b သူရဲကောင်းကြယ်: ဂျာမနီက Einbahnstraße
•Monday, December 14, 2009
ဘာရယ်ဟုတ်ဘူး။ Lab မှာ နေရင်း အမေရိက အလယ်ပိုင်း ပနားမားက သူငယ်ချင်း တစ်ယောက်ရဲ့ အဖြစ်ကလေး ဖောက်သည် ချချင်လို့ပါ။ ဂျာမနီကို ရောက်ခါစဆိုတော့ ဂျာမန်စကားလည်း ကောင်းကောင်းမပြောတတ်သလို ကောင်းကောင်းလည်း မဖတ်တတ်သေးတာ သဘာဝပဲလေ။

တနေ့ ဆရာက သူမကို ဘယ်နားမှာနေလဲလို့ မေးပါတယ်။ သူမက ပြန်ပြောတာပေါ့၊
Bahnhofstraße နဲ့ Einbahnstraße ဆုံတဲ့ နေရာမှာ နေပါတယ်လို့ ပြန်ပြောတယ်။
ဆရာကတော့ ဘာမှ ဆက်မမေးတော့ပဲ ပြုံးနေခဲ့တယ်။

ဒီလိုနဲ့ ခရစ်စမတ်အကြို ညစာစားပွဲကို ဒီဇင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့အခါမှာတော့ ကျွန်တော်တို့နေထိုင်ရာမြို့လေးနဲ့ ဝေးတဲ့ အခြားမြို့တစ်မြို့ကို ကားနဲ့ သွားရတာပေါ့။ လူတွေလည်း စုမိတယ်ဆိုရင်ပဲ သူမက အားလုံးရှေ့မှာ တစ်ခု ပြောလိုက်ပါတယ်။

သူမပြောလိုက်တာက

ဂျာမနီက လမ်းနာမည်တွေကလည်း အတူတူ တွေချည်းပဲနော်။
ဘယ်နားကြည့်ကြည့် လမ်းနာမည်တွေကလည်း Einbahnstraße တွေချည်းပဲ။

ဒီတော့ ကျွန်တော်တို့ အားလုံး ဟန်မဆောင်နိုင်တော့ပဲ ရယ်မိကြပါတော့တယ်။ သူမလည်း လိုက်ရယ်တာပေါ့။ဘာရယ်တော့ သိသေးပုံ မပေါ်ပါဘူး။
နောက်မှ ဆရာက "Einbahnstraße" ဆိုတာ "တစ်လမ်းမောင်း"ကို ပြောတာလို့ ပြောလိုက်မှ သူမ ခမျာ ရှက်လည်း ရှက်၊ ရယ်လည်း ရယ်ချင်နဲ့ မနားတမ်း ရယ်နေမိတာ အတော်ကြာပါတယ်။

နောက်ရက်တွေ Lab မှာ အတူတူ စမ်းသပ်မှုတွေလုပ်တိုင်း သူမကို Einbahnstraße လို့ ပြောလိုက်တိုင်းပြောရင်း ရယ်မိကြပါတော့တယ်။ သူမလည်း ၃ လပြည့်လို့ သူ့တိုင်းပြည်ကို ပြန်သွားတဲ့အခါ ကျွန်တော်တို့အဖွဲ့က Einbahnstraße ဆိုတာလေးကို ဖောင်ကြွလေးတစ်ခု ရိုက်ပြီး အမှတ်တရ လက်ဆောင် ပေးဖြစ်ခဲ့ပါတယ်။
တခါတခါ နိုင်ငံခြားသားတွေ မြန်မာစကားကို လိုက်မှတ်ရင်း ခေါင်းရှုပ်တဲ့အခါ ကျွန်တော်တို့ ရယ်ရသလိုသူတို့လည်း ကျွန်တော်တို့ နားလည်မှု လွဲတဲ့အခါ တော်တော်ရယ်စရာ ကောင်းနေမယ်ဆိုတာ တွေးမိပါတော့တယ်။
This entry was posted on Monday, December 14, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On December 15, 2009 at 10:21 PM , Unknown said...

ကောင်းမှကောင်း