b သူရဲကောင်းကြယ်: October 2009
•Friday, October 30, 2009
ဒီနေ့မှာတော့ ဘာစီလိုနာမှာ အထင်ရှားဆုံး ဆယ်နေရာရှိတဲ့ အထဲက ပထမဦးစားပေး အထင်ရှားဆုံးဖြစ်တဲ့ Sagrada Familia Church ကျောင်းကြီးကို ရောက်ဖြစ်ပါတယ်။ ဗိသုကာပညာမှာ အံ့မခန်းတော်တဲ့ ဗိသုကာ ပညာရှင် အန်တိုနီရိုဂေါက်ဒီရဲ့ အထင်ရှားဆုံးလက်ရာတစ်ခုလို့ ပြောလို့ပါတယ်။ ဒီ Sagrada Familia ဆိုတဲ့ ကျောင်းတော်ကြီးကို ၁၈၈၂ ကတည်းက စဆောက်နေခဲ့တာပါ။ လာမဲ့ ၂၀၂၆ လောက်ဆိုရင်တော့ ဂေါက်ဒီရဲ့ Design ရေးဆွဲထားတဲ့အတိုင်း အပြီးသတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဗိသုကာပညာရှင် ဂေါက်ဒီကတော့ ၁၉၂၆ မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပေမဲ့ နှစ်တစ်ရာ စီမံကိန်းအဖြစ် ဒီကျောင်းတော်ကြီးကို ဆောက်လုပ်နေကြခြင်းဖြစ်ပါတယ်။ ၁၈၈၂ ကနေစဆောက်လာလိုက်တာ ၂၀၂၆ မှ ပြီးမယ်ဆိုတော့ ဒီကျောင်းတော်ကြီး ဆောက်လုပ်တာဟာ ၁၄၄ နှစ်တောင် ကြာမှာလို့ ပြောရမှာပေါ့လေ။

လာမဲ့ ၂၀၁၀ စက်တင်ဘာလထဲမှာတော့ အတွင်းပိုင်း အပြင်အဆင်တွေ အပြီးသတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာလှည့် ခရီးသည်တွေကို ပြသဖို့ စီစဉ်နေကြပါတယ်။ လေ့လာချက်မှတ်တမ်းများအရ လာရောက်လည်ပတ်သူဦးရေမှာ ၂၀၀၄ ခုနှစ်တွင် လူဦးရေ ၂.၂၆ သန်းခန့်ရှိတယ်လို့ သိရပါတယ်။ ဒီကျောင်းတော်ကြီးရဲ့ ထူးခြားချက်တွေကတော့ အံ့မခန်းပါပဲ။ ဗိသုကာပညာကိုလေ့လာနေသူများအဖို့
အမှန်တကယ် လည်ပတ်သင့်တဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ ဒီကျောင်းတော်ကြီးရဲ့ ကော်လံတိုင်တွေနဲ့ ဖွဲ့စည်းပုံတွေဟာ သာမန်နဲ့ လုံးဝမတူ လို့ပါပဲ။ ကျွန်တော်တို့ မြင်တွေ့နေကြ အဆောက်အဦးအများစုဟာ တိုင်တွေဟာ တည့်မတ်ဖြောင့်တန်းပြီး စတုန်းရန်ပုံ စတုဂံပုံများသာ ဖြစ်ပေမဲ့ ဒီကျောင်းတော်ကြီးရဲ့ တိုင်တွေဟာ အောက်ပိုင်းမှာသာ ဖြောင့်တန်းပေမဲ့ အပေါ်ပိုင်မှာတော့ သစ်ပင်တစ်ပင်ရဲ့ သစ်ကိုင်းတွေလိုမျိုးဖြစ်အောင် ဖန်တီးထားလို့ပါပဲ။

သဘာဝအလျှောက် ပေါက်ရောက်နေတတ်တဲ့ သစ်ပင်တွေရဲ့ သဘောသဘာဝကို လေ့လာပြီးဆောက်လုပ် ထားပါတယ်။ ပြီးတော့ ပျားအုံလေးတွေရဲ့ ဖွဲ့စည်းပုံကို အတုယူပြီး ခိုင်ခံအောင် လှပအောင် ဆောင်လုပ်ထား ပါတယ်။

ဂေါက်ဒီရဲ့ ရည်မှန်းချက်ကတော့ ဒီကျောင်းတော်ကြီးဟာ ခရစ်ယာန်သာသနာမှာ နောက်ဆုံးနဲ့ အကြီးကျယ် အခမ်းနားဆုံး Christendom လို့ ခေါ်တဲ့ ခရစ်ယာန်ကမ္ဘာရဲ့ ပြယုဂ်တစ်ခုအဖြစ် ဖန်တီးဖို့ ဖြစ်တယ်လို့ သိရပါတယ်။ အံ့မခန်းလက်ရာတွေနဲ့ မွမ်းမံထားပါတယ်။ တာဝါတိုင်ပေါင်း ၁၈ ခုကိုလည်း ကျောင်းတော်ကြီး ပေါ်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီတာဝါတွေကတော့ ယေရှုခရစ်တော်ရဲ့ တမန်တော် ၁၂ ဦး၊ ကျမ်းစာတော်မြတ် ၄ အုပ်၊ အပျိုစင်ဖြစ်တဲ့ မယ်တော် မာရီ နှင့် အရှည်ဆုံးတာဝါကတော့ ယေရှုခရစ်တော်ကို ရည်ညွှန်းပြီး ဆောက်လုပ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။ တာဝါကြီးတွေကို ဆက်သွယ်ထားတဲ့ ပေါင်းကူးလေးကနေ မြို့တော် ဘာစီလိုနာကို ကြည့်ရှုရ တာဟာ အသဲယားစရာ ကောင်းလှပြီး ကြည့်လို့လည်းအလွန်လှပ ပါတယ်။

ဒီတာဝါပေါ်တက်ဖို့ကလည်း ၁ နာရီခွဲလောက်တန်းစီခဲ့ရပါတယ်။

ဒါတွေကတော့ တာဝါပေါ်ကနေရိုက်ထားတဲ့ ပုံတွေ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Diogonal ဆိုတဲ့ အိမ်ယိုင်ယိုင်ကြီးတွေရှိတဲ့ဆီကို သွားခဲ့ပါတယ်။ တကယ်တော့ အိမ်တွေက ယိုင်နေတာမဟုတ်ပါဘူး မြင်နေကြပြတင်းပေါင်ဒီဇိုင်းတွေက ထောင့်မှန်ပုံတွေပဲ ဖြစ်နေတော့ ထောင့်မှန်ပုံမဟုတ်တဲ့ ပြတင်းတံခါးတွေနဲ့ အလှဆင်ထားတဲ့ အိမ်ကို မြင်လိုက်ရတော့ မပြောတတ်တာနဲ့ အိမ်ယိုင်တယ် ထင်ရတာပါ။
အဲဒီနောက်မှာတော့ ဂေါက်ဒီရဲ့ ဥယျာဉ်ကြီးရှိတဲ့ဆီကို ရောက်ခဲ့ပါတယ်။ တောင်ကုန်းပေါ်မှာ ဖန်တီးထားတာ ဖြစ်တဲ့အတွက် မြို့ထဲကို အလွယ်တကူမြင်နိုင်သလို မြေထဲပင်လယ်ရဲ့ အလှအပကိုလည်း အဝေးက ခံစားနိုင်ပါတယ်။ ပင်လယ်ဘက်က တိုက်ခတ်လာတဲ့ လေနုအေးများနဲ့ အတူ ဥယျာဉ်ထဲမှ ပန်းပေါင်းစုံရဲ့ ရနံ့တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဒီလေကို ရှူပြီး မလန်းတဲ့သူ ရှိမယ် မထင်တော့ပါ။ တနေကုန်လည်နေရပေမဲ့ ပင်ပန်းတယ်လို့ မထင်မိပါ။ ညောင်းသမျှကလည်း ဥယျာဉ်မှာ ခဏအပန်းဖြေလိုက်တော့ ပျောက်သွားဟန် တူပါတယ်။

ဒီနောက်မှာတော့ ဟိုတယ်ကို ခဏပြန်ပြီး ကပျာကယာ ထမင်းလက်ဆုံ စားကြပါတယ်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ စောင့်မျှော်နေတဲ့ ဘာစီလိုနာ ကမ်းခြေရဲ့ အလှကို ခံစားရတော့မို့ပါ။ မြန်မာပြည်မှာ နှစ် ၂၅ လောက်နေခဲ့ဖူးတာတောင် အညာသားဆိုတော့ ပင်လယ်ကို မမြင်ဖူးခဲ့ပါ။ ဒီထဲမှာ ပင်လယ်မမြင်ဖူးသေးတဲ့ လူက ထက်ဝက်နီးပါးပါတယ်လေ်။ ပင်လယ်ကို ရောက်ဖူးသူတိုင်း ပင်လယ်မှာ ခံစားရတဲ့ အရသာကို သိကြမှာပါ။

တကယ်လည်း ပျော်စရာကောင်းလှပါတယ်။ ပင်လယ်နားမရောက်ခင်အထိ Metro မှာ မြေအောက်ရထားကို ခဏစီးသွားပြီး ပင်လယ်ဘက်ကို အဖွဲ့လိုက် လမ်းလျှောက် လာကြပါတော့တယ်။
ဇာတ်လမ်းက ဒီမှာစတာပေါ့ဗျာ။
•Friday, October 30, 2009
ဒီလမ်းတလျှောက်မှာတော့ ပြောသမျှ အလွယ်တကူ ယုံတတ်တဲ့ ကျွန်တော်က သစ်တောက အစ်ကို တစ်ယောက်နဲ့ တွဲမိနေပါတော့တယ်။ စကားပြောရင်း လမ်းလျှောက်လာလိုက်တာ တစ်နေရာ အရောက်မှာတော့ မော်တော်ဘုတ်တွေပုံနေတဲ့ ဆိပ်ခံတစ်ခုကို တွေ့ပါတယ်။ သစ်တောက အစ်ကိုက အော် သူများနိုင်ငံများ မော်တော်တွေ သင်္ဘောတွေ ပေါချက်ကတော့ ကုန်းပေါ်တောင် ပုံထားရတယ်နော်လို့ ပြောလိုက်ပါတယ်။

တကယ်လည်း ပွတ်သိပ်နေပြီး ရေတောင် အလွယ်တကူ မမြင်ရတော့ "ဟုတ်မယ်ဗျ...သင်္ဘောတွေ တော်တော်ပေါတာပဲနော်" လို့ ပြန်ပြောမိတာပေါ့ဗျာ။ သေသေချာချာ သဲသဲကွဲကွဲလည်း မြင်ရရော တကယ်တော့ သင်္ဘောအားလုံးက ရေပေါ်မှာပါ။ ကျောက်ချပြီး တန်းစီရပ်ထားလို့ ရေကို အလွယ်တကူ မမြင်ရတာပါ။

အဲဒီနောက်မှာတော့ လွယ်လွယ်ယုံတတ်တဲ့ ကိုယ့်ကိုယ်ကို တွေးရင်း ရယ်မိပါတယ်။ သူ့ကိုတော့ လက်ညှိုးလေး တစ်ချောင်း ထောင်ပြလိုက်ပါတယ်။ အဓိပ္ပါယ်က အစ်ကိုရေ တစ်ခါပဲ ညာလို့ရမယ်ဆိုတဲ့ သဘောနဲ့ပါ။ ဒါပေမဲ့ ရန်ကုန်သားအစ်ကိုကတော့ တစ်သက်လုံး လိမ်လို့ ရပြီဆိုတဲ့ သဘောလားလို့ ပြန်မေးပါတော့တယ်။

နှစ်ခုလုံး ဖြစ်နိုင်နေတာဆိုတော့ နှစ်ယောက်သား ရယ်မိပါတော့တယ်။ တစ်ယောက်က တစ်ယောက်ကို လက်ညှိုးတစ်ချောင်း ထောင်ပြတိုင်း ဒီအဖြစ်အပျက်ကလေးက ဒီခရီးစဉ်တစ်ခုလုံးအတွက် စကားလုံးမဲ့ ဟာသတစ်ခု ဖြစ်ခဲ့ပါတော့တယ်။


အဲဒီနောက်မှာတော့ ကမ်းခြေမှာ ဆောက်ထားတဲ့ ကမ်းခြေ စားသောက်ဆိုင်နှင့် တကွ ပင်လယ်ကမ်းခြေက သဲသောင်ပြင်တွေ ပေါ်မှာ ဘောလုံးကန်ကြပါတော့တယ်။ ၅ နှစ်ကလေးတွေလောက်သာ ဆော့လေ့ရှိတဲ့ ပလပ်စတစ် အနီရောက်ဘောလုံးလေးကို ၂၅ နှစ်အထက် မြန်မာတွေ ကမ်းခြေမှာ အားပါးတရ ဘောလုံး ကန်နေကြတာကို မြင်ရရင် ကမ်းခြေကလူတွေရဲ့ စိတ်ထဲမှာ ဘယ်လိုရှိမယ်တော့ မတွေးတတ်ပါ။ ခုပြန်တွေးကြည့်တော့ ရယ်ချင်နေမိပါတယ်။

အဲဒီနောက် ပြေးရတာ မောလာတဲ့အခါ ဘောလုံးကို ခြင်းလုပ်ပြီး ဆော့ကြပါတယ်။ ခြင်းခတ်ပြီးတဲ့နောက် မှာတော့ ပင်လယ်ရေချိုးဖို့ စတင်ပါတော့တယ်။ လှိုင်းလုံးကြီးတွေက တဝုန်းဝုန်းပြေးတက်လာလိုက်

ကြောက်ပြီး သောင်ပြင်ပေါ် ပြေးတက်လိုက်နဲ့ တော်တော်တော့ ရယ်စရာ ကောင်းနေပါတော့တယ်။


ပင်လယ်ထဲမှာ ရေလွှာလျှော်စီးသူများကိုလည်း မြင်ရပါတယ်။ ကျွန်တော်တို့ အတွက်တော့ လှိုင်းဒဏ်ကြောင့် လှိုင်းစီးဖို့ နေနေသာသာ လှိုင်းနဲ့ ပြေးတမ်းလိုက်တမ်း ကစားနေသလား အောင်းမေ့ရပါတယ်။ နောက်တော့ မထူးပါဘူးလေ.တစ်ကိုယ်လုံး ရေစိုဖို့တော့ လိုသေးတယ်ထင်တာနဲ့ လှိုင်းအဆုတ်မှာ ပြေးလိုက်သွားပြီး လှိုင်းတက်လာတဲ့အခါ ငုပ်တုတ်ထိုင်နေလိုက်ပါတယ်။ လှိုင်းက လူကို ဂေါက်သီးရိုက်သလို ရိုက်လိုက်တော့ ကမ်းခြေကို ဒလိမ့်ခေါက်ခွေးပြန်ရောက်ပါတယ်။ ကမ်းခြေပြန်ရောက်တဲ့အခါ ထိုင်ပြီး အားပေးနေကြတယ် သူငယ်ချင်း မိန်းကလေးတွေကို ဓာတ်ပုံရိုက်ခိုင်းရတာပေါ့လေ။


မြန်မာမိန်းကလေးတွေပီပီ အရှက်ကြီးလေတော့ သူတို့လည်း ပင်လယ်ရေနဲ့ ထိတယ်ဆိုရုံ လောက်သာ ထိပြီး သူများဆော့တာကိုပဲ ကြည့်နေကြတယ်လေ။ ဓာတ်ပုံတွေရိုက်ရင်း လှိုင်းစီးနေကြတဲ့သူတွေကို ကြည့်နေ လိုက်တာ နေဝင်တဲ့အထိ ဆိုပါတော့။

အဲဒီနောက်မှာတော့ ညနေစာချက်စားဖို့ စူပါမားကက်တစ်ခုကို အမြန်ရှာပြီး ကျွန်တော်တို့ ဆယ်ရောက်လုံး ထမင်းချက်စားကြပါတော့တယ်။ ချက်စားလို့ ရအောင်ကလည်း ဂျာမနီကတည်းက ထမင်းပေါင်းအိုးလေးကို သယ်လာခဲ့ရပါတယ်။
နောက်နေ့မှာတော့ ကမ္ဘာ့ဖလားမှာ ကန်သွားတဲ့ ဘာစီလိုနာ ဘောလုံးကွင်းကို ရောက်ခဲ့ပါတော့တယ်။ နိုင်ငံတကာ အဆင့်မှီကွင်းမို့လား မသိပါ။ ဝင်ကြေးကလည်း ၁၇ ယူရိုဈေးကြီးလှပါတယ်။ ဘောလုံးပြတိုက်နဲ့ အတူ ကွင်းထဲ ဝင်ကြည့်ခွင့် ရဖို့ကိုပင် တန်းစီရတာ တော်တော်ကြာပါတယ်။ အဲဒီနောက်မှာတော့ ဘောလုံးပစ္စည်းတွေနဲ့ အားစကားဝတ်စုံတွေရောင်းတဲ့ ဆိုင်မှာ စပိန်ပြန်လက်ဆောင်တွေ ဝယ်ကြပါ တော့တယ်။

ကျွန်တော်ဝယ်လာမိတဲ့ လက်ဆောင်ကတော့ လူ့ရှေ့သူ့ရှေ့မှာ ထုတ်ကြွားလို့ မရတဲ့ အဝတ်အစား တစ်ခုပေါ့ဗျာ။ပထမတုန်းကတော့ ဘာစီလိုနာ ဘောလုံး အင်္ကျီဝယ်မလို့ပါပဲ။ ကမ္ဘာကျော် ဘောလုံးသမား မက်ဆီရဲ့ နာမည်ပါတဲ့ အင်္ကျီလေး ဝယ်မယ်ဆိုပြီး ဈေးနှုန်းကြည့်လိုက်တော့ ၈၅ ယူရိုဖြစ်နေတာနဲ့ ဟဲဟဲ အင်္ကျီကို ခဏယူဝတ်ပြီး ဓာတ်ပုံရိုက်ယူခဲ့ပါတော့တယ်။
•Friday, October 30, 2009

သော့ချိတ်လေးတွေနဲ့ လက်ဆောင်လေးတွေဝယ်ပြီးတဲ့နောက်မှာတော့ Las Ramblas ဆိုတဲ့ လမ်းမမှာ လမ်းလျှောက်ဖို့ ထွက်ခဲ့ပါတော့တယ်။ ဒီလမ်းပေါ်မှာကတော့ Street Performers လို့ ခေါ်ရမဲ့ လမ်းပေါ်မှာ ပုံစံမျိုးစုံ ဒီဇိုင်းမျိုးစုံနဲ့ ပိုက်ဆံတောင်းနေတဲ့ လူတွေကို တွေ့မြင်ခဲ့ရပါတယ်။ သမ္မတရုံက ဇာတ်လမ်းပြီးတဲ့အခါ လူတိုးရသလိုမျိုး ဒီလမ်းပေါ်မှာလည်း အဲလိုကို တိုးနေရပါတော့တယ်။ လူက ဆယ်ယောက်ဆိုတော့ လူကွဲသွားမှာစိုးတာနဲ့ ထီးအစိမ်းလေးတစ်ချောင်းကို ဥပဒေက အစ်မတစ်ယောက်က အဖွဲ့ရဲ့ သင်္ကေတအဖြစ် ထောင်ထားရပါတယ်။ ဒီလမ်းတစ်လျှောက်မှာ တွေ့ခဲ့ရတဲ့ ပုံတွေကတော့ ဒီမှာပါ။

အဲဒီနောက်မှာတော့ စီစဉ်မထားဘဲ လုပ်ဖြစ်ခဲ့တဲ့ အစီအစဉ်တစ်ခုကတော့ မြေထဲပင်လယ်ပေါ်မှာ အပျော်စီးသင်္ဘောနဲ့ ကမ်းခြေတစ်လျှောက် လှည့်ပတ်ကြည့်ဖြစ်ခဲ့ပါတယ်။ ဥရောပမှာ ကျောင်းသားတိုင်းကို အခွင့်အရေးပေးတာများပါတယ်။ စပိန်မှာ အပျော်စီး သင်္ဘောစီးတာတောင် ဂျာမနီကျောင်းသားကဒ်နဲ့ ဆိုတော့ ယူရို ၁၀ ပဲ ပေးရပါတယ်။ သာမန်ဆိုရင် ၁၄ ယူရို ကျမှာဖြစ်ပါတယ်။ အပျော်စီး သင်္ဘောပေါ်မှာ ၁ နာရီခွဲလောက် ကြခဲ့ပါတယ်။ သင်္ဘောစထွက်ပြီဆိုရင်ပဲ ကိုရီးယားမလေး နှစ်ယောက်က ကျွန်တော်တို့ ဘေးနားမှာ လာထိုင်ပါတယ်။

အာရှသူများပီပီ စကားများတွတ်ထိုးရင်း အရှက်ကြီးချက်ကတော့ ကျွန်တော်တို့ဘက်ကို တစ်ချက်တောင် လှည့်မကြည့်ဘူးဗျ။ ဘယ်ကြည့်ပါ့မလဲ ကျွန်တော်တို့က အညာဆီရော “ အညှော်စီရော” လို့ ကိုရီးယားလို နှုတ်ဆက်ပြီး နောက်တစ်လုံးကို မကြားတကြားပြောပြီး စထားကြတာကိုး။ သင်္ဘောအပေါ်ထပ်မှာ စီးရင်း ဘာစီလိုနာ ကမ်းခြေကို ကြည့်ရတာ တော်တော်သာယာလှပါတယ်။ မိန်းကလေးတွေကလည်း သင်္ဘောရဲ့ ဟိုဘက်ခြမ်းမှာ သူတို့လည်း အဖွဲ့ကြနေကြလေရဲ့။ ဟိုင်းကြီးကျွန်းမှာ မွေးခဲ့တဲ့ ပုသိမ်သူတစ်ယောက်နဲ့ မိတ္ထီလာသူတစ်ယောက်ကတော့ လှိုင်းမူးနေကြတယ်ဆိုပဲ။

ကျွန်တော်နဲ့ သစ်တောက အစ်ကိုရယ် စိုက်ပျိုးရေးက အစ်ကိုရယ်ကတော့ လှိုင်းမမူးတဲ့အပြင် သင်္ဘောပေါ်မှာ ရောင်းတဲ့ ဘာစီလိုနာ ဘီယာကို သုံးယောက်တစ်အိပ်မက် သုံးခါ မက်နေလိုက်ကြပါတယ်။ သပန (သိပ္ပံနှင့် နည်းပညာ) ဂိတ်ကို ဖြတ်လိုက်၊ သစ်တောဂိတ်ကို ဖြတ်လိုက်၊ စိုက်ပျိုးရေးကို ဖြတ်လိုက်နဲ့ ဘီယာဖန်ခွက်ကလေးကတော့ မျက်စိများကို လည်နေပါတော့တယ်။ ဝါရင့်သမားတော်ကြီးဖြစ်တဲ့ သစ်တောဂိတ်ကတော့ အရိတ်ဆုံးလို့ ထင်ရပါတယ်။ သပနက အလယ်ထိုင်ဆိုပေမဲ့ နှစ်ကျော့ပြန်လို့ မရအောင် စိုက်ပျိုးရေးဂိတ်က တားထားပါသေးတယ်။ လှိုင်းတအိအိပေါ်မှာ လှိုင်းကလေး စီးလိုက် ဘီယာလိုက် မော့လိုက်နဲ့ ဘဝကတော့ ရှယ်ကို လန်းနေပါတော့တယ်။

မြေထဲပင်လယ်၏ အငွေ့ အသက်ကို စတင်ခံစားရင်း အပျော်စီးသင်္ဘောဖြင့် ၁ နာရီခွဲကြာ လေညှင်းခံရင်း ဘာစီလိုနာ၏ ကမ်းခြေအလှကို ရှုစားရသည်မှာ ပျော်စရာကောင်းလှပါတယ်။ ဒီခရီးစဉ်မှာ်ကတော့ သင်္ဘောဦးကနေ ဘီယာသောက်ရင်း ပင်လယ်လေကို တဝကြီး ရှူရှိုက်ရသည်ကို နှစ်သက်မိပါတယ်။်
သင်္ဘောဦးတည့်တည့်မှာ မြန်မာ ၃ ယောက်ရှေ့တည့်တည့်က ထိုင်ပြီး တိုက်တန်းနစ်ကားထဲက လီယိုနာဒိုနဲ့ ကိတ်ဝင်စလက်တို့လိုတော့ ရိုမန်တစ်တော့ မဆန်ဘူးပေါ့ဗျာ။ ဒါပေမဲ့ မကြာပါဘူး။ စိုက်ပျိုးရေးက အစ်မတစ်ယောက်နဲ့ ဥပဒေက အစ်မတစ်ယောက်လည်း သင်္ဘောဦးမှာ လေညှင်းခံရတဲ့ အရသာကို သူတို့လည်း ရှာဖွေတွေ့ရှိသွားပါတော့တယ်။ ကျွန်တော်တို့သုံးယောက်လည်း ဘီယာကို သုံးယောက်တစ်အိပ်မက် သုံးခါ မက်ပြီးတဲ့ နောက်မှာတော့ စကားပြောလို့ ကောင်းလာပါတော့တယ်။

အဲဒီနောက်မှာတော့ KSF ကြက်ကင်နဲ့ အာလူးကြော်စားကြပါတော့တယ်။ ဒီညပေါ့ဗျာ။ စိတ်ထဲမှာ ခုထိ အမှတ်တရဖြစ်နေမိတာ။ Magic Fountain လို့ ခေါ်တဲ့ ရေနဲ့ မီးအလှပြ ပွဲတော်လေးပေါ့။ ဘာစီလိုနာမှာ ဒီပွဲလေးက နာမည်ကြီးပါတယ်။ ရေပန်းတွေကို မီးရောင်စုံနဲ့ ထိုးပြလိုက်တဲ့အခါ ရေတွေတဖွားကြားမှာ ဆေးရောင်စုံ စီခြယ်ထားတဲ့ သက်ဝင်ပန်ချီကားတစ်ချပ်ကို ကြည့်ရသလို ခံစားရပါတော့တယ်။ ခဏအကြမှာတော့ ရေပန်းတွေအကြားကနေ ထွက်ပေါ်လာတဲ့ သာယာညိမ့်ညောင်းဖွယ် တေးသံသာလေးကိုကြားရပါတော့တယ်။ သီချင်းသံရဲ့ စီးမျောမူနဲ့ အတူ ရေပန်းတွေမှ ဒီဇိုင်းမျိုးစုံ ပုံစံမျိုးစုံနဲ့
သရုပ်ဖော်နေပုံတွေကို ကြည့်ရတာ တော်တော်ကို စိတ်ကြည်နူးရပါတယ်။

မြန်မာပြည်က သူငယ်ချင်းတွေနဲ့ အတူ ကျွန်တော့်မိသားစုလေးကိုလည်း မြင်စေချင်တဲ့ စိတ်တွေတောင် ပေါက်လာမိပါတယ်။ ရေပန်းတွေ တဖွဲဖွဲကြားမှာ အဆိုတော်မပါ သရုပ်ဆောင် မပါပေမဲ့ လူပေါင်းများစွာကို ၂ နာရီကျော်မျှ ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ဒီ Magic Fountain ညနေ ၇ နာရီကနေ ၉ နာရီအထိပဲ ပြသတာပါ။ ဒီကနေ လှမ်းမျှော်ကြည့်တဲ့အခါ ကောင်းကင်ကြိုးစီးပြီး မြို့ကိုလည်း ကြည်ရှုနိုင်ပါသေးတယ်။

နောက်နေ့ဆို ပြန်ရတော့မယ်ဆိုတဲ့ အတွေးနဲ့ အတူ ဘာစီလိုနာလာရတာ ဒါလေးကို ကြည့်လိုက်ရတဲ့အတွက် တန်တယ်လို့ ပြောရမယ်လို့ ကောက်ချက်ချမိပါတော့တယ်။ ဗွီဒီယိုလေးကို အမြည်းသဘော ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။

ဒီလိုနဲ့ ဘာစီလိုနာ ခရီးစဉ်လေးကို ပျော်ရွှင်မှုတွေနဲ့ ပဲ အဆုံးသတ်လိုက်ပါတော့တယ်။ အတန်းတူ သူငယ်ချင်းတွေကတော့ ကျွန်တော့်မြို့လေး ဖြစ်တဲ့ ကိုက်ဇာလောက်တန်ကို လိုက်လာကြပါတော့တယ်။ သူတို့ကို တတ်သလောက်မှတ်သလောက် လက်ရာတွေနဲ့ မြန်မာထမင်း ဟင်းတွေ ချက်ကျွေးလိုက်ပါတယ်။ တစ်ယောက်တည်းဆို ယမ်ယမ်နဲ့ ပြီးလိုက်ပေါင်မုန့် နဲ့ ပြီးလိုက်ဆိုတော့ ခုလို သူငယ်ချင်းတွေနဲ့ ထမင်းလက်ဆုံစားရတော့ ကံထူးတယ်လို့ ဆိုရမှာပေါ့လေ။

နောက်ခရီးစဉ် အဖြစ် ဂရိနိုင်ငံ အေသင်မြို့လို့ ခေါင်းစဉ်တပ်ရင်း ခုလို စိတ်ရှည်လက်ရှည် အဆုံးထိ ဖတ်ပေးတာကို ကျေးဇူးတင်လျှက်

ခင်မင်လေးစားစွားဖြင့်

herostar
•Monday, October 19, 2009
၁။ ကမ္ဘာ့နိုဘယ်ဆုတွေကို ပေးဖို့ စတင် ခဲ့သူ ဆွီဒင်လူမျိုး သိပ္ပံ ပညာရှင်
အဲဖရက်နိုဘယ် (Alfred Nobel) ဟာ ငါ မဟုတ်ဘူး။

၂။ အီတလီစာရေးဆရာ Giuseppe Giacosa ဟာ ငါ မဟုတ်ဘူး။

၃။ အမေရိကန် ဂီတပညာရှင် Steve Cropper ဟာ ငါ မဟုတ်ဘူး။

၎။ အမေရိကန် ဘောလုံးသမား Brian Piccolo ဟာ ငါ မဟုတ်ဘူး။

၅။ နိုဗယ်ဆုရ သြစတြီးယား စာရေးဆရာ Elfriede Jelinek ဟာ ငါ မဟုတ်ဘူး။

၆။အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ဟာ ငါ မဟုတ်ဘူး။

၇။ အမေရိကန် သရုပ်ဆောင် စာရေးဆရာ Carrie Fisher ဟာ ငါ မဟုတ်ဘူး။

၈။ နိုဗယ်ဆုရ ဂျာမန် ရူပဗေဒပညာရှင် Wolfgang Ketterle ဟာ ငါ မဟုတ်ဘူး။

၉။ အမေရိကန် နိုင်ငံရေးသမား John William Snow ဟာ ငါ မဟုတ်ဘူး။

၁၀။ တင့်ကားကို တီထွင်ခဲ့တဲ့ အိန္ဒိယမြေဖွား Sir Ernest Dunlop Swinton ဟာ ငါ မဟုတ်ဘူး။

သူတို့ အားလုံးရဲ့ မွေးနေ့ က အောက်တိုဘာ ၂၁

A/ ချင်းတွင်းမြစ်အရှေ့ ကမ်းက မုံရွာမြို့ လေးမှာ မွေးခဲ့တာ ငါ။

B/ ဘုန်းကြီးကျောင်းသား ဘဝနဲ့ ကျောင်းတက်ခဲ့ဖူးတာ ငါ။

C/ ဘုန်းကြီးတွေကို ကတုံး တုံးပေးခဲ့ဖူးတာ ငါ။

D/ ခွေးပိန်လေးတစ်ကောင်နဲ့ သူငယ်ချင်း ဖြစ်ခဲ့ဖူးတာ ငါ။

E/ ဘောလုံးကန်တိုင်း အရိုက်ခံခဲ့ရဖူးတာ ငါ။

F/ အင်တာနက်ပေါ်မှာ ဟိုလျှောက်ရေး ဒီလျှောက်ရေး လုပ်တတ်တာ ငါ။

G/ ခုချိန်ထိ ဘယ်သီချင်းမှ တစ်ပုဒ်လုံး အလွတ်မရတာ ငါ။

H/ ကဗျာလိုလို စာလိုလိုနဲ့ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိတာ ငါ။

I/ အိပ်မက်တွေထဲမှာ အိပ်စက်နေခဲ့ဖူးတာ ငါ။

J/ M.I.T ကျောင်းရှေ့ က ဦးရှည်ကြီးဆိုင်မှာ အကြွေးသောက်ခဲ့ဖူးတာ ငါ။

K/ ယုန်တစ်ကောင်နဲ. ချက်ထဲမှာ စကားပြောခဲ့ဖူးတာ ငါ။

L/ လမ်းဘေးမှာတောင်းနေတဲ့ ဂျာမန်က လူတစ်ယောက်ကို ငွေ ၃ ယူရို ထည့်ခဲ့ဖူးတာ ငါ။

M/ ၁ ကနေ ၁၀ ထိရေးထားတဲ့ ကမ္ဘာကျော်တွေနဲ့ ( အောင်တိုဘာ ၂၁ ရက်) ဆိုတဲ့

မွေးနေ့ ကလွဲလို့ ဘာမှ မတူခဲ့တာ ငါ။

ငါ့ကိုလည်း အောက်တိုဘာ ၂၁ မှာ မွေးခဲ့တယ်။


herostar


•Wednesday, October 14, 2009
ဟာသလေးတစ်ပုဒ် ဖတ်ဖူးတယ်။

သေနတ်နဲ့ အဆုံးစီရင်တော့မယ့် လူတစ်ယောက်ကို တရားသူကြီးက "မင်းရဲ့ နောက်ဆုံးဆန္ဒကို ပြောပါ" လို့ မေးလိုက်တယ်။ အကျဉ်းသား ပြန်ဖြေလိုက်တာက "ကျည်ကာအင်္ကျီ ဝတ်ချင်တယ်" ဟူတည်း။

ခုတလော ငါလည်း ဘာဖြစ်နေမှန်းကို မသိ။ ဟိုဟာအဆင်မပြေ ဒီဟာအဆင် မပြေနဲ့။ ကျန်းမာရေးကလည်း မကောင်း၊။ ဒီကြားထဲ ဟိုတနေ့ က ဘူတာရုံက အပြန် လှေကားပေါ်က ခြေခေါက်လဲလို့ ခု လမ်းလျှောက်ရတာ ထော့နဲ့ ထော့နဲ့ ။ တော်တော်လည်း စိတ်ပျက်မိပါတယ်။ ဒုက္ခဆိုတာ အပေါင်းအသင်းတွေနဲ့ လာလည် တတ်တယ်ဆိုတာ ဟုတ်လောက်တယ်။

ငါလည်း လောကဓံကို ကြံကြံခံနိုင်တဲ့ "လောကဓံကာ အင်္ကျီတစ်ထည်" လောက်လိုချင်တယ်။ ချစ်လှစွာသော ငါ့ရဲ့ အရင်းနှီးဆုံးလူတွေကလည်း သူတို့ လိုအပ်တာကို ငါ ဖြည့်ဆီးပြီးကတည်းက ပေါ်မလာတော့တာ ခုထိပဲ။ ငါလည်း ဘယ်သူ့ တိုင်တည်ရမှန်းမသိတာနဲ့ လောကကိုပဲ တိုင်တည်ပြီး ဒီ ဒိုင်ယာရီကို ရေးမိတယ်။
•Monday, October 12, 2009
ကိုယ်ရောစိတ်ပါ နေမကောင်းဖြစ်နေတာနဲ့ လွန်ခဲ့တဲ့အပတ်က ထိုင်းဘုန်းကြီးကျောင်းကို ရောက်ခဲ့သည်။တရားထိုင်ရန် သင်္ကန်းကပ်ရန် ရည်ရွယ်ချက်ဖြင့် သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ခရီးထွက်ခဲ့ခြင်းဖြစ်သည်။

နေရာကတော့ ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းမှာ ရှိပြီး Hessen ပြည်နယ်ရဲ့ မြို့ တော်ဖြစ်သည့် Wiesbaden (ဘီးစ်ဘာဒန်) ဖြစ်သည်။ နိုင်ငံတကာ လေဆိပ်ရှိရာ ဖရန့် ဖတ်မြို့ နဲ့ လည်း နီးပါသည်။ ထိုင်း ဘုန်းတော်ကြီး ကျောင်းကို ထိုင်းက သူငယ်ချင်းတစ်ယောက်၊ သီရိလင်္ကာက သူငယ်ချင်းတစ်ယောက်နဲ့အတူ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဒီလိုနိုင်ငံမျိုးမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို တွေ့ ဆုံခွင့် တရားတော်နာယူခွင့် ရရှိခဲ့သည်။ ထေရဝါဒ ဗုဒ္ဓသာသာချင်း ဖြစ်တာကြောင့် ယုံကြည်ချက်ချင်းလည်း တူညီကြသည်။

ပါဠိအသံထွက်တွင် အသံထွက်အနည်းငယ်ကွဲလွဲယုံမှ လွဲပြီး တူညီပါတယ်။ ကျွန်တော်တို့ မြန်မာတွေက

နမော တဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ။


ဟု "သ" သံဖြင့် ရွတ်ဆိုတဲ့အခါ သီရိလင်္ကာနှင့် ထိုင်းက သူငယ်ချင်းတွေကတော့

နမော တစ ဘဂ၀တော အရဟတော စမ္မာ စမ္ဗုဒ္ဓတစ။ ဟူသော "စ" လုံးသံဖြင့် ရွတ်ဆိုကြသည်။

ပါဠိအသံထွက်တွင် သူမှန်သလား ကိုယ်မှန်သလားတော့ မသိပါ။ ငါးပါးသီလခံယူပုံချင်းလည်း တူညီသည်။ကထိန်ပွဲသို့ လာရောက်သူများတွင် ပြင်သစ်စသည့် အိမ်နီးချင်းနိုင်ငံများမှ လာရောက်သူများလည်း ရှိသည်။ကျောင်းတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်ကို ဤကဲ့သို့ ဖူးတွေ့ ခဲ့ရသည်။
ရွှေသင်္ကန်းကို အတွေ့ ရများသော်လည်း ဤထိုင်းကျောင်းတော်၌ ပုလဲသင်္ကန်းဖြင့် ဗုဒ္ဓရုပ်ပွားတော်ကို ဖူးတွေ့ ရသည်။ ဘုရားပန်းများကို ပြင်ဆင်ထားပုံမှာ အလွန်လှသည်။ ရွှေရောက် ကလပ်၏ အလယ်တွင် ဖော့တုံးများကို
ဦးစွာထိုးစိုက်သည်။ ပြီးလျှင် ငှက်ပျော်ဖက်များ ကတော့ပုံချိုး၍ ထိပ်ဖူးများတွင် စံပယ်ပွင့်ပုံ ပြုလုပ်ထားသော ပလပ်စတစ်ထိပ်ဖူးလေးများတပ်ကြသည်။ သုံးပွင့်ဆိုင် ပြုလုပ်ထားသော ငှက်ပျောဖက်း ကန်တော့ထိုးနှင့် စံပယ်ပွင့်များ ဂန္ဓမာပန်းများဖြင့် ပန်းပြင်ဆင်ထားပုံမှာ ဆွဲဆောင်မှု ရှိလှသည်။
ဘုရားကပ်ရန် ပန်းပြင်ဆင်ထားပုံ
ကထိန် ပဒေသာပင်သီးရန်အတွက် ငှက်ပျောပင်လေး တစ်ပင်ကိုလည်း ခုလိုတွေ့ မြင်ခဲ့ရသည်။

ပွဲမစခင်တုန်းက ဒီငှက်ပျောပင်လေးက တစ်ထောင်မက တန်တယ်လို့ ထိုင်းသူငယ်ချင်းက ဟောကိန်းထုတ် နေသေးသည်။ မကြာခင်မှာပဲ အသီးသီးလာလှူနေကြသည့် အလှူငွေများဖြင့် ငွေပဒေသာပင်သီးနေသည်ကိုတွေ့ ခဲ့ရသည်။ ဤကထိန်ပွဲတွက် စုစုပေါင်း အလှူခံရရှိငွေမှာ ယူရို ၂ သောင်းကျော် (ကျပ်သိန်း ၃၀၀ ကျော်)ရရှိခဲ့သည်။ ကုသိုလ်ရေးတွက် သဒ္ဓါတရားထက်သန်စွာ လှူဒါန်းနေသော ပရိတ်သတ် ၃၀၀ ကျော်ကိုလည်းတွေ့ မြင်ခဲ့ရသည်။
မြန်မာနိုင်ငံမှာလည်း ဒီလိုလှူကြတာပဲလားဟု သူငယ်ချင်းက မေးပါသည်။ အထင်ရှားဆုံး ပြယုဂ်တစ်ခုအဖြစ် ရွှေတိဂုံဘုရားမှာ မြန်မာပြည်သူတွေ လှူဒါန်းထားတဲ့ ရွှေပိဿချိန်ဟာ အင်္ဂလန်ဘဏ်မှာရှိတဲ့ ရွှေပမာဏထက် ပိုများကြောင်း ပြောပြလိုက်တော့ သူဆက်မမေးတော့ပါ။ ကျွန်တော်ကတော့ မြန်မာပီပီ ဆက်ပြောဖြစ်ခဲ့သည်။
မည်မျှပင် မွဲတေနေစေကာမူ သားသမီးများ အရွယ်ရောက်လာလျှင် ပရိက္ခရာ ရှစ်ပါးဖြင့် ရှင်သာမဏေပြုရန်ရှိသမျှငွေကြေးဖြင့် အလှူလုပ်ကြောင်း ပြောဖြစ်သည်။ တချိန်တုန်းကတော့ ထိုင်းမှာလည်း ရှင်ပြုနားသ လုပ်ခဲ့ကြောင်း၊ ခုချိန်မှာတော့ ပျောက်ဆုံးနေပြီ ဖြစ်ကြောင်း ပြောပါသည်။ မြန်မာပြည်သားတစ်ယောက်အဖြစ်ဘာသာရေးမှာတော့ ထိုင်းကို ကောင်းကောင်း ယှဉ်ပြောရဲသည်။ ကျန်တာကတော့ သိတဲ့အတိုင်းပါ့။
အလှူခံရန် သပိတ်များကို တွေ့ မြင်ရပုံ
သံဃာတော်များကို ဆွမ်းကပ်ရန် ပြင်ဆင်ထားသည့် ဆွမ်းဟင်းများကို ဤသို့ တွေ့ ခဲ့ရသည်။













ထိုင်းအစားအစာအများစုမှာ အစပ်ပိုသည်ဟု ပြောရမည်။ ဘာစားစားစပ်နေတတ်သည်။ စားလို့ လည်း အလွန်ကောင်းသည်။ တရားနာခြင်း၊ တရားထိုင်ခြင်းများ ပြီးဆုံးပြီးနောက်မှာတော့ ဖျော်ရေးအစီအစဉ်များကို
လည်း တွေ့ ခဲ့ရသည်။ ထိုင်းရိုးရာအကများဖြင့် ပရိတ်သတ်ကို ဖျော်ဖြေပါသည်။
ဒါကတော့ ၃ ယောက်တွဲကတဲ့ ထိုင်းရိုးရာအက တစ်ခုမတင်ဆက်မီ ရိုက်ကူးခဲ့တဲ့ပုံပါ။
အဲဒီနောက်မှာတော့ ပဒေသာပင်များကို ကိုယ်စီကိုင်ဆောင်ပြီး အားလုံး ကကြသည်။ ဗုံရှည်နှစ်လုံးကို အမျိုးသမီးတစ်ယောက်က တီးပေးပါသည်။ လှူဖွယ်ပစ္စည်းများကို ကိုယ်စီကိုင်ဆောင်ပြီး ဘုံကထိန်လှည့်သလိုလုပ်သည်။ ထိုင်းမှာဆိုရင်တော့ မြို့ တစ်ပတ်လျှောက်ကြမည် ဖြစ်သည်။ ဒီနိုင်ငံမှာတော့ လူစုလူဝေးဖြင့် တန်းစီ လမ်းလျှောက်ဖို့ ရန် မလွယ်ပေ။ ထိုသို့ ခဏမျှ ခန်းမအတွင်း လှည့်လည်ပြီးနောက် သံဃာတော်များကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။















ထိုပွဲ၌ ကပြခဲ့သော ရိုးရာအကများကို အောင်တွင် ကြည့်ရှုနိုင်ပါသည်။


ဒီပွဲလေးမှာ အားကျမိတာကတော့ ဂျာမန်များပါ ဗုဒ္ဓဘာသာဝင် ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗုဒ္ဓ၏ လက်တွေ့ ဆန်သော တရားတော်ကို သူတို့ လက်ခံကြသည်။ ဆရာတော်က ထိုင်းလို ဟောသည့်အခါ ထိုင်းတစ်ယောက်က ဂျာမန်လို ဘာသာပြန်ပေးသည်။ ဘာသာ၊ သာသနာပြန့် ပွားရေးတွက် တဖက်တစ်လမ်းမှကြိုးစားနေကြသော ထိုင်းများကိုတွေ့ ခဲ့ရသည်။ နောင်နှစ်တွင် ထိုင်းဘုန်းကြီးကျောင်းတွက် လုံးချင်းတိုက်တစ်ခုနှစ်ရှည် ငှားရမ်းရန် ယူရို ၈ သိန်းကျော်ကုန်ကျမည်ဟုသိရသည်။
•Saturday, October 03, 2009
သိင်္ဂါရလွင်ပြင်ထဲ လမ်းလျှောက်ရတဲ့ ဘဝကို သတိရမိတယ်။

ရင်ဘတ်ထဲက စွယ်တော်ရှိုက်သံ သီချင်းသံစဉ်နဲ့ အတူ တခါက တက္ကသိုလ် သီတင်းကျွတ်လပြည့်ညလေးကို သတိရမိပါတယ်။ ဒီလို ညမျိုးတွေဆို အဆောင်တိုင်းရဲ့ ပြတင်းပေါက်နားမှာ မီးပုံးလေးတွေ ကိုယ်စီနဲ့ ပေါ့။ ဆီမီး တစ်ထောင်လွှတ်ပွဲ တွေ ကျောင်းရှေ့ က ရေမြောင်းလေးမှာ လုပ်ကြတယ်လေ။ ခုဆို လွမ်းလို့ ကျလာတတ်တဲ့ နှလုံးသားရှိုက်သံနဲ့ အတူ အဆောင်ကျောင်းသား ဘဝကို ခဏခဏ တမ်းတမိပါတယ်။ တမာတန်းလေးမှာ လမ်းတွေလျှောက်ရင်း အတူတက် ခဲ့ဖူးတဲ့ စက်မှုကျောင်းသားဘဝကတော့ လွမ်းမပြေပါပဲလေ။

ဖူးသစ်စ ၊အပျံသင်ခါစ နှလုံးသားနုနုလေးတွေပေါ့။ လူတိုင်းရဲ့ မျက်နှာမှာ ရည်မှန်းချက်ကိုယ်စီ ရည်ရွယ်ရာပန်းတိုင်ကိုယ်စီနဲ့ ပေါ့။ ဒေါ်ဂွက်တို့ ကျော်သူဆွေတို့ (Canteen's Names) မှာ ခုချိန် လောက်ဆို အသံဗလံတွေ ဆူညံနေလောက်ပြီပေါ့လေ။ အချိန်တွေ ဘယ်လောက်ပဲ ကြာမြင့်လာပေမဲ့ ဒီအလွမ်းနာကို မကုသနိုင်ဘူးထင်တာပဲ။ ဆရာကန်တော့ပွဲတွေနဲ့ စည်ကားနေလောက်ပြီပေါ့။ ခုချိန်ဆို အဆာင်တိုင်းမှာ ဥပုသ်ပွဲအတွက် ပြင်ဆင်မှုတွေ ကိုယ်စီ လုပ်နေလောက်ပြီပေါ့လေ။ ၂၀၀၂ မန်းလေးတမ်းချင်းတွေထဲမှာ သီတင်းကျွတ်ည မီးပုံးပျံလွှတ်တာလေးတွေလည်း ပါတယ်။

အဓိပတိလမ်းမပေါ်မှာ ခြေရာတွေ ရှုပ်နေရောပေါ့။ ဥပုသ်ပွဲတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို အဆောင်လိုက် တာဝန်ယူပြီး လုပ်ရတယ်လေ။ သီတင်းကျွတ်ပြီးလို့ တန်ဆောင်မုန်း ကထိန်ပွဲတွက် တက္ကသိုလ်ခန်းမကြီးထဲမှာ ကထိန်တွက်လုပ်ထားတဲ့ လှူဖွယ်ပစ္စည်းတွေကို အဆောင်လိုက် ပဒေသာပင်သီးရတာ တော်တော်ပျော်စရာ ကောင်းပါတယ်။ ကထိန်ကျမဲ့ ဘုန်းတော်ကြီးကျောင်းကို မဲဖောက်ရွေးပြီး ကထိန်ပစ္စည်းတွေ ပို့ ဆောင်ရတာလည်း ပျော်စရာကောင်းတယ်။

တက္ကသိုလ်ရဲ့ ရင်ခွင်ကို သိင်္ဂါရ လွင်ပြင်လို့ ပြောလိုက်ချင်တယ်။ ချစ်ခင်မှု ပြယုဂ်တွေကို အပီအပြင်မြင်တွေ့နိုင်တဲ့ နေရာလေးမို့ လေ။ မှိုင်းညို့ ညို့ ရီဝေဝေ ဖြစ်နေတတ်တဲ့ မြခနောင်တောင်ရှူခင်းကို သတိရတယ်။ မြင်ခင်းစိမ်းစိမ်းတွေပေါ်မှာ အတူထိုင်ရင်း နေဝင်ချိန်ကို ငေးကြည့်ရတဲ့ အရာသာကို တစ်သက်မေ့မယ် မထင်ဘူး။ နေဝင်ချိန်ဆိုတာ အရာအားလုံး ချုပ်ငြိမ်းခြင်းသဘောကို ဆောင်တယ်တဲ့။ သို့ ပေမဲ့ တစ်ဦးမျက်နှာကို တစ်ယောက်က နောက်ဆုံးစက္ကန့် လေးတွေအထိ မြတ်မြတ်နိုးနိုးကြည့်ရင်း တနေ့ တာပျော်ရွှင်မှုတွေကို ပြန်ပြောနေတတ်ကြတဲ့ အတွဲကိုယ်စီကိုလည်း မြင်တွေ့ နိုင်သေးတယ်လေ။ အပြစ်ကင်းတဲ့ ကြည်နူးခြင်းတွေ ပေါ့။

ကျောင်းတော်ကြီးဆီကို နောက်တစ်ခေါက်ပြန်ရောက်တဲ့အခါ ဟာတာတာခံစားရမှာ သေချာတယ်။ မြင်နေကျခင်နေကျ သူငယ်ချင်းတွေက တစ်ယောက်တစ်နေရာဆီမှာဆိုတော့ ပြန်ရောက်ရင်လည်း ယောင်တောင်တောင်ဖြစ်နေမှာအတူတူဆိုတော့ စိတ်ကူးနဲ့ လွမ်းရတာပဲ ပိုကောင်းမယ်ထင်ပါတယ်လေ။ စိတ်ကူးထဲမှာ အားလုံးကိုပြန်စုစည်းလို့ ရတယ်လေ။ အပြင်မှာတော့ ဖြစ်နိုင်စရာ မလွယ်တော့ဘူးလေ။

နည်းပညာတက္ကသိုလ် (M.I.T) အလွမ်းပြေပေါ့။

ခင်မင်လေးစားလျက်

herostar
•Saturday, October 03, 2009
ဒုက္ခကို လှတယ်လို့ ပြောရမယ်ဗျ...

ကျွန်တော် လွန်ခဲ့တဲ့ ကြာသပတေးနေ့ က ဖျားနေခဲ့တာပါ။ ဆေးခန်းသွားပြဖို့ ဆရာဝန်ဆီဖုန်းဆက် ပါတယ်။
စာရေးမနဲ့ ပဲ တွေ့ ပြီး ဖျားနေကြောင်း ပြောပါတယ်။ ခုတအား ဖျားနေတဲ့တွက် အခုပြချင်ကြောင်း ပြောရတာပေါ့။ ဒါပေမဲ့ သောကြာနေ့ မှ တွေ့ ခွင့်ရမယ်တဲ့လေ။ အော် .. တို့ မြန်မာပြည်နဲ့ ဒီနေရာမှာတော့ ကွာတယ်နော်လို့ မှတ်ချက်ချမိပါတယ်။ မြို့ ထဲက အခြားဆရာဝန်တွေကို ထပ်ဆက်ပြန်ရင်လည်း ဒီလိုပဲ နေမှာပါလေဆိုပြီး သူပြောတာကိုပဲလက်ခံလိုက်ပါတယ်။သူကတော့ကျောင်းထဲမှာပဲဆိုတော့သွားရလာရနီးတာလည်းပါတာပေါ့လေ။

ဒီနိုင်ငံမှာ ကျန်းမာရေးအာမခံတဲ့ ကုမ္ပဏီတွေရှိတာကို တွေ့ ရပါတယ်။ Health Insurance ဆိုတာ မရှိဘဲနဲ့
ဒီနိုင်ငံမှာ နေထိုင်ခွင့် မရကြပါဘူး။ ကျန်းမာရေးတွက် ရောဂါတစ်ခုခုမဖြစ်ခင်ကတည်းက မကျန်းမာတဲ့အခါ
ဆေးကုသဖို့ ငွေကို ကျန်းမာနေစဉ် ကြိုပေးထားရပါတယ်။ တစ်လဝင်ငွေရဲ့ ၁.၉၅% မှ ၂.၂၀% ကြားပေးထားရပါတယ်။ ပျမ်းမျှ တစ်လကို ယူရို ၈၀ ပေးဆောင်ထားရပါသည်။ ခုလို နေမကောင်းဖြစ်လာတဲ့အခါ နှစ်သက်ရာ ဆရာဝန်ကို ပြသခွင့်ရှိပါတယ်။ ဆရာဝန်၏ ညွှန်ကြားချက်များအရ လိုအပ်သည့် ဆေးဝါးများကို ဆေးဆိုင်တွင် ဝယ်ယူနိုင်ပါသည်။ ဆရာဝန်၏ ဆေးလက်မှတ်မပါ,ပါက ဆေးဆိုင်မှ ဆေးရောင်းပေးလိမ့်မည် မဟုတ်ပါ။

အသက်အရွယ်ကြီးရင့်လာသောအခါ ဤစနစ်သည် အလွန်ပင်ကောင်းပါသည်။ သားထောက် သမီးခံမရှိလည်း
စိုးရိမ်စရာမလိုပါ။ ဆေးကုသမှုတွက် လိုအပ်သည့် ကျန်းမာရေးစရိတ်ကို ငယ်စဉ်ကတည်းက ပေးချေထားပြီး
ဖြစ်၍ ငွေမရှိလို့ အသက်အဆုံးခံလိုက်ရသည်ဆိုသော အဖြစ်များကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

ဒီလိုနဲ့ အင်္ဂါနေ့ ရောက်လာတော့ ဆရာဝန်နဲ့ တွေ့ တာပေါ့လေ။ ဆရာဝန်က ဘာဖြစ်လဲ မေးတော့ အစာမကြေ ဖြစ်နေကြောင်း၊ လေချဉ်ခဏခဏတက်၍ တံတွေးများများထွက်နေကြောင်း ပြောရတာပေါ့လေ။
ဆရာဝန်က ဗိုက်ကလေးလက်နဲ့ ထောက်ပြီး ဒီနားကလားလို့ မေးပါတော့တယ်။ "ဟုတ်" လို့ ပြောလိုက်တာ
နှင့် သောက်ဆေးပေးလိုက်ပါတယ်။ ဆရာ့လက်မှတ်လေးကိုယူပြီး ဆေးဆိုင်မှာ ဆေးဝယ်ခွင့်ရခဲ့ပါတော့တယ်။

၃ ပတ်မျှ ဆေးသောက်ပြီးပါက ပြန်လာတွေ့ ရန် Appointment ထပ်ယူပြီး ပြန်လာခဲ့လိုက်ပါတယ်။
Omeprazol Heumann တစ်ဗူးကို ယူရိုငွေ ၂၇ ပေးရသဖြင့် မြန်မာငွေ လေးသောင်းနီးပါးရှိပါလိမ့်မည်။
ကျွန်တော်တို့ ကို လုပ်ပေးထားသည့် ကျန်းမာရေးအားမခံ ကုမ္ပဏီမှာ Die Continentale ဖြစ်သဖြင့်
ဆေးဖိုးကုန်ကျငွေ ၄ ယူရိုထက် ကျော်လွန်ပါက ကျော်သမျှငွေ ပြန်လည် ရရှိမည်ဆိုသောကြောင့်
ဆေးဖိုးငွေတွက် ကတ်စေးနည်း နေစရာမလိုတော့ပါ။ မည်မျှ ကုန်ကုန် စိတ်သက်သာခွင့် ရပါတော့သည်။

သူငယ်ချင်းတွေရဲ့ ဂရုစိုက်မှု အားပေးမှုများကို ရရှိလိုက်တဲ့အတွက် သူတို့ ရဲ့ စေတနာကို မြင်ခွင့် ရလိုက်တယ်လေ။ နွေးထွေးမှုကိုလည်း ခံစားရပါတယ်။ မကြာခင် နေကောင်းတော့မည်ဟု ယုံကြည်နေမိပါတယ်။ သီတင်းကျွတ်လပြည့်နေမှာ ပျော်ရွှင်ကြပါစေ။
အင်း ဘာပဲ ဖြစ်ဖြစ်ပေါ့လေ...ဒါတွေကြောင့် ...... ....... .......
ဒုက္ခဆိုပေမဲ့ လှတယ်လို့ ပြောရမှာပဲ။

herostar
•Thursday, October 01, 2009
ကျန်းမာရေး မကောင်းသည့်အချိန်မှာ မိသားစု ကို ပိုလို့ သတိရမိသည်ဟု ထင်သည်။

ဖျားချင်ချင် ဖြစ်နေတာနှင့် ပါရာစေတမော့တစ်လုံး သောက်လိုက်သည်။ခက်တာက ဒီဆေးမစွမ်းတော့ဘူး ထင်သည်။ အိမ်မှာ သောက်တုန်းက ပျောက်သည်။ ခု မပျောက်။ ခုလိုသာ ဖြစ်နေချိန်ဆိုရင် မေမေက စောင်ခြုံပေးပြီး တက်နင်းပေးပါတော့မည်။ ဘာပဲဖြစ်ဖြစ် တိုက်လေ့ရှိသော သူ့ ဆေးခါးကြီးကိုလည်း အံကြိတ်ပြီး သောက်ရပါသည်။ ညီမလေးက နဖူးကို ခဏခဏ လာစမ်းပြီး ရေခဲစိမ် ပုဝါလေးကို လဲပေးနေမည် ဖြစ်သည်။ ဖေဖေကတော့ ရေနွေးကို ဆူအောင်တည်ပြီး ပါရာစေတမော့သောက်ရန် တတွတ်တွတ်ပြောရင်း မေမေနဲ့ ငြင်းခုန်နေမည်ဖြစ်ပါသည်။ ဆေးခါးကြီးနှင့် ပါရာစေတမော တစ်ခုခုသောက်ရသည်။ တခါတလေ နှစ်ခုလုံးသောက်ရသည်။ မိဘများ စိတ်ချမ်းသာအောင် သောက်၍လား မသိပါ။ နောက်နေ့ ဆို ပြန်ကောင်းနေတတ်သည်။

ခုတော့ ကျွန်တော် နေမကောင်း ဖြစ်နေသည်မှာ တစ်ပတ်ခန့် ရှိတော့မည်။ သတိအရမိဆုံးကတော့ မေမေ့ဆေးခါးကြီးပင် ဖြစ်သည်။ ဒီဆေးခါးကြီးသောက်ရမှာ ကြောက်တာနှင့် ပင် တော်တန်ရုံ ကျွန်တော် ဖျားလေ့မရှိပါ။ ဆေးခါးကြီးကစွမ်းလို့ ပဲလား ၊မိသားစု ချစ်ခြင်းမေတ္တာက စွမ်းလို့ ပဲလား မခွဲခြားတတ်ပါ။ အိမ်မှာဆိုရင် ကြာကြာမဖျားရဲတာတော့ သေချာသည်။ ခုလည်း ဖျားချင်လို့ ဖျားနေတာတော့ မဟုတ်ပါ။ အအိပ်မမှန်ခြင်း၊ အစားမမှန်ခြင်း၊အလုပ်များခြင်း၊စိတ်ရှုပ်ခြင်းများကြောင့် ဖြစ်မည် ထင်ပါသည်။

အိမ်တွင် အကြီးဆုံးသားမို့ သိပ်ချစ်ကြသည်။ ထမင်းစားပြီးလျှင် ပန်းကန်ဆေးလေ့မရှိသည်မှာ ကျွန်တော့်အကျင့် ဖြစ်သည်။ ထမင်းချက် ဟင်းချက် ဝါသနာပါ သလောက် ပန်းကန်ဆေးရမည်ကို သေမလောက် ကြောက်သူဖြစ်သည်။ မိသားစု လေးဦးသာရှိ၍ သိပ်ချစ်ကြတာလည်း ဖြစ်မည်။ ကံကောင်းသည်ဟု ဆိုရမည်။

အိမ်မှ ထွက်၍ ကျောင်းတက်ခဲ့သည့် သက်တမ်းတစ်လျှောက်လုံးတွင်လည်း တက္ကသိုလ် စားရိပ်သာ၌ စားပြီးလျှင် ပန်းကန် ဆေးစရာမလိုဘဲ ဒီတိုင်း ထားခဲ့ရုံပင် ဖြစ်သည်။ ခုတော့ ကိုယ်မဆေးလျှင် ပန်းကန်များသည် မီးဖိုခန်း၌ ပုံနေတတ်သည်။ ကြာကြာထားပြန်လျှင်လည်း အဆင်မပြေသဖြင့် ဖြစ်နိုင်လျှင် တခါသုံး ပန်းကန်များကိုပဲ သုံးပါသည်။ ကြွေပန်းကန်နဲ့စားရမှထမင်းပိုမြိန်သည်ဟု ထင်တတ်သည့် ဇီဇာကြောင်မှုကလည်း လူကို ဒုက္ခ ပေးတတ်ပါသေးသည်။

ရာသီကူးပြောင်းချိန်မို့ လား မသိပါ။ ဤဒေသ၏ ထုံးစံအရ ရာသီလိုက်ဖြစ်တတ်တဲ့ ရောဂါများကို ကာကွယ်ရန်တွက် ကာကွယ်ဆေးထိုးရမည်ဆို၍ မနေ့ ကထိုးလိုက်မိသည့် ဆေးက ဒီနေ့ ပို၍ သတ္တိပြလာပါသည်။ ဆေးက ကာကွယ်သလား မကာကွယ်သလားတော့ မသိပါ။

ခုတော့ ဖျားနေပါသည်။ ရောဂါများသည် အပေါင်းအသင်းနှင့် ရောက်လာတတ်သည်ဟု ထင်ပါသည်။ လူက ဖျားပြီး ချောင်းက တဟွတ်ဟွတ်ဆိုးနေပါသည်။ နေရတာ တင်းကြပ်ကြပ်ကြီး ခံစားနေရပြီး ခေါင်းထဲကလည်း ကိုက်ခဲနေသည်။ မျက်လုံးများက ဝေဝါး၍ နေပြီး ညည်းစီစီဖြစ်နေပါသည်။ ခုတော့ ကျွန်တော်၏ မိသားစုသည် အင်တာနက်ကို ဂျီတော့မှ လွဲ၍ ကျန်တာသိပ်မသိသူများ ဖြစ်သောကြောင့် သူတို့ နှင့် ဝေးကွာနေချိန်၌ ဖြစ်ပေါ်နေသော ဤခံစားချက်များကို သူတို့ ဖတ်မိလိမ့်မည် မဟုတ်ပါ။

သူတို့ ကို ပြောပြနေရင်လည်း စိတ်မကောင်းတာက လွဲလို ဘာမှ လုပ်ပေးနိုင်ကြမည် မဟုတ်ပါ။ မေမေ့ကို ရောဂါ ပေးသလို ဖြစ်ပြီး ဖေဖေ့ကို စိတ်ဆင်းရဲ စေလိမ့်မည် ဖြစ်သည်။ ညီမလေးရဲ့ မျက်ရည်များကိုမမြင်ချင်သလို မေမေ၏ စိုးရိမ်သံများကိုလည်း မကြားလိုလှပါ။ သူတို့ နှင့် အွန်လိုင်းမှာ တွေ့ သည့်အခါတိုင်း အဆင်ပြေ၊ ကျန်းမာ၊ နေကောင်းကြောင်းများသာ ပြောနေကြဆိုတော့လည်း ခုလို နေမကောင်းဖြစ်လာသောအခါ နေမကောင်းကြောင်းပြောပြဖို့ စိတ်ကူးပင်မရှိပါ။

လူနေမကောင်းသည့်အခါ စိတ်နေကောင်းစေရန် ခံစားချက်များကို ဖောက်ထုတ်ခွင့် ပေးသော ဤနေရာလေးကို ခုံမင် နှစ်သက်မိပါသည်။ ကျွန်တော်၏ တချို့ သော သူငယ်ချင်းများမှ လွဲ၍ ဤအကြောင်းအရာကို မည်သူမှ သိလိမ့်မည် မဟုတ်ပါ။ သိသည့်တိုင်အောင်လည်း စိတ်ဝင်စားလိမ့်မည် မဟုတ်ပါ။

ဒီလို အချိန်မျိုးမှာ ကျွန်တော်၏ ရင်တွင်း စကားများကို မညည်းမငြူ နားဆင်ပေးတတ်သော ဤ ဘလော့လေးကိုကျွန်တော် ချစ်ပါသည်။ ဤ နေရာ၌ ကြိုက်သလောက် စိတ်ကူးယဉ်ခွင့်ရှိသည်။ ပျော်စရာဖြစ်စေ၊ စိတ်ညစ်စရာ ဖြစ်စေ ဤနေရာလေးက သူ၏ စာမျက်နှာများပေါ်၌ ကျွန်တော်၏ ခံစားချက်များကို မှတ်တမ်းတင်ပေးထားလေ့ ရှိသည်။ တစ်ယောက်တည်းသမားများအတွက် သူသည် မိဘဖြစ်၍ သူသည်ပင် သူငယ်ချင်း ဖြစ်နေတော့သည်။အလုပ်လုပ်လျှင်လည်း သူနှင့်ပဲ လုပ်ရပြီး အပန်းဖြေလျှင်လည်း သူ့ ကိုပင် အားကိုးနေရသည်။

ခုလို တကယ်ခံစားနေရသည်များကို ပြောချလိုက်ရတော့ ရောဂါသက်သာသွားခြင်း ရှိမရှိတော့မသိပါ။ စိတ်သက်သာရာ ရသွားသည်တော့ သေချာသည်။ ဂီလာန ဖြစ်တတ်တဲ့ ရောဂါဆိုပေမဲ့ နောက်လှည့်ကြည့်ရင်ကိုယ့်အရိပ်က လွဲလို့ ဘယ်သူမှ မရှိသော တစ်ယောက်တည်းနေ့ ရက်များကို မုန်းတီးနေမိတာတော့ အမှန်ပင်။

herostar