b သူရဲကောင်းကြယ်: ဘယ်လဂျီယမ်သို့ အလည်တစ်ခေါက်
•Sunday, September 20, 2009
နေရာဒေသတွေက လူတစ်ယောက်ရဲ့စိတ်ကို ပြောင်းလဲစေနိုင်တယ်ဆိုတာ သေချာပါတယ်။ ဒီခရီးကို ဒီလောက်ထိရက်ကြာလိမ့်မယ်လို့တွေးမထားမိခဲ့ပါ။ အိမ်ရှင်ရဲ့ ဧည့်ဝတ်ကျေပွန်မှု သူငယ်ချင်းတွေရဲ့ သဘောထားတူညီမှုတွေကြောင့် ရည်ရွယ်မထားတဲ့ နယ်သာလန်ထိပါရောက်ခဲ့တာပါ။ အစကတော့ NATO ဌာနချုပ်ရှိတဲ့ ဘယ်လဂျီယမ်လောက်ရောက်ရင် တော်ပြီပေါ့လေ…..

ဘယ်လဂျီယမ်ကိုအဓိကသွားဖြစ်တဲ့ အကြောင်းအရင်းကတော့ စိန်မြို့တော်လို့နာမည်ကြီးတဲ့ Antwerpen ကို ရောက်ဖူးချင်တာလည်းပါပါတယ်…ကျွန်တော် ကွန်းခိုရာ မြကျွန်းညိုလေးကနေ အစ်မတစ်ယောက်နဲ့ အတူ Heidelberg ကို မနက် ၇ နာရီခွဲလောက် အရောက်သွားရပါတယ် ဒီနိုင်ငံရဲ့ သွားလာရေးစနစ် အရ ဈေးအသက်သာဆုံးဖြစ်တဲ့ Weekend ticket ကို ဝယ်ပြီးသွားရ မှာဆိုတော့ ဈေးသက်သက်သာသာနဲ့ လိုရာခရီးကို ရောက်တာပေါ့…

Weekend ticket ဆိုတာက ဂျာမနီမှာ စနေတနင်္ဂနွေလို ရက်မျိုးတွေမှာ အထူးဈေးနှုန်းနဲ့ ရောင်ပေးတာပါ...၃၅ ယူရိုကနေ ၃၇ ယူရိုပဲပေးရပြီး လူငါးယောက်သွားခွင့်ရှိပါတယ်...ဒါကြောင့် တစ်ယောက်တည်းသွားမယ်ဆိုရင် ယူရိုတစ်ရာလောက်ပေးမဲ့ ခရီးမျိုးတွေမှာ အုပ်စုလိုက်ဖွဲ့ပြီးသွားမယ်ဆိုရင် တစ်ယောက်ကို ၇ ယူရိုလောက်ပဲကျတော့တဲ့အတွက် ဒီလို weekend တိုင်းကို စောင့်ပြီးခရီးသွားကြတာပါ

ဧရိယာစတုရန်းမိုင် ၂ သိန်း ၆ သောင်းကျော် ကျယ်ဝန်းတဲ့ ကျွန်တော်တို့နိုင်ငံနဲ့စာလို့ရှိရင် ဧရိယာ ၁ သိန်း ၃ သောင်းကျော်သာရှိတဲ့ရှိလို့ ဂျာမနီနိုင်ငံဟာ အကျယ်အဝန်းအားဖြင့် တစ်ဝက်လောက်ငယ်ပါတယ် လူဦးရေကျတော့ ၈၂ သန်းကျော်တောင်ရှိတဲ့ အတွက် ကျွန်တော်တို့နိုင်ငံထက်လူနေထူထပ်ပါတယ် ဒီလောက်များတဲ့ လူတွေအတွက် ဆက်သွယ်ရေးမှာမကြန့်ကြာရအောင် လျှပ်စစ်ရထားတွေကို အသုံးများတာတွေ့ရပါတယ်...ရထားလက်မှတ်ကို ကြိုက်တဲ့ စက်မှာ ကြုံတဲ့အချိန် ဝယ်ယူနိုင်ပြီး ရထားတွေက
၁၅ မိနစ် တစ်စီး နာရီဝက်တစ်စီးနှုန်းဖြင့် သွားလာနေတာကို တွေ့မြင်ရပါတယ်



မြေပေါ်ရထား (S Bahn, ICE bahn) မြေအောက်ရထား (U Bahn) လျှပ်စစ်နဲ့ချည်းသာ သွားလာတဲ့ ဓာတ်ရထားများဖြစ် တာကြောင့် မီးပျက်တယ်ဆိုတာ မရှိရလေစီမံထားတဲ့အတွက် နေ့နှင့်ညကိုတောင် တခါတလေနာရီကို အားကိုရပါတော့တယ်...ဒီလိုနဲ့ မြို့အသီးသီးမှာ ရှိနေတဲ့ ကျနော်တို့ သူငယ်ချင်းတွေ Aachen ကို သွားတဲ့ ရထားပေါ်မှာ ဆုံကြတာပေါ့…ဆည်မြောင်းက သဘောကောင်းတဲ့အစ်ကိုကြီးတစ်ယောက်ရယ်… စိုက်ပျိုးရေးက ရုပ်ချောချောအပျိုကြီးတစ်ယောက်ရယ်.. ဟာသတွေနဲ့ ရယ်စရာတွေပြောတတ်တဲ့ အစ်ကိုကြီးတစ်ယောက်ရယ်…ဘူမိဗေဒက အရမ်းခင်စရာကောင်းတဲ့ အစ်ကိုကြီးသက်ရယ်…

ဖုန်းထဲမှာ ခင်နေတာကြာပေမဲ့ တခါမှ မမြင်ဖူးတဲ့ စိတ်ထားကောင်းတဲ့ အစ်မတစ်ယောက်ရယ်. .ပြောမနာဆိုမနာ အီတလီခရီးစဉ်တုန်းကလည်း အတူတူပါဖူးတဲ့ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ရယ်…ဂျက်ကီချန်းကေနဲ့ အပို့ကောင်းပြီး ရုပ်တည်နဲ့ နောက်တတ်တဲ့ ကိုလုံမြို့ကအစ်ကိုတစ်ယောက်ရယ်…တစ်မြို့တည်းနေပြီးတစ်ပတ်တခါဆုံဖြစ်ဖို့တောင် မအားလပ်ကြတဲ့
ကျွန်တော်တို့ မောင်နှမနှစ်ယောက်ရယ်… စုပေါင်းပြီး Aachen ကိုချီတက်ခဲ့ပါတော့တယ်..

လမ်းတစ်လျှောက်မှာလည်း အမူအရာကို ကြည့်ပြီး သူပြောချင်တာကို စိတ်ကူးပုံဖော်ရတဲ့ဂိမ်းကိုဆော့ပြီးလိုက်လာလိုက်တာ ဘယ်မြို့တွေကို ဘယ်လိုကျော်ခဲ့မှန်းတောင် အမှတ်မရတော့ပါ…IQ လည်းသုံးမှ အမူအရာလည်းကောင်းမှ သိနိုင်တဲ့ ဒီဂိမ်းကို ဆော့ပြီးမှပဲ မြန်မာပြည်က မြို့တွေကို ပိုပြီးသိလာပါတော့တယ်…

Aachen မြို့ကို ရောက်ပြီဆိုရင်ပဲ ရောက်နှင့်နေပြီဖြစ်တဲ့ ဥပဒေတန်းက အစ်မတစ်ဦးနဲ့ ကျွန်တော်တို့ရဲ့ အစ်ကိုရင်းလိုခင်ရတဲ့ ရခိုင်သားကြီးက နွေးထွေးစွာကြိုဆိုနေပါတော့တယ်…နောက်နေ့သွားမဲ့ ဘယ်လဂျီယမ် ခရီးစဉ်တွက်ပြင်ဆင်ရင်း ထမင်းချက်စားရတာပျော်စရာကောင်းပါတယ်…ယမ်ယမ်ရုပ်ပေါက်နေတဲ့ ကျွန်တော့်အတွက်တော့ ခုလို သူငယ်ချင်းတွေနဲ့ ထမင်းအတူ စားရတာကို ပျော်ရွှင်မဆုံးပေါ့ဗျာ…

ဘယ်လဂျီယမ်ခရီးစဉ်ကတော့ စပါပြီ…ICE ရထားပေါ်မှာ ဆိုတော့ ထင်တိုင်ကြဲလို့မရတော့ဘူးလေ…ငြိမ်သက်စွာလိုက်ပါခဲ့ရင်း လည်ရမဲ့ ခရီးစဉ်ကိုတွေးနေမိပါတယ်…

ဘယ်လဂျီယမ်နိုင်ငံရဲ့မြို့တော် ဘရူဆဲလ်မြို့ကို ရောက်ပါပြီ…ဘူတာကနေဆင်းလိုက်တာနဲ့ အရင်ဆုံးမြင်လိုက်ရတာကတော့ New York City ရဲ့ မြို့လည်ခေါင်မှာ ရှိတဲ့ World Trade Center လို တာဝါကြီးနှစ်ခုကို မြင်ရတော့တာပေါ့ ကမ္ဘာအမြင့်ဆုံးမဟုတ်တာတောင် မော့ကြည့်မိတော့ ဦးထုပ်တောင်ကျွတ်ကျပါတယ်…နယူးရော့က တာဝါဆိုရင်တော့ မြေပြင်ပေါ် ပက်လက်လှန် ကြည့်ရမဲ့ပုံပါပဲ…စိတ်ထဲမှာတော့ ခဏတာ နယူးရော့ကို ရောက်သွားသလိုပေါ့…



အဲဒီနောက်မှာတော့ ဒီမှာရောက်နေတဲ့ အစ်မတစ်ဦးက Atomium ကြီးရှိရာကိုခေါ်ဆောင်သွားပါ
တော့တယ်…ရွှေမန်းသူပီပီ သဘောကောင်းအပြောချိုတဲ့ အစ်မကြီးက Atomium အကြောင်းရှင်းပြပါတော့တယ်…



၃၃၅ ပေမြင့်တဲ့ ဒီ အဆောက်အဦးမှာ စက်လုံးကိုးလုံးရှိပြီး စက်လုံးတစ်ခုစီဟာ ပေ ၆၀ မျှ အချင်းရှိပါတယ်…ဒီစက်လုံးတွေထဲမှာ ကော်ဖီဆိုင်တွေရှိပြီး စက်လုံးတစ်ခုမှ တစ်ခုဆီသို့ သွားလာနိုင်ပါသေးတယ်…ကျွန်တော်တို့ အဖွဲ့ ရောက်ရှိချိန်မှာတော့ စက်လုံးကိုးခုမှ သုံးခုကတော့ ခရီးသွားများကို သွားရောက်ခွင့်မပြုပါ…ဒါကြောင့်ပေါ့ စက်လုံးထဲကို မဝင်တော့ပဲ အပြင်ကပဲ ကြည့်
ပြီးပြန်လာခဲ့ပါတော့တယ်…ဝင်ကြေးက ၁၀ ယူရိုဖြစ်နေတာလည်း ပါတာပေါ့လေ...

ဒီတခါဦးတည်တာကတော့ ဘရူဆဲလ်နန်းတော်ပါ…မြန်မာပြည်ရောက်လာတဲ့ တိုးရစ်တွေ
လိုပေါ့…မြေပုံလေးတကိုင်ကိုင်နဲ့ နန်းတော်ဆိုတာကြီးကို အားရပါးရကြည့်ရှုလိုက်မယ်ပေါ့လေ…
တွေ့နေပါပြီ…မြေပုံထဲက အတိုင်းဆို ဒီနေရာမှ ဒီနေရာပါ… ဘာမှ မထူးဆန်းပါလားလို့မသိခင် တွေးလိုက်မိပါတယ်…တကယ်တော့ ကျွန်တော်တို့အဖွဲ့ရောက်သွားတာက နန်းတော်ရဲ့ ကျောဘက်ဖြစ်နေလေတော့ ချုံတွေပဲတွေ့လိုက်ရတာပေါ့…နန်းတော်ကိုတော့ တစ်ပတ်ပတ်မိသွားတာပေါ့လေ …


အဲဒီနောက်မှာတော့ ၁၈၃၀ မှာ နယ်သာလန်လက်အောက်ကို ကျရောက်ခဲ့ပြီး ၁၈၈၀ မှာ လွတ်လပ်ရေးပြန်ရတဲ့ အထိမ်းအမှတ်အနေနဲ့ ဆောက်လုပ်ထားတဲ့ လွပ်လပ်ရေးမုဒ်ဦးကြီးကို တွေ့မြင်ရပါတော့တယ်… ဘာလင်တံတိုင်းကို အပြင်မှာ ရောက်ဖူးသူတွေကတော့ နှိုင်းယှဉ်ပြီးပြော နေကြတာပေါ့လေ…ဘာလင်နဲ့ ကံမပါသေးတဲ့ ကျွန်တော်ကတော့ သြော်.. သားနားပါပေတယ်လို့ ကောက်ချက်လေးပေးပြီး တစ်ညတာ မိုးချုပ်ခဲ့ပါတော့တယ်.


ဒါကတော့ အရှေ့ဘက်က မုတ်ဦးပုံလေးပါ…

ဒီနေ့သစ်မှာကတော့ စိန်မြို့တော်ကို လည်ဖို့ဆိုပါတော့…ပထမဆုံး Antwerpen မြို့ရဲ့ Church ကျောင်းတော်ကြီးကို သွားမယ်…ပြီးတော့ အင်း....စိတ်ဝင်စားတဲ့သူများရှိရင်တော့ နောက်ဘလော့မှာ ဆက်သွားကြတာပေါ့ဗျာ...
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: