b သူရဲကောင်းကြယ်: “ရူးနေတဲ့ ဥယျာဉ်မှူး''
•Sunday, September 20, 2009
စိတ်ကူးအရင့်အမာကြီးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
ပိုလေးတယ်။

“မင်္ဂလာပါ”
(တခြားဘာမှ ပြောစရာမရှိမယ့်အတူတူတော့ “မင်္ဂလာပါ”လို့ပဲ ပြောကြတာပေါ့။) တကယ်တမ်း မင်္ဂလာရှိသည်ဟု ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ နံနက်ခင်းအတော်များများမှာ “မင်္ဂလာပါ”ဟု ပြောတတ်ရန် ပါးစပ်က အကျင့်ရနေသည်မှာ ကြာပြီ။ အားလုံးဟာ ဒီလိုပဲလား။ ဟိုး.. ကျွန်းပင်ထိပ်ဖျားက ဥသြငှက်တစ်ကောင်ကလည်း ပါးစပ်ကျင့်သားရစွာ တွန်ကျူးနေတာ ဖြစ်နိုင်ပါသည်။ မုတ်သုံမိုးဦးထဲမှာ ယိမ်းနွဲ့သွားသော ၀ါးရုံပင်များလည်း မတော်တဆ ကျင့်သားရမှုတစ်ခု ဖြစ်နေနိုင်ပါသည်။ စွယ်တော်ဖြူဖြူဖွေးဖွေးများသည် လည်းကောင်း၊ မြက်ခင်းပေါ် ကြွေကျနေသော အနီရဲရဲ စိန်ပန်းပွင့်များသည်လည်းကောင်း၊ မိုးရေအနည်းငယ် စိုစွတ်နေသော လိပ်ပြာတစ်ကောင်သည်လည်းကောင်း၊ ရွှေရောင် ၀ါဖန့်သော အိပ်မက်တစ်ခုသည်လည်းကောင်း၊ အားလုံးသည် ကျင့်သားရမှုများပင်ဖြစ်၏။

မင်းခိုက်စိုးစံရဲ့ ဒီစာကလေးတစ်ပိုဒ်ကို ဖတ်ပြီးတော့ ငါလည်း နင့်ကို လွမ်းနေတတ်တာကျင့်သားရနေပြီ လားလို့တောင် တွေးမိတယ် နင့်ကို တခါ သတိရမိတိုင်းသာ အသက်ရှူတခါရပ်မယ်ဆိုရင်လေ...
ငါ ဒီကမ္ဘာပေါ်မှာ မရှိတာကြာလောက်ပြီ သိလား...တက္ကသိုလ်ကျောင်းသား ဘဝကို ၉ နှစ်လုံးလုံး ဖြတ်သန်းခဲ့ရတုန်းကလည်း ဒီကြည်ပြာရောင် လုံချည်လေးနဲ့ လည်ကတုံး ရှပ်အင်္ကျီအဖြူလေးပဲ...ခုလည်း ဒီပုံစံလေးအတိုင်းပဲလေ...

ငါ့မှာ ပြောင်းလဲတာဆိုလို့ ဟိုတစ ဒီတစ နည်းနည်းဖြူနေတဲ့ ဆံပင်လေးတချို့ရယ်...နင် ငါ့ကို ထားသွားခဲ့တုန်းက လွမ်းရင် ထုတ်ကြည့်ပေါ့လို့ ပေးခဲ့တဲ့ နင့်ရဲ့ ကျောင်းသားကဒ်က passport ပုံလေး နည်းနည်း နွမ်းနေတာရယ်လောက်ပဲဟ မင်ပြာကိုင်ရတဲ့ ဘဝကနေ မြေဖြူကိုင်နေရတဲ့ ဘဝလေးပဲ ကွာခြားသွားတယ်...နင်နဲ့ ပတ်သက်ရင် ငါဟာ ကလေးဆန်နေတတ်တုန်းပဲဟ ....ဒီနေ့ဘာနေလဲ သိလား ဖေဖေါ်ဝါရီ ၂၈ လေ...နင်က ငါ့ကို အဖြေပေးခဲ့တုန်းက ဖေဖေါ်ဝါရီ ၂၉ ရက်နေ့ တစ်ခုမှာလေ... ငါ့မှာ တခုတ်တရလေး လွမ်းချင်တာတောင် တစ်နှစ်မှာ တစ်ရက်ကြုံရခဲတဲ့ ဒီလိုရက်လေးကို လေးနှစ်တစ်ခါလောက် တော်တော်စောင့်ပြီးလွမ်းနေရတယ်ဟာ...

ငါ လွမ်းတယ်ဟာ...ဝေးလွင့် ပျောက်ကွယ်သွာပြီ ဖြစ်တဲ့ နင့်ရယ်သံလွင်လွင်လေးတွေရယ်...''ကို '' လို့ တစ်လုံးတည်းခေါ်တတ်တဲ့ နင့်ရဲ့ ချစ်စရာ စကားသံလေးတွေကိုရောပေါ့...ကျောင်းမှာသာ ကျောင်းသားတွေက ငါ့ကို ဆရာ လို့ ခေါ်နေကြပေမဲ့ အချစ်နဲ့ပတ်သက်ရင် ငါက တပည့် အဆင့်ကမတက်သေးတဲ့ နင့်ရဲ့ ကျောင်းသားလေးတစ်ဦးပါဟာ... နင်လည်း ကျမ်းအလီလီရေးပြီး ဘွဲ့အလီလီယူနေတာနဲ့ပဲ အချစ်ဆိုတဲ့ ဝေါဟာရတောင် စာလုံးပေါင်းဖတ်နေရပြီထင်တယ်နော်

ငါလေ ငယ်ငယ်က မီးပုံးပျံလေးတွေ လွှတ်ရတာကို တအား သဘောကျခဲ့ဖူးတယ်ဟ...မှိုင်းဝလေ အထက်ကို တက်လေဆိုတဲ့ အသိကြောင့် မှိုင်းမပြည့် ပြည့်အောင် ကြိုးစားခဲ့ဖူးတယ်...ခုတော့ဟာ လူတွေက မီးပုံပျံလေး အထက်ရောက်နေတာကိုပဲ သတိထားမိကြတာဟ...သူ့ရင်ထဲမှာ ဘယ်လောက်ထိ မွန်းကြပ်နေလိမ့်မယ်လို့ တွေးမိကြမယ်မထင်ဘူး...ငါကတော့လေ နင့်လို အပေါ်မရောက်ရင် နေပါစေတော့ဟာ...မြေပြင်ကို နင်ပြန်ဆင်းတဲ့အခါ ငါ့နားလေးကို နင်ရောက်ပါစေလို့ပဲ ဆုတောင်းနေပါ့မယ်

နင် ပျော်ပါစေ..

herostar
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: