ပြီးတိုက်ခတ်လာတဲ့ လေနုအေးတွေနဲ့ အတူ မြေထဲပင်လယ်ရဲ့ အငွေ့အသက်ကို ခံစားမိပါတော့တယ်။ မိုးဖွဲလေးလည်း ကျနေတာမို့ ဓာတ်ပုံရိုက်ရတာ သိပ်အဆင် မပြေလှပေမဲ့ သက်တန့်ကြီးကို နောက်ခံထားပြီး မြို့အဝင် မုခ်ဦးကြီးနားမှာ ဓာတ်ပုံရိုက်ရတာ တော်တော်ပျော်စရာကောင်းလှပါတယ်။
ဒါကတော့ ၃ ရက်လုံးလုံး လည်တိုင်း တွေ့ခဲ့ရတဲ့ မုခ်ဦးပုံလေး ဖြစ်ပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့လေးကို အောက်တိုဘာ ၂၂ ရက်နေ့မှ ဘာစီလိုနာမှာ ကျင်းပဖြစ်သလို ဖြစ်သွားတာပေါ့လေ။ ဂျာမနီမှာ နေနေကြပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်တွေ့ဖြစ်ဖို့ဆိုတာ တစ်မြို့တည်း ဖြစ်နေတာတောင် ကြိုတင်ချိန်းဆိုထားခြင်းမရှိရင် မတွေ့ဖြစ်တာများလေတော့ ခုလို လူစုံတုန်းလေး ကျင်းပခွင့် ရလိုက်တဲ့အတွက် သူငယ်ချင်းအားလုံးကို ကျေးဇူးတင်နေမိတယ်။

ဒီညမှာတော့ သူငယ်ချင်းမိန်းကလေးတွေအတွက်က ဝိုင်နဲ့ ကိတ်၊ သူငယ်ချင်းယောက်ျား
လေးတွေအတွက်ကတောာ့ ဘာစီလိုနာ ဘီယာနဲ့အမြည်းပေါ့ဗျာ။ မွေးနေ့ ဖယောင်းတိုင်လေးတွေ ယူလာပေးတဲ့ Stuttguart Star အဖွဲ့ဝင်လေးကိုလည်း ကျေးဇူးတင်ပါတယ်။ ဖယောင်းတိုင်လေးတွေကို ကိတ်ပေါ်မှာ တင်ထွန်းပြီး Happy Birthday! လုပ်ကြပါတော့တယ်။ သူငယ်ချင်းများဆုံမိတဲ့အခါ အမှန်တကယ်ပျော်စရာ ကောင်းလှပါတယ်။

နှစ်ချို့ဝိုင်နဲ့ မိတ်ဟောင်းဆွေဟောင်းတွေဟာ အနှစ်သာရအပြည့်ဝဆုံးလို့ ဆိုရမှာပေါ့လေ။
အေမနောင်းမှာ နေတဲ့ ကျွန်တော့် ဘော်ဒါကြီးနဲ့ ကိုလုံ Meeting မှာ တစ်ခါ တွေ့ပြီးကတည်းက မတွေ့ဖြစ်တော့တာ ခုထိဆိုတော့ တစ်နှစ်နီးပါးရှိနေပြီပေါ့လေ။ သူတို့နဲ့ အတူ ဘီယာသောက်ရင်း ထွေရာလေးပါး စကားပြောရတာ ပျော်စရာကောင်းပါတယ်။

စပိန်မှာ ရထားစီးရတာ ဂျာမနီနဲ့ နှိုင်းယှဉ်ရင် ဈေးချိုတယ်လို့ ပြောလို့ရပါတယ်။ T-10 ticket ဆိုတာလေးက ၇ ယူရို ကျော်ကျော်ပဲ ကျပြီး ၁၀ ခါစီးလို့ ရတဲ့အတွက် တခါစီးမှ စန့် ၇၀ လောက်ပဲကျပါတယ်။ ရထားလက်မှတ်တွေနဲ့ ခရီးစဉ်တွေကို စီစဉ်ပေးတဲ့ အိုင်တီက အစ်မကြီးရဲ့ အကူအညီကြောင့်လည်း ပိုသက်သာသွားခဲ့ပါတယ်။ ဒီခရီးစဉ်မှာတော့ ခန့်မှန်းထားတဲ့ နေရာစုံကို ရောက်ဖြစ်ခဲ့ပါတယ်။

ဆက်ရန်...