b သူရဲကောင်းကြယ်: July 2014
•Tuesday, July 01, 2014
ကျွန်တော် ငယ်ငယ်က စာဖတ်ဝါသနာ အတော်ကြီးခဲ့ဖူးတယ်ဗျ.. အဲ ဖတ်လိုက်ရင်လည်း ဆရာကြီး မင်းသိင်္ခရဲ့ စုံထောက်ဝတ္ထုတွေရယ်၊ တာရာမင်းဝေရဲ့ အချစ်ဝတ္ထုတွေအဖတ်များခဲ့တယ်..ပြီးတော့ နီကိုရဲ.. ခုတော့ ဒီစာရေးဆရာကြီးတွေ မရှိတော့ပေမဲ့ သူတို့စာတွေကနေ တဆင့် သူတို့ရဲ့ စိတ်ထားတွေ ကူးစက်ခဲ့ဖူးတယ် ဖြစ်ချင်တာဖြစ် မောင်ဘချစ် ဝတ္ထုကို ဖတ်ပြီးတဲ့နောက်ပိုင်း ဇာတ်လမ်းထဲက မောင်ဘချစ်ဟာ ကျွန်တော်ကိုယ်တိုင် ဖြစ်လာခဲ့ဖူးတယ်။ စိတ်ညစ်တယ်လို့ သူငယ်ချင်းတွေဆီက ကြားတဲ့အခါ တပည့်တွေဆီက ကြားတဲ့အခါ ချစ်သူဆီက ကြားတဲ့အခါ ကျွန်တော် စိတ်ညစ်ခြင်းတွေ နေရာရွေ့တတ်လာခဲ့တယ်။ ကလေးဘဝမှတ်မှတ်ရရ စိတ်ညစ်ခဲ့ဖူးတဲ့ အချိန်တစ်ချိန်ရှိခဲ့ဖူးတယ်။ ဒုတိယတန်းတုန်းကပေါ့။ ကျွန်တော့် မိဘတွေက သာမန်ကုန်သည်မျိုးရိုးကပါ။ အဆင်းရဲကြီး မဟုတ်ခဲ့ပေမဲ့ မုန့်ဖိုးကိုင်သုံးနိုင်တဲ့ အနေအထားတော့ ရှိခဲ့ပါတယ်။ သူငယ်ချင်းတွေထဲမှာ ချမ်းသာတဲ့လူတွေရှိခဲ့ဖူးတယ်။ အရင်တုန်းကတော့ လူတိုင်းနဲ့ ပေါင်းပါတယ် တနေ့တော့ ချမ်းသာတဲ့ သူငယ်ချင်းရဲ့ ကွန်ပါဘူးထဲက ငွေ ငါးမူးပျောက်သွားတယ်ဗျ။ အတန်းထဲက ကျောင်းသားအားလုံးကို မတ်တပ်ရပ်စေပြီး ရှာတာပေါ့။ ကျွန်တော့် ကွန်ပါဗူးထဲက ငါးမူးစေ့ကို ပျောက်တဲ့ သူငယ်ချင်းက သူ့ငါးမူးပါဆိုပြီး ဆရာမကို ပြောပါတော့တယ်။ ရှက်ခြင်း ဒေါသဖြစ်ခြင်းတွေနဲ့ မျက်ရည်များစွာနဲ့ ဆရာမကို အိမ်ကပေးလိုက်တဲ့ အကြောင်းပြောပေမဲ့ ဆရာမက မယုံခဲ့ပါဘူး။ ချမ်းသာတဲ့ ကျောင်းသားပဲ ငါးမူးကိုင်နိုင်တဲ့ခေတ်ဆိုတော့ ကျွန်တော့်ကို ဆရာမက အထင်သေးခဲ့ပါတယ်။ ကျွန်တော့်မိဘကို အထင်သေးခြင်းရှိနေတဲ့ စိတ်ခံလည်းရှိနေလေတော့ မိဘကို မတိုင်ဖို့ ကျွန်တော့်ငွေ ငါးမူးပေး ချမ်းသာတဲ့ သူငယ်ချင်းကို ပေးလိုက်ပါတယ်။ အတန်းထဲမှာ သူခိုးတစ်ယောက်အဖြစ် ကျောင်းဆက်တက်နေခဲ့ ရတဲ့အချိန်တွေကို တော်တော်မုန်းခဲ့ဖူးပါတယ် မိဘတွေ စိတ်ဆင်းရဲမှာစိုးတာရယ်၊ ပြဿနာဖြစ်တိုင်း ကျွန်တော့်ကိုပဲ အရင်ဆုံး ဆုံးမလေ့ရှိတဲ့ မိဘတွေကြောင့် ဘာမှ ပြန်မပြောဖြစ်တာက များပါတယ်၊ သူငယ်ချင်းခုံမင်တဲ့ ကျွန်တော် ဘဝတူတွေကိုပဲ ရွေးပေါင်းတော့တယ်။ ဒုတိယတန်းကျောင်းသားလေးဆိုပေမဲ့ သူ့မှာလည်း သူ့သိက္ခာနဲ့ သူဆိုတာ ကျွန်တော့် ဆရာမကို သိစေချင်ခဲ့ဖူးတယ်။ ခုတော့ ဆရာမကို ကျေးဇူးတင်နေမိတယ်။ ဆရာမကြောင့် စိတ်ဓာတ်တွေ ရင့်ကျက်ခဲ့ပြီး ကိုယ့်လိပ်ပြာ ကိုယ်လုံခြင်းဖြင့် စိတ်အားငယ်မှုကို တွန်းလှန်နိုင်ခဲ့ဖူးတယ်။ အခံရခက်ခဲ့ပေမဲ့ အခုတော့ ကျင့်သားရလာခဲ့တယ်။ နောက်တကြိမ်က စတုတ္ထတန်းအောင်တော့ မိဘဆရာနှစ်ပတ်လည်နှင့် ဆုနှင်းသဘင်တစ်ခုမှာပေါ့။ ငယ်ကတည်းက ဘောင်းဘီအဝတ်များခဲ့တာက ပြဿနာကို ဖြစ်စေခဲ့တာပါ။ ဆုတက်ယူစဉ် စိတ်လှုပ်ရှားပြီး လူပုံအလည် ပုဆိုးကျွတ်ကျတာဗျ။ တစ်ပတ်လောက် အိမ်အပြင်မထွက်ရဲလောက်အောင် စိတ်ညစ်ခဲ့ဖူးပါတယ် ခုတော့လည်း စိတ်ညစ်တယ်ဆိုတဲ့ အရာတွေဟာ ပြန်ပြောလို့ ကောင်းတဲ့ ရယ်စရာဟာသတွေ ဖြစ်လာခဲ့တယ်။ ဒါ့ကြောင့် စိတ်ညစ်စရာကြုံတိုင်း စိတ်ထဲမှာ စွဲစွဲမြဲမြဲရှိနေတဲ့ စကားတစ်ခွန်းက ခုကြုံနေရတဲ့ ပြဿနာဟာ ဘာမှ မဟုတ်သေးဘူး။ ဒီထက်ကြီးမားတဲ့ ပြဿနာတွေ အများကြီး ကျန်သေးတယ်။ ဖြေရှင်းလို့ရတဲ့ ကိစ္စရပ်တိုင်းကို ပြဿနာလို့ နာမည် မတပ်တော့ပါဘူး။ ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ်တွေပဲလို့ ဖြေတွေးလေး တွေးတတ်လာတယ်။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက ဘဝတွေမှာ ဘာမှ စိတ်ညစ်စရာမလိုဘူး။ အချိန်တန်ရင် အားလုံးပြီးသွားမှာပါ။ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ထူးဆန်းတဲ့ ကိစ္စရပ်ဆိုတာ ဒီလောကမှာ ဘာမှ မရှိဘူးလို့ လက်ခံနိုင်လာတဲ့အထိ စိတ်ကို ကျင့်ခဲ့ဖူးတယ်။ ဒီစာစုက စိတ်ညစ်နေတဲ့ လူတွေကို တစ်ထောင့် တစ်နေရာကနေ ပြေလျော့နိုင်ပါစေ။ herostar