b သူရဲကောင်းကြယ်: နယ်သာလန်သို့ အလည် တစ်ခေါက်
•Sunday, September 20, 2009
ဒီနေ့ ခရီးစဉ်မှာကတော့ စိန်ဆိုင်သွားဖို့ အဓိကဆိုပါတော့ စိန်မမများနဲ့စိန်အစ်ကိုကြီးကိုကျေးဇူးတင်ရမှာပါ… စိန်အကြောင်း နဂဏ်းတစ်လုံးမှ မသိတဲ့ ကျွန်တော်ကတော့ စိတ်ရှည်လက် ရှည်ရှင်းပြနေတဲ့ Professor သက်ကို အားကျမိပါတယ်…စိန်တစ်ပွင့်ရဖို့ ကျောက်တောင်များစွာကို တူးဖော်ရကြောင်းလူ့အသက်ကိုတောင် ရင်းနှီးပြီး ရှာဖွေနေကြတဲ့ အာဖရိကက စိန်တူးသူများအကြောင်း၊လူတွေ ဘာ့ကြောင့်တန်ဖိုးထားကြတာလဲ စသဖြင့်ပြောဖြစ်ကြတာ စုံလို့ ပါပဲ။


ဘာပဲဖြစ်ဖြစ်ပေါ့လေ ရခဲတဲ့ ဒီရတနာလေးကိုတော့ တစ်ယောက်ယောက်ကို လက်ဆောင်ပေးဖို့ ယမ်ယမ်သောက်ဆံပင်အရှည်ထားပြီး ဝယ်ဖို့ တွေးမိပါသေးတယ်။နောက်တစ်ခေါက်မှပေါ့။

အဲဒီနောက်မှာတော့ မြို့တော်ကာကွယ်ရေးအတွက် ခရစ်နှစ် ၁၂၀၀ ကဆောက်ခဲ့တဲ့ မြို့ဦးခံတပ်လို့ခေါ်တဲ့ ရဲတိုက်ကြီးကိုရောက်ပါတယ်…နှစ် ၈၀၀ ကျော်ပြီးဖြစ်တဲ့ Het Steen လို့ အမည်ရတဲ့ ဒီခံတပ်တစ်ခုသာ အထင်ရှားကျန်ရစ်နေတာကို တွေ့မြင်ရတော့ ကျွန်တော်တို့ ရွှေမန်းမြေကို နယ်ချဲ့တွေ မသိမ်းခင်မှာ မြန်မာသူရဲကောင်းကြီးတွေဆောက်ခဲ့တဲ့ မင်းလှခံတပ်တို့ စစ်ကိုင်းခံတပ်တို့နဲ့ ကွာခြားမှုကို ဘာမဆိုင်ညာမဆိုင် မျက်စိထဲပြေးမြင်မိပါတော့တယ်…

Het Steen ဆိုတာ ဒပ်ခ်ျလို ပြောထားတာပါ…ဗမာလိုတော့ ကျောက်တုံးပေါ့…ကျောက်တုံးတွေနဲ့
ဆောက်ထားတဲ့ ရဲတိုက်ကြီးပေါ့လေ..Schelde မြစ်ဘေးမှာရှိတဲ့ ဒီရဲတိုက်ကြီးဟာ ဥရောပမှာရှိတဲ့
အကြီးဆုံးရဲတိုက်တွေထဲက တစ်ခုပေါ့…၁၃၀၃ ကနေ ၁၈၂၇ ထိ နှစ်တွေတုန်းကတော့ အကျဉ်း
ထောင်အဖြစ်သုံးခဲ့ပြီး အကျဉ်းသားတွေကို ခြေလက်တွေဖြတ်၊ ခေါင်းတွေဖြတ်ပြီး အပြစ်ပေးနေကြ
နေရာကြီပေါ့...သူဌေးတွေဆို ရဲတိုက်ရဲ့ ညာဘက်က ဝင်ခွင့်ရပြီး ဆင်းရဲသားတွေကတော့ ဘယ်
ဘက်က ဝင်ရတယ်ဆိုပဲ…သူဌေးတွေ မဟုတ်ပေမဲ့ ကျွန်တော်တို့ အဖွဲ့ကတော့ ညာဖက်ခြမ်းက ဝင်ဖြစ်ခဲ့ပါတယ်…



ဒပ်ခ်ျ (Dutch) နဲ့ ပြင်သစ် စကားကို ရုံးသုံးဘာသာ စကားအဖြစ် သုံးနေကြတဲ့ ဘယ်လဂျီယမ်
သားတွေကို တွေ့ရတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ်ပိုင် ဘာသာစကားရှိနေတဲ့ ကျွန်တော်တို့
မြန်မာပြည်ကို နိုင်ငံသားတစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတော့တယ်

အဲဒီနောက်မှာတော့ မြစ်အောက်ကနေ ဆောက်ထားတဲ့ ရေအောက် Tunnel ကိုရောက်တာပေါ့…
ဂျပန်က Tunnel တွေလို ရေကို ဖောက်ထွင်းမမြင်ရပေမဲ့ မြေအောက်ကို ဆင်းသွားတဲ့ ဓာတ်လှေကားကို ကြည့်ပြီး ရေအောက်ရောက်နေပြီလို့တော့ သိနိုင်တာပေါ့…ပေ ၁၈၀၀ လောက် ရှည်တဲ့ Tunnel ကို သုံးပြီးမြစ်တစ်ဖက်ကမ်းကို သွားနိုင်တာပေါ့…မြစ်အောက်မှာ စက်ဘီးစီးနေတဲ့လူတွေကိုလည်းတွေ့ခဲ့ရတာပေါ့…


ဒါကတော့ ရဲတိုက်ကြီးရဲ့ပုံပါ


ရေအောက် Tunnel ရဲ့ ပုံပါ

ဒီမြို့ကို လည်ပတ်ရင်းနဲ့ မောကလည်းမော ဆာကလည်းဆာပေါ့…ညနေဘက်မှာတော့ အစ်ကိုကြီး အစ်မကြီးတွေရဲ့ မျှစ်ချဉ်နဲ့ ငါးဟင်း၊ ကြက်သားချက်၊ မြန်မာထမင်းဟင်းကို တွေ့လိုက်ရတော့ ယမ်ယမ်မင်းသား ကျွန်တော် ဟန်တောင်မဆောင်နိုင်တော့ပါဘူး…ဘယ်လဂျီယမ်ခရီးစဉ်ကတော့ နက်ဖြန်ဆို ပြန်ရတော့မှာပေါ့…

အပြန်ခရီးမှာပဲ ကျွန်တော်တို့ကို တချိန်လုံးဒုက္ခပေးလိမ့်မယ်လို့ ထင်မထားခဲ့တဲ့ ကိုရွှေသော့က
ပညာစပြပါတော့တယ်။ ကိုရွှေသော့ ရထားအစီးကောင်းနေလို့ ညဘက် အိပ်ရာပျောက်မလို ဖြစ်သွားတာပေါ့။
ဖြစ်ပုံက ဒီလိုပါ။ မိန်းကလေးခြောက်ယောက် ယောက်ျားလေးခြောက်ယောက် ပါတဲ့ ကျွန်တော်တို့
အဖွဲ့အတွက် အိမ်ရှင်ကိုရခိုင်သားမှာ အခန်းက တစ်ခန်းပဲ ရှိလေတော့ အိပ်ဖို့ အဆင်မပြေ ဖြစ်နေချိန်ပေါ့ဗျာ။ သူ့ သူငယ်ချင်းက စပိန်ကြိုပန်သွားချိန်မှာ အခန်းကို ကျွန်တော်တို့ တွက် ငှားပေးခဲ့ပါတယ်။ ကိုစပိန်ကြီး ကောင်းမှုကြောင့် အခန်းနှစ်ခန်းရပေမဲ့ မိန်းကလေးတွေ အခန်းသော့က Aachen မှာ မဆင်းပဲ ကိုလုံထိ အလည်လိုက်သွားလိုက်သွားပါတယ်။ အခန်းသော့က ကိုလုံက သူငယ်ချင်းတစ်ယောက်ဆီမှာ မှားပြီးပါသွားလို့ ပါ။ ကိုလုံက ကိုဂျက်ကီချန်းရယ်…အာခန်က ထိုင်းမင်းသားရယ် ကိုလုံနဲ့ အာခန်ကြားက ဒူဒန်ဆိုတဲ့ မြို့လေးတစ်ခုမှာ လူနှစ်ယောက်ဆုံဖို့ ကျွန်တော်တို့ အဖွဲ့ က Online ကနေ ရထားချိန်တွေကို ကြည့်ပေး… ဘယ် Glide မှာ စောင့် ဘယ်လောက်ကြာရင်ရောက်လာလိမ့်မယ်..စသဖြင့် Control လုပ်ပေးနေရတာ Action ကားတွေထဲ ဂျိန်းစဘွန်းမင်းသားကို ထောက်ပံ့ပေးနေတဲ့ အင်္ဂလန်က အဖွဲ့ ကြနေတာပါပဲ။

ဒီနေ့တော့ ကျွန်တော်တို့ အဖွဲ့ ကလေးမှာ ၈ ယောက်ပဲကျန်ပါတော့တယ်။Esprit တွေကို
ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရတဲ့ Düsseldorf မြို့လေးကို သွားဖြစ်ပါတယ်။ အဝတ်အစား
တွေရွေးလိုက်တာ တွန်းလှည်းနဲ့ အပြည့်ပါပဲ။ တကယ်ဝယ်ဖြစ်ခဲ့တာကတော့ သုံးထည်တည်းပါ…
ကျွန်တော်ဟာ ရွေးလွန်းတဲ့ သူတစ်ယောက်ပေါ့။ သူတို့လည်းရွေးကြတာပါပဲလေ…

ဒီမြို့မှာ ကျွန်တော် မကြည့်တတ်တဲ့ နာရီတစ်လုံးကို တွေ့ခဲ့ပါတယ်။ Pegel နာရီလို့ခေါ်တဲ့
ဒီနာရီဟာ ရိုင်းမြစ်ရဲ့ ရေချိန်အမြင့်ပေကို ဖော်ပြပေးနေတာလို့ သိခဲ့ရပါတယ်။ ဥရောပရဲ့ အသက်သွေးကျောဖြစ်တဲ့ ကမ္ဘာ့ အရှည်ဆုံးရိုင်းမြစ်ကို မြင်ရတဲ့ အချိန်ဟာ ညီအစ်ကို မသိတသိ
အချိန်လေးပေါ့ဗျာ။ ဝါးတားတားသာမြင်ရပေမဲ့ တော်တော်လှတဲ့ မြစ်ကမ်းဘေးအရသာကို ခံစားရင်း Aachen ကို ပြန်ခဲ့ပါတော့တယ်။

ကိုလုံမြို့ရဲ့ ဆွဲအားကို မလွန်ဆန်နိုင်တော့တဲ့ အစ်ကို နှစ်ယောက်ကတော့ Achen အပြန် လမ်းမှာကျန်ခဲ့ လေရဲ့ နောက်နေ့ မှာ Monschau မြို့ကို ကျွန်တော်တို့၆ ယောက်အဖွဲ့လေးသွားခဲ့ကြပါတယ်။


အဖွဲ့ နဲ့ သွားရတော့ ပျော်စရာလည်း ကောင်း ဈေးကလည်း သက်သာတာပေါ့ အပေါ်ကပုံလေး
တွေကတော့ ကျွန်တော်တို့ အဖွဲ့ ဝယ်ခဲ့တဲ့ တစ်ရက်လုံးစီးလို့ရတဲ့ Group လက်မှတ်တွေပေါ့…

Monschau မြို့လေးဟာ Rur မြစ်လေးနဲ့ ပနံရလှပါတယ်…တောင်ကြားမှာ ဆောက်ထားတဲ့ ဒီမြို့
လေးရဲ့တည်နေပုံက ထူးခြားလွန်းပါတယ်…လူဦးရေတစ်သောင်းကျော်သာရှိပေမဲ့ ခရီးသွားတွေအ
လာများတဲ့တွက် မြို့လည်ခေါင်မှာတော့ လူတွေရှုပ်နေတာပေါ့…

နယ်သာလန်ခရီးစဉ်ကို စတင်ဖို့ ကိုလုံရောက်နေတဲ့ ကျွန်တော်တို့အဖွဲ့ကို ဆက်သွယ်ရပါတယ်…
ဘယ်သူမှရောက်ဖူးတဲ့သူမပါပါဘူး…Nobody is Leader. Everybody is Leader. ဆိုတဲ့စာသား
လေးကို ရေရွတ်ရင်း သွားကြတော့မယ်ပေါ့…တစ်ညလုံးအစီအစဉ်တွေဆွဲ…လည်ရမဲ့နေရာတွေကို
Google map ကို အားကိုးရှာနဲ့ တော်တော်လေးပျော်စရာကောင်းနေပါပြီ…ဒီတစ်ကြိမ်မှာကတော့ ကျွန်တော်တို့အဖွဲ့လေးပြန်ဆုံတော့မှာကိုး…

ဒီလိုနဲ့ကားလက်မှတ်ဈေးနှုန်းတွေလည်းသိပြီ…စားစရာတွေလည်းပြင်ဆင်ပြီး ဖြစ်နေချိန်လောက်
လည်းရောက်ရော…” အစ်မတို့ရေ…သွားပြီ’’ ဆိုပြီး မျက်နှာငယ်လေးနဲ့ ဝင်လာတဲ့ သော့သော့ကို
တွေ့လိုက်ရပါတော့တယ်။ သော့သော့ဆိုတာက သော့ပျောက်သွားလို့ ရလိုက်တဲ့ သူ့ နာမည်လေးပါ။ သူပြောတဲ့ သွားပြီဆိုတာက သူတို့အိပ်ရမဲ့အခန်းသော့လေး အခန်းထဲမှာ ကျန်ခဲ့ချိန် အပြင်က Lock ကျသွားခြင်းဖြစ်ပါတယ်။



ကိုလုံကို အလည်လိုက်ပြီး အိမ်ထဲမှာ တစ်ရက်အောင်းလိုက်ရတဲ့သော့လေးပါ..

သူတို့လည်း အနားယူလိုက်ရတယ်လို့သဘောထားပြီး နေခဲ့ကြတာပေါ့…ကျွန်တော်တို့ ၈ယောက်
အဖွဲ့ကတော့ နယ်သာလန်ကို မနက် ၉ နာရီလောက်မှာ ထွက်လာခဲ့ကြပါတယ်…မြို့တော်ဖြစ်တဲ့ Amsterdam ကို မရောက်ပေမဲ့ နယ်သာလန်ရဲ့ အရှေ့တောင်ပိုင်းမှာရှိတဲ့ Maastricht မြို့လေးကို ရောက်ခဲ့ပါတယ်…မားစ် မြစ်ပေါ်မှာ တည်ရှိပြီး တချိန်တုန်းကတော့ မြို့တော်ဟောင်းပေါ့…

ရောမအင်ပါယာကြီးရဲ့ ဧကရာဇ်တစ်ပါးဖြစ်တဲ့ သြဂတ်စတတ်ဆီးဇာ လက်ထက်တုန်းက ရောမ
တွေဆောက်ခဲ့တဲ့ တံတားကြီးကို အစွဲပြုပြီး Maastricht လို့ ခေါ်တယ်ဆိုပါတယ်။ နယ်သာလန်
လို့ခေါ်တဲ့ ဟော်လန်ရဲ့ ရှေးအကျဆုံးမြို့တော်လည်းဖြစ်တော့ လည်ရတာအားရှိတာပေါ့…
မြနန်းစံကျော်ထဲက အမြောက်တွေလိုပဲ ဒီမြို့မှာလည်း ခံတပ်ရှေ့က အမြောက်တွေကို တွေ့မြင်နိုင်
ပါတယ်။


Maastricht မြို့ရဲ့ ရှုခင်းပုံဖြစ်ပါတယ်

Wilhelminabrug နဲ့ Sint Servaasbrug ကို ဆက်သွယ်ထားတဲ့ စင်္ကြံလမ်းလေးပေါ် လမ်း
လျှောက်ရတာ တော်တော်ကြည်နူးဖို့ကောင်းပါတယ်…အပူချိန်က minus 7 နားရောက်နေပေမဲ့
သူငယ်ချင်းတွေနဲ့လည်ရတာဆိုတော့ အေးတယ်လို့တောင်မထင်မိပါဘူး…ဒါပေမဲ့ မြစ်ပေါ်လမ်းလျှောက်တော့ လူတိုင်းတုန်နေကြလေရဲ့…

ဒီနေ့တော့ စောစောပြန်ရောက်ပါတယ်…ဂျိုမွှေတဲ့ သော့လေးကြောင့်သာမဟုတ်ရင် တဖွဲ့လုံးအတူတူ
သွားလို့ ရတာပေါ့…အဆိုးထဲက အကောင်းပေါ့…ကျွန်တော်နဲ့ Professor သက်ကတော နယ်သာလန်ကို နှစ်ခေါက်ရောက်ဖြစ်သွားတာပေါ့…နောက်နေ့ ခရီးစဉ်မှာကတော့ တစ်ခေါက်ရောက်ပြီးသားဖြစ်လို့ လမ်းတွေစမ်းတဝါးဝါးတော့ မဖြစ်တော့ဘူးပေါ့...ခရစ်ယာန်ဘုရား ရှိခိုးကျောင်းတွေရဲ့ သားနားပုံကို ခုလိုမြင်တွေ့ခဲ့ရပါတယ်။


ခရစ်ယာန်ဘုရားရှိခိုးကျောင်းများပုံ

ပျော်ရွှင်ဖွယ် အချိန်လေးတွေကို ကျော်လွန်လာပြီးတဲ့ နောက်မှာတော့ ‘ Meeting is the beginning of Parting’ ဆိုတဲ့ စာလေးတစ်ကြောင်းက ခေါင်းထဲကို အလိုလိုရောက်လာပါတော့
တယ်…တစ်နှစ်မှ တစ်ခါလောက်သာ ဆုံဖြစ်ကြတဲ့ ကျွန်တော်တို့ အဖွဲ့လေးနောက်တစ်ခါ ဒီလိုနေ
ရာမျိုးမှာ တစုတဝေးတည်းပြန်ဆုံဖို့ဆိုတာ မဖြစ်နိုင်မှန်း ကိုယ်စီနားလည်နေကြပါတယ်…

Aachen မြို့လေးမှာ နေခဲ့ရတဲ့ တစ်ပတ်တာကာလအတွင်းမှာ လိုလေသေးမရှိအောင်ပြုစု
ပေးတဲ့ ကိုရခိုင်သားကြီးကိုတစ်ယောက်တည်း မထားခဲ့ချင်ဘူးလေ…အဖြူရောင်သံယောဇဉ်တွေနဲ့
အပြာရောင်နေ့လေးတွေကို ကျွန်တော်တို့ ဘယ်လိုမေ့လို့ရမှာလဲ…ဝေါကနဲ ဆိုက်လာတဲ့ ရထား
သံနဲ့ အတူ ဆို့နင့်နင့် ခံစားမှုတစ်ခုက မျက်ရည်ကန်ကို ထိုးခွဲနေပါတော့တယ်…

လက်ပြနှုတ်ဆက်ရတဲ့အခါတိုင်း အလိုလိုနာကျင်နေတတ်တာ ခွဲခွာဖူးသူတိုင်းခံစားဖူးမှာပေါ့
ကျန်နေရစ်သူကို အားပေးစကားပြောရင်း ရထားကြီးထွက်ခွာလာတဲ့ထိ ကျွန်တော့်တို့တစ်ယောက်
ကို တစ်ယောက်စကားမပြောဖြစ်သေးပဲ အချိန်အတော်ကြာ ငေးရင်းတွေးရင်း ပြန်လာခဲ့ကြ ပါတော့တယ်၊၊


ဒီပုံလေးကတော့ ဒီခရီးစဉ်တစ်ခုလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့ အပြုံးပေါ့ဗျာ…

နောက်လာမဲ့ ခရီးစဉ်တွေအတွက် အားမွေးရင်း ကျွန်တော်တို့ အဖွဲ့လည်း သက်ဆိုင်ရာ
မြို့အသီးသီးကို ဦးတည်ရာ မျိုးစုံနဲ့ ခွဲခွာခဲ့ပါတော့တယ်။

မှတ်ချက်။ ။ဒီခရီးစဉ်လေးဖြစ်မြောက်အောင် စီစဉ်ပေးခဲ့ကြတဲ့ အစ်ကို အစ်မများနဲ့
သူငယ်ချင်းအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါကြောင်းဒီနေရာကနေ ပြောကြားပါ
ရစေ…Antwerpen မှ အစ်မကိုလည်း ကျွန်တော်တို့ အဖွဲ့မှ အထူးပဲ ကျေးဇူးတင်ရှိ
ပါတယ်။ Aachen မှရခိုင်သားအစ်ကိုကြီးကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

ရေးသားသူ

herostar
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

3 comments:

On September 21, 2009 at 2:28 PM , မဟာဆန် said...

ဆံပင်ညှပ်ခက ဒီလောက် ဈေးမကြီးပါဘူး

 
On September 21, 2009 at 5:13 PM , သူရဲကောင်းကြယ် said...

တစ်ခါညှပ်ရင် ၁၂ ယူရိုဆိုတာနဲ့ မြန်မာငွေနဲ့ မြှောက်ပြီးမညှပ်ဘဲ နေမိတာပါ...ပြီးတော့ ဆံပင်ရှည်ထားကြည့်ချင်တာလည်း ပါတာပေါ့လေ

 
On August 30, 2010 at 9:07 PM , မောင် said...

Antwerpen က အစ်မကလည်းကျေးဇူးတင်ပါတယ်တဲ့
နောက်လာလည်ပါဦးဆိုလားပြောနေတယ်.......