b သူရဲကောင်းကြယ်: ငါ့ဒိုင်ယာရီ
•Monday, December 05, 2011
ပျော်လိုက်တာဗျာ
ဂျာမနီက ပြန်ရောက်ပြီး
တစ်နှစ်လောက် ကြာမှပဲ
ဒီဘလော့ကို
ပြန်ရေးလို့ ရတော့တယ်။

မန်းမြေမှာ ၈ နှစ်ကြာခံစားမှုတွေကို
အားလုံးတွက် နောက်ရက်တွေမှာ တင်ပါတော့မယ်
ပါရဂူဘွဲ့၊ မဟာဘွဲ့တွေအတွက် ဘယ်လို ပြင်ဆင်သင့်တယ်ဆိုတာတွေနဲ့
ကျောင်းဆရာဘ၀ အတွေ့အကြုံများကို မကြာခင်မှာ ဖောက်သည် ချပါရစေနော်

အားလုံးကို သတိရလျက်

herostar
•Monday, September 06, 2010
လမိုက်ညများတွင် ဆွဲဆွဲငင်ငင်အူတတ်သော ခွေးအူသံများကို ကြားရသည့်အခါ ငယ်စဉ်က ကြောက်စိတ်များ ဝင်ခဲ့ဖူးသည်။ ခြောက်ခြားဖွယ်နေ့ရက်များတွင် အမိ၏ ရင်ခွင်ကြား၌ ခေါင်းကလေးကို ဖွက်၍ နေချင်ခဲ့သော်လည်း ဘဝက မျက်နှာသာ မပေးခဲ့ချေ။

ဘုန်းကြီးကျောင်းသားအဖြစ် ကျောင်းအိပ် ကျောင်းစား နေရင်း အစိုးရ အတန်းပညာများကိုလည်း လေ့လာရသည်။ ကျောင်းပိတ်ရက်များတွင် ပရိတ်ကြီး ၁၁ သုတ်၊ သဒ္ဒါ၊ ဗုဒ္ဓဝင်၊ မဟာဝင် စသည်တို့ကို ဘကြီး ဘုန်းကြီးထံတွင် သင်ယူ ရသည်။ ဘုန်းကြီးကျောင်းသား ဟင်းကောင်းစားရသည်မှာ မှန်သော်ငြားလည်း စာသင် စာအံရချိန်များတွင် အလွန်ပင် ခက်ခဲပါသည်။ ပရိတ်ကြီး (၁၁) သုတ်နှင့် ရှင်ကျင့်ဝတ်ကို အာဂုံဆောင်ထားရပြီး ထမင်းစားတိုင်းလည်း အလှူရှင်များကို မေတ္တာပို့ရသည်။

ထိုစဉ်အခါက ကျွန်တော့်ကို အမှန်တကယ်ခင်မင်ကြင်နာသူမှာ သက်ရှိဆို၍ ခွေးပိန်လေးတစ်ကောင်သာ ဖြစ်လိမ့်မည်ဟု မှတ်ထင်မိသည်။ သူသည် ကျွန်တော်၏ မိတ်ဆွေ၊ ကျွန်တော်၏ ကစားဖော်၊ ကျွန်တော်၏ စားဖော် ဖြစ်ပေလိမ့်မည်။ သူနှင့် ကျွန်တော်သည် ဘဝတူများ ဖြစ်လိမ့်မည်ဟုလည်း ယုံကြည်မိပါသည်။

မကောင်း ကျောင်းပို့ ဆိုသည့်မြန်မာ စကားပုံတစ်ခုရှိသည်။ သူ့ကို သူ့သခင်များက ကျွန်တော့်လိုပဲ ဆိုး၍ ဘုန်းကြီးကျောင်းတွင် အပြီးပို့ထားခဲ့ခြင်းလားတော့ ကျွန်တော်လည်း သေချာမသိပါ။ ကျွန်တော့်ကိုတော့ အင်မတန်ဆိုးလွန်း၍ မိဘများက ဘုန်းကြီးကျောင်းတွင် ပို့ထားခဲ့ခြင်း ဖြစ်ပေသည်။ ထိုခွေးပိန်လေးကိုတော့ ကျားဘို ဟု ကျွန်တော်က နာမည် ပေးထားပါသည်။

သူသည် ညစဉ် ညတိုင်း ကျွန်တော့် ခြေရင်းတွင်သာ အိပ်လေ့ရှိပါသည်။ မည်သို့ပင် မောင်းထုတ်စေကာမူ ပေကပ်ကပ် ဂျစ်ကန်ကန်နိုင်လှသော သူ့အပြုအမူတွေကြောင့် ကျွန်တော်ပင် လက်လျှော့ခဲ့ရသည်။ ကျွန်တော်တို့ ကျောင်းသို့ သူ ရောက်လာခါစက လသားအရွယ်လေးမျှသာ ရှိသေးသည်။ နို့ပင် မပြတ်သေးသော အရွယ်မို့ ကျွန်တော် အလွန်ကြိုက်သော နွားနို့များကိုပင် သူ့ကိုသာ တိုက်ခဲ့ရသည်။

ဘကြီး ဘုန်းကြီးကလည်း သူ့ကို အလွန်ချစ်ပါသည်။ သူ့အတွက် ဆောင်းတွင်းမှာ နွေးနွေးထွေးထွေး ကွေးဖို့ ဂုန်နီအိတ်တစ်လုံး ပေးထားပါသည်။ သူကတော့ ထို ဂုန်နီအိတ်လေးကို ကိုက်ချီလာပြီး ကျွန်တော့် ခြေရင်းတွင်သာ အိပ်ပါသည်။ မနက်(၄)နာရီခန့် လင်းကြက်တွန်သံကြားသည့်အခါ ကျွန်တော် အုန်းမောင်းထခေါက်ရပါသည်။ လင်းကြက်သံကို ကျားဘိုက ကောင်းကောင်း သိသည်။ ထိုအသံကြားလျှင် ကျွန်တော့် ခြေထောက်ကို သူ့နှုတ်သီးဖြင့် ထိုးပါတော့သည်။ ထိုမျှနှင့် မနိုးလျှင်တော့ ခေါင်းရင်းဘက်ထိ လာပြီး သူ့လျှာဖြင့် ပါးလျက် နားလျက် လုပ်ပါတော့သည်။ အိပ်မက်မှ လန့်နိုးသည့် အခါများတွင်တော့ သူ့ကို စိတ်တိုမိပါသည်။

သူကတော့ ကျွန်တော့်ကို စိတ်တိုလေ့ မရှိပါ။ သွားလေရာ လိုက်လာတတ်ပါသည်။ ဤသို့ဖြင့် ၃ နှစ်မျှ စားအတူ သွားအတူ နေလာခဲ့ရာ တစ်ရက်တွင် ဘုန်းကြီးကျောင်းအောက်၌ ကျွန်တော် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ပါသည်။ ဘယ်က ဘယ်လို ရောက်လာမှန်းမသိသော ကြောင်တစ်ကောင်က မြွေတစ်ကောင်ကို ချီလာပြီး ကျွန်တော့်နားတွင် ထားခဲ့ခြင်းဖြစ်ပါသည်။ ထိုအခြင်းအရာကို သိသော ကျွန်တော့် ခွေးပိန်လေး ကျားဘိုက ထို မြွေ ကျွန်တော့်ဘက်သို့ မလာစေရန် ကျွန်တော့်ကို ကာ၍ ထိုးဟောင်နေခြင်း ဖြစ်ပါသည်။ သူ၏ စူးစူးဝါးဝါး ဟောင်သံကြောင့် ကျွန်တော် ရုတ်တရက် နိုးလာသောအခါ ကြောက်လန့်တကြား ထပြေးမိပါတော့သည်။

နောက်မှ အသိဝင်လာကာ တုတ်တစ်ချောင်းကို ယူလာပြီး ထိုမြွေကို ခြောက်ထုတ်ရပါတော့သည်။ ခုချိန်ထိ အသက်သခင် ခွေးပိန်လေးကို အမှတ်ရနေမိပါသည်။ မည်သူမျှ ကျွန်တော်အား မမှတ်မိသည့်တိုင် ပြန်ရောက်ဖြစ်တိုင်း ကျွန်တော့်ကို မှတ်မိနေတတ်သူမှာ ထိုခွေးပိန်လေးပဲ ဖြစ်ပါသည်။ ကြာခဲ့ပြီ ဆိုပေမဲ့ တွေးမိတိုင်း မနေ့တနေ့ကလို ခံစားရမြဲပါ။

ခွေးသက်တမ်းစေ့၍ ကျွန်တော့်ခွေးပိန်လေးက ကျွန်တော့်ကို ထာဝရနှုတ်ဆက်သွားခဲ့ပါပြီ။ သူ့ပေါ်မှာရှိခဲ့သော ကျွန်တော့် သံယောဇဉ်ကတော့ ကျွန်တော် အသက်ရှင်နေသည့်တိုင် ရှိနေဦးမည်သာ ဖြစ်ပါတော့သည်။

ခင်မင်လေးစားလျက်

herostar
•Friday, July 23, 2010
အစာအိမ်ရောဂါကြောင့် ဆေးရုံတက်ရမဲ့ရက်မှာပဲ အမေ့ဆီက ဖုန်းလာတယ်။ သားကြီး နေကောင်းလားတဲ့ ။ နေမကောင်းဘူး ပြောလိုက်ရင် မျက်ရည်အဝိုင်းသားနဲ့ စိုးရိမ်တကြီးမေးတော့မဲ့ အမေ့အသံကို မကြားရက်တာနဲ့ ဟုတ် အမေ ကျွန်တော် အဆင်ပြေပါတယ် လို့ ဖြေခဲ့တယ်။

ကျောင်းစာအုပ်တွေနဲ့ Lab ခန်းထဲမှာ တိုင်ပတ်နေတုန်း ညနေစာအဖြစ် အကျင့်မရှိခဲ့တဲ့ ပေါင်မုန့်ကို ထမင်းအမှတ်နဲ့ စားနေခိုက် အွန်လိုင်းမှာ အမေနဲ့ တွေ့တယ်။ သားကြီး စားရသောက်ရတာ အဆင်ပြေလားတဲ့။ အမေ့ ထမင်းဟင်းတွေနဲ့ အမေ့အကြောင်းကို သိထားတာမို့ သူ့ကို စိတ်မဆင်းရဲစေချင်တာနဲ့ ဟုတ် အမေ ကျွန်တော် အဆင်ပြေပါတယ် လို့ ဖြေနေရတယ်။

မြို့ခေါင်ခေါင်မှာ တစ်ယောက်တည်းလာနေရလို့ အမိမြေကို လွမ်းနေခိုက် အမေ့ဆီက စာလာတယ်။ သားကြီး နိုင်ငံခြားမှာ နေရတာ ပျော်ရဲ့လားတဲ့။ ဟုတ် အမေ ပျော်ပါတယ်။ ဒီမှာ အားလုံးအဆင်ပြေပါတယ် လို့ စာပြန်လိုက်တယ်။

စိတ်ညစ်စရာ တပုံတခေါင်းနဲ့ သွေးပျက်ညတွေမှာ တစ်ယောက်တည်း အိပ်စက်ရတဲ့အခါတိုင်း အိမ်ကို သတိရတယ်။ သူငယ်ချင်းတွေကို လွမ်းတယ်။ ကျွန်တော့်စိတ်ခံစားချက်တွေကို အိမ်က မေးတိုင်း ဟုတ် အမေ ... ကျွန်တော် အဆင်ပြေပါတယ် လို့ ပြန်ဖြေတတ်တာ ကျင့်သားရနေပြီဆိုတော့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဒီစကားကလွဲလို့ ဘာမှ ထွက်မလာခဲ့ဘူး။

ဘယ်တော့များမှ ကျွန်တော့် အမေကို အမေ ... ကျွန်တော် အဆင်မပြေဘူးလို့ ပြောဖြစ်မယ် မသိတော့ပါ။

ခင်မင်လေးစားလျက်

herostar


•Saturday, May 15, 2010
အချစ်နတ် ဖမ်းစားခံ နေရသလားမသိပါဘူး။ အချစ်အကြောင်းပဲ တွေးနေမိတယ်။ နတ်ကတော်တွေ နတ်ပင့်သလို ၃၇ မင်း ဝင်ချင်တဲ့နတ်ဝင်ဆိုပြီး ပင့်ခဲ့တာမဟုတ်ပါ။ မပင့်ရ၊ မဖိတ်ရပါဘဲ စိတ်ထဲကို အလိုလိုနေရာယူ လာခဲ့တာကတော့ အချစ်နတ် ပေါ့။ အချစ်နတ်ပူးလာကတည်းက တနေ့တနေ့ ချစ်စကားတွေနဲ့ ချစ်ကဗျာတွေပဲ ဒလဟော ထွက်နေတော့တယ်။

ဘယ်နှစ်က ထုတ်ထုတ် မဖတ်ရသေးရင် စာအုပ်မှန်သမျှဟာ အသစ်ပဲလေ။ ကျွန်တော့်ရင်ထဲက အချစ်တွေကိုလည်း ၃၀ နားနီးမှ ထုတ်ဝေဖြစ်ခဲ့တယ်။ အလားတူစာအုပ်တွေကို ဖတ်ခဲ့ဖူးတဲ့ သူမအတွက်တော့ သိပ်မထူးဆန်းလောက်ပေမဲ့ ကျွန်တော့် ဘဝမှာတော့ ပထမဆုံး ထုတ်ဝေခြင်း ဖြစ်တဲ့အတွက် သူမအတွက် အသစ်စက်စက် စာတစ်အုပ် ဖြစ်ချင်ခဲ့တယ်။ ချစ်ခြင်းရဲ့ နောက်ကပါလာတတ်တဲ့ စိတ်ကောက်ခြင်းတွေနဲ့ အနိုင်ယူလို စိတ်တွေအပေါ်မှာ ဘယ်လို တုံ့ပြန်မှုပေးရမယ်ဆိုတဲ့ ဗဟုသုတ နည်းခဲ့တာ ခက်တယ်။ အချစ်မှာ သင်ရိုးကျေ ဖို့ ငယ်ငယ်ကတည်းက ရည်စားထားခဲ့ရအောင် ရူပါက ချူချာခဲ့တယ်လေ။

ဒိန်းတလိန်းနတ်ဆိုတာ ၃၇ မင်းနတ်တွေထဲ ပါမပါတော့ မသိဘူး။ အဲ့ဒီနတ် ဝင်ပူးလို့ အချစ်ရေးမှာ ထူးတယ်လို့ ထင်နေမိတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိတဲ့ အချစ်နဲ့ ပတ်သက်တဲ့ နတ်တွေအားလုံးကို စာရင်းပြုစုမယ်ဆိုရင် အချစ်နတ်ဖုရားနဲ့ အချစ်နတ်ဖုရားမ ပေါင်း ၂၀၀ ကျော်ရှိပါတယ်။ ဒီနတ်တွေထဲက တစ်ပါးပါး ဝင်ပူးခဲ့လို့များလားလို့တောင် တွေးနေမိပါသေးတယ်။ Freya လို့ခေါ်တဲ့ ဂျာမန် အချစ်နတ်၊ Gekka-O လို့ ခေါ်တဲ့ ဂျပန် ဖူးစာရေးနတ်၊ Kanikanihia လို့ ခေါ်တဲ့ ဟာဝိုင်အီ အချစ်နတ်သမီး၊ Kurukulla လို့ခေါ်တဲ့ တိဘက်အချစ်နတ်သမီး၊ Mariana လို့ ခေါ်တဲ့ ဘရာဇီးလ် အချစ်နတ်သမီး စသဖြင့် အများကြီး ရှိပါသေးတယ်။ ဒီအချစ်နတ်တွေရဲ့ စာရင်းကို သိမ်းထားချင်သေးတယ်ဆိုရင်လည်း အောက်ကပုံလေးကို နှိပ်ပြီး ဒေါင်းလုပ် ရယူနိုင်ပါသေးတယ်။

ဒီ အချစ်နတ်တွေထဲမှာ ကျွန်တော်ကြားဖူးတဲ့ နတ် ၂ ပါးရှိပါတယ်။ သူတို့ကတော့ ရောမဒဏ္ဍာရီတွေထဲက Venus ဆိုတဲ့ အလှနတ်သမီး(အချစ်နတ်ဖုရားမလေး)နဲ့ သူ့ရဲ့သား မြှားပစ်တဲ့နတ်ကလေး ကျူးပစ် (Cupid) တို့ပဲ ဖြစ်ပါတယ်။ ဂရိဒဏ္ဍာရီမှာတော့ Venus ကို Aphrodite လို့ ခေါ်ပြီး ကျူးပစ်ကို Eros လို့ ခေါ်ကြပါသေးတယ်။ ဒေသကွဲလို့ နာမည်ကွဲပေမဲ့ အချစ်နတ်ချင်းကတော့ အတူတူပဲပေါ့လေ။ ဒီနေ့တော့ အချစ်နတ်ဖုရားမလေး ဗီးနပ်စ်အကြောင်း ပြောပြရရင် ကောင်းမလားလို့။

လက်တင်ဘာသာအားဖြင့် Venus ရဲ့ အဓိပ္ပါယ်ကိုက အချစ် သို့မဟုတ် sexual desire ဖြစ်ပါတယ်။ Venus ရဲ့ အခြားအဓိပ္ပါယ်တစ်ခုက အဆိပ် ဖြစ်ပါတယ်။ အချစ်ဆိုတာ အဆိပ်နဲ့ တူတာတော့ အမှန်ပဲ ဖြစ်လိမ့်မယ်လို့ တွေးမိပါသေးတယ်။
ဒဏ္ဍာရီတစ်ခုမှာ ရေးထားတာက အချစ်နတ်ဖုရားမလေး ဗီးနပ်စ်ဟာ ပင်လယ်နဲ့ ကောင်းကင်ရဲ့ သမီးတော်လေး ဖြစ်ပါသတဲ့။ သူမကို မိဘတွေဖြစ်တဲ့ Uranus နဲ့ Gaia တို့က ချစ်ခင် စုံမက်ကြလွန်းလို့ မွေးဖွားခဲ့တာတော့ မဟုတ်ပါဘူး။ သူ့မိခင် Gaia က သူ့ဖခင် Uranus (ယူရေးနပ်စ်)ကို စိတ်ကောက်ရာက စတာပေါ့လေ။ တနေ့မှာ သူတို့ချင်း အဆင်မပြေဖြစ်ကြရာက သူ့မိခင်က သူ့ဖခင်ရဲ့ ဖွားဖက်တော်ကို ဖြတ်ပစ်လိုက်ပြီး ပင်လယ်ထဲကို ပစ်ချ လိုက်သတဲ့လေ။ အဲ့ဒီမှာ သူ့ဖခင်ရဲ့ ဖွားဖက်တော်နဲ့ ပင်လယ်ရေမြှုပ်တို့ ပေါင်းစပ်ရာကနေ အချစ်နတ်သမီးလေး ဗီးနပ်စ် မွေးဖွားလာရတယ်တဲ့လေ။

မိခင်ရဲ့ ဝမ်းနဲ့ လွယ်မမွေးခဲ့ရပဲ သဘာဝအလျောက် မွေးဖွားလာတယ် ဆိုပေမဲ့ နတ်သမီးလေးကတော့ ချောမောလှပခြင်း၊ ကျန်းမာခြင်းနဲ့ ပြည့်စုံသတဲ့။ ချောလွန်းလို့ ဗီးနပ်စ်ကို အလှနတ်ဖုရားမလေးအဖြစ် သတ်မှတ်လိုက်ကြသတဲ့လေ။ ဘီစီ ၂၉၃ သြဂုတ် ၁၅မှာ သူမအတွက် ရည်စူးပြီး ဘုရားကျောင်းလေး ဆောက်လုပ်ပေးခဲ့သေးတယ်။ ဒီရောမနဲ့ ဂရိသမိုင်းထဲက အလှနတ်သမီးဗီးနပ်စ်ရဲ့ ရုပ်တုလေးကိုတော့ ပြင်သစ်သွားတုန်းက Louvre ပြတိုက်ထဲမှာ တွေ့ခဲ့ဖူးတယ်။

ပြတိုက်ထဲက ဗီးနပ်စ် အချစ်နတ်သမီးလေး

အချစ်နတ်ဖုရားမလေးရဲ့ ကူညီစောင့်ရှောက်မှုကြောင့်များ အခုလို အချစ်စိတ်တွေ ဝင်လာတာလားတော့ မသိပါ။ အခုတော့ ချစ်သူရဲ့ ပန်းဥယျာဉ်အလယ်က ပန်းလေးတစ်ပွင့် ဖြစ်ခွင့်ရနေတာကိုပဲ ကျေနပ်နေမိတယ်။ သူမ ပန်ဆင်သည် ဖြစ်စေ၊ နင်းခြေသည် ဖြစ်စေ ဒီဥယျာဉ်ထဲမှာ ရှင်သန်ခွင့်ရခဲ့တဲ့ အချိန်တွေကိုပဲ စိန်စီထားချင်မိတော့တယ်။

Venus အကြောင်းဖတ်လိုက်ရတော့ အချစ်တစ်ခုမှာ စိတ်ကောက်ခြင်း၊ အဆင်မပြေခြင်းတွေ ပါလိမ့်မယ် ဆိုတာတော့ သိတာပေါ့လေ။ ဒါပေမဲ့ အချစ်နတ်ဖုရားမလေးရဲ့ မိခင်လို ဒေါသကြီးစွာ စိတ်ကောက်မဲ့သူနဲ့ တွေ့မှာကိုတော့ ခုထိ တွေးကြောက်နေတုန်းပါပဲ။ :P :P


ခင်မင်လေးစားစွာဖြင့်

herostar


•Thursday, April 15, 2010
ကျွန်တော် ဆယ်တန်းအောင်တော့ မြန်မာစာကလွဲရင် ဂုဏ်ထူးအားလုံးပါတယ်လေ။ အောင်စာရင်း မထွက်ခင်တုန်းက တစ်ကိုယ်လုံး ရွှေသုတ်ထားမယ်ဆိုတဲ့ ကျွန်တော့် ဆရာက အမှတ်တရအဖြစ် ကချင် လွယ်အိတ်အနီလေး တစ်လုံး လက်ဆောင်ပေးပါတယ်။ အထက်တန်း ကျောင်းသားဘဝ တလျှောက်လုံးမှာ အဖေ့ စစ်လွယ်အိတ်ကြီးကိုပဲ လွယ်ခဲ့ရလို့ ဒီကချင် လွယ်အိတ်လေးကို အရမ်းနှစ်သက်မိပါတယ်။

တက္ကသိုလ် စတက်တော့ ပထမနှစ်မှာ စစ်သားတွေလိုပဲ ကျောင်းတက်ခဲ့ရတယ်လေ။ ပြင်ဦးလွင်မှာ ကျောင်းသားချည်းပဲ ၁၆၀ ကျော် အတူတူတက်ခဲ့ရလို့ ကချင် လွယ်အိတ်လေးကို မလွယ်ဖြစ်ဘဲ သိမ်းထားခဲ့တာ တစ်နှစ်ကြာတယ်။ ဒီလိုနဲ့ သူနဲ့ ကျွန်တော် ရင်းနှီးရမဲ့ တက္ကသိုလ် ဒုတိယနှစ်ကို ရောက်ခဲ့တယ်။ ဒီနှစ်မှာတော့ ကျွန်တော့်ရဲ့ ကချင်လွယ်အိတ်အနီလေးက ကျောင်းသွားတိုင် ကျွန်တော့် ဘယ်ဘက်ပခုံးထက်မှာ ပါနေကြလေ။

ကျွန်တော်တို့ ကျောင်းမှာ လွယ်အိတ်ကြိုးထုံးလေးက အဓိပ္ပါယ်ရှိတယ်တဲ့။ လွယ်အိတ်ကြိုးထုံးလေးကို ရင်ဘတ်ရှေ့မှာ ထားရင် အဲ့ဒီကောင်လေးက ချစ်သူ ရှာနေပါတယ်ဆိုတဲ့ သဘောလေ။ အဲ့ဒီ လွယ်အိတ်ကြိုးထုံးလေး ပခုံးပေါ်ရောက်လာပြီဆိုရင် သူ့ချစ်သူကို ရှာဖွေ တွေ့ရှိသွားပြီဆိုတဲ့ သဘောပေါ့။ အဲ အဲ့ဒီအထုံးလေး နောက်ကျောကို ရောက်သွားပြီဆိုရင်တော့ သူ့မှာ ချစ်သူရှိနေပါပြီဆိုတဲ့ သဘောပေါ့လေ။

ဒါတွေကို နောက်မှ သိတာပါ။ ကျွန်တော်သိတာက အစိုးရက လစဉ်ထုတ်ပေးတဲ့ လစာငွေလေးကို လောက်ငှအောင် သုံးနိုင်ဖို့ရယ်၊ လကုန်ရက်တွေမှာ အမေ့ကို ကန်တော့ငွေ ပေးနိုင်ဖို့ရယ်ပဲ တွေးနေတာနဲ့ တစ်ရက်ကို ၁၀ ဖိုးနှုန်းနဲ့ ရှည်နေတဲ့ ဒီဆံပင်ကိုတောင် လစဉ်မညှပ်ဖြစ်ဘူး။ အဲ့ဒီတုန်းက ဆံပင်တစ်ခါ ညှပ်ရင် ၃၀၀ ကျပ် ကျတယ်လေ။ ၂ လပေါင်းပြီး တစ်ခါ အောင်ဆန်းကေ ညှပ်ရင်တော့ ၂၀၀ ပဲကျတယ်လေ။ မန္တလေးမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ MIT တောအုပ်ထဲမှာ ကျောင်းအိပ်၊ ကျောင်းစား ကျောင်းတက်ခဲ့ရတော့ ငွေသိပ်သုံးစရာလည်း မလိုဘူးလေ။

ဘဝကိုက ခြိုးခြံနိုင်မှ တော်ကာကျတာဆိုတော့ ကပ်စေးနည်းတယ် ထင်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ဝန်ထမ်းဖြစ်တဲ့ အဖေ့သင်ရိုးကို ကျေတယ် ပြောရမှာပဲ။ ကုန်သည်ဖြစ်တဲ့ အမေ့ စကားပရိယာယ်ကိုတော့ ခုထိ မကြွယ်သေးပါဘူး။


ဒါပေမဲ့ လွယ်အိတ်နီလေးကိုတော့ ကျွမ်းကျွမ်းကျင်ကျင် လွယ်တတ်ခဲ့ပါတယ်။ ကျောင်းကပြန်လာလို့ အမောတကောနဲ့ အိပ်ပျော်သွားရင်တောင် လွယ်အိတ်က မချွတ်ဘူးလေ။ ဒီလွယ်အိတ်လေးထဲမှာ ဘယ်ဆရာ ဘာသင်သင် လိုက်မှတ်ဖို့ အတွက် A4 စက္ကူ ၁၀ ရွက်လောက်ပါတဲ့ ဖိုင်တစ်ခုရယ်၊ ခဲတံလေးတစ်ချောင်းရယ်။ ဘောပင်လေး တစ်လက်ရယ်၊ ဇွန်းလေးတစ်ချောင်းလည်း ပါတယ်။ ဇွန်းက ဘာလို့ ထည့်ထားရတာလဲဆိုတော့ Lecture တန်းတွေပြီးလို့ စားရိပ်သာမှ ထမင်း ဝင်စားတဲ့အခါ အဆင်သင့် ဖြစ်အောင်လို့ပေါ့ ။

လွယ်အိတ်ကလေးရဲ့ ၅ နှစ်တာ တာဝန်တွေပြီးလို့ နောက်ရန်ကုန်ကို ပြောင်းပြီး ဘွဲ့ယူကျမ်းပြုစုရတော့လည်း သူက ပါစမြဲပဲလေ။ ရန်ကုန်မြို့ကို ကျွန်တော်က ငွေကုန်မြို့လို့ နာမည်ပေးထားမိတယ်။ ရေတောင် အလကားမရတဲ့ မြို့လေ။ ၂၀၀၅ ခုနှစ်လောက်ကပေါ့။ အင်းစိန်လမ်းမပေါ်က သံလမ်းမှတ်တိုင်ကနေ ကြို့ကုန်း (BBI) မှတ်တိုင်ထိ ၄၅ ကားစီးမယ်ဆိုရင် သမိုင်းလမ်းဇုံကို ကျော်လို့ ၄၀ ကျပ်ပေးရပါတယ်။ ကားခကို တစ်ဝက်ချွေတဲ့ အနေနဲ့ ၂၀ ကျပ်ပဲပေးပြီး သမိုင်းကနေ ကြို့ကုန်းထိ လမ်းလျှောက်ပါတယ်။ နောက်တော့ RC -2 ကနေ ကြို့ကုန်းထိ လမ်းလျှောက်တိုင်းလည်း ဒီလွယ်အိတ်ကလေးကပဲ ကျွန်တော့်ရဲ့ အဖော်ပေါ့ဗျာ။

ကျွန်တော် ဒီကချင် လွယ်အိတ်အနီလေးကို အရမ်းချစ်ပါတယ်။ သူဟာ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တစ်ဦးပဲလေ။ သူမပါဘဲ လမ်းလျှောက်ရတဲ့အခါ တစ်ခုခုလိုနေသလို ခံစားရတယ်။ အင်္ကျီအဖြူဝတ်ရလွန်းလို့ မတော်တဆတစ်ခုခုများ စွန်းထင်းနေရင် လွယ်အိတ်ကလေးက အားကိုးရတယ်လေ။ ခုဆို သူ ကျွန်တော်နဲ့ အတူရှိနေတာ ဆယ်နှစ်တောင်ကျော်ပေါ့။

ရန်ကုန်မှာ အမှုတော်ထမ်းခဲ့ရုံတင်မကပဲ ဥရောပထိ လိုက်ထမ်းနေတုန်းပေါ့။ အနောက်တိုင်းသားတွေ ဘာပဲ လွယ်လွယ် ကျွန်တော်ကတော့ ကချင်လွယ်အိတ်လွယ်ပြီး ခုထိ သူတို့ ကျောင်းမှာ တက်နေတုန်းပါပဲ။ ပိုင်ဆိုင်မှုနည်းတဲ့ ဘဝထဲမှာ ကြီးပြင်းလာခဲ့ရလို့လားမသိပါဘူး။ ဘယ်အရာလေးကိုပဲဖြစ်ဖြစ် နှစ်နှစ်ကာကာ စွဲစွဲလန်းလန်းဖြစ်နေတတ်တယ်လေ။


အသုံးပြုလို့ မရတော့ရင်တောင် အမှတ်တရ ပစ္စည်းတစ်ခုအဖြစ်
သိမ်းဆည်းထားတတ်တာ ကျွန်တော့် အကျင့်ပေါ့။


ခင်မင်လေးစားစွာဖြင့်


herostar


•Wednesday, April 14, 2010

၁။ ညှင်းသိုးသိုး ဖြစ်နေတယ်ထင်လို့ သဲကြိုးလဲ လိုက်တယ်။

၂။ သူ့ရှေ့မှာ 9 mm ကေနဲ့ အူရောင်ငန်းဖျား ဖြစ်သွားတယ်။

၃။ တချိန်ချိန်မှာ အမေ ခေါ်ရမဲ့ အန်တီအေးနဲ့ မိတ်ဆက်တယ်။


၎။ အေးချမ်းမေဘဝနဲ့ တိုင်ပတ်ရမဲ့ ရက်တွေ များတယ်။

၅။ ဂျလွတ်ပလွတ် ဖြစ်နေတာတောင် ပေသီးခေါက်တတ်တာ ငါပေါ့။

၆။ အလွမ်းတွေ ပုလင်းတူ ဗူးဆို့ဖို့ တခါတခါ အော်ဂျက် လုပ်ဖြစ်တယ်။


၇။ အထာမကျလို့ ပေတိုင်းနေမှာပဲ စိုးတာ။

၈။ အရမ်းဝေးတာ သိသွားလို့ သူ စိတ်ပိန်သွားရင် ဒုက္ခ။

၉။ ဆုံခွင့်မရမှာကိုတော့ ကျွတ်ကျဲမိတယ်။


၁၀။ စမုံတုံးဖို့ အလားအလာများရှိရင် သံချောင်းခေါက်ပေးကြပါ။

၁၁။ အော်ဆွေးဖြစ်ချင် ဖြစ်ပါစေ။ ပိုးဟပ်တော့ အဖြစ်မခံနိုင်ဘူး။

၁၂။ ဂွမ်းချင်သလောက်သာ ဂွမ်းပါစေတော့။ လွမ်းတာက တားမရလို့။


herostar

•Saturday, April 10, 2010
ပျော်ပျော်နေ သေခဲ မော်တော်တွေ ရေထဲဆိုတာ ကျွန်တော့်ရဲ့ လက်သုံး စကားတစ်ခုပေါ့ဗျာ။ ခုတော့ မော်တော်တွေ ကုန်းပေါ် ရောက်ကုန်ပေါ့။ အချစ်ဆိုတာ စိတ်ကို အနူးညံ့ဆုံးဖြစ်စေတဲ့ ဘုရင်တစ်ပါး ဖြစ်မယ်ထင်ပါတယ်။ အရင်က အဲ့လောက်ထိ ခံစားလွယ်တဲ့ လူမှ မဟုတ်တာ။ ကမ္ဘာဦးကျမ်းထဲက အာဒံနဲ့ ဧဝ ပန်းသီးစားမိသလို ကျွန်တော်လည်း ဒီအသီးကို စားမိသွားပေါ့။ သူနဲ့ တွေ့ရတဲ့အခါတိုင်း ပျော်သလိုလို ကြည်နူးသလိုလို ရင်ထဲမှာ တလှပ်လှပ်နဲ့ ပြည့်စုံမှုကို ခံစားရတယ်လေ။

ခဏတာ တွေ့ဆုံမှုလေး ပြီးတဲ့နောက်မှာ သူထွက်သွားတော့မယ်လည်းဆိုရော ရေပျော်ငါးလေး တစ်ကောင်ကို ကုန်းပေါ် ဆွဲတင်ထားလိုက်သလို ကျွန်တော့်ခမျာ ဖျတ်ဖျတ်ကို လူးနေတော့တာပါပဲဗျာ။ သူတို့ပျော်ကြမဲ့ ငါးရက်တာ ကာလလေးဟာ ငါး ကမ္ဘာခြားသွားသလို ခံစားနေရပေါ့။ လိပ်ကလေးကို ပက်လက် လှန်လိုက်သလို ယက်ကန်ယက်ကန်နဲ့ ယောင်ချာချာ ဖြစ်နေတော့မှာ အသေအချာပါပဲ။ မြန်မာပြည်က သင်္ကြန်ပွဲကို သွားလည်မဲ့ သိကြားမင်းကြီး ဥရောပကို ရောက်လာပြီး ကျွန်တော့်ချစ်သူကို မလွမ်းရဘူးလို့ လာတားတောင် ကျွန်တော်ကတော့ ဗူးဆို ဖရုံမသီးဘူးပဲ။

လွမ်းဖြစ်အောင်ကို လွမ်းနေမိမှာ အသေအချာပေါ့ဗျာ။ သူ့ကို ခေါင်းတခါခါ လည်တဆန့်ဆန့်နဲ့ မျှော်လွမ်းရင်း ကျွန်တော့် လည်ပင်းကြီး ပြင်သစ်က အီဖဲ မျှော်စင်နဲ့ တိုက်မိလို့ အရေးယူခံရလည်း ကျွန်တော်က မှုမှာ တော့မဟုတ်ပါဘူး။ တယုတယနဲ့ တသိမ့်သိမ့် လွမ်းနေပါ့မယ်။ မျက်ရည်တွေ သွင်သွင်စီးလာလို့ ရေတံခွန်တွေ အားကောင်းလာပြီး မြေထဲပင်လယ်ကြီး လျှံသွားမှာ စိုးရတယ်။ ဥရောပတိုက်သာ ရေမြုပ်သွားရင် အဓိက တရားခံဟာ ကျွန်တော့်ချစ်သူလေးပဲ ဖြစ်ပါလိမ့်မယ်။


ပန်းသီးတစ်လုံးရဲ့ ကောက်ကြောင်းကို ပုံမဖော်တတ်ပေမဲ့ ချစ်တဲ့သူကို ချစ်ကြောင်း ပြောဖို့ တော့ကျွန်တော့်ရင်ဘတ်က အလွမ်းတွေ တစိမ့်စိမ့်ထွက်ပါတယ်။

ဒီနှစ်လည်း လွဲပြန်ပေါ့ ချစ်ရတဲ့ ချစ်သူ သင်္ကြန်ရယ်။

သင်္ကြန်မှာ အားလုံးပျော်ရွှင်ကြပါစေ။

ခင်မင်လေးစားလျက်

herostar
•Monday, March 29, 2010

ကျွန်တော်သည် အိမ်တွင် အကြီးဆုံးသား ဖြစ်သည်။ ညီမလေးတစ်ယောက်ရှိပြီး ကျွန်တော့်ထက် အသက် ၆ နှစ် ငယ်ပါသည်။ တစ်ယောက်တည်း ကစားဖော်မရှိဘဲ ပျင်းနေချိန်မှာ မေမေက ကျွန်တော့်ကို လက်ဆောင်ပေးခြင်း ဖြစ်ပါလိမ့်မည်။ ညီမလေးအတွက် ကိုယ်တိုင် နို့ ဗူးဖျော်ပေးရသည်။ ရေချိုးပေးရသည်။ သနပ်ခါး လိမ်းပေးရသည်။ ညီမလေးက မွေးကတည်းက ၈ ပေါင်ကျော်သည်။ တဖြိုးတည်း ဝလာခဲ့တာ ခုထက်ထိ ဆိုပါတော့။ ဒါ့ကြောင့် ကျွန်တော်က သူ့ကို ဝက်ကလေး လို့ ခေါ်တာက များသည်။ ခေါ်တိုင်းလည်း သူ စိတ်ဆိုးနေကျ ဖြစ်သည်။ ကလေးထိန်းတဲ့ အတတ်ပညာကို ငယ်စဉ်ကတည်းက သင်ကြားခဲ့ရသည်။ သူရယ်အောင် မျောက်က ကပြရသည်။ သီချင်းဆိုပြရသည်။

သူအိပ်ပျော်သွားတဲ့အခါ သူ့ဘေးနားမှာ ခြင်ခြောက်ရင်း ကျွန်တော်လည်း အိပ်ပျော်သွားလေ့ရှိသည်။ သွားကလေးတွေပေါက်လာတော့ ခဏခဏ ကုန်းကိုက်တာ ခံရဖူးသည်။ သူ့သွားလေးတွေ ချွန်အောင် ကျွန်တော့် အသားနဲ့ သွေးတာပဲလေဟု နားလည်ခဲ့ဖူးသည်။ နာပေမဲ့လည်း အံကြိတ်ခံခဲ့ဖူးသည်။ မောင်နှမဆိုလို့ ဒီညီမလေးပဲ ရှိလေတော့ သံယောဇဉ်လည်း ပိုရပါသည်။ ကျောင်းနေစဉ်ကာလတွေမှာဆို ညီမလေးနဲ့ အတူတူ။ ထမင်းချိုင့်လေးကိုယ်စီနဲ့ပေါ့။ ကားလမ်းကူးတိုင်း လက်တွဲမဖြုတ်ကြပါ။

ငယ်ငယ်က ကြက်တောင်ရိုက်တိုင်း အလျော့ပေးရသည်။ ထမင်းအတူစားတိုင်းလည်း အသားဟင်းဆိုရင် သူ့ကို တစ်တုံးပိုထည့် ပေးဖြစ်သည်။ ကျွန်တော်မည်မျှပင် ဆာလောင်နေစေကာမူ သူစားမည်ဆိုရင် မဆာဟန် ဆောင်တတ်ခဲ့သည်။ သူက အရုပ်ကလေးများနှင့် ဆော့ကစားရသည်ကို နှစ်သက်သူ ဖြစ်သည်။ မိန်းကလေးဆိုပေမဲ့ အလှအပ အခြယ်အသများကို အရုပ်လေးများလောက် မက်မောလေ့ မရှိပါ။ အငယ်ဆိုတော့ ဘာမဆို ဦးစားပေးဖြစ်သည်။ သူက ဘာသာရေး ကိုင်းရှိုင်းပြီး ရိုသေလေးစားမှုလည်း အပြည့်ရှိသည်။

အစ်ကို အများစုက ညီ၊ ညီမတွေကို ဖွင့်ဟမပြောသော်လည်း အရမ်းချစ်ကြလိမ့်မည်ဟု ယုံကြည်မိသည်။ ကျွန်တော့်ကို မည်မျှပင် ကဲ့ရဲ့စကားဆိုနေစေကာမူ ကျွန်တော်သည် အပြုံးပျက်လေ့မရှိပါ။ သို့သော် ညီမလေးနှင့် ပတ်သက်လာရင်တော့ ကျွန်တော်ကသာ သူ့ရဲ့ ညံ့ဖျင်းမှုတွေကို ဆုံးမစကားပြောချင်ပြောမည်။ အခြားတစ်ယောက်က ညံ့လိုက်တာဟု ပြောလျှင် မခံမရပ် ဖြစ်မိသည်။ ကျွန်တော် ဆယ်တန်းအောင်တော့ မြန်မာစာက ဂုဏ်ထူး မထွက်ခဲ့ပါ။ ညီမလေးကို မြန်မာစာ ဂုဏ်ထူးပါစေချင်သည်။ ညီမလေးကို ကျေးဇူးတင်မိသည်။ သူ့ဆီမှာ ကျွန်တော် ရသမျှစာတွေကို "၏၊ သည်" မလွဲ စာအံ ခဲ့ဖူးသည်။ တစ်ခုခု မှားလျှင် ညီမလေးက ကြိမ်လုံးနဲ့ လက်ဝါးကို ရိုက်ပါသည်။ သူဆယ်တန်းရောက်တဲ့အချိန်မှာတော့ ကျွန်တော် တက္ကသိုလ်တက်နေပြီ ဖြစ်တဲ့အတွက် အစ်ကို တစ်ယောက်အနေနဲ့ ဘာမျှဂရုမစိုက်နိုင်ခဲ့တော့ပါ။ ဒီ့အတွက် စိတ်မကောင်း ဖြစ်မိသည်။

ဘဝဟူသည် တိုတောင်းလှသည်ဟု ဆိုကြသည်။ ညီမလေးနဲ့ အတူတူ နေခဲ့ရချိန် ၇ နှစ်တာ ကာလသည် ကျွန်တော့်အတွက် အမှတ်တရများကို ဖြစ်စေခဲ့သည်။ ယခုတော့ အိမ်နှင့် ဝေးနေခဲ့သည်မှာ ၁၀ နှစ်ပင် ကျော်ခဲ့လေပြီ။ ငယ်သံယောဇဉ်ဆိုတာ ဘယ်လောက်ထိ ကြီးမားတတ်တယ် ဆိုတာ အားလုံးအသိပင် ဖြစ်ပါလိမ့်မည်။ ညီမလေးကို မည်မျှပင် ချစ်နေစေကာမူ သူ့ရှေ့တွင် ကျွန်တော် ဟန်ဆောင် ကောင်းခဲ့သည်။

အချစ်များစွာကို ဟန်ဆောင်နေရခြင်းသည် စိတ်ကို အလွန်မွန်းကြပ်စေကြောင်း တစတစ သိလာခဲ့သည်။ ဘာပဲ ဖြစ်ဖြစ် အချစ်နဲ့ ပတ်သက်လာရင် ဟန်မဆောင်တာ အကောင်းဆုံးဖြစ်ကြောင်း သိရှိလာချိန်မှာတော့ ကျွန်တော့် ညီမလေးကို ချစ်ကြောင်းပြဖို့ ကျွန်တော့်ရဲ့ အချိန်တွေ သူ့ကို မပေးနိုင်တော့ပါ။ သတိရကြောင်း စာရေးပြောရုံက လွဲလို့ ခုတော့ ဘာတတ်နိုင်တော့မှာလဲလေ။ အတူနေခွင့် ရနေချိန်မှာ မောင်နှမတွေ အချင်းချင်း ချစ်ခင်ကြစေဖို့ ဒီစာလေးကို ရေးဖြစ်သည်။


ခင်မင်လေးစားစွာဖြင့်

herostar

•Sunday, January 24, 2010
ပေါင်မုန့်တွေ၊ ပီဇာတွေနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနေရတာ ကြာလေပြီ။ စားကောင်းလို့ စားနေမိတာတော့ မဟုတ်ပါ။ ဝယ်ရတာ လွယ်ကူခြင်း၊ အချိန်ကုန်သက်သာခြင်းများကြောင့်သာ ဒါတွေကို အားပြုစားနေရခြင်း ဖြစ်သည်။ အရင်တုန်းကတော့ ဗိုလ်စာ စားရတယ်ဆိုပြီး ကြိုက်သယောင်ယောင်ရှိခဲ့သည်။ ကြာကြာဝါးတော့ ခါးမှန်းသိလာသည်။ မြန်မာစာစားရတိုင်း အားရတင်းတိမ်လှသည်။ အီလည်လည်ဖြစ်သည့် ဥရောပစာများကို စားလာသည်မှာ နှစ်ချီနေပြီဖြစ်သော်လည်း အခုထိ ကျွန်တော့် အစာအိမ်က အနောက်တိုင်း အစားအစာများနှင့် ရင်နှီးတယ်ကို မရှိသေးပါ။

ဒီနေ့တော့ မြန်မာအစားအစာကို အားပါးတရ ချက်စားမိပါတော့တယ်။ အမျိုးသားတို့၏ နှလုံးလမ်းကြောင်းကို သွားရာလမ်းကြောင်းသည် ထမင်းကောင်း ဟင်းကောင်းချက်တတ်ခြင်းလို့ ကြားခဲ့ဖူးသည်။ မည်မျှပင် ဆိုးနွဲ့နေစေကာမူ အိမ်သူသက်ထားက ထမင်းကောင်းကောင်း ဟင်းကောင်းကောင်းလေး ချက်ကျွေးလိုက်လျှင် ဆိုးသမျှကို ပြုံးပြုံးကြီး ခံယူကာ အသက်ထက်ဆုံး ချစ်သွားကြသည့် လင်မယားစုံတွဲများကို မြင်ခဲ့ဖူးသည်။ တကယ်တော့ ထမင်းဟင်းချက်ရသည်မှာ အချိန်တော်တော်ကုန်လှ၏။


ခုပင် ကြည့်။ အညာသားပီပီ အညာထမင်းဟင်းလေး စားချင်တာကြောင့် အာရှမှ လာရောင်းသည့် ဈေးဆိုင်များကို သွားရသည်။ အရင်ဆုံး ကန်စွန်းရွက်တစ်စီး ဝယ်ပစ်လိုက်သည်။ အိမ်မှာတုန်းက ရေတွင်းဘေး ပေါက်နေတဲ့ ကန်စွန်းခင်းကြီးကို မုန်းမိသည်။ မေမေက ဗီတာမင်ရအောင် ချက်ကျွေးသည်ဟု ဆိုတိုင်း သူဈေးဖိုး ချွေတာချင်တိုင်း တို့ကို ချက်ကျွေးသည်ဟု အဖေ့ကို တိုးတိုးလေး ကပ်ပြောနေကျ ဖြစ်သည်။ ခုတော့ ဒီ ကန်စွန်းရွက်ကိုမှ စိတ်က လိုလိုလားလား စားချင်နေမိတော့သည်။ တကယ်ဆို ကန်စွန်းရွက် တစ်စီး၏ တန်ဖိုးမှာ ကြက်တစ်ကောင်ရဲ့ တန်ဖိုးထက် ပိုများနေသည်။ မြန်မာငွေအားဖြင့်တော့ ကန်စွန်းရွက်တစ်စီးကို ၄၀၀၀ ကျပ်နီးပါး ပေးရသည်။ ပုံလေးက ဒီမှာပါ။
ဒီကန်းစွန်းရွက်လေးက ထိုင်းနိုင်ငံကနေ လေယာဉ်စီးလာရလို့ ဈေးကြီးတာလည်း ဖြစ်နိုင်သည်။ သူ့ကို သေချာသင် ရေစင်အောင် ဆေးပြီးတာနဲ့ ကြက်သွန်ဖြူ၊ဂျင်း တို့နဲ့ အရောင်မပြောင်းခင် အလောတော်လေး ကြော်လိုက်ပါတယ်။ ခုလို ကြော်လိုက်တော့ တစ်ပွဲစာ ခုလိုလေး ရလာတာပေါ့လေ။

ပြီးတော့ နွေထနောင်း ဆောင်းမန်ကျည်းလို့ စကားပုံလာအတိုင်း ဆောင်းရာသီမှာ အနွေးဓာတ်ကို ပေးနိုင်တဲ့ မန်ကျည်းချဉ်ရည်လေးလည်း သောက်လိုက်ချင်သည်။ ဒါနဲ့ ဗီယက်နမ်ကနေ လေယာဉ်စီးလာ တဲ့ မန်ကျည်းရွက်ဗူးလေးကို ဝယ်ခဲ့ရပြန်သည်။ အိမ်မှာတုန်းကဆို ခြံထဲတင် အပင်ပေါ်ကြိုက်သလောက် တက်ခူးလို့ ရတဲ့ ဒီအရွက်တွေကို ခုတော့ ဈေးကြီး ပေးစားနေရ တော့တာပါ့။ မန်းကျည်းရွက်ချဉ်ရည်လေးသောက် လိုက်ရရင် အသဲကို အေးစေတယ်လို့ ခံစားရတယ်လေ။ ဒါနဲ့ပဲ ဒီမန်ကျည်းရွက်ဗူးလေးကို ဝယ်ခဲ့လိုက်တယ်။ ကျပ်၃၀၀၀ လောက်တော့ကျတာပေါ့လေ။ ပြီးတော့ မြန်မာမှန်ရင် ငပိကို မမေ့နဲ့။ စာပေမှာ ဗျည်းနဲ့ သရတော့ သတိရပါဦးကွယ် ဆိုတဲ့ တွံတေးသိန်းတန်ရဲ့ သီချင်းလေးကို သတိရမိသည်။ ဒါနဲ့ ငါးပိချက်စားဖို့ ပြင်ဆင်မှုတွေ လုပ်ပြီးတဲ့နောက် ခုလို ငပိချက်တစ်ခွက်ကို ထပ်မံရရှိပါသည်။ ငပိချည်းပဲ ချက်စားရင် သိပ်မကောင်းမှာစိုးတာနဲ့ အချဉ်ဓာတ်ကလေးလည်း ပါသွားအောင် မန်းကျည်းမှည့်လေးကို ရေစိမ်ပြီး ထည့်လိုက်သေးတယ်။ ချက်နည်းပေါင်း တစ်ထောင်လောက်ကို မြန်မာကျူးပစ်ဖိုရမ်ကနေ အလွတ်နီးပါးရအောင် ဖတ်ထားတာဆိုတော့ ဟင်းတော်တော်များ ချက်တတ်နေတာတော့ အမှန်ပင် ဖြစ်သည်။ မြန်မာပြည် ပြန်ရောက်ရင် ကျောင်းဆရာမလုပ်ဘဲ ထမင်းဆိုင် ဖြစ်ဖြစ်၊ မုန့်ဟင်းခါးဆိုင် ဖြစ်ဖြစ် ဖွင့်စားချင်စိတ်တောင် တခါတခါ ပေါက်မိရဲ့။ ဒီ ငပိချက်ဟင်းလေးနဲ့ တို့စားဖို့ ခရမ်းသီးပြုတ်လေးက ဒီဘက်မှာပါ။ သူနဲ့ လိုက်ဖက်တာက ပဲပြုတ်လေးလည်း ပါရင် ပိုကောင်းတာမို့ အခုလို ဆားလေးထည့်ပြီး ပြုတ်လိုက်ပါတယ်။ ဆီလေးဆမ်းပြီး ပဲပြုတ်သုတ်လေးလည်း ပါတော့ ကျွန်တော့် ထမင်းဝိုင်းလေးမှာ
၁။ ကန်စွန်းရွက်ကြော်

၂။ မန်ကျည်းရွက်ချဉ်ရည်

၃။ ငပိချက်

၎။ ခရမ်းသီးပြုတ်တို့နဲ့

၅။ ပဲပြုတ်ဆီဆမ်း

၆။ ပင်တိုင်စံ ငရုတ်သီး ငပိထောင်း
လေးနဲ့

မြိုင်မြိုင် ဆိုင်ဆိုင်လေး ဖြစ်လာတဲ့ အခါ တစ်ယောက်တည်း အားပါးတရ စားလိုက်ချင်သည်။ သို့သော် အစားကောင်းလေး စားရတိုင်း သတိတရ ရှိနေတတ်တဲ့ ကျွန်တော့် ပင်ကိုယ်စိတ်ကြောင့် သူငယ်ချင်းမိတ်ဆွေ တွေကို အခုတော့ အွန်လိုင်းကနေပဲ ထမင်းစားလေးဖိတ်လိုက်ပါတယ်။
နောက်များ လူချင်းတွေ့ဖြစ်ရင်လည်း ကိုယ်တိုင် ချက်ကျွေးရတာပေါ့လေ။

ခင်မင်လေးစားစွာဖြင့်


herostar
•Saturday, January 16, 2010
နက်မှောင်ရှည်လျားလှသည့် ချစ်သူ၏ ဆံနွယ်လေးများကို ပျော့ပျောင်းညှင်သာစွာ ထိတွေ့ခွင့် ရချင်နေမိသည်။ ချစ်သူနှင့် တွေ့ခွင့် ရသည့်အခါတိုင်း ''ငါ နင့်ကို ချစ်တယ်'' ဟူသော စကားကလွဲ၍ များများစားစား ပြောဖြစ်လိမ့်မည်တော့ မဟုတ်ပါ။

ပျင်းရိခြောက်ခြားဖွယ် နေ့ရက်များကို တဖြည်းဖြည်း ဖြတ်ကျော်နေရချိန်တွင် ချစ်သူ့အနား ရှိနေလိုက်ချင်သည်။ ဘဝဟူသည် စိတ်ကူးယဉ်နေ့ရက်များနှင့် ပြည့်စုံနေသော အိပ်မက်တစ်ခု မဟုတ်မှန်းသိသော်လည်း သူ့ကို တမ်းတမိစဉ် ခဏတိုင်းတွင် အရာအားလုံး ပြည့်စုံနေတတ်သည်။ ချစ်သူ့မျက်နှာ လရိပ်ဝါလေးကို မြင်ခွင့်ရဖို့က အသက်တမျှ အရေးကြီးနေတာတော့ အမှန်ပင် ဖြစ်သည်။

စိန်ကတီပါ ဖဲမွေ့ယာထက်တွင် ဘဝကို နိဂုံးချုပ်ခွင့် မရချင်နေပါစေတော့။ ချစ်သူ့ရင်ခွင်ကြားတွင် ဦးခေါင်းထား၍ ဘဝကို အဆုံးသတ် နေချင်မိသည်။ နံရံလေးဘက်ကာထားသည့် ဤအခန်းငယ်အတွင်း၌ တစ်ယောက်တည်း ကြေကွဲဆို့နင့် နေသော်လည်း မည်သူ တစ်ဦးတစ်ယောက်ကမျှ အားပေးစကား ပြောကြားလာလိမ့်မည် မဟုတ်ပေ။ သို့သော် ခုလိုချရေးလိုက်တော့ တစ်ယောက်ယောက်ကို ဖွင့်ပြော လိုက်ရသလို ပေါ့ပေါ့ပါးပါး ဖြစ်သွားသည်။ သူသိသည် ဖြစ်စေ၊ မသိသည် ဖြစ်စေ ကျွန်တော့်တွင် ရယ်စရာအမြဲ ပြောတတ်သည့် ပေါက်ကရ နှုတ်ခမ်း တစ်စုံအပြင် မိန်းကလေးတစ်ဦးကို နှစ်နှစ်ကာကာ ချစ်တတ်သည့် အသဲနှလုံးတစ်စုံပါ ရှိနေခဲ့သည်ဆိုသည့်အချက်ကို သူ့အား တချိန်ချိန်တွင် သိစေချင် မိပါတော့သည်။
•Saturday, January 09, 2010
လွဲတာတွေ ပြောရဖန်များလာတဲ့အခါ အ,မှန်းတော့ လူသိတာပေါ့လေ။
ခက်တာက ရယ်ရတဲ့ အဖြစ်ဆိုတော့လည်း သူငယ်ချင်းတွေကို လက်မတို့ဘဲက မနေနိုင်ပြန်ဆိုတော့ နောက်ထပ် အလွဲလေးတစ်ခုကို ထပ်ပြောလိုက်ပါရစေ။

၂၀၀၉ ရဲ့ နှစ်ကုန်ပိုင်း ခရစ်စမတ်နေ့ကပေါ့ဗျာ။ မှတ်မှတ်ရရ ပါပဲ။ Stuttgart မြို့က သိပ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ရထားအတူစီးပြီး Hamburg ကနေ Clausthal-Zellerfeld ကို အလည်သွားတုန်းကပေါ့။ ရထားက ၇ နာရီလောက် စီးရမှာဆိုတော့ ရထားပေါ်မှာ စားဖို့ သောက်ဖို့တွေ အကုန်ဝယ်ထားလိုက်တာပေါ့လေ။ ရထားစီးနေတုန်းမှာ အပျင်းပြေစားဖို့တွေရော နေ့လည်စာ၊ ညနေစာ စားဖို့တွေရော သောက်စရာ အရည်တွေရော အစုံသယ်လာတာပေါ့။ အဝတ်အစားအထုပ်တွေရော စားစရာ အထုပ်ကြီးရော ကို့ရို့ကားယားနဲ့ ရထားပေါ် တက်သွားတာပေါ့လေ။

ရထားလည်း ထွက်ရော ကြေငြာချက်တွေ စကြေငြာပါတော့တယ်။ ရထားပေါ်မှာ ဆေးလိပ်၊ အရက် မသောက်ရန်တွေရောပါတာပေါ့လေ။ ကျွန်တော်လည်း ရထားပေါ်ရောက်ကတည်းက ပါလာတဲ့ မုန့်တွေ တစ်ခုပြီး တစ်ခုထုတ်စားနေလိုက်တာ အချိန်အတော်ကြာတဲ့ အထိပေါ့။ နောက်တော့ ဆက်မစားနိုင်တော့တာနဲ့ အစာပိတ်လေး ရေအဝသောက်မယ်ဆိုပြီး ရေပုလင်းလေးကို ဆွဲထုတ်လိုက်ပါတယ်။

ပြဿနာက အဲဒီမှာ စတော့တာပေါ့လေ။

ဆွဲထုတ်လိုက်တဲ့ ရေပုလင်းကို အားပါးတရ သောက်ပြီး သေချာကြည့်လိုက်တော့ ရေထည့်လာမိတဲ့ ဗူးက ဘီယာထည့်တဲ့ ပုလင်းခွံ ဖြစ်နေမှန်း သိလိုက်ရတယ်လေ။ ရုတ်တရက် ပျာယာခတ်သွားပြီး ချက်ချင်းပဲ အိတ်ထဲ ပြန်ထိုးထည့်လိုက်မှ ဒါကို စစ်ဆေးရေး ရောက်နေတဲ့ ဂျာမန်ရဲက တွေ့သွားပါလေရောဗျာ။

ကျွန်တော့်နား ရောက်လာပြီး

'' ညီလေး ဘာသောက်နေတာလဲပေါ့"

ဟဲဟဲ .. ကျွန်တော်ကလည်း ရေသောက်တာပါပေါ့။ ဒါဆို သောက်တဲ့ ပုလင်းလေးကို ခဏပြပါဆိုတော့ ရေထည့်ထားတဲ့ ဘီယာပုလင်းလေးကို ထုတ်ပြလိုက်ရတယ်လေ။ သူက ဖွင့်ခိုင်းပြီး တစ်ချက် နမ်းကြည့်ပါသေးတယ်။ ပြီးတော့မှ ကြောက်လန့်နေတဲ့ ကျွန်တော့်မျက်နှာလေးကို ပြုံးစိစိ ကြည့်ရင်း သံသယကင်းစွာ ပြန်သွားပါတော့တယ်။ နို့မို့ဆို မလွယ်ဘူးပါ့။ ဒဏ်ရိုက်ခံရရင် ယူရို ရာချီပြီး ကျွတ်ဦးမှာလေ။

ကျွန်တော်လည်း အဲဒီတုန်းကတော့ မရယ်မိပါဘူး။ ခုမှ ပြန်တွေးတိုင်း ရယ်ချင်နေမိလို့ ခုလို ဖောက်သည်ချလိုက်ရပါကြောင်း။

herostar

•Friday, January 08, 2010
ကိုနီကိုရဲကြီး လွဲသလို ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာလည်း လွဲကြတာပါပဲ။

ကျွန်တော်ရဲ့ အလွဲလေးတွေ ဖောက်သည် ချချင်လို့။ ဂျာမန်စကားသင်တန်းမှာပေါ့။ ဆရာက များများပြောနိုင်အောင် တစ်ယောက်နဲ့ တစ်ယောက် ပြောခိုင်းပါတော့တယ်။ ပြောခိုင်းတဲ့ အကြောင်းအရာက အားလပ်ရက် တစ်ရက်မှာ ရုပ်ရှင်ပဲ ဖြစ်ဖြစ် ကော်ဖီပဲ ဖြစ်ဖြစ် အတူတူ သွားသောက်ဖို့ ချိန်းဆိုခိုင်းတဲ့ အကြောင်းဆိုပါတော့။ ဂျာမန်စကားက သင်ရခက်တဲ့ ဘာသာတွေထဲမှာ ပါတယ်လို့ ကြားဖူးထားပေမဲ့ တကယ်သင်ကြည့်လေ ပိုခက်မှန်းသိလာလေပါပဲ။ ပြောရင် နားလည်ပေမဲ့ ပြန်ပြောဖို့ကျ တော်တော်လေး ကြိုးစားရပါတယ်။

အဲဒါနဲ့ ကျွန်တော်တို့ စပြောကြတာပေါ့လေ။ ရက်ချိန်းတောင်းတာဆိုတော့ မင်း စနေနေ့အားလား စသဖြင့် မေးရတော့တာပေါ့။ ကိုယ်ကတော့ အင်္ဂလိပ်လို တွေးပြီး ဂျာမန်လို ပြောချလိုက်တာပေါ့။

"မင်း စနေနေ့အားလား" "Are you free on Saturday?"
ဂျာမန်လို ဆိုတော့ "Bist du frei am Samstag" ပေါ့လေ။ ကိုယ့်အတွေးနဲ့ ကိုယ်တော့ ဟုတ်နေတာပေါ့။

ဒါပေမဲ့ ကျွန်တော်နဲ့ ပြောတဲ့ ကောင်မလေး မျက်နှာကြီး ရဲသွားတာကို သိလိုက်ရပါတယ်။ အင်း တစ်ခုခုများ မှားသွားပြီလားလို့တော့ တွေးလိုက်မိတယ်။ ဆရာက ရှင်းပြတယ်။ အဲလို မသုံးရဘူးတဲ့။

"Hast du Zeit am Samstag?" လို့ သုံးမှ မှန်တယ်တဲ့လေ။ ပထမပြောလိုက်တဲ့ မင်း အားလားဆိုတဲ့ အဓိပ္ပါယ်က မင်းမှာ အိမ်ထောင်မရှိဘဲ အားလပ်နေသလား။ လို့ ဆိုလိုတာတဲ့လေ။ တော်သေးတာပေါ့။ အတန်းထဲမှာ စကားပြောလေ့ကျင့်တာမို့လို့။ အင်း...နို့မိုဆို မလွယ်ဘူး။

မင်းမှာ အချိန်ရှိသလားလို့ မေးမှ မှန်တာတဲ့လေ။

နောက်တစ်ခုက အသံထွက်ပေါ့ဗျာ။ ကျွန်တော်တို့ အာရှသားတွေ ပီအောင် မထွက်နိုင်တဲ့ ဂျာမန်စကားလုံးတွေ ရှိပါတယ်။ အထူးသဖြင့် လည်ချောင်းသံကို သုံးပြီး ဆောင့်ကြီး အောင့်ကြီးပြောရတဲ့ စကားလုံးတွေဆို မရတာကများပါတယ်။ တနေ့ သူငယ်ချင်းတွေနဲ့ ကိုလုံကနေ ပြန်လာတော့ ဘူတာရုံမှာ ရထားစောင့်ရင်း သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောဖြစ်တာပေါ့။

ကိုလုံမြို့က ဘုရားရှိခိုးကျောင်းကြီးက ဂျာမနီမှာ နာမည်ကြီးလေတော့ သူ့ကို မြင်စေချင်တာနဲ့

"Dom" လို့ လက်ညှိုးလေးထိုးပြီး ပြောလိုက်တာပေါ့။ ရုတ်တရက် သူခမျာ ကြောင်အမ်းအမ်းလေး ဖြစ်သွားပြီး

Was dumm? လို့ ပြန်ပြောလိုက်ပါတယ်။

ကျွန်တော်ကလည်း သူမကြားလိုက်လို့ နေမှာလေ ဆိုပြီး အသံလေး မြှင့်ပြီး

"größere Dom" လို့

ထပ်ပြောလိုက်တဲ့ အခါမှာတော့ သူလည်း မဖြစ်တဲ့ အဆုံး အင်္ဂလိပ်လို့ ပြောပါတော့တယ်။

What do you mean? ပေါ့။

အဲ အဲဒီတော့မှ ကျွန်တော်ကလည်း ကိုလုံမြို့က ဘုရားရှိခိုးကျောင်းကြီးဟာ နာမည်ကြီး ကျော်ကြားတဲ့အကြောင်း။ အဝေးကကြည့်ရင်ကို မြင်ရပြီး အံ့မခန်းလက်ရာတွေနဲ့ တည်ဆောက်ထားတဲ့အကြောင်း စီကာပတ်ကုံးပြောလိုက်မှ သူ့မျက်နှာလေး ပြုံးလာပါတော့တယ်။ ပထမအကြိမ် ကျွန်တော် ပြောလိုက်တုန်းက သူမ နားမလည် သွားတာက။

Dom နဲ့ dumm အသံထွက် ဆင်တူနေတာကြောင့်ပေါ့။ ပထမ အဓိပ္ပါယ်က ဘုရားကျောင်းဖြစ်ပြီး ဒုတိယ အဓိပ္ပါယ်က တုံးအသော ဖြစ်ပါတယ်။ ကျွန်တော် ဘုရားရှိခိုးကျောင်းကြီး ပြတာပါ။ ဒါကို သူမက သူမကို တုံးတယ်လို့ ပြောတယ် မှတ်ပြီး ဘာများ တုံးလို့လဲလို့ ပြောတဲ့အခါ ကျွန်တော်က ထပ်ပြီး အကြီးအကျယ်တုံးပါတယ်လို့ ပြောလိုက်သလို ဖြစ်သွားတယ်ဆိုတာ နောက်မှ သဘောပေါက်လိုက်ပါတော့တယ်။

တော်သေးတယ် ရင်းနှီးတဲ့ အတန်းဖော်မိတ်ဆွေတွေမို့။ နို့မိုဆို မလွယ်ဘူးပ့ါ။
•Wednesday, January 06, 2010
ဂျာမနီတွင် စက်ဘီးတစ်စီး၏ အနည်းဆုံးတန်ဖိုးမှာ ယူရို ၁၀၀ နှင့် အထက်တွင် ရှိသဖြင့် မြန်မာငွေအားဖြင့် ၁ သိန်းခွဲ ၂ သိန်းဝန်းကျင်နီးပါးရှိသည်။ ပုံမှန် အလယ်အလတ် အကောင်းစားဆိုလျှင် ယူရို ၃၀၀ မှ ၁၀၀၀ ဝန်းကျင်အထိ ရှိလေသည်။ မြန်မာပြည်မှာကတည်းက စက်ဘီးစီးနေကျဆိုတော့ ဂျာမနီမှာလည်းစက်ဘီး စီးချင်နေမိသည်။ ဒီနိုင်ငံတွင် လူတွေက စက်ဘီးကို ကျန်းမာရေးအတွက် အဓိက ထားစီးတာက များသည်။ သူတို့ရဲ့ ကိုယ်ပိုင်ကားလေးတွေပေါ်မှာ စက်ဘီးလေးတွေကို တင်သွားကြပြီး အဖွဲ့လိုက် ပျော်ပွဲစားထွက်တဲ့အခါ မျိုးမှာလည်း စီးကြသည်။ သာမန်အားဖြင့်တော့ မာစီဒီးနဲ့ အိုပယ်၊ BMW စသည့် ကားများကိုသာနေရာတိုင်းတွင် တွေ့ရပေသည်။ စက်ဘီးတွေကတော့ ကျောင်းသားဆောင်တွေနှင့် ဘူတာရုံတချို့မှာသာ တွေ့ရပေသည်။

အာရှကနေ ကျောင်းလာတက်ရတဲ့သူပီပီ ဘာပဲ ဖြစ်ဖြစ် ကျောင်းသားတွက်တွက်ကာ ဈေးအချိုဆုံးရနိုင်မည့် စက်ဘီးလေး တစ်စီးလောက်တော့ လိုချင်နေမိသည်။ နောက်တော့ ကိုယ့်လို အာရှက သူငယ်ချင်းတစ်ချို့ကိုမေးမြန်းပြီး ဂျာမနီမှာ ဈေးအချိုဆုံးရနိုင်သည့် Floh Market တစ်ခုကို ရှာတွေ့ခဲ့သည်။ Floh Market ဆိုတာကတော့ အဟောင်းဆိုင်လို့ ပြောရမည် ထင်သည်။ ကွန်ပျူတာ၊ ရေခဲသေတ္တာ၊ ကားပစ္စည်း၊ စက်ဘီးဟောင်းမှ အစ အဝတ်အထည်နှင့် လူ့အသုံးအဆောင် ပစ္စည်းတော်တော်များများကို ဝယ်ယူနိုင်သည့်နေရာ ဖြစ်သည်။ ၁ ယူရိုနှင့် အထက် ဝယ်ယူနိုင်သလို မြန်မာပြည်မှာလိုပဲ ဈေးဆစ်လို့ ရသည်။ ပျံကျဈေး တစ်ခု ဖြစ်သလို အခွန်လွတ်ဈေးလည်း ဖြစ်သောကြောင့် တချို့ကျောင်းသားတွေ ကိုယ့်နိုင်ငံကိုယ်ပြန်တော့မည်ဆိုလျှင် ဤနေရာလေးမှာ မသယ်နိုင်တဲ့ ပစ္စည်းမှန်သမျှကို လာရောင်းကြသည်လည်း ရှိသည်။

ပစ္စည်းဟောင်း ရောင်းတာဆိုပေမဲ့ လာရောင်းသည့်သူများမှာ ကိုယ်ပိုင်ကားကိုယ်စီနဲ့ လာရောင်းကြခြင်း ဖြစ်သည်။ ဒီတော့ ကျွန်တော်လည်း စက်ဘီး အသစ်ဝယ်စီးရင်လည်း ကိုယ့်နိုင်ငံမသယ်နိုင်မဲ့ အတူတူ အဟောင်းလေးတစ်စီး ဝယ်ဖို့ ဆုံးဖြတ်ပြီး Floh Market ဘက်ကို ထွက်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ။ စက်ဘီးဟောင်းတွေ ရောင်းနေတဲ့ နေရာကို ခဏနဲ့ ရှာတွေ့ခဲ့သည်။ အသစ်ဝယ်မည် ဆိုရင် ရာကျော်ပေးရမှာဆိုတော့ ခုလို အဟောင်းလေးကို သုံးလေးဆယ်နှင့် ဝယ်ချင်မိသည်။

ဆိုင်ရှင်က စက်ဘီးဟောင်းလေးကို ၃၀ ယူရိုဟုဆိုသည်။ ကျွန်တော်က ကျောင်းသားတစ်ယောက်ဖြစ်တဲ့အကြောင်း ဈေးလျော့ပေးဖို့ ဆစ်တော့တာပေါ့။ နောက် ဟိုလို ပြောလိုက် ဒီလို ပြောလိုက်လုပ်တာများတော့ဈေးသည်ကြီးက ကျွန်တော့်ကို ၁၅ ယူရိုနဲ့ ပေးလိုက်ပါတော့တယ်။ ပျော်တာပေါ့ ၁၅ ယူရိုနဲ့ စက်ဘီး တစ်စီးရတယ်ဆိုတော့လေ။ ဂျာမနီမှာ စက်ဘီး စီးမည်ဆိုရင် ညဘက်စီးတဲ့အခါ ရှေ့မီးနောက်မီးပါရသည်။မပါပါက ဒဏ်ရိုက်သည်ဟု ဆိုသည်။ ကျွန်တော်လည်း ဝယ်ရမှာ နှမြောတာနဲ့ ဒီတိုင်း စီးနေလိုက်တာ နောက်တော့ ရဲနဲ့ တည့်တည့်တိုးတာပေါ့။ ကျောင်းသားဖြစ်တဲ့အကြောင်း၊ အိမ်နဲ့ ကျောင်းက သိပ်မဝေးလို့မီးမတပ်မိကြောင်း ပြောတာပေါ့။ နောက်နေ့တွေမှာ တပ်ထားနော် ပြောပြီး လွှတ်ပေးလိုက်လို့ ရင်အေးသွားရသည်။ မဟုတ်ပါက ဒဏ်ငွေ ၁၀၀ ထက်မနည်း ရိုက်ခံရမှာ သေချာသည်။

ဒါနဲ့ ဒီနေ့တော့ မီးလုံးလေးတွေ ဝယ်တပ်လိုက်ရသည်။ ၁၂ ယူရို ပေးရတဲ့ အတွက် တော်တော်လေး နှမြောနေမိသည်။ စက်ဘီလေးကို ခတ်ဖို့ သော့ချိတ်လေး ဝယ်လိုက်ရတာက ၅ ယူရိုပေးရသည်။ ပြိုင်ဘီးဆိုတော့ ဒူကာမပါတော့ ဆောင်းရာသီမှာ နှင်းစင်တာကြောင့် ဒူးကာဝယ်တာက ၇ ယူရိုပေးရသည်။ လေထိုးတံလေးလည်း လိုသေးတာကြောင်း သူ့ကို ဝယ်ရတာက ၅ ယူရို ပေးရသည်။ အင်း .... အားလုံးပေါင်းလိုက်တော့ ယူရို ၃၀ နီးပါး ဖြစ်သွားသည်။ ဘီးတစ်စီးလုံးမှ ၁၅ ယူရိုပေးရသော်လည်း အပိုဆာလာလေးများထည့်လိုက်တဲ့အခါ စက်ဘီးဖိုးထက် နှစ်ဆဖြစ်သွားတာကို ကြည့်ပြီး အင်း ဆင်ဖိုးထက် ချွန်းဖိုးကြီးနေတာကို သိလိုက်ပါတော့သည်။ ဓားမဖိုးထက် လက်ခကြီးနေတဲ့အခါ ဘယ်လို လုပ်ရမလဲတောင် မသိတော့ပါ။
•Thursday, December 17, 2009
•Monday, October 19, 2009
၁။ ကမ္ဘာ့နိုဘယ်ဆုတွေကို ပေးဖို့ စတင် ခဲ့သူ ဆွီဒင်လူမျိုး သိပ္ပံ ပညာရှင်
အဲဖရက်နိုဘယ် (Alfred Nobel) ဟာ ငါ မဟုတ်ဘူး။

၂။ အီတလီစာရေးဆရာ Giuseppe Giacosa ဟာ ငါ မဟုတ်ဘူး။

၃။ အမေရိကန် ဂီတပညာရှင် Steve Cropper ဟာ ငါ မဟုတ်ဘူး။

၎။ အမေရိကန် ဘောလုံးသမား Brian Piccolo ဟာ ငါ မဟုတ်ဘူး။

၅။ နိုဗယ်ဆုရ သြစတြီးယား စာရေးဆရာ Elfriede Jelinek ဟာ ငါ မဟုတ်ဘူး။

၆။အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ဟာ ငါ မဟုတ်ဘူး။

၇။ အမေရိကန် သရုပ်ဆောင် စာရေးဆရာ Carrie Fisher ဟာ ငါ မဟုတ်ဘူး။

၈။ နိုဗယ်ဆုရ ဂျာမန် ရူပဗေဒပညာရှင် Wolfgang Ketterle ဟာ ငါ မဟုတ်ဘူး။

၉။ အမေရိကန် နိုင်ငံရေးသမား John William Snow ဟာ ငါ မဟုတ်ဘူး။

၁၀။ တင့်ကားကို တီထွင်ခဲ့တဲ့ အိန္ဒိယမြေဖွား Sir Ernest Dunlop Swinton ဟာ ငါ မဟုတ်ဘူး။

သူတို့ အားလုံးရဲ့ မွေးနေ့ က အောက်တိုဘာ ၂၁။

A/ ချင်းတွင်းမြစ်အရှေ့ ကမ်းက မုံရွာမြို့ လေးမှာ မွေးခဲ့တာ ငါ။

B/ ဘုန်းကြီးကျောင်းသား ဘဝနဲ့ ကျောင်းတက်ခဲ့ဖူးတာ ငါ။

C/ ဘုန်းကြီးတွေကို ကတုံး တုံးပေးခဲ့ဖူးတာ ငါ။

D/ ခွေးပိန်လေးတစ်ကောင်နဲ့ သူငယ်ချင်း ဖြစ်ခဲ့ဖူးတာ ငါ။

E/ ဘောလုံးကန်တိုင်း အရိုက်ခံခဲ့ရဖူးတာ ငါ။

F/ အင်တာနက်ပေါ်မှာ ဟိုလျှောက်ရေး ဒီလျှောက်ရေး လုပ်တတ်တာ ငါ။

G/ ခုချိန်ထိ ဘယ်သီချင်းမှ တစ်ပုဒ်လုံး အလွတ်မရတာ ငါ။

H/ ကဗျာလိုလို စာလိုလိုနဲ့ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရှိတာ ငါ။

I/ အိပ်မက်တွေထဲမှာ အိပ်စက်နေခဲ့ဖူးတာ ငါ။

J/ M.I.T ကျောင်းရှေ့ က ဦးရှည်ကြီးဆိုင်မှာ အကြွေးသောက်ခဲ့ဖူးတာ ငါ။

K/ ယုန်တစ်ကောင်နဲ. ချက်ထဲမှာ စကားပြောခဲ့ဖူးတာ ငါ။

L/ လမ်းဘေးမှာတောင်းနေတဲ့ ဂျာမန်က လူတစ်ယောက်ကို ငွေ ၃ ယူရို ထည့်ခဲ့ဖူးတာ ငါ။

M/ ၁ ကနေ ၁၀ ထိရေးထားတဲ့ ကမ္ဘာကျော်တွေနဲ့ ( အောင်တိုဘာ ၂၁ ရက်) ဆိုတဲ့

မွေးနေ့ ကလွဲလို့ ဘာမှ မတူခဲ့တာ ငါ။

ငါ့ကိုလည်း အောက်တိုဘာ ၂၁ မှာ မွေးခဲ့တယ်။


herostar


•Wednesday, October 14, 2009
ဟာသလေးတစ်ပုဒ် ဖတ်ဖူးတယ်။

သေနတ်နဲ့ အဆုံးစီရင်တော့မယ့် လူတစ်ယောက်ကို တရားသူကြီးက "မင်းရဲ့ နောက်ဆုံးဆန္ဒကို ပြောပါ" လို့ မေးလိုက်တယ်။ အကျဉ်းသား ပြန်ဖြေလိုက်တာက "ကျည်ကာအင်္ကျီ ဝတ်ချင်တယ်" ဟူတည်း။

ခုတလော ငါလည်း ဘာဖြစ်နေမှန်းကို မသိ။ ဟိုဟာအဆင်မပြေ ဒီဟာအဆင် မပြေနဲ့။ ကျန်းမာရေးကလည်း မကောင်း၊။ ဒီကြားထဲ ဟိုတနေ့ က ဘူတာရုံက အပြန် လှေကားပေါ်က ခြေခေါက်လဲလို့ ခု လမ်းလျှောက်ရတာ ထော့နဲ့ ထော့နဲ့ ။ တော်တော်လည်း စိတ်ပျက်မိပါတယ်။ ဒုက္ခဆိုတာ အပေါင်းအသင်းတွေနဲ့ လာလည် တတ်တယ်ဆိုတာ ဟုတ်လောက်တယ်။

ငါလည်း လောကဓံကို ကြံကြံခံနိုင်တဲ့ "လောကဓံကာ အင်္ကျီတစ်ထည်" လောက်လိုချင်တယ်။ ချစ်လှစွာသော ငါ့ရဲ့ အရင်းနှီးဆုံးလူတွေကလည်း သူတို့ လိုအပ်တာကို ငါ ဖြည့်ဆီးပြီးကတည်းက ပေါ်မလာတော့တာ ခုထိပဲ။ ငါလည်း ဘယ်သူ့ တိုင်တည်ရမှန်းမသိတာနဲ့ လောကကိုပဲ တိုင်တည်ပြီး ဒီ ဒိုင်ယာရီကို ရေးမိတယ်။
•Thursday, October 01, 2009
ကျန်းမာရေး မကောင်းသည့်အချိန်မှာ မိသားစု ကို ပိုလို့ သတိရမိသည်ဟု ထင်သည်။

ဖျားချင်ချင် ဖြစ်နေတာနှင့် ပါရာစေတမော့တစ်လုံး သောက်လိုက်သည်။ခက်တာက ဒီဆေးမစွမ်းတော့ဘူး ထင်သည်။ အိမ်မှာ သောက်တုန်းက ပျောက်သည်။ ခု မပျောက်။ ခုလိုသာ ဖြစ်နေချိန်ဆိုရင် မေမေက စောင်ခြုံပေးပြီး တက်နင်းပေးပါတော့မည်။ ဘာပဲဖြစ်ဖြစ် တိုက်လေ့ရှိသော သူ့ ဆေးခါးကြီးကိုလည်း အံကြိတ်ပြီး သောက်ရပါသည်။ ညီမလေးက နဖူးကို ခဏခဏ လာစမ်းပြီး ရေခဲစိမ် ပုဝါလေးကို လဲပေးနေမည် ဖြစ်သည်။ ဖေဖေကတော့ ရေနွေးကို ဆူအောင်တည်ပြီး ပါရာစေတမော့သောက်ရန် တတွတ်တွတ်ပြောရင်း မေမေနဲ့ ငြင်းခုန်နေမည်ဖြစ်ပါသည်။ ဆေးခါးကြီးနှင့် ပါရာစေတမော တစ်ခုခုသောက်ရသည်။ တခါတလေ နှစ်ခုလုံးသောက်ရသည်။ မိဘများ စိတ်ချမ်းသာအောင် သောက်၍လား မသိပါ။ နောက်နေ့ ဆို ပြန်ကောင်းနေတတ်သည်။

ခုတော့ ကျွန်တော် နေမကောင်း ဖြစ်နေသည်မှာ တစ်ပတ်ခန့် ရှိတော့မည်။ သတိအရမိဆုံးကတော့ မေမေ့ဆေးခါးကြီးပင် ဖြစ်သည်။ ဒီဆေးခါးကြီးသောက်ရမှာ ကြောက်တာနှင့် ပင် တော်တန်ရုံ ကျွန်တော် ဖျားလေ့မရှိပါ။ ဆေးခါးကြီးကစွမ်းလို့ ပဲလား ၊မိသားစု ချစ်ခြင်းမေတ္တာက စွမ်းလို့ ပဲလား မခွဲခြားတတ်ပါ။ အိမ်မှာဆိုရင် ကြာကြာမဖျားရဲတာတော့ သေချာသည်။ ခုလည်း ဖျားချင်လို့ ဖျားနေတာတော့ မဟုတ်ပါ။ အအိပ်မမှန်ခြင်း၊ အစားမမှန်ခြင်း၊အလုပ်များခြင်း၊စိတ်ရှုပ်ခြင်းများကြောင့် ဖြစ်မည် ထင်ပါသည်။

အိမ်တွင် အကြီးဆုံးသားမို့ သိပ်ချစ်ကြသည်။ ထမင်းစားပြီးလျှင် ပန်းကန်ဆေးလေ့မရှိသည်မှာ ကျွန်တော့်အကျင့် ဖြစ်သည်။ ထမင်းချက် ဟင်းချက် ဝါသနာပါ သလောက် ပန်းကန်ဆေးရမည်ကို သေမလောက် ကြောက်သူဖြစ်သည်။ မိသားစု လေးဦးသာရှိ၍ သိပ်ချစ်ကြတာလည်း ဖြစ်မည်။ ကံကောင်းသည်ဟု ဆိုရမည်။

အိမ်မှ ထွက်၍ ကျောင်းတက်ခဲ့သည့် သက်တမ်းတစ်လျှောက်လုံးတွင်လည်း တက္ကသိုလ် စားရိပ်သာ၌ စားပြီးလျှင် ပန်းကန် ဆေးစရာမလိုဘဲ ဒီတိုင်း ထားခဲ့ရုံပင် ဖြစ်သည်။ ခုတော့ ကိုယ်မဆေးလျှင် ပန်းကန်များသည် မီးဖိုခန်း၌ ပုံနေတတ်သည်။ ကြာကြာထားပြန်လျှင်လည်း အဆင်မပြေသဖြင့် ဖြစ်နိုင်လျှင် တခါသုံး ပန်းကန်များကိုပဲ သုံးပါသည်။ ကြွေပန်းကန်နဲ့စားရမှထမင်းပိုမြိန်သည်ဟု ထင်တတ်သည့် ဇီဇာကြောင်မှုကလည်း လူကို ဒုက္ခ ပေးတတ်ပါသေးသည်။

ရာသီကူးပြောင်းချိန်မို့ လား မသိပါ။ ဤဒေသ၏ ထုံးစံအရ ရာသီလိုက်ဖြစ်တတ်တဲ့ ရောဂါများကို ကာကွယ်ရန်တွက် ကာကွယ်ဆေးထိုးရမည်ဆို၍ မနေ့ ကထိုးလိုက်မိသည့် ဆေးက ဒီနေ့ ပို၍ သတ္တိပြလာပါသည်။ ဆေးက ကာကွယ်သလား မကာကွယ်သလားတော့ မသိပါ။

ခုတော့ ဖျားနေပါသည်။ ရောဂါများသည် အပေါင်းအသင်းနှင့် ရောက်လာတတ်သည်ဟု ထင်ပါသည်။ လူက ဖျားပြီး ချောင်းက တဟွတ်ဟွတ်ဆိုးနေပါသည်။ နေရတာ တင်းကြပ်ကြပ်ကြီး ခံစားနေရပြီး ခေါင်းထဲကလည်း ကိုက်ခဲနေသည်။ မျက်လုံးများက ဝေဝါး၍ နေပြီး ညည်းစီစီဖြစ်နေပါသည်။ ခုတော့ ကျွန်တော်၏ မိသားစုသည် အင်တာနက်ကို ဂျီတော့မှ လွဲ၍ ကျန်တာသိပ်မသိသူများ ဖြစ်သောကြောင့် သူတို့ နှင့် ဝေးကွာနေချိန်၌ ဖြစ်ပေါ်နေသော ဤခံစားချက်များကို သူတို့ ဖတ်မိလိမ့်မည် မဟုတ်ပါ။

သူတို့ ကို ပြောပြနေရင်လည်း စိတ်မကောင်းတာက လွဲလို ဘာမှ လုပ်ပေးနိုင်ကြမည် မဟုတ်ပါ။ မေမေ့ကို ရောဂါ ပေးသလို ဖြစ်ပြီး ဖေဖေ့ကို စိတ်ဆင်းရဲ စေလိမ့်မည် ဖြစ်သည်။ ညီမလေးရဲ့ မျက်ရည်များကိုမမြင်ချင်သလို မေမေ၏ စိုးရိမ်သံများကိုလည်း မကြားလိုလှပါ။ သူတို့ နှင့် အွန်လိုင်းမှာ တွေ့ သည့်အခါတိုင်း အဆင်ပြေ၊ ကျန်းမာ၊ နေကောင်းကြောင်းများသာ ပြောနေကြဆိုတော့လည်း ခုလို နေမကောင်းဖြစ်လာသောအခါ နေမကောင်းကြောင်းပြောပြဖို့ စိတ်ကူးပင်မရှိပါ။

လူနေမကောင်းသည့်အခါ စိတ်နေကောင်းစေရန် ခံစားချက်များကို ဖောက်ထုတ်ခွင့် ပေးသော ဤနေရာလေးကို ခုံမင် နှစ်သက်မိပါသည်။ ကျွန်တော်၏ တချို့ သော သူငယ်ချင်းများမှ လွဲ၍ ဤအကြောင်းအရာကို မည်သူမှ သိလိမ့်မည် မဟုတ်ပါ။ သိသည့်တိုင်အောင်လည်း စိတ်ဝင်စားလိမ့်မည် မဟုတ်ပါ။

ဒီလို အချိန်မျိုးမှာ ကျွန်တော်၏ ရင်တွင်း စကားများကို မညည်းမငြူ နားဆင်ပေးတတ်သော ဤ ဘလော့လေးကိုကျွန်တော် ချစ်ပါသည်။ ဤ နေရာ၌ ကြိုက်သလောက် စိတ်ကူးယဉ်ခွင့်ရှိသည်။ ပျော်စရာဖြစ်စေ၊ စိတ်ညစ်စရာ ဖြစ်စေ ဤနေရာလေးက သူ၏ စာမျက်နှာများပေါ်၌ ကျွန်တော်၏ ခံစားချက်များကို မှတ်တမ်းတင်ပေးထားလေ့ ရှိသည်။ တစ်ယောက်တည်းသမားများအတွက် သူသည် မိဘဖြစ်၍ သူသည်ပင် သူငယ်ချင်း ဖြစ်နေတော့သည်။အလုပ်လုပ်လျှင်လည်း သူနှင့်ပဲ လုပ်ရပြီး အပန်းဖြေလျှင်လည်း သူ့ ကိုပင် အားကိုးနေရသည်။

ခုလို တကယ်ခံစားနေရသည်များကို ပြောချလိုက်ရတော့ ရောဂါသက်သာသွားခြင်း ရှိမရှိတော့မသိပါ။ စိတ်သက်သာရာ ရသွားသည်တော့ သေချာသည်။ ဂီလာန ဖြစ်တတ်တဲ့ ရောဂါဆိုပေမဲ့ နောက်လှည့်ကြည့်ရင်ကိုယ့်အရိပ်က လွဲလို့ ဘယ်သူမှ မရှိသော တစ်ယောက်တည်းနေ့ ရက်များကို မုန်းတီးနေမိတာတော့ အမှန်ပင်။

herostar
•Sunday, September 20, 2009
စိတ်ကူးအရင့်အမာကြီးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
ပိုလေးတယ်။

“မင်္ဂလာပါ”
(တခြားဘာမှ ပြောစရာမရှိမယ့်အတူတူတော့ “မင်္ဂလာပါ”လို့ပဲ ပြောကြတာပေါ့။) တကယ်တမ်း မင်္ဂလာရှိသည်ဟု ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ နံနက်ခင်းအတော်များများမှာ “မင်္ဂလာပါ”ဟု ပြောတတ်ရန် ပါးစပ်က အကျင့်ရနေသည်မှာ ကြာပြီ။ အားလုံးဟာ ဒီလိုပဲလား။ ဟိုး.. ကျွန်းပင်ထိပ်ဖျားက ဥသြငှက်တစ်ကောင်ကလည်း ပါးစပ်ကျင့်သားရစွာ တွန်ကျူးနေတာ ဖြစ်နိုင်ပါသည်။ မုတ်သုံမိုးဦးထဲမှာ ယိမ်းနွဲ့သွားသော ၀ါးရုံပင်များလည်း မတော်တဆ ကျင့်သားရမှုတစ်ခု ဖြစ်နေနိုင်ပါသည်။ စွယ်တော်ဖြူဖြူဖွေးဖွေးများသည် လည်းကောင်း၊ မြက်ခင်းပေါ် ကြွေကျနေသော အနီရဲရဲ စိန်ပန်းပွင့်များသည်လည်းကောင်း၊ မိုးရေအနည်းငယ် စိုစွတ်နေသော လိပ်ပြာတစ်ကောင်သည်လည်းကောင်း၊ ရွှေရောင် ၀ါဖန့်သော အိပ်မက်တစ်ခုသည်လည်းကောင်း၊ အားလုံးသည် ကျင့်သားရမှုများပင်ဖြစ်၏။

မင်းခိုက်စိုးစံရဲ့ ဒီစာကလေးတစ်ပိုဒ်ကို ဖတ်ပြီးတော့ ငါလည်း နင့်ကို လွမ်းနေတတ်တာကျင့်သားရနေပြီ လားလို့တောင် တွေးမိတယ် နင့်ကို တခါ သတိရမိတိုင်းသာ အသက်ရှူတခါရပ်မယ်ဆိုရင်လေ...
ငါ ဒီကမ္ဘာပေါ်မှာ မရှိတာကြာလောက်ပြီ သိလား...တက္ကသိုလ်ကျောင်းသား ဘဝကို ၉ နှစ်လုံးလုံး ဖြတ်သန်းခဲ့ရတုန်းကလည်း ဒီကြည်ပြာရောင် လုံချည်လေးနဲ့ လည်ကတုံး ရှပ်အင်္ကျီအဖြူလေးပဲ...ခုလည်း ဒီပုံစံလေးအတိုင်းပဲလေ...

ငါ့မှာ ပြောင်းလဲတာဆိုလို့ ဟိုတစ ဒီတစ နည်းနည်းဖြူနေတဲ့ ဆံပင်လေးတချို့ရယ်...နင် ငါ့ကို ထားသွားခဲ့တုန်းက လွမ်းရင် ထုတ်ကြည့်ပေါ့လို့ ပေးခဲ့တဲ့ နင့်ရဲ့ ကျောင်းသားကဒ်က passport ပုံလေး နည်းနည်း နွမ်းနေတာရယ်လောက်ပဲဟ မင်ပြာကိုင်ရတဲ့ ဘဝကနေ မြေဖြူကိုင်နေရတဲ့ ဘဝလေးပဲ ကွာခြားသွားတယ်...နင်နဲ့ ပတ်သက်ရင် ငါဟာ ကလေးဆန်နေတတ်တုန်းပဲဟ ....ဒီနေ့ဘာနေလဲ သိလား ဖေဖေါ်ဝါရီ ၂၈ လေ...နင်က ငါ့ကို အဖြေပေးခဲ့တုန်းက ဖေဖေါ်ဝါရီ ၂၉ ရက်နေ့ တစ်ခုမှာလေ... ငါ့မှာ တခုတ်တရလေး လွမ်းချင်တာတောင် တစ်နှစ်မှာ တစ်ရက်ကြုံရခဲတဲ့ ဒီလိုရက်လေးကို လေးနှစ်တစ်ခါလောက် တော်တော်စောင့်ပြီးလွမ်းနေရတယ်ဟာ...

ငါ လွမ်းတယ်ဟာ...ဝေးလွင့် ပျောက်ကွယ်သွာပြီ ဖြစ်တဲ့ နင့်ရယ်သံလွင်လွင်လေးတွေရယ်...''ကို '' လို့ တစ်လုံးတည်းခေါ်တတ်တဲ့ နင့်ရဲ့ ချစ်စရာ စကားသံလေးတွေကိုရောပေါ့...ကျောင်းမှာသာ ကျောင်းသားတွေက ငါ့ကို ဆရာ လို့ ခေါ်နေကြပေမဲ့ အချစ်နဲ့ပတ်သက်ရင် ငါက တပည့် အဆင့်ကမတက်သေးတဲ့ နင့်ရဲ့ ကျောင်းသားလေးတစ်ဦးပါဟာ... နင်လည်း ကျမ်းအလီလီရေးပြီး ဘွဲ့အလီလီယူနေတာနဲ့ပဲ အချစ်ဆိုတဲ့ ဝေါဟာရတောင် စာလုံးပေါင်းဖတ်နေရပြီထင်တယ်နော်

ငါလေ ငယ်ငယ်က မီးပုံးပျံလေးတွေ လွှတ်ရတာကို တအား သဘောကျခဲ့ဖူးတယ်ဟ...မှိုင်းဝလေ အထက်ကို တက်လေဆိုတဲ့ အသိကြောင့် မှိုင်းမပြည့် ပြည့်အောင် ကြိုးစားခဲ့ဖူးတယ်...ခုတော့ဟာ လူတွေက မီးပုံပျံလေး အထက်ရောက်နေတာကိုပဲ သတိထားမိကြတာဟ...သူ့ရင်ထဲမှာ ဘယ်လောက်ထိ မွန်းကြပ်နေလိမ့်မယ်လို့ တွေးမိကြမယ်မထင်ဘူး...ငါကတော့လေ နင့်လို အပေါ်မရောက်ရင် နေပါစေတော့ဟာ...မြေပြင်ကို နင်ပြန်ဆင်းတဲ့အခါ ငါ့နားလေးကို နင်ရောက်ပါစေလို့ပဲ ဆုတောင်းနေပါ့မယ်

နင် ပျော်ပါစေ..

herostar
•Sunday, September 20, 2009
လွမ်းတယ်ဗျာ…မဖြစ်နိုင် မရနိုင်မှန်း သိရက်နဲ့ တမ်းတနေတတ်တာ ရူးသွပ်မှုသက်သက်ပဲလား.. သတိရနေတတ်သူက ရှုံးနိမ့်သူ ဆိုရင် ကျွန်တော်ဟာ အခါခါ ရှုံးနေသူပေါ့…ကွာခြားမှု … ကွာဝေးမှုတွေနဲ့ ပြည့်နေတဲ့ ဘဝနှစ်ခုထဲက လူသားတစ်ယောက်ဟာ ကျွန်တော်ပေါ့…ချစ်ခွင့် ရနေတာရယ်…ကျွန်တော့်် စာတချို့ကို ဖတ်ပေးနေတာရယ်ကလွဲလို့ ကျွန်တော့်ကို သူ အသိအမှတ်ပြုမိမယ် မထင်ပါ။

မယုံကြည်မှုများစွာနဲ့ စတင်ခဲ့တဲ့ ကျွန်တော့်အချစ်ဇာတ်လမ်းလေးဟာ တစ်ယောက်တည်းကြေကွဲရင်း နဲ့ပဲ ရင်ထဲမှာ ထုထည်များနေလေရဲ့…သူ့ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်ရေးဆိုခဲ့တာပါ…ပြန်ချစ်ပါလို့ ပြောချင်တာပေါ့ဗျာ…အဖြေမရှိတဲ့ မေးခွန်းတစ်ခုလို ပဟေဠိဆန်ဆန်ကြုံရတဲ့ အခါ ကိုယ့်ကိုယ်ကို တကယ်အားငယ်မိပါတယ်…

ပန်းကလေးတစ်ပွင့်လို ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဆီက အချစ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရနေတဲ့ တခြားယောက်ျားလေးတွေကို လေးစားမိပါတယ်…အချစ်တစ်ခုကို ပိုင်ဆိုင်ဖို့ဆိုတာ ဂုဏ်တွေ ဒြပ်တွေမလိုမှန်း ခုမှသိတော့တယ် …အမှန်တိုင်းဝန်ခံရရင် ကျွန်တော် ပညာကို အပတ်တကုတ် သင်ကြားခဲ့ဖူးပါတယ်… ချစ်သူတစ်ယောက်နဲ့ အတူနေရတဲ့အခါ ကျွန်တော်က ဦးဆောင်နိုင်တဲ့ ယောက်ျားကောင်းတစ်ယောက် ဖြစ်နိုင်အောင်ပေါ့။

ကျွန်တော် သင်ခဲ့ဖူးတဲ့ ဘာသာရပ်တွေထဲမှာ မိန်းကလေးတစ်ယောက်ကို ချည်းကပ်နည်းလမ်းညွှန် ဆိုတဲ့ ဘာသာရပ်မပါခဲ့ဘူးလေ…

သင်္ချာမှာ အမှတ် နှစ်ခုကို ဖြတ်ပြီးမျဉ်းတစ်ကြောင်းသာဆွဲနိုင် သည်ဟု သင်ခဲ့ဖူးပါသည်…ဘဝမှာတော့ သူ့အပြုံးလေးတစ်မှတ် နဲ့ ကျနော့် နှလုံးသားလေးတစ်မှတ်ကို ဖြတ်ပြီးမျဉ်းကြောင်းများစွာ ဆွဲနေမိပါသည်…

ပေတံမသုံးပေမဲ့ ဘယ်တော့ဆွဲဆွဲဖြောင့်နေတတ်တဲ့ ဒီမျဉ်းလေးဟာ ကျွန်တော့်သံယောဇဉ်တွေနဲ့ ရစ်နှောင်နေတဲ့ အချစ်တွေပေါ့ဗျာ…


ကျွန်တော့်ကိုယ်မှာ အချစ်ကိုတပ်ဆင်လိုက်တာနဲ့ လောင်စာဆီတွေ အလိုလိုပြည့်လာပါတော့ တယ်…အချစ်မှာ ထူးဆန်းတဲ့ စွမ်းအင်ရှိတယ်ဆိုတာ ကျနော်လက်ခံလာခဲ့ပါပြီ…အရင်တုန်းကဆို ပေတေတေ ညှင်းသိုးသိုးနဲ့ နေတတ်တဲ့ ကျွန်တော်ခုဆို သူနဲ့ Web Cam မှာတွေ့ရတော့မယ်ဆို တာနဲ့ သပ်သပ်ရပ်ရပ် ဝတ်စားနေမိပါတယ်…မှုန်ဝါးဝါးသာမြင်ရတဲ့ Computer Screen ပေါ်မှာတောင် ကျွန်တော်ခန့်ညား နေချင်မိပါတယ်…

အချစ်ဟာ အရွယ်မရွေးနုပျိုစေတယ်ဆိုတာ ကိုယ်တွေ့ကြုံတော့ ယုံနေပါပြီ…ပြင်သစ်ရေမွှေးတွေ ကို ဒီနိုင်ငံမှာ အလွယ်တကူဝယ်ယူနိုင်တော့ မဆီမဆိုင်ရေမွှေးတောင်ဆွတ်နေမိပါတယ်….Internet မှာ အနံ့ပါခံစားနိုင်မယ်ဆို ရင် မိုင် ၅၀၀၀ ဝေးတဲ့ ဟိုဘက်ကမ္ဘာခြမ်းက ကျွန်တော့် ကောင်မလေး ခေါင်းများမူးနေမလားမသိ…ကျွန်တော် အဲဒီလောက်ထိ ရူးသွပ်နေမိပါတယ်…

သုတေသနလုပ်စရာတွေ ဖတ်စရာစာအုပ်တွေ မေးထိအောင်ပုံနေပေမဲ့ ဆွဲဆောင်မှုအားကောင်းနေ တာက သူမရဲ့ အကြောင်းတွေပါ…သူမနဲ့မတော်တဆ Online မှာဆုံလာပြီဆိုရင်ဒီစာအုပ်တွေဟာ ကျွန်တော်နဲ့ မဆိုင်သလိုပါပဲ…နောက်တစ်ခုက သူမဟာ စကားပြောနည်းသူတစ်ယောက်ပါ…ကျွန်တော်က စကားသံတွေနဲ့ ဆက်သွယ်တဲ့ အခါ သူမက အက္ခရာတွေနဲ့ ပဲ ဆက်သွယ်ပါတယ်။

One Way Dialogue လေးတစ်ခုမှာ တစ်ယောက်ယောက်သာ ကျွန်တော့်ဘေးမှာ ရှိနေခဲ့မယ်ဆိုရင် ရွာသာကြီးကိုသွားတဲ့ ၂၁၀ Bus ပေါ်ဆွဲတင်နေမလား မတွေးရဲပါ…"ရောဂါဆိုးညမှာတိုး" ဆိုတာကို အရင်တုန်းက နားမလည်ပေမဲ့ ခုလိုချစ်ရေးဆိုပြီးချိန်ကစပြီး နားလည်လာပါတော့တယ်…အဖြေမရသေးတဲ့ တရားခံတစ်ယောက်လိုပေါ့…တအုံနွေးနွေးခံစားချက်ကြီးက ရင်ထဲထိအောင့် တယ်ဗျာ…

ညညအိမ်စာတွေလုပ်ပြီးချိန်တွေဆိုရင် အလိုလိုမခေါ်ပဲရောက်ရောက်လာတတ်တာ…သူ့ကိုလွမ်းနေတတ်တဲ့ အလွမ်းတွေပေါ့…အိပ်ရာပေါ်ဘယ်ယာ လူးလွန့်ရင်း သူ့ကြောင်းလေးတွေတွေးလိုက် သက်ပြင်းအခါခါချလိုက်နဲ့ ညညဆို တော်တော်နဲ့ အိပ်မပျော်တော့ပါ…

တခါတခါ စားလည်းဒီစိတ်ကွယ်…သွားလည်းဒီစိတ်ကွယ်…မင်းကိုသာစွဲလန်းမိတယ် ဆိုတဲ့ သီချင်းကို ရွှေမန်းတင်မောင် လေသံနဲ့သာ ထဆိုလိုက်ချင်ပါတယ်…

ဖူးစာမပါလို့ ဆုံခွင့်မရခဲ့ရင်တောင် ကျွန်တော် တကယ်ချစ်ဖူးသူကို ရှာတွေ့ခဲ့ရလို့ ဒီအရိပ်လေးတစ်ခု ကိုတော့ အမှတ်ရနေမိမှာပါ…ကျွန်တော့်ဘဝရဲ့ နေညိုချိန်ထိ တသသဖြစ်နေစေမဲ့ သူမရဲ့ အပြုံးလေးတစ်ပွင့်ကိုတော့ ထာဝရယူဆောင်ခွင့်ပေးပါလို့ သာ တောင်းဆိုချင်မိပါတော့တယ်…

herostar
•Sunday, September 20, 2009
အချစ် ဆိုတဲ့ ခံစားချက်တစ်ခုဟာ အိမ်မက်တွေထဲထိ လွှမ်းမိုးနိုင်လားတော့ မသိပါ…ချစ်သူရဲ့
အပြုံးကတော့ ခုဆို အိပ်မက်တွေထဲထိ လိုက်နှောက်ယှက်နေပါတော့တယ်…အချစ်တစ်ခု
ဖြစ်ပေါ်ဖို့အတွက် အချိန်မည်မျှကြာသည်ဟုအတိအကျမသိပါ…
ကျွန်တော့် အတွက်တော့ တစ်စက္ကန့်မျှသာကြာလိမ့်မည်ဟု ထင်ပါသည်…..

ကလေးငယ်လေးတစ်ဦးရဲ့ပုံကို စက္ကန့်ပိုင်းမျှတွေ့ရပေမဲ့ ဒီမျက်ဝန်းလေးတစ်ခုကို အမှတ်ရနေတတ်တာမျိုးလိုပေါ့ …. သူကျနော့်ကို Online မှာ စတင် invite လုပ်ခဲ့ပါတယ်…တနည်းအားဖြင့် ကျနော့်နှလုံးသားကို Invite လုပ်ခဲ့မှန်း ချစ်ရေးဆိုဖို့ ဆုံးဖြတ်တော့မှ သိတော့တယ်… အမြဲနောက်ကျနေကြဖြစ်တဲ့ လူပျိုသိုးကျနော်…ဒီတခါတော့ နောက်မကျချင်ဘူးလေ… စောစောစီးစီးချစ်ရေးဆိုလိုက်ပါတယ်…မျှော်လင့်ထားတဲ့ အတိုင်းပါပဲ…ကျနော့်ကို သူ လုံးဝမယုံခဲ့ပါဘူး…

အချစ်နတ်သားလေး Cupid ကို တခါတခါစိတ်နာမိတယ်…ကျနော့်ကို ပစ်ထားလို့လေ…
ကျနော့် အလှည့်ကျမှ မြှားကုန်နေတတ်တဲ့ သူ့ကို စိတ်နာလို့ပါ….
ကြီးမှ ဝက်သက်ပေါက်ရင် အနေရခက်တယ်လို့ ကြားဖူးပေမဲ့ ဝက်သက်မပေါက်ဖူးလို့ ဘယ်လို
ခံစားရတယ်ဆိုတာကိုတော့ ကျနော် မသိပါ…နေမထိ ထိုင်မသာဖြစ်နေမိတာကတော့ ညာလို့မရပါ
တကယ်တော့လည်း သူမယုံတာ မဆန်းပါဘူးဗျာ…ကျွန်တော်ကိုက စဉ်းစားဥာဏ်နည်းတာပါဗျာ.. မြစ်တစ်ဖက်ကမ်းက မီးပုံလေးရဲ့နွေးထွေးမှုကိုမှ အားကိုးတကြီးနဲ့ ခိုလှုံချင်တဲ့ သွေးအေး သတ္တဝါလေးတစ်ကောင်ဟာ ကျနော်ပေါ့။ " မြစ်တစ်ဖက် ဝက်လက်ကင်"ဆိုတဲ့ အတိုင်းပါ့။

ခွေးကလေးကြောင်ကလေးတွေတောင် အချစ်တစ်ခုကိုတော့ ပိုင်ဆိုင်သွားကြသေးတာပဲလေ…
ကျနော် ဘာကိုမှ မမျှော်လင့်ချင်ပါဘူး…မိသားစုကလွဲရင် ကျနော့်ကို ချစ်ပေးနိုင်မဲ့ ကောက်ရိုးလေး
တစ်မျှင်ပဲဖြစ်ဖြစ်ပေါ့…ချစ်သူရဲ့ လက်ကလေးတစ်စုံကို နွေးထွေးစွာ ဖမ်းဆုတ်ထားချင်မိတယ်…
အချစ်ဆိုတဲ့ အရာတစ်ခုကို ကြားဖူးရုံသက်သက်နဲ့တော့ဒီကမ္ဘာမြေကနေ မထွက်ခွာချင်သေး ပါဘူး…ရွှေလက်တွဲလို့ ချစ်ပွဲလေးဝင်ချင်ပါသေးတယ်…

herostar