b သူရဲကောင်းကြယ်: ဂွတီးဂွကျ လူတစ်ယောက် (၂)
•Friday, December 11, 2009
အခန်း(၂)

သူ့ အသက် (၁) သားနှစ်အရွယ်မှာ သူ့မိဘတွေရဲ့ အိမ်ထောင်ရေး ပြိုကွဲခဲ့တယ်တဲ့။ ဒီအကြောင်းတွေ ပြောဖြစ်တိုင်းရီဝေမှုန်မှိုင်းနေတဲ့ သူ့မျက်ဝန်းတွေက ထိရှခံစားခဲ့ရမှန်း သိသာစေတယ်။ ချိုမိုင်မိုင် ကတတ်စ ကလေးငယ် တစ်ယောက်လို အပြစ်ကင်းနေတတ်တယ်။

သူ့ကို ကျောင်းအပ်ခါစ အသက် (၅) နှစ်လောက် အရွယ်မှာ သူ့မိဘတွေက အိမ်ထောင်ကိုယ်စီ ရှိနေကြပြီ။ မိဘတွေရဲ့ လက်ကို တွဲပြီး စာသင်ခန်းထဲ ဝင်လာတဲ့ သူ့သူငယ်ချင်းတွေနဲ့ တွေ့တိုင်း ကျောင်းတံခါးရဲ့ မုခ်ဝမှာမျက်ရည် အဝိုင်းသားနဲ့ စောင့်ကြည့်နေတတ်တယ်တဲ့လေ။ သူဟာ မိဘတွေရဲ့ စွန့်ပစ်မှုကို ခံခဲ့ရတဲ့ သူတစ်ယောက် မဟုတ်ပေမဲ့ မိဘတွေနဲ့ အတူ နေခွင့် မရခဲ့တဲ့ ကလေးတစ်ယောက်ပေါ့။

သူ့ ငယ်ဘဝတွေမှာ သူ့အဖိုးအဖွားတွေနဲ့ အတူနေခဲ့ရတာ များတယ်။ ဖေဖေ၊ မေမေ ခေါ်တတ်စ အရွယ်မှာခေါ်စရာ လူရှာမတွေ့တာနဲ့ သူ့ အဖိုးအဖွားတွေကို မိဘလို့ ထင်ခဲ့တယ်။ သူ့ အမေခမျာလည်း သူ့သားကို ချစ်ပေမဲ့ မိသားစု စားဝတ်နေရေးအတွက် တနယ် တကျေးမှာ အလုပ်သွားလုပ်ခဲ့ရတယ်တဲ့လေ။ သူ့မိသားစုလေးမှာ သူရယ်၊ သူ့မေမေရယ်၊ သူ့အဖိုးနဲ့ အဖွားရယ် လေးယောက်တကမ္ဘာ ဘဝနဲ့ ရှင်သန်ခဲ့ရတယ်။

သူသိတတ်ခါစ (၉) နှစ်သားလောက် အရွယ်မှာတော့ သူ့မှာ ညီမလေးတစ်ယောက် ရလာခဲ့တယ်။ သူ့အဖိုး၊ အဖွားတွေရဲ့ ချစ်ခြင်းအားလုံးကို သိမ်းပိုက်ထားခဲ့ဖူးတဲ့ သူ့ဘဝလေးထဲကို ညီမလေး တစ်ယောက် ရောက်လာတော့အချစ်တွ မျှဝေပေးခဲ့ရတော့တယ်။ ဒီ ညီမလေးရဲ့ ဝေယျာဝစ္စမှန် သမျှ သူ့တာဝန်ချည်းပဲ ဖြစ်လာခဲ့တယ်။ မိခင် နို့ရည်ကို တစ်နှစ်ပြည့်အောင်တောင် မသောက်သုံးခဲ့ရတဲ့ ဒီညီမလေးတွက် သူ့လက်နဲ့ ဖျော်တိုက်ခဲ့ဖူးခဲ့တာအခါခါပေါ့။ အနွံအနာ ခံရတာများလေ ပိုပြီး ချစ်တတ်လာလေလို့ ပြောရမယ် ထင်တယ်။

အထီးကျန်ဆန်လွန်းလှတဲ့ သူ့တစ်ယောက်တည်း ကမ္ဘာလေးထဲမှာ သူ့ညီမလေးဟာ သူ့အတွက် တစ်ဦးတည်းသောအဖော် ဖြစ်လာခဲ့တယ်။ မူလတန်းပြီးတဲ့အထိ တစ်ယောက်တည်း ရပ်တည်လာခဲ့သူ ဆိုတော့ သူဟာလူကြောက်တတ်တယ်လေ။ တစ်ခုခုဖြစ်ရင် သူ့နောက်မှာ ဘယ်သူမှ ရှိမနေတတ်ဘူးဆိုတာလည်း သူသိနေတော့ တခုခုဆို အလျော့ပေးဖို့ အသင့် ဖြစ်နေတတ်သူပေါ့။ ဒီ ညီမလေးနဲ့ ကျောင်းအတူ တက်ရတဲ့ အခါမှာတော့ သူ့မှာ ခွန်အားတွေရှိလာတယ်။ သူ့ညီမလေးကို သူ့လို တစ်ယောက်တည်း အထီးကျန် မဖြစ်စေချင်ဘူးလေ။ သူ့ညီမလေးကတော့ ငယ်သေးတော့ သူ့အစ်ကိုရဲ့ ချစ်ခြင်းကို နားမလည် ခဲ့ဖူးလို့ သူဝမ်းနည်းစွာ ပြောလာတိုင်း နားထောင်းနေရင်းကပင် မျက်ရည်ဝိုင်းရတဲ့ အထိပေါ့။

သူ နေထိုင်ရာ မြစ်ကမ်းဘေးက ရွာလေးမှာ တစ်နှစ်တခါ မြစ်ရေကြီးလေ့ ရှိသတဲ့လေ။ ဝါဆိုဝါခေါင်လတွေရောက်တိုင် သူ့အိမ်လေးကို ရေပတ်လည် ဝိုင်းလေ့ ရှိတယ်တဲ့။ ငယ်တုန်းကတော့ ကလေးဆိုတော့ ရေကြီးရင် ပျော်သတဲ့လေ။ ရေတွေတက်လာတဲ့အခါ ရေကူးရတာ ပျော်စရာကောင်းလို့တဲ့။ သူပျော်သလို သူ့ညီမလေးလည်း ပျော်မှာပေါ့။ ရေဆော့ရတဲ့ အရသာကို သူနှစ်သက်ပုံရတယ်။

တနေ့ပေါ့...

အဲဒီနေ့က သူတို့ မောင်နှမ နှစ်ယောက် ရေဆော့နေကြသတဲ့လေ။ (၁) နာရီ နီးပါး ဆော့ပြီးတဲ့နောက်မှာတော့ သူ့ညီမလေးကို ဖျားမှာ စိုးတာနဲ့ ကုန်းပေါ်တက်ဖို့ ပြောတယ်တဲ့လေ။ သူ့ညီမကို ဘယ်လိုမှ ပြောလို့မရတဲ့အဆုံး စိုးရိမ်စိတ်နဲ့ ကရုဏာဒေါသော ဖြစ်ကာ ရိုက်တော့တာပေါ့။ ဒါကို သူ့ညီမကတော့ သူ့ကို ချုပ်ချယ်တယ် အနိုင်ကျင့်တယ်လို့ ပြန်ပြောလိုက်သတဲ့။ ဒီအခါမှာ တုတ်လေးတစ်ချောင်းကို ကိုင်ရင်း သူ့ဘဝသူသိတတ်ခါစ အရွယ်မှာ ပထမဆုံးငိုခဲ့ဖူးတယ်တဲ့။ ညီမတွေအပေါ်မှာ ထားတတ်တဲ့ အစ်ကို တစ်ယောက်ရဲ့ ခံစားမှုကို စာနာပေးလို့ ရခဲ့တယ်။ အစ်ကိုကြီး တစ်ယောက်ရဲ့ ခံစားမှုကို ညီ၊ ညီမ ရှိတဲ့သူတိုင်း ခံစားလို့ ရတယ်လေ။

ဘဝမှာ ဘာမျှော်လင့်ချက်မှ မထားပဲ အငယ်တွေကို ဖြည့်ဆည်းပေးဖို့ သက်သက်လူဖြစ်လာသလား အောင်းမေ့ရတယ်။ သူ့ကို ပေတေတေ ဂွကျကျတစ်ယောက်မို့ ဒီလို ချစ်ခင်မှုမျိုးတွေ ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိဘူးလေ။ သူနဲ့ ကျောင်းအတူ တက်ခဲ့ရတဲ့ နေ့တွေမှာ သူ့ဒဿနတွေနဲ့ သူ့အကြောင်းတွေကို လေ့လာခွင့်ရခဲ့တယ်။ ခင်ခဲ တဲ့ သူတစ်ယောက်ဆိုတော့ ခင်မိရင်လည်း စွဲမြဲတယ်လို့ ပြောရမယ်။ တက္ကသိုလ် သက်တမ်းတလျှောက်မှာ တစိုက်မတ်မတ် ညီအစ်ကိုလို လက်တွဲခဲ့ဖူးသူဆိုတော့ စိတ်ဝင်းစားစရာကောင်းလို့ သူ့ အကြောင်းတွေ ပြောပြချင်နေမိတယ်။

သူ့မှာ အဖေတူ အမေကွဲ ညီမ (၄) ယောက်နဲ့ အမေတူ အဖေကွဲ ညီမ တစ်ယောက်ရှိတယ်တဲ့လေ။

အခန်း(၃)
This entry was posted on Friday, December 11, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On December 12, 2009 at 2:45 AM , johnmoeeain said...

ညီမလေးကို သိပ်ချစ်တဲ့ အစ်ကိုတစ်ယောက်အဖြစ်နဲ့
ကြီးပျင်းလာပြီး အထီးကျန်မှုတွေကိုလည်း ဖြေဖျောက်တတ်အောင် ဘယ်အရာတွေကများ သူ့ကို သင်ကြားပေးခဲ့တာလဲ မသိဖူးနော်....