b သူရဲကောင်းကြယ်: ဗဟုသုတ
•Wednesday, December 02, 2009
မဆုံးနိုင်တဲ့ သံသရာ တွေထဲမှာ ပညာသင်ခြင်း ဆိုတာလည်း ပါဝင်ပါတယ်။ ဒီနေရာမှာ ကျွန်တော် ဆိုလိုချင်တာက ပညာရဲ့ အဆုံးအစ မရှိတဲ့သဘောကို မဟုတ်ပါဘူး။ ပညာဟူသည် ဆုံးခန်းတိုင်သည်၊ ပြီးဆုံးသည်လို့ မရှိပဲ လေ့လာ ဆည်းပူး သလောက် ဆက်လက် တိုးတက်နေမဲ့ သဘော ရှိပါတယ်။

ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့တွေ သံသရာ လည်နေတဲ့ အဖြစ်၊ အစဉ်မပြတ်သေးတဲ့ အဖြစ်ကို ပြောချင်တာပါ။ အဲဒီသံသရာက ဘာလဲဆိုတော့ နိုင်ငံရပ်ခြားမှာ ပညာသင်ထွက်ခြင်းဆိုတဲ့ သံသရာပါပဲ။ ဘ၀ဖြစ်တည်တဲ့ သံသရာက အဆုံးအစ မထင်ဘူးလို့ ဆိုကြပေမဲ့ အခု သံသရာကတော့ အစရှိပါတယ်။ ဘယ်ကစလဲဆိုတော့ မင်းတုန်းမင်း တရာကြီး လက်ထက် ကနောင်မင်းသား အိမ်ရှေ့စံ ဖြစ်ကတည်းက လို့ ဆိုရမှာပေါ့။ အင်္ဂလိပ်-မြန်မာ ပထမစစ်နဲ့ ဒုတိယစစ်ပွဲတွေပြီးတဲ့အခါ မြန်မာတွေ အရေးနိမ့်ရတဲ့ အဖြစ်ကို ကောင်းစွာ သုံးသပ်မိတဲ့ ကနောင် မင်းသားကြီးဟာ မြန်မာနိုင်ငံကို စက်မှုနိုင်ငံတော် အဖြစ် ထူထောင်ဖို့အတွက် စတင် ကြိုးပမ်းခဲ့တယ်လို့ မှတ်သားရပါတယ်။

ဒီအခါမှာ လိုအပ်တဲ့ လူသားအရင်းအမြစ်တွေ ရရှိဖို့အတွက် ဥရောပ နိုင်ငံတွေမှာ စက်မှု၊ လက်မှု အတတ်ပညာတွေကို သင်ကြားဖို့ ပထမဆုံးသော ပညာတော်သင်များကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီက စတာပါပဲ။ ယနေ့ ပြောပြောနေတဲ့ brain drain တို့ brain gain တို့က အဲဒီ အချိန်ကတည်းက စဖြစ်ခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ပညာတော်သင် လွှတ်လိုက်တဲ့ အထဲမှာ တချို့လည်း ပြည်တော်ကို ပြန်ရောက်သူရှိရဲ့၊ တချို့လည်း တပြည်သူနဲ့ အိမ်ထောင်ရက်သား ကျပြီး မပြန်ဖြစ်တော့ပဲ အဲဒီ နိုင်ငံများမှာပဲ အခြေချ ခဲ့ကြတာပေါ့။ ဒီနေရာမှာတော့ ဦးနှောက်ယိုစီးမှု အကြောင်းကို ကျွန်တော် မဆွေးနွေးပါဘူး။ ဒီအကြောင်းကိုလည်း တော်တော်များများက ဆွေးနွေး ပြီးပါပြီ။

ကျွန်တော်တို့ လူမျိုးတွေ နိုင်ငံရပ်ခြားကို ပညာသင်ဖို့ ထွက်နေလိုက်ကြတာ ကြာပြီပေါ့။ အခုချိန်အထိ အဆုံးမသတ် နိုင်သေးပါဘူး။ ကျွန်တော်တို့ ဘိုးဘေးတွေ လက်ထက်ကလည်း ထွက်ရတယ်၊ ကျွန်တော်တို့ အဖေ၊ အမေတွေ လက်ထက်ကလည်း ထွက်ရတယ်၊ ကျွန်တော်တို့ လက်ထက်လည်း ထွက်ရတယ်။ ဟော… ကျွန်တော်တို့ သားမြေးမြစ်တွေ လက်ထက်မှာကော ဒီလိုပဲ နိုင်ငံရပ်ခြားမှာ ပညာသွား သင်နေရအုံးမှာလား။ မျိုးဆက်တွေလည်း များခဲ့ပြီ။ ဒီသံသရာက မဆုံးနိုင်သေးပါဘူး။ ကိုယ့်မြေကိုယ့်ရေမှာပဲ အဆင့်မြင့် ပညာတွေ သင်ကြားလို့ မရလို့လား။ မသင်ကြားပေးနိုင်လို့လား။ ပညာသင်ပြီး ပြန်လာတဲ့သူတွေက မိမိတို့ သင်ထားတဲ့ ပညာတွေနဲ့ ထပ်မံတိုးပွားအောင်၊ ဆက်လက် လက်ဆင့်ကမ်း မဖြန့်ဝေနိုင်လို့လား။ ဒါမှမဟုတ် အဲဒီလူတွေကပဲ ညံ့နေလို့လား။

နောက်တစ်ချက် နိုင်ငံရပ်ခြားမှာ ငွေကုန်ကြေးကျခံပြီး သင်လာတဲ့ ပညာတွေက အသုံးမ၀င်လို့လား။ ခေတ်မမီတော့ လို့လား။ အခုခေတ်ပေါ် ပညာရပ်တွေ၊ နည်းပညာတွေကို မိမိတို့ ပြည်တွင်းမှာပဲ အိုးမကွာ၊ အိမ်မကွာနဲ့ မသင်ကြား နိုင်ဘူးလား။ အဲဒီအခွင့်အရေးတွေ နောက်မျိုးဆက်တွေ ဘယ်တော့ရမှာလဲ။ ကျွန်တော်တို့ဆီမှာ အရင့်အရင် နိုင်ငံရပ်ခြားမှာ ပညာဆည်းပူးလာကြတဲ့ သူတွေရှိရဲ့နဲ့ ကျွန်တော်တို့က ဘာလို့ တိုင်းတပါးကို ထွက်နေကြရ သေးတာလဲ။ ကမ္ဘာနဲ့အမှီ ရင်ဘောင်တန်း နေနိုင်အောင် ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အစွမ်းအစ မရှိကြလို့လား။ တကယ်ဆို သူများနိုင်ငံတွေလည်း ဒီလိုပဲ နိုင်ငံရပ်ခြားမှာ ပညာသင်နေတဲ့ သူတွေ အများကြီး ရှိတာပါပဲ။ ဥပမာ တရုတ်နိုင်ငံလိုပေါ့။ သူတို့တွေကြတော့ အခုဆိုရင် အောင်မြင်နေကြပြီလေ။ ကဏ္ဍစုံမှာ တိုးတက်နေကြပြီ။ ကျွန်တော်တို့ဆီမှာတော့ ဘယ်လိုဖြစ်လို့ပါလိမ့်။ မေးခွန်းတွေ အများကြီးပါပဲ။ ပြဿနာတိုင်းမှာ ဖြေရှင်းစရာ နည်းလမ်းကတော့ ရှိရမှာပါ။

ဘယ်ပညာရပ် နယ်ပယ်ကိုပဲ ကြည့်ကြည့် ကျွန်တော်တို့ဆီမှာ အားရစရာ ကောင်းတဲ့ ပညာရပ် နယ်ပယ်ဆိုတာ မရှိပါဘူး။ အမြဲတမ်း နောက်ကျ နေတာချည်းပါပဲ။ လူ့စွမ်းအား အရင်းအမြစ် မရှိရတာနဲ့၊ နည်းပညာ နိမ့်ကျနေရတာနဲ့၊ စသည်ဖြင့် မရှိတာတွေချည်းပဲ လုံးလည် ချာလည်လိုက်နေလို့ ကြားရတာ ရိုးတောင် ရိုးအီ လွန်းလှပါပြီ။ မယ်မယ်ရရ့ ဒို့မြန်မာပြည်က ထွင်လိုက်တာလို့ တခုတ်တရ ပြောစရာလည်း ဘာမှ မရှိပါဘူး။ တီထွင်မှုတွေကို မြင်ရဖို့ဝေးစွ ကျွန်တော်တို့အဖို့ မြန်မာလူမျိုး သိပ္ပံပညာရှင်ဆိုတဲ့ ဝေါဟာရ ကိုတောင် မကြားဖူးပါဘူး။ အဲဒီ စကားလုံးပိုင်ရှင်တွေ ဘယ်တော့ ပေါ်လာမလဲ ဆိုတာလည်း မသိဘူး။ ဒါတွေရဲ့ မူရင်း လက်သည်တွေကို လိုက်ရှာပြီး အပြစ်ဖို့နေလို့လည်း ဒီသံသရာက ဆုံးမှာ မဟုတ်ပါဘူး။ အရာရာကို မကောင်းမြင်တဲ့ စိတ်နဲ့ ကြည့်နေလို့လည်း လက်ရှိ အခြေအနေတွေက ပိုကောင်းမလာပါဘူး။

တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်ဆိုတဲ့ အတိုင်း တကယ်ကို စေတနာပါပါနဲ့ အားလုံးက တက်ညီလက်ညီနဲ့ လုပ်ကြပါမှ တိုးတက်မှာပါ။ ဟိုလူ လုပ်နိုး၊ ဒီလူ လုပ်နိုး မျှော်ကိုးလို့လည်း မဖြစ်ပါဘူး။ ဒီတော့ ကျွန်တော်တို့တွေကပဲ လက်ရှိအချိန်က စပြီးတော့မိမိတို့ တတ်နိုင်သမျှ ကြိုးစားရပါမယ်။ မိဝေး၊ ဖဝေးနဲ့ တိုင်းတပါးမှာ အချိန်ကုန်၊ ငွေကုန်ခံပြီး သင်ကြားလာခဲ့တဲ့ ပညာတွေနဲ့ မိမိတို့ နိုင်ငံနဲ့ လူမျိုးအတွက်၊ မိမိတို့က ဖြစ်လာမယ့် မျိုးဆက်တွေ အတွက် အစွမ်းကုန် လုပ်ပေးကြရပါမယ်။

နိုင်ငံတိုးတက်ဖို့ အတွက် မျိုးဆက်နှစ်ဆက်၊ သုံးဆက်ရင်းရင် ရမယ်ဆိုတဲ့ ကွန်မြူနစ်ဆန်ဆန်၊ သီအိုရီလိုလို စကားတခု ကြားဖူးပါသေးတယ်။ စကားအဖြစ်ပဲ ရှိတာပါ။ ဘယ်သူမှ မရင်းကြပါဘူး။ ဘယ်သူမှလည်း မလုပ်ခဲ့ကြပါဘူး။ အားလုံးက ပိုနေမြဲ၊ ကြားနေမြဲ၊ ရေသာလိုက်ပြီး နေသာသလိုသာ နေခဲ့ကြတာပါ။ ဖြစ်ဖြစ်မြောက်မြောက် စွမ်းစွမ်းတမံ ဆိုတာ မရှိခဲ့လို့ ဒီနေ့ ကျွန်တော်တို့နိုင်ငံက ဒီလိုအဖြစ်မျိုးကို ရောက်နေတာပါ။ ဘယ်မှာလဲ ကျွန်တော်တို့ဆီက နိုင်ငံတကာ အဆင့်အတန်းမှီတဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေ။ ဘယ်မှာလဲ အဆင့်မြင့် နည်းပညာတွေကို သင်ကြားပေးနိုင်တဲ့ သူတွေ။ ဘယ်မှာလဲ နည်းပညာရပ်တွေကို လေ့လာဆည်းပူးဖို့ သုတေသန စင်တာတွေ၊ စမ်းသပ်ခန်းတွေ၊ ထောက်ပံ့မှုတွေ။ အရေအတွက်ထက် အရည်အချင်းကို ပိုမို ဦးစားပေးရပါမယ်။

လက်တွေ့နဲ့ ကင်းကွာတဲ့ ကိန်းဂဏန်းတွေကို ကြည့်ပြီး ပီတိဖြစ်နေလို့လဲ မရတော့ပါဘူး။ ယနေ့ကမ္ဘာမှာ ခေတ်စားနေတဲ့ ပညာတွေကို တိုင်းတပါးမှာပဲ သွားသင်ယူနိုင်တာပါ။ သင်ယူပြီး ပြန်လာတဲ့ သူတွေကလည်း ဖြစ်ဖြစ်မြောက်မြောက် ပြန်အသုံးမချနိုင်တော့ အလဟဿပဲပေါ့။ ဒီလိုနဲ့ပဲ ဒီပညာသင် ထွက်ခြင်း သံသရာက မဆုံးနိုင် ဖြစ်နေတာပါပဲ။ ဒီလိုမျိုးဆိုရင်တော့ ကျွန်တော်တို့ မျိုးဆက်တွေကိုလည်း နိုင်ငံတကာ တက္ကသိုလ်တွေကို စာသင်ဖို့ လွှတ်ရအုံးမှာပါ။ ပိုက်ဆံတွေလည်း ကုန်အုံးမှာပါ။

ကြည့်အုံးလေ။ ပတ်ဝန်းကျင်နိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးတော့။ ရှိရှိသမျှ ကဏ္ဍတွေမှာ သူများတွေဆီက အကူအညီကို လက်ဖြန့် တောင်းနေရတာပါပဲ။ သယံဇာတတွေ ပေါပါတယ်တဲ့။ ကိုယ်တိုင် မထုတ်လုပ်၊ မတီထွင် နိုင်သရွေ့ကတော့ နည်းပညာ လက်ဝေခံနိုင်ငံ အဖြစ်က တက်မှာ မဟုတ်ပါဘူး။ ဒါကိုကြည့်ရင် ကျွန်တော်တို့တွေ ညံ့နေသေးတယ် ဆိုတာကို တွေ့နိုင်ပါတယ်။ စပါးစိုက်တဲ့ နေရာမှာတောင် စပါးအခြောက်ခံ ချွေလှေ့ဖို့ နည်းပညာ မရှိလို့ သူများဆီက ယူရတယ်။ ငါးမွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်လို့ မနေ့က စစ်ထဲက ရုန်းထလာတဲ့ ဗီယက်နမ်လို နိုင်ငံက အကူအညီ ပေးရသတဲ့။ ပြည်တွင်းမှာ ဓာတ်မြေသြဇာ အလုံအလောက် မထုတ်နိုင်လို့ သဘာဝကပ်ဆိုးတွေ ခဏခဏ ကျရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်က တင်သွင်းရသတဲ့။ တခြား ကဏ္ဍတွေမှာလည်း ထိုနည်းနှင်နှင်ပါပဲ။ ဒီလို အသေးအဖွဲ တွေမှာတောင် ကိုယ်စွမ်းကိုယ်စနဲ့ မလုပ်နိုင်ဘူးဆိုရင် ဂြိုဟ်တုလွှတ်ဖို့၊ အာကာသ နည်းပညာတို့ ဆိုရင် ဝေးရော။

ဗီယက်နမ်လို နိုင်ငံမျိုးမှာ တက္ကသိုလ်တွေတောင် စာသင်တဲ့ တက္ကသိုလ်က သပ်သပ်၊ ပရောဂျက်တွေ လုပ်တဲ့ တက္ကသိုလ်က သပ်သပ်ဆိုပြီး ရှိသတဲ့။ ကျွန်တော်တို့ဆီက လေးနှစ်၊ ငါးနှစ်လောက် အလွတ်ကျက်ပြီး ဖြေလာတဲ့ ကျောင်းသားတွေမှာ ဘာလက်တွေ့မှ မရှိကြဘူး။ ချိတ်ဆက် လုပ်ကိုင်စရာ ပရောဂျက်တွေ၊ လုပ်ငန်းတွေလည်း မရှိကြဘူး။ သက်ဆိုင်ရာ ဘွဲ့တလုံးသာ ရသွားတယ် အဲဒါနဲ့ ပတ်သက်လို့ ဘာတခုမှ ဟုတ်တိပတ်တိ မသိဘူး။ ပြီးတော့ အဲဒီ ဘာသာရပ်တွေကို ဘယ်နားမှာ သွားအသုံးချရမလဲ ဆိုတာလဲ မသိကြဘူး။ ရှေ့ဆက်ပြီးတော့လည်း အဲဒီဘွဲ့ကြီးနဲ့ ဘာမှ လုပ်စားလို့လည်း မရပါဘူး။ ဘာဖြစ်လို့ပါလိမ့်။ ကျွန်တော်တို့ မြန်မာတွေကပဲ ညံ့နေကြလို့လား။ အသုံးမကျတဲ့ လူမျိုးလား။ အဲလိုမျိုးကျတော့ ကျွန်တော်တို့ အပြောမခံနိုင်ပါဘူး။ ဒါပေမဲ့ ဒါတွေက တကယ်ဖြစ်နေတာပါ။ ခေတ်အဆက်ဆက်လည်း ကျွန်တော်တို့ဆီမှာ ထူးချွန်တဲ့သူတွေ၊ တော်တဲ့သူတွေ၊ ထက်မြက်တဲ့သူတွေ ရှိခဲ့တာပဲ။ တီထွင်မှုတွေလည်း ရှိခဲ့တာပဲ။ ဒါပေမဲ့ ဒီလိုမျိုးကို အားပေးမဲ့ အခွင့်အလမ်းတွေ မရခဲ့လို့သာ တိုးတက်သင့်သလောက် မတိုးတက်၊ ဖြစ်ထွန်း သင့်သလောက် မဖြစ်ထွန်းခဲ့တာပါ။

တကယ်တော့ အခု ကျွန်တော် ပြောနေတာတွေကလည်း အားလုံး သိပြီးသားတွေကို ပြောနေတာပါပဲ။ ကျွန်တော်ကတော့ ကျွန်တော် ပုဂ္ဂလိက အမြင်အရ ရှေ့ကလူတွေ ညံ့လို့ ကျွန်တော်တို့ ဒီလိုမျိုး ဖြစ်နေတာလို့ မြင်တယ်။ အားလုံးဟာ အကြောင်းတရားတွေ ရှိလာလို့ အကျိုးတရားတွေ ဖြစ်လာတာဆိုတာကို လက်ခံပါတယ်။ ကျွန်တော်တို့ ဒီအချိန်မှာ ဆင်းရဲမွဲတေတဲ့ နိုင်ငံ၊ မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ နိုင်ငံရဲ့ နိုင်ငံသားတွေ အဖြစ် မွေးဖွားလာရတာလည်း ကျွန်တော်တို့ရဲ့ ကုသိုလ်ပဲပေါ့။ အဓိက ကတော့ ရှေ့ကလုပ်နိုင်ရဲ့သားနဲ့၊ လုပ်နိုင်စွမ်းရှိရဲ့သားနဲ့ မလုပ်သွားကြတဲ့ သူတွေကြောင့်လို့ ယိုးစွပ်ရင် လွန်မယ် မထင်ပါဘူး။

အခုတော့ ကျွန်တော်တို့ အလှည့် ရောက်လာပါပြီ။ နောက်လူတွေက ကျွန်တော်တို့ကို အပြစ် မမြင်ရအောင် မိမိတို့ လုပ်နိုင်စွမ်း ရှိသလောက်၊ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက် လုပ်ကိုင်ကြရမှာပါ။ မိမိတို့ ကိုယ်တိုင်က စပြီး အနာဂတ်အတွက် လမ်းဖောက်ကြရမဲ့ အဖြစ်ပါ။ အနာဂတ်မှာ အားလုံး ကောင်းစားဖို့ မိမိတို့ကိုယ်တိုင် မိမိတို့ရဲ့ ဘ၀တွေကို ရင်းသင့်ရင် ရင်းရပါမယ်။ စတေးသင့်ရင် စတေးပစ်ရပါမယ်။ ရင်းနှီးမြှုပ်နှံပစ်ရပါမယ်။ ဘ၀ အကျိုးပေးကြောင့် ဖြစ်လာတဲ့ အခိုက်အတန့်လေးမှာ ကိုယ်က ပညာ ဥာဏ်စွမ်းရှိတုန်း လူ့လောကအတွက်၊ ကိုယ်မွေးတဲ့ မြေအတွက် အကျိုးပြုနိုင်ဖို့ ကြိုးစားကြရပါမယ်။ ဒီလူ့အဖွဲ့အစည်းကနေ အခွင့်အလမ်းတွေ ရယူဖို့ထက် လူ့အဖွဲ့အစည်း တစ်ရပ်လုံး ကောင်းကျိုးအတွက် တဖက်တလမ်းကနေ ပေးဆပ် စွန့်လွတ်ကြရအောင်ပါ။ လူဖြစ်ရတဲ့ ဘ၀လေးဟာ အင်မတန် တိုတောင်းပါတယ်။ တိရစ္ဆာန် လောက်တောင် အသုံးမ၀င်ဘူး ဆိုရင် မိမိတို့က ဘာများ ပိုသာပါ့မလဲ။

ဒါကြောင့် ဒီဖြစ်စဉ်ကြီး တရပ်လုံးကို တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ပြဿနာလို့ ရှုမြင်ပါတယ်။ အားလုံးက ၀ိုင်းဝန်းကြံဆပြီး ဖြစ်မြောက် အောင်မြင်အောင် လုပ်ဆောင်ပါမှ ရေရှည်ကောင်းစားမယ့် အဖြစ်ပါ။ အဓိက အခန်းကဏ္ဍမှာ ဘယ်သူရှိမလဲဆိုတာတော့ မပြောတော့ပါဘူး။

အမိမြေမှာ ရောင်စုံပန်းလေးတွေ ဖူးပွင့်ကြဖို့၊ ပွင့်သောပန်းတိုင်း လန်းကြစေဖို့ ဥယျာဉ်မှူးကောင်း လိုတာတော့ အသေအချာပါပဲ။

လူတိုင်းဟာ ကိုယ့်နိုင်ငံ တိုးတက်တာ၊ ကြီးပွား ချမ်းသာတာကို မြင်ချင်ကြပါတယ်။ ဖြစ်စေချင်ကြပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ပါးစပ်ဖျားကနေ ပြောနေရုံနဲ့ မပြီးပါဘူး။

တကယ့်စေတနာနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးလုပ်မှ ဖြစ်မှာပါ။ ဦးဆောင်တဲ့ သူတွေဘက်ကလည်း စေတနာမှန်ဖို့ လိုပါတယ်။ နာမည်ကောင်း ရရုံ သက်သက်နဲ့တော့ အလုပ်မဖြစ်ပါဘူးလို့ ပြောချင်ပါတယ်။

နိုင်ငံတိုးတက်ဖို့ အဓိကကျတဲ့ အရင်းအမြစ်တွေမှာ ပညာရေးနဲ့ လူ့အရင်းအမြစ်တွေက ရှေ့ဆုံးမှာ နေရာယူလာပါပြီ။ ဟိုးရှေး မြေရှင် ပဒေသရာဇ်ခေတ်မှာ ဆိုရင်တော့ ပညာမတတ်လို့၊ နည်းပညာ မရှိလို့ ဘာမှမဖြစ်ပါဘူး။ ရိုးရိုးပဲ လယ်ယာလုပ်ကိုင် စားသောက်ကြလို့၊ ဓား၊လှံကိုင်ပြီး စစ်တိုက်တဲ့ ခေတ်ဆိုတော့ အားလုံးက သူမသာ ကိုယ်မသာပါပဲ။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ ပညာဟာ အရေးပါလာပါပြီ။ နည်းပညာခေတ်မှာ နည်းပညာ မရှိရင်တော့

ငမိုက်သား စောလူး နင့်ချည်းသာ ခံပေတော့ !!!

ဆိုတဲ့ အဖြစ်မျိုးကို ရောက်သွားပါလိမ့်မယ်။

ကျွန်တော်တို့တွေ စပါးတတင်း ရဖို့အတွက် အချိန်တွေ၊ လုပ်အားတွေ၊ ချွေးတွေ ရင်းပြီး မစို့မပို့ငွေလေးနဲ့ လူလုပ်နေရတဲ့ အချိန်မှာ စက္ကန့်နဲ့အမျှ ချိပ်စ်ပြားလေးတွေကို ထုတ်ပြီး ဒေါ်လာ သန်းချီရနေတာဟာ နည်းပညာကြောင့်ပါပဲ။

ဒီတော့ ကျွန်တော်တို့ နောက်မျိုးဆက်တွေ အတွက် ဘယ်လို လုပ်ပေးကြမလဲ။ ဘာတွေ လုပ်ပေးနိုင်ကြလဲ။ ဒီအတိုင်းပဲ ထားခဲ့မှာလား။ ဒါမှမဟုတ် ကျွန်တော်တို့ နိုင်ငံကို အမေရိက ကို၊ သို့မဟုတ် ဥရောပတိုက်ကို တွန်းရွှေ့ကြဦး မလား။

တခုခုတော့လုပ်ကြဖို့သင့်ပြီ ဆိုတာကို တဦး တယောက်စီမှ တဖွဲ့ တသင်းစီ ထိုမှသည် တနိုင်ငံလုံး ဆီသို့ ဆင်ခြင် ပြင်ဆင် လုပ်ဆောင်ကြဖို့ မှားယွင်း နေပါကလည်း နောင် တိုင်းပြည် အနာဂါတ်တွေ လှပအောင် ကျရာနေရာက လက်တွေ့ကျကျ လမ်းမှန်ကို တည့်မတ် ပေးကြပါ။ !!!


မှတ်ချက်။ ။forward mail တစ်ခုမှ ရတာနဲ့ ပညာတော်သင်များ၊ ပညာတတ်များ အထူးသဖြင့် ကျောင်းဆရာများပါ ဖတ်သင့်တယ် ထင်လို့ မျှဝေလိုက်တာပါ။

herostar
•Sunday, September 20, 2009
လပေါ်ကို လူတွေရောက်ခဲ့တယ်ဆိုတာ သမိုင်းဝင်လိမ်ညာမှုကြီးလား .....

စစ်အေးခေတ်က ဆိုဗီယက်ယူနီယံနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ လပေါ်ကို ဘယ်သူအရင်ရောက်အောင် ခြေချနိုင်မလဲဆိုတဲ့ သိပ္ပံပြိုင်ပွဲကြီးတစ်ခုကို နိုင်ငံရေးအရရော၊ ဩဇာအရပါ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်ခဲ့ကြပါတယ်။ အဲဒီပြိုင်ပွဲကြီးရဲ့ အဆုံးသတ် အရှုံးအနိုင်အဖြေဟာ (၁၉၆၉)ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့မှာ ထင်ထင်ရှားရှား ပေါ်လာပါတော့တယ်။ အမေရိကန်ရဲ့ Apollo 11ဒုံးပျံနဲ့ လိုက်ပါသွားတဲ့ နီးလ်အမ်းစထရောင်းနဲ့ ဘက်ဇ်အဲလ်ဒရင်တို့ဟာ လဆင်းယာဉ်နဲ့အတူ လပေါ်ကို ပထမဆုံး ခြေချခွင့်ရတဲ့ မဟာလူသားတွေအဖြစ် ကမ္ဘာကို ဂုဏ်ယူစွာ ကြေငြာခွင့် ရခဲ့ပါတော့တယ်။ ကမ္ဘာ့လူသားတွေဟာ နည်းပညာ နယ်ပယ်သစ်အတွက် အခမ်းနားဆုံး အောင်မြင်မှုကြီးအဖြစ် Apollo 11ကို ဂုဏ်ပြခဲ့ကြပါတယ်။ ခုတော့ ဒါတွေဟာ နှစ်ပေါင်း(၄၀)တောင် ကြာခဲ့ပါပြီ။ နောက်ပြီးတော့ Apollo 11ဟာ နိုင်ငံရေးအရ ဩဇာကြီးမားလာဖို့ NASA အမျိုးသား အာကာသ သိပ္ပံအေဂျင်စီက အကြံကြီးကြီးနဲ့ လှည့်ပတ်ထားတဲ့ အလိမ်အညာ ဇာတ်လမ်းကြီးလားလို့ ယူဆစရာ ဖြစ်လာရပါပြီ။



“လပေါ်ကို လူတွေရောက်ခဲ့တယ်ဆိုတာ လိမ်ထားတာ သတ်သတ်မှန်း ကျွန်တော်သိတယ်”လို့ ရုပ်ရှင်လုပ်ငန်းရှင် ဘတ်ဆီဘရယ်လ်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ သူဟာ အဲဒီသမိုင်းဝင် သိပ္ပံအောင်မြင်မှုကြီးကို သံသယ၀င်နေတဲ့ ပညာရှင်တွေထဲက တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အဲဒီခေတ်က အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီရဲ့ ဆိုဗီယက်အပေါ် အသာရရေး မူဝါဒကြောင့် NASAက မဖြစ်မနေ လုပ်ကြံလိုက်ရတဲ့ ဇာတ်လမ်းကြီးပါလို့ ဆီဘရယ်လ်က ဆိုပါတယ်။ သူဟာ (၁၉၆၉)ကနေ (၁၉၇၂)ခုနှစ်ထိ အမေရိကန်တွေ လပေါ်(၆)ခါ ဆင်းခဲ့သမျှ အတုတွေချည်းပဲလို့ ပြောသွားခဲ့ပါတယ်။ ဒီနေ့ခေတ် နည်းပညာ ထွန်းကားလာချိန်မှာ လပေါ်လူတွေဆင်းနိုင်တာ ဖြစ်လာနိုင်ပေမယ့် (၁၉၇၂)ခုနှစ်ထိတော့ လုံးဝမဖြစ်နိုင်ဘူးလို့လည်း ဆီဘရယ်လ်က စွပ်စွဲထားပါတယ်။



ဆီဘရယ်လ်ဟာ သံသယ မရှိသင့်တာကို ရှိနေတယ်လို့တော့ ယူဆလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီပြဿနာကို မယုံမကြည် ဖြစ်နေတဲ့လူတွေက သူတစ်ယောက်ထဲ မဟုတ်လို့ပါပဲ။ (၁၉၉၉)ခုနှစ်က ကောက်ခံခဲ့တဲ့ စစ်တမ်းမှာဆို အမေရိကန်လူထု (၆)ရာခိုင်နှုန်းလောက်ဟာ လပေါ်ကို လူတွေရောက်ခဲ့တယ်ဆိုတာကို ချင့်ချိန်စဉ်းစားပြီးတဲ့နောက် အကြီးအကျယ် သံသယ ရှိနေကြပါသတဲ့။ ဗြိတိန်မှာလည်း အင်ဂျင်နီယာနဲ့ နည်းပညာ မဂ္ဂဇင်းက ကောက်ခံတဲ့ သဘောထား စစ်တမ်းအရ ဗြိတိန်နိုင်ငံသား လေးပုံ၊ တစ်ပုံက ဒီအောင်မြင်မှုဟာ လုပ်ကြံဇာတ်ကြီးလို့ ထင်နေတဲ့အကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ NASAဟာ ဒီပြဿနာကို အကြိမ်ကြိမ်ရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ခုထိတော့ အောင်အောင်မြင်မြင် မရှိသေးပါဘူး။ နောက်ပြီးတော့ အင်တာနက်မှာလည်း လပေါ်ကို လူတွေဆင်းခဲ့တာ တကယ်ဟုတ်မဟုတ် ပြဿနာကလည်း အကြီးအကျယ် ခေတ်စားလာပါတယ်။ Apollo 11ရဲ့ နှစ်(၄၀)ပြည့်တဲ့နေ့ မတိုင်ခင် တစ်ပါတ်လောက် အလိုကတည်းက Googleမှာ “Apollo moon landing hoax”ဆိုတဲ့ အကြောင်းအရာကို ရှာကြဖွေကြတာ အကြိမ်ပေါင်း (၁.၅)ဘီလျံတောင် ရှိပါသတဲ့။



(အပိုလို ၁၁ အာကာသယာဉ်မှူးများ လပေါ်သို့ရောက်ရှိသည်ဆိုသည့် တီဗီအစီအစဉ်ထုတ်လွှင့်မှုကို

ထိုစဉ်က အမေရိကန်သမ္မတကနေဒီ လာရောက်ကြည့်ရှုစဉ်)

“ကျွန်တော်တို့ဟာ အလိမ်အညာ စကားတွေထဲမှာ သာယာနေခဲ့တာပါ”လို့ ၀ါရှင်တန်မှာရှိတဲ့ အမျိုးသား လေကြောင်းနဲ့ အာကာသဆိုင်ရာ ပြတိုက်က အကြီးတန်း အရာရှိ ရော်ဂျာလူးနီးယက်စ်က ပြောပါတယ်။ “ဒီကိစ္စကြီးကို လူအတော်များများက လွယ်လွယ်နဲ့ လက်ခံလိုက်ပေမယ့် ကျွန်တော်တို့အတွက်ကတော့ တွေးစရာတွေ အများကြီးပါ။ လပေါ်ကို အမ်းစထရောင်းတို့ တကယ်မရောက်ခဲ့ဘူးဆိုတဲ့ အယူအဆအတွက် အချက်အလက်တွေ တော်တော်များများ ရှိနေပါတယ်”လို့လည်း လူးနီးယက်စ်က ပြောသွားခဲ့ပါတယ်။ လပေါ်ကို လူတွေရောက်မရောက် သံသယ စရှိခဲ့တာ ခုမှမဟုတ်ပါဘူး။ (၁၉၇၂)ခုနှစ်ကတည်းက Rocketdyneရဲ့ နည်းပညာဆိုင်ရာ စာရေးဆရာ ဘီလ်ကေဆင်းက Apollo 11အတွက် NASAက ဆောက်ထားခဲ့တဲ့ ဒုံးပျံစနစ်ကို လေ့လာပြီးတဲ့နောက် သူ့ရဲ့(၁၉၇၄)ခုနှစ်ထုတ် စာအုပ်မှာ “ကျွန်တော်တို့ ဘယ်တုန်းကမှ လပေါ်ကို မရောက်ခဲ့ပါဘူး။ အမေရိကန် အစိုးရဟာ လူတွေကို လိမ်ညာဖို့ ဒေါ်လာဘီလျံနဲ့ချီပြီး သုံးခဲ့တာပါ”လို့ ထည့်ရေးခဲ့တာ အထင်အရှားပါပဲ။

ကေဆင်းဟာ NASAအနေနဲ့ နက္ခတ်ဗေဒ ပညာရှင်တွေကို Apollo 11က လပေါ်အရောက် ပို့ပေးခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ အမြဲယုံကြည်ခဲ့သူပါ။ သူ့အဆိုအရ အမ်းစထရောင်း၊ အဲလ်ဒရင်နဲ့ ပိုင်းလော့တစ်ယောက်ဖြစ်တဲ့ မိုက်ကယ်ကောလင်းစ်တို့ကို အမေရိကန် ကုန်တင်လေယာဉ်တစ်စင်းက သယ်သွားခဲ့တာပါတဲ့။ သူတို့ပါလာတဲ့ အာကာသယာဉ်ကို ပစိဖိတ် သမုဒ္ဒရာထဲမှာ ပြန်ချပေးထားပြီး အာကာသထဲက အောင်အောင်မြင်မြင် ပြန်ဆင်းလာနိုင်ပြီလို့ အမေရိကန် အစိုးရက ၀ါဒဖြန့်ခဲ့တယ်လို့ ကေဆင်းက ဆိုပါတယ်။ NASAဟာ အထူးပြင်ဆင်ထားတဲ့ Area 51ဆိုတဲ့ နေရာမှာ သူတို့ရဲ့ လပေါ်လူဆင်းရေး စီမံကိန်းကြီးကို ဦးနှောက်အစားခံပြီး အစအဆုံး ပြင်ဆင်ခဲ့တယ်လို့ ကေဆင်းရဲ့ စာအုပ်ထဲမှာ ပါခဲ့ပါတယ်။ အဲဒီနေရာဟာ နီဗားဒါး သဲကန္တာရထဲမှာ ရှိနေပြီး NASAရဲ့ လူသိမခံချင်ဆုံး လျှို့ဝှက်ချက်တွေကို အကောင်အထည်ဖော်တဲ့ နေရာလို့ နာမည်ထွက်နေပါတယ်။ Area 51မှာ လုပ်နေတဲ့ တချို့ကိစ္စတွေဆို သမ္မတတွေတောင် မသိရဘူးလို့လည်း သတင်းကြီးနေပါသေးတယ်။



ကေဆင်းက အဲဒီသဲကန္တာရထဲမှာပဲ အထူးပြုလုပ်ထားတဲ့ Settingအခန်းကြီးထဲ အာကာသယာဉ်ကို ဆင်းခိုင်းပြီး ဓာတ်ပုံတွေရိုက်ကြ၊ အမေရိကန်အလံကြီး လွှင့်ပြီးတော့ ကမ္ဘာကို ဖြန့်ပြခဲ့တာပါလို့ ဆိုပါတယ်။ သူဟာ “ကျွန်တော်တို့ လပေါ်ကို လိမ်ညာပြီး ဆင်းခဲ့ပါသလား”ဆိုတဲ့ ခေါင်းစဉ်နဲ့ (၂၀၀၁)ခုနှစ်က Fox TVမှာတောင် မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ပြခဲ့ပါသေးတယ်။ လပေါ်ကို Apollo 11ဆင်းခဲ့တယ်ဆိုတာ သိပ္ပံစံနှုန်းတွေနဲ့ တိုင်းတာရင် ကွဲလွဲတာတွေ အများကြီးပဲလို့ ဆိုပါတယ်။ ဥပမာ အမေရိကန် အလံဟာ လေမရှိတဲ့ လပေါ်မှာ ဘာကြောင့်မို့ အရှိန်ပြင်းပြင်းနဲ့ လေထဲလွင့်နေတာလဲဆိုပြီး ဓာတ်ပုံကို ထောက်ပြမေးခွန်းထုတ်ခဲ့တဲ့အခါ NASAအဖွဲ့ခမျာ အကြီးအကျယ် အငိုက်မိခဲ့ရှာပါတယ်။ သူ့ရဲ့(၁)နာရီကြာ မှတ်တမ်းဟာ ရှုထောင့်အမျိုးမျိုးကနေ လပေါ်ကို လူတွေဆင်းခဲ့တာ မဟုတ်နိုင်ကြောင်း အမျိုးမျိုး သက်သေပြခဲ့ပါတယ်။ အဲဒီမှတ်တမ်းကို Fox TVက ပြပြီးတဲ့နောက် NASAဟာ အသည်းအသန် သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ပြီးတော့ လပေါ်ကို လူတွေဆင်းခဲ့တာ အမှန်ပါလို့ ဖုံးခဲ့ဖိခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီကတည်းက လူတွေကြားမှာ သံသယ အစိုင်အခဲက ပေါက်ဖွားလာတော့တာပါပဲ။

နောက်ထပ် မှတ်တမ်းတွေကလည်း NASAအတွက် အကြပ်ရိုက်စရာ ဖြစ်ပြီးရင်း ဖြစ်နေတော့တာပါပဲ။ ဗန်အလန်ဆိုတဲ့ ပညာရှင်ကလည်း ဂြိုဟ်ဆင်းယာဉ်က လပေါ်ကနေ ပျံတက်လာတဲ့အခါ ကမ္ဘာ့လေထုထဲမှာလို စွမ်းအင် မလုံလောက်နိုင်တဲ့အကြောင်း အချက်အလက် အပြည့်အစုံနဲ့ ရှင်းပြတော့ NASAက မသိချင်ယောင် ဆောင်ခဲ့ရပြန်ပါတယ်။ နောက်ပြီးတော့ လပေါ်ဆင်းခဲ့တယ်ဆိုတဲ့ ဓာတ်ပုံတွေဟာ လရဲ့မျက်နှာပြင် မဟုတ်နိုင်ဘူးလို့လည်း ဗန်အလန်က ဆိုပါတယ်။ ဓာတ်ပုံကို အမ်းစထရောင်းတို့ လပေါ်ကို ရောက်တဲ့အချိန် ရိုက်ထားတာလို့ ဆိုပေမယ့် အဲဒီအချိန်မှာ နေကရတဲ့ အလင်းရောင်ကြောင့် ဖြစ်လာရတဲ့အရိပ်ဟာ တိတိကျကျ တွက်ချက်ကြည့်ရင် ဦးတည်ရာ တလွဲစီ ဖြစ်နေပါတယ်။ ဒါဟာ ကင်မရာ လှည့်စားမှုတွေနဲ့ ကမ္ဘာ့သဲမြေကို လမျက်နှာပြင်လို ဖန်တီးထားတယ်ဆိုတာ ထင်ရှားနေတယ်လို့ အလန်က ပြောခဲ့ပါတယ်။



ဒီပြဿနာကို လူတွေဆီစပြီး သယ်လာခဲ့တဲ့ ကေဆင်းကတော့ (၂၀၀၅)ခုနှစ်မှာ အနိစ္စ ရောက်သွားခဲ့ရှာပါပြီ။ ဒါပေမယ့် သူ့တာဝန်ကို တင်နက်ဆီမှာ အခြေစိုက်တဲ့ ရုပ်ရှင်လုပ်ငန်းရှင် ဆီဘရယ်လ်က ဆက်ယူလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ခုချိန်ထိ လပေါ်ကို လူတွေရောက်ခဲ့တာ အလကား ဇာတ်လမ်းကြီးလို့ ခေါင်းမာမာ ယူဆထားတုန်းပါ။ နောက်ပြီးတော့ ဆီဘရယ်လ်ဟာ (၂၀၀၁)က ပြသွားခဲ့တဲ့ ကေဆင်းရဲ့ မှတ်တမ်းရုပ်ရှင်အတွက် အကူအညီတွေ ပေးခဲ့တဲ့သူပါ။ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် လပေါ်ကို လူတွေမရောက်ခဲ့တဲ့အကြောင်း သူသက်သေပြနိုင်တယ်လို့ ကေဆင်းက မိတ်ဆွေတွေကို အမြဲပြောပါတယ်။ ဒီကိစ္စကို ခုချိန်ထိ NASAက ငြင်းနေပေမယ့် တကယ်သာ ဖြစ်နေတယ်လို့ ခိုင်ခိုင်မာမာ ဖြစ်သွားရင်တော့ NASAအဖွဲ့နဲ့အတူ NASAရဲ့ ၀န်ထမ်း ထောင်ပေါင်းများစွာဟာ အရှက်တကွဲ ဖြစ်ရမှာ ကျိန်းသေပါပဲ။ ဘာပဲဖြစ်ဖြစ် ဆယ်စုနှစ် (၄)စုကို ဖြတ်သန်းပြီးတာတောင် အမ်းစထရောင်းရဲ့ခြေရာ လပေါ်မှာ တကယ်ထင်ခဲ့သလားဆိုတာ လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်နေတုန်းပါ။ ဆီဘရယ်လ်ကတော့ ဒီကိစ္စကို အဲဒီတုန်းက Apolloနဲ့အတူ လိုက်သွားခဲ့တဲ့ ပညာရှင်တွေရယ်၊ NASAက ထိပ်တန်းလက်တဆုပ်စာ အရာရှိတချို့ရယ်ကလွဲပြီး အမေရိကန် သမ္မတတောင် သိခဲ့ပုံမရဘူးလို့ သုံးသပ်ထားပါတယ်။ “ကျွန်တော်ဟာ နာမည်ကြီးချင်လို့ ဒီပြဿနာကို ဖော်ကောင်လုပ်နေတာ မဟုတ်ပါဘူး။ အမေရိကန် ပြည်သူတွေ အပါအ၀င် ကမ္ဘာသူ ကမ္ဘာသားတိုင်းဟာ အလိမ်ခံနေရတယ်ဆိုတာ သိစေချင်တဲ့ ဆန္ဒက အဓိကကျပါတယ်”လို့ CNNနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် Apolloရဲ့ Missionတွေ မပျံသန်းတော့တာ နှစ်ပေါင်း (၃၇)နှစ် ရှိခဲ့ပြီဖြစ်သလို ခုခေတ် အမေရိကန်လူငယ် သန်းပေါင်းများစွာဟာ ဒီကိစ္စကို စိတ်မ၀င်စားကြတော့ပါဘူးလို့လည်း ဆီဘရယ်လ်က ဆိုပါတယ်။ သူဟာ Apolloရဲ့ ယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ အဲလ်ဒရင်ကို (၂၀၀၂)ခုနှစ်က ကိုယ်တိုင်သွားမေးခဲ့တာပါ။ အဲဒီအချိန်က အသက်(၇၂)နှစ် ရှိနေပြီဖြစ်တဲ့ အဲလ်ဒရင်ဟာ ဆီဘရယ်လ် မေးမြန်းတာတွေကို သွယ်သွယ်ဝိုက်ဝိုက်လောက်ပဲ ၀န်ခံတာမျိုး လုပ်သွားခဲ့ပါတယ်။

ကော်လိုရာဒို တက္ကသိုလ်က နက္ခတ်ဆိုင်ရာ ရူပဗေဒ ပညာရှင် စတူးဝတ်ရော်ဘင်စ်ကတော့ NASAဘက်က ကာကွယ်ပြီး Apolloဟာ လပေါ်ကို တကယ်ရောက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ လပေါ်သွားတဲ့ ခရီးဟာ လိမ်ညာတာပါလို့ စွပ်စွဲနေတာကလည်း အန္တရာယ် ကြီးလွန်းတယ်လို့ သူက သတိပေးသွားပါတယ်။ “လူတွေက ကျွန်တော်တို့ လပေါ်ကို တကယ်မရောက်ခဲ့ဘူးလို့ ယုံကြည်သွားရင် ဘာတွေဖြစ်လာနိုင်မလဲ စဉ်းစားကြည့်ပါ။ အမေရိကန်ရဲ့ အောင်မြင်မှုကိုရော လူ့သမိုင်းမှာ အကြီးမားဆုံး စွမ်းဆောင်ခဲ့တာပါ မြောင်းထဲရောက်သွားမယ်။ လူသားမျိုးနွယ်တွေရဲ့ ဂုဏ်ယူစရာ ကြိုးစားအားထုတ်မှုတွေ အားလုံးကို သံသယနဲ့ ကြည့်ကြတော့မယ်။ ဒါမျိုးထိတော့ မဖြစ်သင့်ပါဘူး”လို့ ရော်ဘင်စ်က ဆိုပါတယ်။ “လပေါ်ကို လူတွေရောက်ခဲ့တာ မမှန်ဘူး ထင်တာဟာ လူတွေ ဘာလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ သတ္တိမရှိဘဲ ငြင်းလိုက်တာနဲ့ တူတူပါပဲ”လို့လည်း ရော်ဘင်စ်က ပွင့်ပွင့်လင်းလင်း သူ့အမြင်ကို ပြောသွားပါတယ်။

ဒီလိုနဲ့ ယုံသူတွေ၊ မယုံသူတွေကြား ညပ်နေတဲ့ NASAရဲ့ လပေါ်သွားရောက်ခြင်း စီမံကိန်း အောင်မြင်မှုဟာ နှစ်(၄၀)တောင် ပြည့်ခဲ့ပါပြီ။ ခုဆိုရင် မယုံကြည်တဲ့သူတွေက အရမ်းအားကောင်းတဲ့ မှန်ဘီလူးတွေနဲ့ Apollo 11ရဲ့ Eagleလဆင်းယာဉ် ဆင်းခဲ့တယ်ဆိုတဲ့နေရာကို လှမ်းပြီး ထောက်လှမ်းနေပါတယ်။ သူတို့အဆိုအရ အဲဒီနေရာမှာ အမေရိကန်အလံကို ရှာမတွေ့ခဲ့ရင် NASAဟာ လိမ်ခဲ့တယ်ဆိုတာ ကျိန်းသေပေါက် ပြောနိုင်တော့မယ်လို့ သိရပါတယ်။ Discoveryမဂ္ဂဇင်းကတော့ “ယုံလွယ်သူတွေအတွက် အထောက်အထားတွေကို ဦးစားပေးထားတဲ့ ကမ္ဘာကြီးမှာ အဆင်ပြေမှာမဟုတ်ဘူး”လို့ ဒီကိစ္စအတွက် မှတ်ချက်ပေးထားပါတယ်။ လပေါ်ကို အမ်းစထရောင်းတို့ တကယ်ပဲ ရောက်ခဲ့၊ မရောက်ခဲ့ဆိုတာကတော့ အချက်အလက်တွေအပြင် ကိုယ်ပိုင်စဉ်းစားဥာဏ်နဲ့ ချင့်ချိန်ပြီး ယုံသင့်မယုံသင့် ဆုံးဖြတ်ဖို့ကတော့ လူုတစ်ယောက်နဲ့တစ်ယောက် တူဖို့ရာ ခဲယဉ်းမှာပဲ ဖြစ်ပါတယ်။

Source: CNN, TheStar

မြန်မာနိုင်ငံမှ သုတစွယ်စုံမဂ္ဂဇင်းပါ ရေးသားဖော်ပြချက်

လွန်ခဲ့သော (၁၀)နှစ်ခန့်က သုတစွယ်စုံ မဂ္ဂဇင်း(ခုနှစ်နှင့် အတွဲအမှတ် အတိအကျ မမှတ်မိတော့ပါ)တွင် “အံ့ဖွယ်မွန်းဂိတ်၏ လိမ်ညာမှုကြီး”အမည်ဖြင့် အဆိုပါ အကြောင်းအရာကို ဝေေ၀ဆာဆာ ဖော်ပြခဲ့ပါသည်။ အချက်အလက် အသေးစိတ်ကို မမှတ်မိတော့သော်လည်း ယခုတိုင် စွဲမြဲနေသော အကြောင်းအရာ အချို့နှင့် လပေါ်လူရောက်ခြင်းအား မယုံကြည်သူ ပညာရှင်များ အဆိုပြုခဲ့သော အချက်အလက် အချို့တို့အား Planetမှ ယခုကဲ့သို့ စုစည်းတင်ပြလိုက်ရပါသည်။

- လေမရှိသော လပေါ်တွင် အမေရိကန်အလံသည် အရှိန်အဟုန်နှင့် လွင့်ပျံနေသည်။

- ရေမရှိသော လ၏ နောက်ခံကောင်းကင်တွင် ရေခိုးရေငွေ့ဖြင့် တည်ဆောက်ထားသည့် မိုးတိမ်များ ပါရှိနေသည်ကို ဓာတ်ပုံအထောက်အထားများတွင် တွေ့နိုင်သည်။

- လ၏ဆွဲအားသည် ကမ္ဘာ့ဆွဲအား၏ (၄)ပုံ၊ (၁)ပုံသာ ရှိမည်ဆိုလျင် Eagle အာကာသယာဉ် ဆင်းသက်ချိန်က ယာဉ်၏အောက်ဘက် သဲထုတွင် ဆွဲအားနည်းခြင်းကြောင့် ချိုင့်ခွက်ကြီးတစ်ခု ပေါ်လာရမည် ဖြစ်သော်လည်း မှတ်တမ်းတွင် ထိုအချက်ကို လုံးဝမတွေ့ရပါ။

- လပေါ်မှ ဓာတ်ပုံဟုဆိုကာ ပြသခဲ့သော မှတ်တမ်းပုံများရှိ တောင်အချို့သည် နီဗားဒါး သဲကန္တာရအတွင်းမှ တောင်တန်းများနှင့် ဆင်တူနေသည်။

- အမ်းစထရောင်းတို့ လပေါ်ဆင်းသက်ချိန်ကို တိုင်းတာကြည့်ပါက ကောင်းကင်တွင် ကြယ်များကို ထင်ထင်ရှားရှား တွေ့နိုင်မည်ဖြစ်သော်လည်း ဓာတ်ပုံထဲတွင် ကြယ်တစ်ပွင့်မျှ ရှိမနေပါ။

- Apollo 11အနေနှင့် ဆွဲအားနည်းသော လပေါ်မှ ပြန်တက်မည်ဆိုလျင် သယ်ဆောင်သွားသည်ထက် စွမ်းအင်ပမာဏ များများစားစား လိုအပ်ပေလိမ့်မည်။

- လပေါ်သို့ အမ်းစထရောင်းတို့ ရောက်သွားသည့်အချိန်နှင့် လပေါ်သို့ နေရောင်ကျရောက်ချိန် တွက်ချက်ကြည့်ပါက အရိပ်များ၏ တည်နေရာ လွဲမှားနေသည်။

- ဆွဲအားနည်းသော လမျက်နှာပြင်မှ ပျံတက်လာချိန်တွင် သဲများကို အရှိန်အဟုန်ပြင်းစွာ လွင့်ထွက်သွားစေသင့်သော်လည်း လက်တွေ့တွင် ဖြစ်မလာပါ။

- NASAသည် Apollo 11နှင့် ပတ်သတ်ပြီး အတိကျ အသေးစိတ် နည်းပညာ အချက်အလက်များကို ပြည်သူများထံ ချပြရန် ထိမ်ချန်ထားသည်။

- နက္ခတ်ပညာရှင်များ ရိုက်ယူလာသည်ဆိုသော ဓာတ်ပုံများအတွက် ဖလင်များသည် လပေါ်ရှိ ဖြာထွက်စွမ်းအင်များကြောင့် သဘာဝအလျောက် အရည်ပျော်သွားရမည်ဖြစ်သော်လည်း ကမ္ဘာပေါ်သို့ အကောင်းပကတိ ပြန်ပါလာခဲ့သည်။

စုစည်းရေးသား ဘာသာပြန် - ZYW

Just to share knowledge for all.

herostar
•Sunday, September 20, 2009
(၁)

ဆရာသည် တပည့်ဖြစ်သူ၏ သင်ခန်းစာ စာအုပ်ကို စစ်ဆေးသည်၊ စာအုပ်ထဲတွင် ရေးသားထားပုံမှာ
ရှုပ်ထွေးလွန်းလှသောကြောင့် မည်သို့မှ အဓိပ္ပါယ်ဖော် မရ ၍ မရ။
ထို့ကြောင့် ဆရာဖြစ်သူက ညည်းတွားလိုက်သည်။ "တပည့်ရေ... မင်းနဲ့ငါ တစ်ယောက်ယောက်တော့ ရူးနေပြီထင်ပါရဲ့ကွာ"
နောက်တစ်နေ့တွင် တပည့်ဖြစ်သူသည် ဆရာ့ကို စာရွက်တစ်ရွက်ပေးသည်။ ဆရာက...
"ဘာစာရွက်လဲကွ"
"ကျွန်တော် မရူးကြောင်း စိတ်ရောဂါကု ဆေးရုံအုပ်ရဲ့ ထောက်ခံစာပါခင်ဗျာ"

(၂)

ရှင်းရခက်တဲ့ ပြဿနာတွေထဲမှာ လူနှစ်ယောက် (သို့မဟုတ်) ရပ်တည်မှုနှစ်ဖက်
မျက်နှာချင်းဆိုင် နားလည်မှုလွဲတဲ့ ပြဿနာဟာ ဖြေရှင်းရ အခက်ဆုံးပါ။
အမြင်မတူတဲ့ ရှုထောင့်နှစ်ခုစလုံးက ကျေနပ်လက်ခံတဲ့ အဖြေတစ်ခုရှာတွေ့ဖို့ဆိုတာ မလွယ်ပါဘူး။
(ပြဿနာထဲမှာ ပါဝင်နေတဲ့ ဘက်နှစ်ဖက်စလုံးရဲ့ ကျေနပ်မှုကို တွေ့အောင်မရှာဘဲ) ကိုယ့်ဘက်ကချည်း တစ်ဖက်သတ်
အဖြေထုတ်တာဟာ ပြဿနာကို ပုံဖျက် လိုက်တာပဲဖြစ်ပါတယ်။ ပြီးပြတ် သွားစေတာ မဟုတ်ပါဘူး။
စောစောက ဟာသထဲမှာ ပါတဲ့ ကလေးရဲ့အတွေးလိုပေါ့။ ဆရာနဲ့ သူနဲ့ကြားမှာ ပြေလည်စေမယ့် ပြဿနာရဲ့အဖြေကို ရှာဖွေဖို့မကြိုးစားဘူး။
သူ့ တစ်ကိုယ်တည်းအတွက်ပဲ "လုံခြုံမှုရှိတဲ့နိဂုံး" အဖြေထွက်လာအောင် စိတ်ရောဂါကုဆေးရုံက ထောက်ခံစာယူလာတယ်။
သူမရူးဘူးပေါ့။ မှန်ပါတယ်။ သူ့လုပ်ရပ်ဟာ သူတစ်ယောက်တည်းအတွက်မှန်တာပါ။ အဲဒီရဲ့ တစ်ဖက်သတ် အဓိပ္ပါယ်က တခြားလူတစ်ယောက်အတွက် ဘာဖြစ်သွားစေသလဲ....။ ဆရာက ရူးနေတာ... လို့ဆိုတဲ့ အဓိပ္ပါယ်ရောက်သွားတာပေါ့။

(၃)

ကျွန်တော်တို့ကကော....
နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းနေကြပါသလဲ..။ ကိုယ့်တစ်ယောက်တည်းအတွက်ပဲ 'လုံခြုံမှုရှိတဲ့နိဂုံး' အဖြေထွက်လာအောင် တစ်ဖက်သတ်စဉ်းစားနေမိကြတာ များပါတယ်... မဟုတ်ဘူးလား။ ကျွန်တော်တို့ရဲ့ အတွေးကကော အဲလိုမျိုးပဲ တဖက်သတ်စဉ်းစားနေကြတာ များပါတယ်...မဟုတ်ဘူးလား။
ကျွန်တော်တို့ရဲ့ အတွေးကကော 'ကလေးအတွေး' နဲ့ ဘာထူးလို့လဲ ?
တခြားလူတစ်ယောက် ရူးချင်ရူးပါစေ.. ကိုယ် အရူးမဖြစ်ရင်ပြီးရော..ဆိုတဲ့ ပြဿနာဖြေရှင်းနည်းမျိုးပဲ။
အဲဒီ လူ့သဘာဝကို သရော်ထားတဲ့ ဟာသလေးတစ်ခုရှိပါတယ်။ ယခင် ဆိုဗီယက်နိုင်ငံဟောင်းရဲ့
ကွန်မြူနစ်ပါတီခေါင်းဆောင်ကြီးတစ်ယောက်က ပြောသတဲ့...
"ကျူပ်က ပြဿနာတစ်ခုကို ဘယ်တော့မှ တစ်ဖက်သတ်မကြည့်ဘူး..
မျှမျှတတဖြစ်အောင် အမြဲတမ်း နှစ်ဖက်မြင်တဲ့ အမြင်နဲ့ကြည့်တယ်.."
"တစ်ခုက ... ကျူပ်ရဲ့အမြင်
အခြားတစ်ခုက .. မှားနေတဲ့အမြင်"

(၄)

ပြဿနာဖြေရှင်းပုံ (Problem Solving) နှစ်မျိုးရှိတယ်...လို့ဆိုပါတယ်..။
တစ်မျိုးက 'ပြဿနာကို အဓိကထားတဲ့နည်း (Problem-Oriented Method)' ပါ..
နောက်တစ်မျိုးကတော့... 'အဖြေကို အဓိကထားတဲ့နည်း (Solution-Oriented Method)' ပါ...
(ဒီနည်းနှစ်မျိုးကို သင်ပေးခဲ့သူကတော့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဇော်လွင် ဖြစ်ပါတယ်)

ပထမနည်းက.... 'ပြဿနာကို အဓိကထားတဲ့ နည်း (Problem-Oriented Method)' ပါ..။
မိသားစုတစ်စုရှိတယ် ဆိုကြပါစို့.. အဖေရယ်..အမေရယ်.. အစ်မဖြစ်သူရယ်.. မောင်လေးရယ်..ပေါ့။
မောင်လေးဖြစ်တဲ့သူက အတော်ငယ်ပါသေးတယ်။ လမ်းလျှောက်တတ်ခါစ ဆိုပါတော့..။
ဟိုဟိုဒီဒီ တော့တီးတော့တနဲ့သွားရင်း ဟိုဟာလှမ်းကိုင် ဒီဟာလှမ်းဆွဲ လုပ်ရင်း..
ဖြုန်းခနဲ... ရေအိုးစင်က ဖန်ခွက်ကို လှမ်းဆွဲလိုက်မိတယ်။ 'ခွမ်း' ခနဲ မြည်ပြီး ကြမ်းပေါ်မှာဖန်ခွက်
အကွဲအကြေအစအနတွေ ဖွေးသွားရော။အစ်မဖြစ်တဲ့သူက ကမန်းကတန်း ပြေးလာပြီး သူ့မောင်လေးရဲ့ကျောကို "ဗြန်း" "ဗြန်း”...နဲ့ နှစ်ချက်လောက် စိတ်ရှိလက်ရှိ ရိုက်ပစ်လိုက်တယ်..။ ဒီလောက်ဆော့ရပါ့မလား..ပေါ့လေ။
ကမြင်းဦးဟယ်.. ကမြင်းဦးဟယ်... ဆိုပြီးပြောလည်းပြော၊ ရိုက်လည်းရိုက်နဲ့...။ ကလေးငိုသံကတော့ ကြွက်ကြွက်ညံရော..။
ကလေးကို ရိုက်မနေနဲ့.... ညည်းကိုက အသုံးမကျတာ။ ဖန်ခွက်ကို ကလေးမမီတဲ့နေရာမှာ ထားပါလို့ ငါဘယ်နှစ်ခါပြောရမလဲ။ စည်းကမ်းမရှိတဲ့ဟာမ...!! သမီးကလည်းခွန်းတုံ့မခံဘူး။ အမေကို ကက်ကက်လန် ပြန်ရန်တွေ့တယ်။
ဆူကြ၊ ရိုက်ကြနဲ့ ငရဲပွက်နေတုန်း... အဖေဖြစ်တဲ့သူက မိန်းကကို အပြစ်တင်ပြန်ရော...
"ကလေးတွေးက ဘာသိမှာတုံး .. နင်က အဲသည်လို ကွဲတတ်မှန်းသိရင် ဘာလို့ ဖန်ခွက်ဝယ်သေးလဲ.. စတီးခွက်ဝယ်ပါလား..
နလပိန်းတုံးမရဲ့" "ရှင်ပေးတဲ့ ပိုက်ဆံက ဘယ်လောက်များရှိလို့ စတီးခွက် ၀ယ်နိုင်ရမှာလဲ.. ပိုက်ဆံလေး ခြောက်ပြားတစ်ပဲနဲ့
အလကား ဘာမှသုံးမရတဲ့ ယောက်ျားကို ယူမိတာကိုး" အဲသည်မှာတင် လင်နဲ့မယား ထသတ်ပြီးဝုန်းဒိုင်းကြဲတော့တာပဲ..။

ကဲ..ဒီအဖြစ်အပျက်ကနေ ကျွန်တော်တို့ ဘယ်လိုအချက်ကို သင်ခန်းစာယူနိုင်သလဲ..ပြဿနာကို ရှေ့တန်းတင်ရင်းနဲ့ ဖြေရှင်းတဲ့ဆီ
မရောက်ဘဲတစ်ယောက်ကိုတစ်ယောက် အပြစ်တွေတင်လိုက်တော့ ပြဿနာတွေသာ ပိုပိုပြီး ပွားမလာဘူးလား..။

(၅)

နောက်တစ်နည်းကတော့...'အဖြေကို အဓိကထားတဲ့နည်း (Solution-Oriented Method)' ပါ...။
ဥပမာက စောစောက မိသားစုနဲ့ တစ်ထပ်တည်းပဲဆိုပါတော့။ အဖေရယ်၊ အမေရယ်၊ အစ်မရယ်၊ မောင်ငယ်လေးတစ်ယောက်ရယ်..။
ဖြစ်ရပ်ကလည်း..စောစောကအတိုင်းပဲ။ ကလေးက ဖန်ခွက်ကို လှမ်းဆွဲတယ်..၊ ဖန်ခွက်ကျပြီးကွဲတယ်..။
(ဒီနေရာမှာ မတူညီတဲ့ ပြဿနာဖြေရှင်းပုံကို သတိထားပြီးကြည့်ရအောင်)
အစ်မဖြစ်တဲ့သူက ကမန်ကတန်းပြေးသွားပြီး -
"ဖယ်...ဖယ်..မောင်လေး ဖန်ကွဲစတွေ စူးမယ်" လို့ပြောရင်းကလေးကို ပွေ့ချီလိုက်သည်။ တစ်ဆက်တည်းမှာပဲ
သူ့အမေဘက်လှည့်ပြီး.. "မေမေ..မောင်လေးကို မရိုက်ပါနဲ့၊ သမီးကိုယ်တိုင်က ဖန်ခွက်ကို အစွန်မှာတင်ထားခဲ့မိလို့ပါ"
"အို... သမီးကလည်း စိတ်မကောင်းမဖြစ်ပါနဲ့၊ ဖန်ခွက်ဆိုတာ ကွဲတတ်တဲ့ပစ္စည်းပဲ..၊ တစ်ချိန်မဟုတ် တစ်ချိန်မှာ ကွဲမှာပဲ"
ပြောပြောဆိုဆိုနဲ့ အမေက တံမြက်စည်းတစ်ချောင်းကို ဆွဲယူပြီး ဖန်ကွဲစတွေကို လှည်းကျင်းသိမ်းဆည်းလိုက်တယ်..။
အဲဒီအချိန်မှာပဲ ဖခင်ဖြစ်တဲ့သူက...
"ဒီအတိုင်းဆို ကလေးတွေအတွက် အန္တရာယ်ရှိတယ် အမေကြီးရေ..ဖြစ်နိုင်ရင် တို့ ဖန်ခွက်အစား စတီးခွက်သုံးကြရအောင်၊
လောလောဆယ် ပိုက်ဆံမလောက်သေးရင်လည်း ပလတ်စတစ်ခွက်ပဲ ၀ယ်ကြတာပေါ့..။ အဓိက က မကွဲဖို့ မရှဖို့ပဲ မဟုတ်လား.။"

ကျွန်တော် တင်ပြချင်တာ အဲဒါပါပဲ..။
ဒီနည်းက အဖြေကို အဓိကထားရှာဖွေတဲ့နည်း (Solution-Oriented Method)' ပါ...။
အဲဒီအိမ်ထောင်နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါ..။ ပြီးတော့.. ပြဿနာဖြေရှင်းတဲ့နည်း (၂) နည်းအနက် ဘယ်နည်းကိုသုံးရင် ကောင်းမယ်ဆိုတာ ကိုယ့်ဘာသာကိုယ်ပဲ တွေးကြည့်ကြစေချင်ပါတယ်...

(မင်းခိုက်စိုးစန်)
##############################
ကျွန်တော်ကြိုက်တဲ့ စာစုလေးတွေပါ....
သူငယ်ချင်းများအားလုံးကို မျှဝေခံစားစေလျက်...