b သူရဲကောင်းကြယ်: ဝတ္ထုတို
•Wednesday, April 14, 2010
(၁)

ဘဝဟူသည် ကံကြမ္မာအလှည့် အပြောင်း အကွေ့အကောက်များစွာနှင့် ဆန်းကြယ်လှပေသည်။ မိသားစုဝင် (၆) ယောက်ရှိတဲ့ ကမ္ဘာလေးမှာ ငြိမ်းချမ်းမှုတို့ လွှမ်းခြုံ နေခဲ့သည်။ သူ့ရဲ့ မိသားစုဝင်တွေကတော့ သူ့မိခင်ရဲ့ မိဘနှစ်ပါး ဖြစ်တဲ့ သူ့အဖိုးနဲ့ သူ့အဖွားရယ်၊ သူ့မိခင်ကို သမီးရင်း တစ်ယောက်လို ပညာတွေသင်ပေးတဲ့ သူ့မိခင်ရဲ့ မွေးစားဖခင်ရယ်၊ သူ့ညီမလေးရယ်ပေါ့လေ။ သူ့ကိုတော့ မောင်လူအေးလို့ ခေါ်ကြတယ်လေ။

မောင်လူအေးလေး ပထမတန်းအောင်လို့ ဒုတိယတန်းတက်တော့ ၈၈ ကျောင်းသားအရေးအခင်းဖြစ်လို့ ကျီးလန့်စာစား နေနေရတဲ့အချိန်ပေါ့လေ။ အညာဒေသရဲ့ ဗုံးကျင်းတွေထဲမှာ ညီမလေး ယဉ်မွှေးကို ကျောမှာပိုးပြီး ဘယ်အချိန်များ လာလု ကြမှာလဲဆိုတဲ့ အသိနဲ့ အထိန့်တလန့် နေ့ရက်များကို ကျော်ဖြတ်ခဲ့ဖူးသည်။ နောက် ကျောင်းတွေ ပြန်ဖွင့်တော့ ညီမလေး ယဉ်မွှေးနဲ့ အတူတူ ကျောင်းသွားဖော်တွေ ဖြစ်ခဲ့သည်။

သူ့အိမ်မှာလျှပ်စစ်မီးမရခင် နေ့တွေတုန်းက ဓာတ်တိုင်တွေအောက် စာကျက်ခဲ့ရဖူးသည်။ ဝါဆို ဝါခေါင် မြစ်ရေကြီးချိန်ဆိုရင် သူတို့အိမ်လေး ရေမြှုပ်သည်။ အိမ်မှာနေလို့ မရတော့ဘဲ ကားလမ်းထိပ်က ဘုရားစောင်းတန်းမှာ တဲထိုးနေရသည်။ ဒါက အထူးအဆန်းတော့ မဟုတ်ပါ။ တစ်နှစ်ကို ၃ လလောက်တော့ နှစ်စဉ် ဒီလိုပဲ ရွှေ့ပြောင်းနေရတာက ကျင့်သားရနေကြပေပြီ။

ကျင့်သားမရသေးတာကတော့ သူ့မိခင်ရဲ့ အမျိုးသားဖြစ်သူက သူ့ညီမလေးကို ခိုးယူသွားခြင်းပင် ဖြစ်သည်။ အထီးကျန်ကမ္ဘာလေးထဲမှာ တစ်ယောက်တည်း ရှိစဉ်အချိန်တွေတုန်းက မသိသာပေမဲ့ ခုလို ရုတ်တရက် ပျောက်ဆုံးသွားတဲ့ ညီမလေးကို ရှာဖွေရင်း မျက်ရည် ပင်လယ်ဝေရတော့သည်။ မောင်နှမ ဟူသည် အတူနေစဉ် တုန်းကတော့ ဘယ်လောက်ချစ်မှန်းမသိသော်လည်း ခုလို ရုတ်တရက် ဝေးကွာသွားရတော့ တော်တော်လေး ခံစားရသည်။ သူ့ညီမလေးကို အရမ်းချစ်တဲ့ သူ့ပထွေးကို မောင်လူအေးလည်း ချစ်ပါသည်။ သူ့ ညီမလေးရဲ့ ဖခင်၊ သူ့ မိခင်ရဲ့ အမျိုးသားဆိုတော့ သူ့ခမျာ ချစ်ရှာသည်။ ငယ်စဉ်တုန်းက အဖိုးကို အဖေခေါ်ခဲ့တာက အကျင့်ပါနေတော့ သူ့ပထွေးရဲ့ နာမည်လေး တစ်လုံးကိုထည့်ုပြီး အဖေစိုးလို့ ခေါ်လေ့ရှိသည်။

ဒီလိုနဲ့ သူ ၇ တန်းကျောင်းသားအရွယ်ရောက်တဲ့ ၁၄ နှစ်သားလောက်မှာတော့ သူ့ဖခင်ရင်းကို မမျှော်လင့်ပဲ နတ်ပွဲတစ်ခုမှာ ဆုံဖြစ်ကြသည်။ သူ့ဘဝမှာ သူ့ဖခင်ရင်း ရှိတယ်ဆိုတဲ့ အသိကို ပေးနိုင်ခဲ့တာကတော့ သူတို့အိမ်မှာ ဘုရားရှိခိုးတိုင်း အမျှဝေနေကျ ကြေးစည်လေးပင် ဖြစ်သည်။ ထို ကြေးစည်လေး၌ သူ့ဖခင်ရင်း၏ နာမည်ကို ရေးထားလေသည်။ ဒါ ဘယ်သူ့နာမည်လဲလို့ မေးမိတိုင်း သူအရိုက်ခံရဖူးသည်။ နောက်တော့ မမေးဖြစ်တော့ပေမဲ့ အဲ့ဒါ သူ့ဖခင်ရင်း၏ နာမည်မှန်း သူသိလာခဲ့သည်။ သူ့အဖွားက သူ့ကို ရိုက်နှက်ဆုံးမတိုင်းလည်း အမျိုးတစ်ခြမ်းယုတ်လို့ ဆဲလေ့ရှိသည်။ ငယ်စဉ်ကတော့ ဘာကို ဆိုလိုမှန်း သူမသိခဲ့ပါ။

(၂)

" လူလေး နာမည် ဘယ်လို ခေါ်သလဲ"

ကျွန်တော့်နာမည် မောင်လူအေးပါ။ ဦလေးနာမည်ကရောလို့ မေးလိုက်တော့ အဲ့ဒီလူကြီးက သူ့နာမည်ကို ပြောပါတယ်။ ဒီနာမည်ကို ကျွန်တော်ကြားဖူးနေကြဗျ။ အိမ်က ကြေးစည်လေးမှာလည်း အဲ့ဒီနာမည်လေး ရေးထားတယ်။ ဘယ်လို ရေးထားလဲ လူးလေးရဲ့ လို့ မေးလိုက်တော့ မောင်မောင် လို့ ရေးထားတယ် ဦးလေး။ အော် ဒါဆို လူလေးက ဦးလေးရဲ့ သားအရင်းပါကွယ်ဆိုပြီး ဦးမောင်မောင်ဆိုတဲ့ လူကြီးက မောင်လူအေးလေးကို ပွေ့ချီလိုက်လေတော့သည်။ ဒီတော့ မောင်လူအေးလေး စိတ်ရှုပ်သွားမိသည်။

သူ့မှာ အဖေလို့ ခေါ်နေကြဖြစ်တဲ့ သူ့အဖိုးရယ်၊ အဖေစိုးလို့ ခေါ်ရတဲ့ သူ့ပထွေးရယ်၊ ခုနောက်တစ်ယောက် အဖေရင်းလို့ ပြောနေတဲ့ ဦးမောင်မောင်ဆိုတဲ့ လူကြီးရယ်။ နောက်တော့ အိမ်နီးနားချင်းတွေက ရှင်းပြတော့မှ သူ့ဘဝ ဇာတ်လမ်းစုံကို တစတစ သိမြင်လာခဲ့တော့သည်။


(၃)

" ဒါ ငါ့ ကလေး ဟုတ်ရဲ့လား"

ဒေါသတကြီးနဲ့ ပြောနေတဲ့ ဦးဖိုးမောင်ကို ဒေါ်ခင်ရွှေ ရှင်းပြမနေချင်တော့ပါ။ ရှမ်းစောဘွားမျိုးရိုးမှ ဆင်းသက်လာတဲ့သူဆိုတော့ စိတ်ကြီးသည်။ မာနကြီးသည်။ မိုးကုတ်မှာ ကျောက်တွင်းတွေ အများကြီး ပိုင်ဆိုင်ပြီး ရွှေပေါ်မြတင် နေလာခဲ့သူကို ဒီလို စကားမျိုးတွေနဲ့ ထိကပါး ရိကပါး ပြောလာတော့ အသဲ တွေတဆတ်ဆတ် နာလှသည်။ ရှင် အဲ့လောက်တောင် သံသယရှိနေရင် ကျွန်မကို ကွာရှင်းလိုက်လို့ တစ်ခွန်းတည်း ပြောပြီးတဲ့ နောက်မှာတော့ သူတို့ အိမ်ထောင်ရေးက သာသာယာယာ မရှိတော့ပါ။

တကယ်ဆို ကလေးတွေပဲ ၄ ယောက် ထွန်းကားနေခဲ့ပြီ။ အခုချိန်ထိ ဇနီးမယားအပေါ်မှာ ယုံကြည်ချက် ကင်းမဲ့နေသော သူ့ခင်ပွန်းကို စိတ်နာလွန်းလှသည်။ ခင်ပွန်းသည်ဆိုပေမဲ့ ဘာမှ အားကိုးလို့က မရ။ ဒီမိသားစုရဲ့ စားဝတ်နေရေးကို ဒေါ်ခင်ရွှေတစ်ယောက်တည်း ရုန်းကန်နေရသည်ပင် မဟုတ်ပါလား။ သူ့ကျောက်တွင်းမှာ အလုပ်လာလုပ်ကြတဲ့ အလုပ်သမားတွေ အများကြီးရှိသည်။ ဒီထဲကမှ မောင်ရဲဒင်သည် အလုပ်ကြိုးစားသူ တစ်ဦး ဖြစ်သည်။

(၄)

မောင်ရဲဒင်က ကျောက်တွင်းတွေမှာ ဦးစီးဦးဆောင်လုပ်နိုင်သူ ဖြစ်သည်။ ဒေါ်ခင်ရွှေ အပေါ်မှာလည်း အစ်မရင်း တစ်ဦးလို ကူညီ စောင့်ရှောက်တတ်သူဖြစ်သည်။ ဒီလိုနဲ့ တနေ့ ကျောက်တွင်းမှာ မိုင်းခွဲတော့ မတော်တဆ ဖြစ်ကာ မောင်ရဲဒင် တစ်ယောက် မိုင်းမှန်ပြီး အကြောတွေ ကပ်သွားရှာသည်။ သူ့အမျိုးသမီးနဲ့ သားကလေး ရှိရာ သူ့နေရပ်ကိုလည်း မပြန်လိုတော့ဘဲ သူ့ဘဝကို အဆုံးစီရင်ဖို့ အထိ စိတ်ဓာတ်တွေ ကျသွားခဲ့သည်။ မောင်တစ်ယောက်လို ချစ်ရတဲ့ မောင်ရဲဒင်ရဲ့ သတင်းကိုကြားတဲ့အခါ ဒေါ်
ခင်ရွှေခမျာ နေမထိ ထိုင်မသာ ဖြစ်ခါ မောင်ရဲဒင်ကို ကိုယ်တိုင် ပြုစုပေးရှာသည်။

အစကတည်းက မကြည်မလင် ဖြစ်နေတဲ့ ဒေါ်ခင်ရွှေ၏ အိမ်ထောင်ရေးသည် ဒီမြင်ကွင်းကို တွေ့သွားတဲ့ သူ့ခင်ပွန်းက ရန်ရှာကာ အိမ်မှ နှင်ချလေတော့သည်။ သား နှစ်ယောက် သမီး နှစ်ယောက် ရှိတဲ့ သူ့အိမ်ထောင်ရေးမှာ သားနှစ်ယောက်ကို သူ့ခင်ပွန်းက ယူထားလိုက်ပြီး သမီးနှစ်ယောက် လက်ကို ဆွဲပြီး ရတနာမြေကို စွန့်ခွာခဲ့လေတော့သည်။


herostar

•Friday, December 11, 2009
အခန်း(၂)

သူ့ အသက် (၁) သားနှစ်အရွယ်မှာ သူ့မိဘတွေရဲ့ အိမ်ထောင်ရေး ပြိုကွဲခဲ့တယ်တဲ့။ ဒီအကြောင်းတွေ ပြောဖြစ်တိုင်းရီဝေမှုန်မှိုင်းနေတဲ့ သူ့မျက်ဝန်းတွေက ထိရှခံစားခဲ့ရမှန်း သိသာစေတယ်။ ချိုမိုင်မိုင် ကတတ်စ ကလေးငယ် တစ်ယောက်လို အပြစ်ကင်းနေတတ်တယ်။

သူ့ကို ကျောင်းအပ်ခါစ အသက် (၅) နှစ်လောက် အရွယ်မှာ သူ့မိဘတွေက အိမ်ထောင်ကိုယ်စီ ရှိနေကြပြီ။ မိဘတွေရဲ့ လက်ကို တွဲပြီး စာသင်ခန်းထဲ ဝင်လာတဲ့ သူ့သူငယ်ချင်းတွေနဲ့ တွေ့တိုင်း ကျောင်းတံခါးရဲ့ မုခ်ဝမှာမျက်ရည် အဝိုင်းသားနဲ့ စောင့်ကြည့်နေတတ်တယ်တဲ့လေ။ သူဟာ မိဘတွေရဲ့ စွန့်ပစ်မှုကို ခံခဲ့ရတဲ့ သူတစ်ယောက် မဟုတ်ပေမဲ့ မိဘတွေနဲ့ အတူ နေခွင့် မရခဲ့တဲ့ ကလေးတစ်ယောက်ပေါ့။

သူ့ ငယ်ဘဝတွေမှာ သူ့အဖိုးအဖွားတွေနဲ့ အတူနေခဲ့ရတာ များတယ်။ ဖေဖေ၊ မေမေ ခေါ်တတ်စ အရွယ်မှာခေါ်စရာ လူရှာမတွေ့တာနဲ့ သူ့ အဖိုးအဖွားတွေကို မိဘလို့ ထင်ခဲ့တယ်။ သူ့ အမေခမျာလည်း သူ့သားကို ချစ်ပေမဲ့ မိသားစု စားဝတ်နေရေးအတွက် တနယ် တကျေးမှာ အလုပ်သွားလုပ်ခဲ့ရတယ်တဲ့လေ။ သူ့မိသားစုလေးမှာ သူရယ်၊ သူ့မေမေရယ်၊ သူ့အဖိုးနဲ့ အဖွားရယ် လေးယောက်တကမ္ဘာ ဘဝနဲ့ ရှင်သန်ခဲ့ရတယ်။

သူသိတတ်ခါစ (၉) နှစ်သားလောက် အရွယ်မှာတော့ သူ့မှာ ညီမလေးတစ်ယောက် ရလာခဲ့တယ်။ သူ့အဖိုး၊ အဖွားတွေရဲ့ ချစ်ခြင်းအားလုံးကို သိမ်းပိုက်ထားခဲ့ဖူးတဲ့ သူ့ဘဝလေးထဲကို ညီမလေး တစ်ယောက် ရောက်လာတော့အချစ်တွ မျှဝေပေးခဲ့ရတော့တယ်။ ဒီ ညီမလေးရဲ့ ဝေယျာဝစ္စမှန် သမျှ သူ့တာဝန်ချည်းပဲ ဖြစ်လာခဲ့တယ်။ မိခင် နို့ရည်ကို တစ်နှစ်ပြည့်အောင်တောင် မသောက်သုံးခဲ့ရတဲ့ ဒီညီမလေးတွက် သူ့လက်နဲ့ ဖျော်တိုက်ခဲ့ဖူးခဲ့တာအခါခါပေါ့။ အနွံအနာ ခံရတာများလေ ပိုပြီး ချစ်တတ်လာလေလို့ ပြောရမယ် ထင်တယ်။

အထီးကျန်ဆန်လွန်းလှတဲ့ သူ့တစ်ယောက်တည်း ကမ္ဘာလေးထဲမှာ သူ့ညီမလေးဟာ သူ့အတွက် တစ်ဦးတည်းသောအဖော် ဖြစ်လာခဲ့တယ်။ မူလတန်းပြီးတဲ့အထိ တစ်ယောက်တည်း ရပ်တည်လာခဲ့သူ ဆိုတော့ သူဟာလူကြောက်တတ်တယ်လေ။ တစ်ခုခုဖြစ်ရင် သူ့နောက်မှာ ဘယ်သူမှ ရှိမနေတတ်ဘူးဆိုတာလည်း သူသိနေတော့ တခုခုဆို အလျော့ပေးဖို့ အသင့် ဖြစ်နေတတ်သူပေါ့။ ဒီ ညီမလေးနဲ့ ကျောင်းအတူ တက်ရတဲ့ အခါမှာတော့ သူ့မှာ ခွန်အားတွေရှိလာတယ်။ သူ့ညီမလေးကို သူ့လို တစ်ယောက်တည်း အထီးကျန် မဖြစ်စေချင်ဘူးလေ။ သူ့ညီမလေးကတော့ ငယ်သေးတော့ သူ့အစ်ကိုရဲ့ ချစ်ခြင်းကို နားမလည် ခဲ့ဖူးလို့ သူဝမ်းနည်းစွာ ပြောလာတိုင်း နားထောင်းနေရင်းကပင် မျက်ရည်ဝိုင်းရတဲ့ အထိပေါ့။

သူ နေထိုင်ရာ မြစ်ကမ်းဘေးက ရွာလေးမှာ တစ်နှစ်တခါ မြစ်ရေကြီးလေ့ ရှိသတဲ့လေ။ ဝါဆိုဝါခေါင်လတွေရောက်တိုင် သူ့အိမ်လေးကို ရေပတ်လည် ဝိုင်းလေ့ ရှိတယ်တဲ့။ ငယ်တုန်းကတော့ ကလေးဆိုတော့ ရေကြီးရင် ပျော်သတဲ့လေ။ ရေတွေတက်လာတဲ့အခါ ရေကူးရတာ ပျော်စရာကောင်းလို့တဲ့။ သူပျော်သလို သူ့ညီမလေးလည်း ပျော်မှာပေါ့။ ရေဆော့ရတဲ့ အရသာကို သူနှစ်သက်ပုံရတယ်။

တနေ့ပေါ့...

အဲဒီနေ့က သူတို့ မောင်နှမ နှစ်ယောက် ရေဆော့နေကြသတဲ့လေ။ (၁) နာရီ နီးပါး ဆော့ပြီးတဲ့နောက်မှာတော့ သူ့ညီမလေးကို ဖျားမှာ စိုးတာနဲ့ ကုန်းပေါ်တက်ဖို့ ပြောတယ်တဲ့လေ။ သူ့ညီမကို ဘယ်လိုမှ ပြောလို့မရတဲ့အဆုံး စိုးရိမ်စိတ်နဲ့ ကရုဏာဒေါသော ဖြစ်ကာ ရိုက်တော့တာပေါ့။ ဒါကို သူ့ညီမကတော့ သူ့ကို ချုပ်ချယ်တယ် အနိုင်ကျင့်တယ်လို့ ပြန်ပြောလိုက်သတဲ့။ ဒီအခါမှာ တုတ်လေးတစ်ချောင်းကို ကိုင်ရင်း သူ့ဘဝသူသိတတ်ခါစ အရွယ်မှာ ပထမဆုံးငိုခဲ့ဖူးတယ်တဲ့။ ညီမတွေအပေါ်မှာ ထားတတ်တဲ့ အစ်ကို တစ်ယောက်ရဲ့ ခံစားမှုကို စာနာပေးလို့ ရခဲ့တယ်။ အစ်ကိုကြီး တစ်ယောက်ရဲ့ ခံစားမှုကို ညီ၊ ညီမ ရှိတဲ့သူတိုင်း ခံစားလို့ ရတယ်လေ။

ဘဝမှာ ဘာမျှော်လင့်ချက်မှ မထားပဲ အငယ်တွေကို ဖြည့်ဆည်းပေးဖို့ သက်သက်လူဖြစ်လာသလား အောင်းမေ့ရတယ်။ သူ့ကို ပေတေတေ ဂွကျကျတစ်ယောက်မို့ ဒီလို ချစ်ခင်မှုမျိုးတွေ ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိဘူးလေ။ သူနဲ့ ကျောင်းအတူ တက်ခဲ့ရတဲ့ နေ့တွေမှာ သူ့ဒဿနတွေနဲ့ သူ့အကြောင်းတွေကို လေ့လာခွင့်ရခဲ့တယ်။ ခင်ခဲ တဲ့ သူတစ်ယောက်ဆိုတော့ ခင်မိရင်လည်း စွဲမြဲတယ်လို့ ပြောရမယ်။ တက္ကသိုလ် သက်တမ်းတလျှောက်မှာ တစိုက်မတ်မတ် ညီအစ်ကိုလို လက်တွဲခဲ့ဖူးသူဆိုတော့ စိတ်ဝင်းစားစရာကောင်းလို့ သူ့ အကြောင်းတွေ ပြောပြချင်နေမိတယ်။

သူ့မှာ အဖေတူ အမေကွဲ ညီမ (၄) ယောက်နဲ့ အမေတူ အဖေကွဲ ညီမ တစ်ယောက်ရှိတယ်တဲ့လေ။

အခန်း(၃)
•Tuesday, December 08, 2009
အခန်း(၁)

တခါတုန်းက လူတစ်ယောက် ရှိတယ်။
ပေတေတေညှင်းသိုးသိုးနဲ့ လျှာထိုး ဦးထုပ်ဆောင်းလေ့ ရှိတယ်။ လောကကြီးကို ငိုက်ဆင်းနေတဲ့ လျှာထိုး ဦးထုပ်အောက် ကနေ အမြဲ ကြည့်တတ်သူပေါ့။ ဆိုင်တစ်ဆိုင်ရဲ့ ထောင့်ကျကျနေရာမှာမှ ထိုင်တတ်တယ်။ ကျဆိမ့် တစ်ခွက်နဲ့ စီကရက် တစ်လိပ်ကို မှာလေ့ရှိပြီး စာအုပ်ထူကြီးတွေကို တစ်ယောက်တည်း သဲကြီးမဲကြီး ဖတ်နေလေ့ရှိတယ်။ မီးခိုးရောင် ရှပ်အင်္ကျီနဲ့ အနက်ရောင် ဂျင်းဘောင်းဘီကို ဝတ်လေ့ရှိတာကို သတိထားမိတယ်။

ဆေးလိပ်တိုကို နားမှာ ညှပ်ပြီး ယိုင်ခွေခွေ လမ်းလျှောက်နေရတာကို "ဘဝ" လို့ မှတ်နေတဲ့ကောင်ပေါ့။
ခပ်ညစ်ညစ်အင်္ကျီအောက်မှာတော့ အဖြူရောင် နှလုံးသားတစ်စုံနဲ့ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ တစ်ယောက်တည်း လွတ်လပ်စွာ ရှင်သန်နေသူ တစ်ယောက်တဲ့လေ။ တိမ်ရဲ့ ခြေရာ ရှာမရသလို သူလည်း သူ့ရဲ့ ခြေရာတွေ ရှာလို့ မရအောင် ရောက်တတ်ရာရာ လျှောက်သွားနေတတ်သူ တစ်ယောက်ပေါ့။

ဒီလူကျောင်းဆရာများ ဖြစ်လာရင် ကျောင်းသားတွေကို ဘာတွေများ သင်မလဲလို့ သိချင်နေကြတဲ့ သူတွေ ရှိတယ်တဲ့လေ။ သေချာတာက ဖြတ်သန်းခဲ့ဖူးတဲ့ ဘဝတွေကို လက်ချာ ပြန်ပေးရင်း ဒီလို မနေသင့်ကြောင်း လောက်တော့ ပြန်ပြောပြနိုင်လိမ့်မယ် ထင်တယ်။ သူ့ကို စတွေ့မိခဲ့တာက မန္တလေးနည်းပညာတက္ကသိုလ်ရဲ့ ရှေ့က ယမကာဆိုင်တစ်ခုမှာပေါ့။ ရွာသားတွေ စုဝေးနေတတ်တဲ့ ဒီလိုနေရာမျိုးမှာ သူ့လို ကျောင်းသားတစ်ယောက်ကို ဒီလိုဆိုင်မျိုးမှာ တွေ့လိုက်ရတော့ စိတ်မကောင်း ဖြစ်ခဲ့မိတယ်။

သူဘာဖြစ်လို့ ဒီလို ဖြစ်နေရသလို ဆိုတဲ့ အကြောင်းအရင်းကို သိချင်နေခဲ့တယ်။ သူနဲ့က တစ်တန်းတည်းဆိုပေမဲ့အတန်းထဲမှာ တွေ့ရခဲတဲ့ သူတစ်ယောက်ပေါ့။ ဒီ လူ့အကြောင်း စိတ်ဝင်စားမိတဲ့ အကြောင်း နှစ်ချက်ရှိတယ်။ပထမတစ်ချက်က စကားနည်းတယ်။ တစ်ခုခု ပြောလိုက်ရင် ပြုံးပြရုံက လွဲပြီး ဘာမှ မတုံ့ပြန်တော့တဲ့ သူမို့။ဒုတိယတစ်ချက်က ဆယ်တန်းမှာ လေးဘာသာ ဂုဏ်ထူးပါတာတောင် ဆေးကျောင်း မတက်ဘဲ ဆရာဖြစ် အင်ဂျင်နီယာကျောင်းကို ဘာလို့ တက်ရတာလဲဆိုတာကိုပေါ့။

သူ့တို့ မြို့က သူငယ်ချင်းတွေ ပြောပြတာ သိရတာကတော့ သူ့ငယ်ဘဝက အထီးကျန်မှုတွေ မျိုးစုံနဲ့ ပြည့်နေခဲ့တယ်တဲ့လေ။ မပြည့်စုံမှုတွေနဲ့ နေသားကျနေသူလို့ ပြောလေ့ရှိတယ်။ အပေါင်းအသင်း မဆန့်တဲ့သူလို့ ပြောကြပေမဲ့ သူနဲ့ ခင်ခဲ့မိတယ်။ နောက်တော့ သူ့အကြောင်းတွေ တစတစ သိလာခဲ့ရတယ်။သူ့မှာ မိဘ နှစ်စုံ ရှိသတဲ့လေ။

အခန်း (၂)