b သူရဲကောင်းကြယ်: ခရီးသွားမှတ်တမ်းများ
•Wednesday, September 22, 2010
အခါအခွင့်သင့်သဖြင့် ဥရောပ နိုင်ငံတော်တော်များများသို့ လည်ပတ်ခွင့်ရခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့အကြောင်း တင်ပြပါရစေ။


ပဲရစ် (Paris)

ပဲရစ်သည် ပြင်သစ်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ မြို့ဧရိယာသည် ၁၀၅ km² ဖြစ်ပြီး ပြင်သစ်နိုင်ငံ၏ အကြီးဆုံးမြို့လည်း ဖြစ်သည်။ 2007 ခုနှစ် စစ်တမ်းများအရ လူဦးရေ ၂ သန်းကျော်နေထိုင်သော မြို့လည်း ဖြစ်သည်။ စိန်းမြစ်သည် ပဲရစ်မြို့ဟောင်းကို ဖြတ်သန်းစီးဆင်းသည်။ ဂျာမနီမှ ပြင်သစ်သို့ သွားမည်ဆိုလျှင် ရထားလမ်း၊ ကားလမ်း၊ လေယာဉ် စသည်ဖြင့် အလွယ်တကူ သွားလာနိုင်သည်။ ဂျာမနီနိုင်ငံ Frankfurt (Main) မြို့မှ ပဲရစ်သည် ၆၇၈ Km (မိုင် ၄၂၀ ) ကွာဝေးသည်။ ICE (Intercity City Express) ဟုခေါ်သော အမြန်ရထားဖြင့် သွားမည်ဆိုပါက မိုင် ၄၂၀ ကျော်ကို ၃ နာရီ မိနစ် ၅၀ ဖြင့်ရောက်အောင်သွားနိုင်သည်။

ဘယ်လိုသွားမလဲ

ဂျာမနီမှ ဈေးအသက်သာဆုံးနည်းဖြင့် ခရီးသွားလာချင်ပါက www.bahn.de ဆိုဒ်တွင် ၂ လ ၃ လ ကြိုတင်၍ Booking လုပ်ထားနိုင်သည်။ ထိုသို့လုပ်ပါက 29 Euro ဖြင့် သွားလာနိုင်ပြီး ပုံမှန်ဈေးဖြင့် သွားလည်မည် ဆိုပါက ၁၀၆ ယူရိုမျှ ကုန်ကျမည် ဖြစ်သည်။ နောက်ထပ် ဈေးသက်သာ စေမည့် နည်းလမ်းတစ်ခုမှာ http://www.mitfahrgelegenheit.de/ ဟု ခေါ်သည့် ကိုယ်ပိုင်ကားကို ကပ်စီးသည့်နည်းဖြစ်သည်။ ကျွန်တော်တို့ဆီမှာတော့ Taxi နံပါတ်အနီဖြစ်မှသာ ခရီးသည် တင်ဆောင်ခွင့်ရှိသည်ဟု ကြားဖူးပါသည်။ ကိုယ့်ဆီမှာတော့ ကိုယ်ပိုင်ကားမောင်းနိုင်သူများကလည်း ဓာတ်ဆီဖိုးရရုံမျှဖြင့် သူစိမ်းခရီးသည်ကို တင်ဆောင်သွားလေ့ မရှိပါ။

ဂျာမနီမှာကတော့ ကိုယ်ပိုင်ကားစီးနိုင်သူများပင် ဖြစ်လင့်ကစား တစ်မြို့မှ တစ်မြို့သို့ ခရီးကြုံတင်သည့် စနစ်ရှိသည်။ http://www.mitfahrgelegenheit.de/ ဤဆိုဒ်တွင် မိမိနေထိုင်သည့်မြို့မှ မိမိသွားလိုသည့်မြို့သို့ ကားကြုံရှိမရှိ စုံစမ်းနိုင်သည်။ ကားကြုံရှိပါက ကီလိုမီတာ ၁၀၀ ကို ၅ ယူရိုနှုန်းဖြင့် အကြမ်းဖျင်းတောင်းလေ့ရှိသည်။ Weekend Tickets ကို ဝယ်ထားပြီး ရထားကို ရှယ်ယာလုပ်၍ စီးပါက အဆင်ပြေလျှင် ရထားအလကားစီးရသည့် အပြင် အမြတ်တောင် ထွက်နိုင်သည်။ ဂျာမနီမှာကတော့ ပြောတတ်ရင် လေယာဉ်တော့ မသိပါ၊ ရထားကိုတော့ တရားဝင် အလကားစီးနိုင်သည်။ ကျွန်တော်နေထိုင်ရာ Kaiserslautern မြို့မှ ပဲရစ်မြို့သည် ကီလိုမီတာ ၆၀၀ နီးပါးရှိသဖြင့် ကားခ ၃၀ ယူရို ပေးရပါသည်။ ပထမတော့ ၃၅ ယူရိုပေးရမည်ဟု ပြောပါသေးသည်။ အသွားအပြန်လိုက်မည်ဟု ပြောသဖြင့် ယူရို ၁၀ လျှော့ပေးပါသည်။ ပဲရစ်ခရီးစရိတ်သည် အသွားအပြန် ယူရို ၆၀ သာ ကျပါသည်။

ဘယ်လို တည်းမလဲ

တည်းခိုရာတွင်လည်း တည်ခိုးခန်း အမျိုးမျိုး ရှိပါသည်။ Pullman, MGallery, 5 star, Novotel ကဲ့သို့ အဆင့်မြင့် ဟိုတယ်ကြီးများတွင် တည်းမည်ဆိုပါက တစ်ညလျှင် ယူရို ၁၀၀ အထက်မှ ၅၀၀ အထိ သောက်သောက်လဲ ကုန်မှာ သေချာသည်။ ဈေးသက်သာတာကို ရွေးချယ်မည်ဆိုပါက Youth Hostel ဟုခေါ်သည့် လူငယ်များ တည်းခိုရာ ၄ ယောက် ၆ ယောက် ၈ ယောက် ပေါင်းအိပ်ရသည့် အဆောင်များတွင်လည်း တည်းခိုနိုင်သည်။

http://www.hostelbookers.com/ ဤဆိုဒ်တွင် မိမိသွားလိုသည့် မြို့ရှိ ဈေးအချိုဆုံး တည်းခိုခန်းများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်သည်။ ကျွန်တော်တို့တည်းခိုခဲ့တာကတော့ Novotel :) :) မဟုတ်ပါ။ Novotel ဘေးက Blue Planet Hostel ဟုအမည်ရသော လူငယ်ဆောင်တွင် တစ်ညကို ၁၆ ယူရို နှုန်းဖြင့် တည်းခိုခဲ့ပါသည်။ မနက်စာ အဖြစ် နှစ်သက်ရာ ကော်ဖီတစ်ခွက်နှင့် ပေါင်မုန့် နှစ်ချပ်လည်း ကျွေးပါသည်။ ဈေးသက်သာသော်လည်း အဆိုးဆုံးတစ်ခုမှာ ခြုံရန် ပေးထားသော စောင်များ ဖြစ်ပါသည်။ တော်တော်လေးကို ဟောင်းနွမ်းနေသဖြင့် အင်မတန် သည်းခံပြီး ခြုံခဲ့ရပါသည်။ကောင်းကောင်း အိပ်ရဖို့ထက် ကောင်းကောင်းလည်ရဖို့ကိုပဲ ဦးစားပေးခဲ့တာလည်း ပါမည်။

နှစ်ထပ် ကုတင်တွင် ဤကဲ့သို့သော စောင်များဖြင့် အိပ်စက်နိုင်မည် ဖြစ်သည်။

အစားအသောက်တွင်လည်း ဥရောပနိုင်ငံတွေရဲ့ ဘယ်မြို့ကြီးကိုပဲ ရောက်ရောက် Mc Donald 's နှင့် KFC ဆိုင်များကိုသာ မရမက ရှာလေ့ရှိပါသည်။ ထိုဆိုင်များသည် နိုင်ငံပင်ကွာသော်လည်း ပုံမှန် ဈေးနှုန်းများဖြင့်သာ ရောင်းချလေ့ရှိသောကြောင့် တစ်နပ်စာကို ၇ ယူရိုမျှဖြင့် စားသုံးနိုင်မည် ဖြစ်သည်။ ကြက်ကြော်ကြိုက်သူများကတော့ KFC ကိုရွေးလေ့ရှိပြီး ဘာဂါနှင့် အာလူးချောင်းကြိုက်သူများကတော့ Mc Donald's ကို ရွေးချယ်လေ့ရှိပါသည်။

ရထားလက်မှတ်များ

ပဲရစ်မှာကတော့ Bus, RER, Metro, T စသဖြင့် အစုံရှိပါသည်။ တစ်ခါစီး လက်မှတ် တစ်စောင်ကို 1.70 ယူရို ပေးရပါသည်။ ထိုလက်မှတ်သည် မိမိသွားလိုသည့် နေရာသို့ Zone 3 အတွင်း တစ်ကြောင်း သွားလာနိုင်သည်။ ၂ ရက် ၃ ရက်လည်ပတ်မည် ဆိုပါက 10 times tickets ကို ဝယ်သင့်ပါသည်။ လက်မှတ် ၁၀ စောင်ကို ၁၂ ယူရို ပေးရမည်ဖြစ်သည်။ ၁၀ နေရာစာ ၁၀ ခါ သုံးနိုင်မည် ဖြစ်သည်။ ပဲရစ်မြို့ကို Zone များ သတ်မှတ်ထားသဖြင့် ထိုလက်မှတ်သည် မြို့တွင်း ခရီးတို အဖြစ် Zone 3 အတွင်းသာ အသုံးပြုနိုင်မည် ဖြစ်သည်။ ပဲရစ်မြို့လည်နှင့် မိနစ် ၄၀ မျှ ဝေးသော ဗာဆိုင်းနန်းတော်သို့ သွားရောက်လည်ပတ်လိုပါက RER ဗာဆိုင်း လက်မှတ်ကို ဝယ်ယူရမည် ဖြစ်သည်။

ညပိုင်းတွင် ပဲရစ်မြို့သည် Light of the City ဟုခေါ်ရလောက်အောင်ပင် မီးရောင်စုံများဖြင့် အလွန်ပင် လှပပါသည်။ ညမထွက်ရအမိန့် ကာဖျူးထုတ်ထားခြင်းမရှိသဖြင့် ည ၂ နာရီ ၃ နာရီထိ ရထားများ ကားများက ဥဒဟို ပြေးဆွဲလျက် ရှိသည်။ မြေအောက် ဘူတာရုံများတွင် သတိမထားမိပါက နေ့နှင့် ညပင် မှားနိုင်သည်။

Eiffel Tower (အီဖဲ မျှော်စင်)

Iron Lady ဟုတင်စားခေါ်ဝေါ်ကြသည့် ပဲရစ်မြို့၏ သင်္ကေတ အီဖဲ မျှော်စင်ကို ၁၈၈၉ ခုနှစ် ဆောက်လုပ်ခဲ့ပါသည်။ မျှော်စင် ဒီဇိုင်း ရေးဆွဲသူ အင်ဂျင်နီယာ Gustave Eiffel ၏ နာမည်ကို အစွဲပြုပြီး အီဖဲ တာဝါဟု ခေါ်ဝေါ်ခဲ့ကြသည်။ အီဖဲတာဝါ၏ အလှအပကို ခံစားမည်ဆိုပါက နေ့ရော ညပါ ခံစားပါမှ လုံလောက်မည်ဟု ထင်ပါသည်။ ညဘက်တွင် မီးသီးအလုံးပေါင်း ၂ သောင်းကျော်၏ မီးရောင်စုံများဖြင့် လှပသောမျှော်စင်ကြီးကို မြင်တွေ့ရမည် ဖြစ်ပြီး နေ့ဘက်တွင် မြင်ခင်းစိမ်းများနှင့် ပဲရစ်တစ်မြို့လုံး၏ အထင်ကရ အဆောက်အဦးများကို တာဝါပေါ်မှ မြင်တွေ့နိုင်မည် ဖြစ်ပါသည်။

အီဖဲတာဝါ၏ ညအလှ ရှုခင်း

ပဲရစ်မျှော်စင်သည် ၃၂၄ မီတာ (၁၀၆၃ ပေ) မြင့်မားပြီး အမြင့်တူ အထပ်ပေါင်း ၈၁ ထပ်ဖြင့် တစ်ဆင့်ချင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ ဝန်ချီကရိန်းကြီးများ မပေါ်သေးမီကပင် လူ့လုပ်အားများဖြင့်သာ တည်ဆောက်ထားသော ကမ္ဘာ့အရှည်လျားဆုံး မျှော်စင် ဖြစ်ခဲ့ဖူးသည်။ ခရီးသွားဧည့်သည်များအတွက် အဆင့် ၃ ဆင့်ပါရှိပြီး ပထမအဆင့်သို့ ရောက်ရန် လှေကားထစ် ၃၀၀ ကျော် ရှိသည်။ ပထမအဆင့်မှ ဒုတိယအဆင့်သို့ရောက်ရန်လည်း လှေကား ၃၀၀ ကျော်မျှ ရှိသည်။ တတိယအဆင့် မျှော်စင်၏ ထိပ်ဆုံးသို့သွားလိုပါက ဓာတ်လှေကားဖြင့်သာ သွားရောက်ခွင့် ပြုထားသည်။

စက်တင်ဘာ ၂၀၁၀ ခုနှစ်၏ ဈေးနှုန်းအရ မျှော်စင်၏ ထိပ်ဆုံးအထိ တက်မည်ဆိုပါက ၁၃.၁၀ ယူရို ပေးရပြီး ဒုတိယအထပ်ထိသာ တက်မည်ဆိုပါက ၈.၁၀ ယူရိုပေးရမည် ဖြစ်သည်။ ဒုတိယထပ် အထိ ဓာတ်လှေကားဖြင့် သော်လည်းကောင်း၊ ရိုးရိုးလှေကားဖြင့် သော်လည်းကောင်း တက်ရောက်နိုင်သည်။ အီဖဲတာဝါ၏ အပေါ်ဆုံးထပ်တွင် နိုင်ငံတကာ အလံများနှင့် အီဖဲတာဝါမှ မည်မျှ ကွာဝေးသည်ကို ဖော်ပြထားသည့် ပုံများကို တွေ့မြင်နိုင်သည်။ အီဖဲတာဝါမှ မြန်မာနိုင်ငံ ရန်ကုန်မြို့သည် ၈၈၉၈ ကီလိုမီတာ ကွာဝေးသည်ဟု ဖော်ပြထားသောပုံကို ဤသို့ မြင်တွေ့ခဲ့ရသဖြင့် ဝမ်းသာမိသည်။



Louvre Palace (လူဘရေ နန်းတော် ပြတိုက်)

မိုနာလီဇာပန်းချီကားနှင့် ဗီးနပ်စ်ရုပ်တုတို့ရှိရာ ကမ္ဘာ့အကြီးဆုံးနှင့် အထင်ရှားဆုံးပြတိုက်ကြီး တစ်ခု ဖြစ်သည်။ နှစ်ပေါင်း ၇၀၀ ကျော်သက်တမ်းရှိသော နန်းတော်ဟောင်းကြီးကို ပြတိုက်အဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ ပြတိုက်အတွင်း၌ ပန်းချီ၊ ပန်းပု၊ ကျောက်ဆစ်ပညာစသည့် အနုပညာလက်ရာပေါင်းများစွာကို တွေ့မြင်ရမည် ဖြစ်သည်။

Les Invalides (စစ်သင်္ချိုင်း)

ကမ္ဘာ့စစ်ဘုရင် နပိုလီယန်၏ အုတ်ဂူနှင့် တကွ စစ်ပွဲများ၌ ကျဆုံးခဲ့သော ပြင်သစ်သူရဲကောင်းများ၏ အရိုးပြာများကို ထားရှိရာ နေရာဖြစ်သည်။ ၁၆၇၀ ခုနှစ်တွင် လူဝီ ၁၄ ဘုရင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဘဲဥပုံ အဆောက်အဦးကြီး အတွင်း၌ နပိုလီယန် ဘိုနာပတ်၏ သစ်သားအခေါင်းကြီး တစ်ခုရှိပြီး ဘေးပတ်ချာလည်တွင် အထင်ကရ စစ်သူရဲကောင်းများ၏ ခေါင်းတလားများကိုလည်း တွေ့မြင်နိုင်သည်။
နပိုလီယန် ဘိုနာပတ်၏ သစ်သားခေါင်း

အခြားပုံများနှင့် သမိုင်းကြောင်းကို အသေးစိပ်ဖတ်လိုပါက ဤနေရာတွင် ကြည့်နိုင်သည်။


ဗာဆိုင်းနန်းတော် (Palace of Versailles)

ပဲရစ်မြို့လည်နှင့် ကီလိုမီတာ ၂၀ ကျော်အကွာတွင် ရှိသော ဗာဆိုင်းနန်းတော်ကို သွားလိုပါက RER ရထားလက်မှတ်ကို ဝယ်ယူနိုင်ပြီး အသွားအပြန် ၆.၂၀ ယူရို ပေးရမည် ဖြစ်သည်။ ဗာဆိုင်းနန်းတော်ကို လည်မည်ဆိုလျှင် မနက်ပိုင်း စောစောသွားနိုင်လျှင် ပိုကောင်းသည်။ သို့မဟုတ်ပါက လက်မှတ်ဝယ်ရန် လူစောင့်ရသည်မှာ အနည်းဆုံး တစ်နာရီခန့် ကြာမြင့်တတ်သည်။ နန်းတော်တွင်း ဝင်ကြေးမှာ ၁၅ ယူရို ဖြစ်ပြီး ဘုရင့် ဥယျာဉ်တော် အတွင်းထိ ဝင်ရောက်လိုပါက ၂၅ ယူရို ဖြစ်သည်။ ဘူတာမှ ဆင်းဆင်းချင်းတွင် Mc Donal's ဆိုင်ရှိပြီး ကြိုတင်လက်မှတ်ကို ဝယ်သွားပါက ဦးစွာခွင့်ဝင်ရနိုင်မည် ဖြစ်သည်။ ကလေးတွဲလောင်းနှင့် မိသားစုလိုက်လည်မည်ဆိုလျှင် ဖြစ်စေ၊ အသက် ၆၀ အထက်လူကြီးများနှင့် Wheel Chair သမားများအတွက် အထူးအခွင့်အရေးအဖြစ် တန်းစီရန် မလိုပဲ Group Entrance မှ ဝင်ရောက် လည်ပတ်နိုင်မည် ဖြစ်သည်။ ဥရောနိုင်ငံသား ကျောင်းသား ဖြစ်ပါက ဝင်ကြေးမှာ အခမဲ့ ဖြစ်သည်။

နန်းတော် အတွင်း၌ ဘုရင့် ဆွေစဉ်မျိုးဆက်ပြဇယားနှင့်အတူ ခေတ်အဆက်ဆက်မှ ရေးဆွဲခဲ့သော ပန်ချီးကားများကို တွေ့မြင်နိုင်မည် ဖြစ်သည်။ ဘုရင့် စာဖတ်ခန်း၊ နားနေခန်း၊ အိပ်ခန်း စသဖြင့် အခန်းများစွာ ရှိသည်။ သမိုင်းကြောင်းများကို အလွယ်တကူ သိရှိနိုင်ရန် Audio Guide များကို ဘာသာစကား ဆယ်မျိုးဖြင့် မိမိနှစ်သက်ရာ ရွေးချယ်နားဆင်နိုင်သည်။ မိမိရောက်ရှိနေသော အခန်း၏ နံပါတ်ကို နှိပ်ရုံမျှဖြင့် ထိုအခန်းအတွင်းရှိ ပန်းချီ ပန်းပု လက်ရာတို့၏ သမိုင်းကြောင်းကို နှစ်သက်ရာ ဘာသာ စကားဖြင့် နားဆင်နိုင်သည်။ ဂျာမန်၊ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ပြင်သစ်၊ ဂျပန်၊ ရုရှား၊ ထိုင်း စသဖြင့် ဘာသာစကား ဆယ်မျိုးမျှ ပါရှိသော်လည်း မြန်မာ ဘာသာစကားကိုတော့ ထည့်သွင်းထားခြင်း မရှိသေးပေ။

၁၆၂၄ ခုနှစ်တွင် လူဝီ ၁၃ ဘုရင်က ဗာဆိုင်းရွာငယ်လေးတွင်
အမဲလိုက်ရင်း ခေတ္တနားခိုရန်အဖြစ် ဤနန်းတော်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ နန်းတော်နှင့် ဥယျာဉ် ဧရိယာသည် တစ်သောင်းရှစ်ထောင် စတုရန်း မီတာ ကျယ်ဝန်းသည်။


ဗာဆိုင်းနန်းတော်

ဆက်ရန်...




•Monday, May 03, 2010
ငယ်ငယ်က ကျောင်းမှာ အေသင်မြို့မှ အပြေးသမား ဆိုတာလေး သင်ခဲ့ဖူးတယ်။ ကမ္ဘာ့သမိုင်းစာအုပ်ထဲက ပုံပြင်တစ်ပုဒ်လို့ မှတ်ယူထားခဲ့ဖူးတယ်။ ခုတော့ မမျှော်လင့်ဘဲ အဲ့ဒီအပြေးသမားလေးရဲ့ အေသင်မြို့ကို ရောက်ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာက ပြန်လာတုန်းကတည်းက သွားလည်ဖို့ စိတ်ကူးထားပေမဲ့ ဒီလမှပဲ လည်ဖြစ်တော့တယ်။ ဒီခရီးစဉ်လေးမှာတော့ ထုံးစံအတိုင်းပါပဲ။ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်၊ ဆဲဖော်ဆဲဖက်သူငယ်ချင်းများနဲ့ မိတ်ဆွေအချို့ကို စုပြီး အားလုံး မြန်မာကျောင်းသား ၈ ယောက် သွားလည် ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၄၀၀ ကျော်လောက်ကတည်းက ရှိနေခဲ့တာဆိုတော့ ကမ္ဘာ့မြို့ဟောင်းကြီးတွေထဲက တစ်ခုပေါ့လေ။

ဂရိနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံရှိတဲ့ European Union အီးယူရဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခု လည်းဖြစ်ပါတယ်။ အေသင်ကတော့ ဂရိနိုင်ငံရဲ့မြို့တော်ဖြစ်ပြီး လူဦးရေ ၇ သိန်းကျော်နေထိုင်ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းကတော့ ကမ္ဘာ့ ၃၂ ခုမြောက် အချမ်းသာဆုံးမြို့တော် ဖြစ်ခဲ့ပါတယ်။ အသီနာ(Athena) ဆိုတဲ့ အေသင်မြို့တော်ကို စောင့်ရှောက်တဲ့ နတ်ဖုရားမရဲ့ နာမည်ကို ယူပြီး အေသင်မြို့လို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။


လည်မယ်ဆိုရင်


Germanwings Airline ကို ၂ လလောက်ကြိုတင် Booking လုပ်ထားတဲ့အတွက် အသွားအပြန်လေယာဉ်ခက ယူရို ၈၀ ကျော်ပဲ ကျပါတယ်။ Aristoteles Hotel (15 , Aharnon str. Vathi sq., Athens, Greece 10438) မှာလည်း ၂ လလောက်ကြိုတင် Booking လုပ်တဲ့အတွက် တစ်ညကို 12 ယူရိုနှုန်းနဲ့ ၄ ည တည်းခဲ့ပါတယ်။ ခရီးစဉ်တစ်ခုလုံးရဲ့ ကုန်ကျစရိတ်က ယူရို ၁၇၀ ကျော်ပဲ ကျပြီး လက်ဆောင်ဝယ်တာ စားတာနဲ့ ဆိုရင်တော့ ယူရို ၂၀၀ ကျော်နီးပါးပဲ ကျတဲ့အတွက် မြန်မာငွေ ၃ သိန်းနီးပါးနဲ့ အေသင်မြို့မှာ ၄ ည အိပ် ၅ ရက်ခရီးကို ပျော်ပျော်ကြီး ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။ သွားတတ်ရင် စရိတ်သက်သက်သာသာနဲ့ သွားနိုင်တဲ့အတွက် ဥရောပမှာ ခရီးသွားတွေက နေရာအနှံ့ပါပဲ။


ဂရိစကားကတော့ ကာလီမဲရာ (Good Morning) ဆိုတာလောက်ပဲ လေ့လာသွားပါတယ်။ အင်္ဂလိပ်စကားကို နေရာတိုင်းမှာ သုံးလို့ ရနေလို့ တော်သေးတယ်။ ဒီလိုနဲ့ ၂၀၁၀ ရဲ့ဧပြီ ၂၀ ရက်နေ့မှာတော့ Stuttgart မြို့လေယာဉ်ကွင်းကနေ မနက် ၇ နာရီလောက်မှာ ထွက်ခဲ့လိုက်ပါတယ်။ လေယာဉ်ပေါ်မှာ ၃ နာရီကြာစီးပြီးတဲ့ နောက်မှာတော့ အေသင်မြို့ကို ရောက်ပါတော့တယ်။ ဂျာမနီနဲ့ ဂရိက အချိန် တစ်နာရီ ကွာနေတဲ့အတွက် အချိန်တွေကို တစ်နာရီ ရှေ့တိုးရပါတယ်။ ဂျာမနီက အချိန်တစ်နာရီနောက်ကျနေတာပေါ့လေ။

Aristotle Hotel ကိုလည်း ရောက်ရော ညတုန်းက လေယာဉ်ကွင်းမှာ ညအိပ်စောင့်ထားရလို့ အိပ်ရေးပျက်တာရော၊ ခရီးပန်းတာရော၊ ဟိုတယ်က ကုတင်မွေ့ယာတွေက ကောင်းတာရောကြောင့် အနား ယူချင်နေပါတော့တယ်။ ဗိုက်ကလည်း တမနက်လုံး ဘာမှ စားမထားရသေးတော့ နီးစပ်ရာမှာ KFC ဆိုင်ကို ပြေးဝယ်ပြီး မနက်စာနဲ့ နေ့လည်စာကို ဟိုတယ်မှာ ပေါင်းစားလိုက်ပါတော့တယ်။ ဒီလိုနဲ့ နားပြီးတဲ့နောက် ညနေပိုင်းလောက်ရောက်မှ အမျိုးသားရှေးဟောင်းယဉ်ကျေးမှုပြတိုက် (National Archeological Museum) နဲ့ အေသင်ပိုလီတက် တက္ကသိုလ် (Athens Poly-tech University) ဘက်ကို အလည်သွားရင်း ညနေစာ ရှာဖွေ စားသောက်ကြပါတော့တယ်။ ဒါကတော့ ပိုလီတက်ကျောင်းထဲက ပုံလေးပါ။


ပထမရက်


ဒီနေ့ကတော့ အေသင်မြို့ရဲ့ အထင်ကရ နာမည်အကြီးဆုံးဖြစ်တဲ့ Acropolic တောင်ကုန်းဘက်ကို ရောက်ပါတယ်။ Acropolic ဆိုတာကတော့ ဂရိလို ရေးထားတာပါ။ အဓိပ္ပါယ်ကတော့ မြို့ရဲ့ အမြင့်ဆုံးနေရာလို့ ဆိုလိုပါတယ်။ ဒီတောင်ကုန်းထိပ်ကနေကြည့်လိုက်ရင် အေသင်မြို့ကြီးကို အပေါ်စီးကနေ အံ့မခန်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ခရစ်တော် မပေါ်ခင် ဘီစီ ၅၀၀ လောက်ကတည်းက ဂရိမှာ နတ်ဘုရားကိုးကွယ်မှုတွေ အားကောင်းခဲ့တော့ တောင်ကုန်းပေါ်မှာ နတ်ဘုရားကျောင်းတွေကို တွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကျော်လောက်တုန်းကတည်းက ဆောက်ထားတဲ့အဆောက်အဦးတွေဆိုပေမဲ့ မြင်ရတာ အံ့စရာပါပဲ။ မြတ်စွာဘုရားသခင်လည်း ဒီအဆောက်အဦးတွေ တွေ့သွားမှာပဲ တွေးနေမိပါသေးတယ်။ ဘုရားပွင့်တဲ့အချိန်နဲ့ ဒီနတ်ဘုရား ကိုးကွယ်မှုတွေ ပေါ်ထွန်းခဲ့တဲ့ နှစ်တွေက သိပ်လည်း မကွာဘူးလေ။



တောင်ကုန်းပေါ်မှာတော့ (Parthenon) ပါသီနွန်လို့ ခေါ်တဲ့ နတ်ဘုရားကျောင်းကြီးကို တွေ့မြင်ရပါတယ်။ အေသင်မြို့တော်ကို အကာအကွယ်ပေးတဲ့ ဂရိနတ်ဖုရားမ အသီနာတွက် ဆောက်လုပ်ပေးထားခြင်း ဖြစ်ပါတယ်။ ကီလိုဂရမ် ၅၀ ( 50 Kg) လေးတဲ့ သံတူနဲ့ ပေပေါ်တင်ထုရင်တောင် မကွဲတဲ့ စကျင်ကျောက်တုံးတွေနဲ့ ဆောက်လုပ်ထားတဲ့ နန်းတော် ဖြစ်ပါတယ်။ မာခြင်းအဆင့် (Mohs scale) မောစကေး ၄ နဲ့ ၅ ကြားမှာရှိတဲ့ စကျင်ကျောက်တွေနဲ့ ဆောက်လုပ်ခဲ့လို့ နှစ်ပေါင်း ထောင်ချီပြီး ခုချိန်ထိ မြင်တွေ့နေနိုင်ခြင်းဖြစ်ပါတယ်။ ဒီနတ်ဖုရားကျောင်းကို BC 447 မှာ ၉ နှစ်ကျော်ကြာ ဆောက်လုပ်ခဲ့ပါတယ်။ ရှေးခေတ်ဂရိလူမျိုးတွေရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု ပြယုဂ်တစ်ခုအဖြစ် ကြံ့ကံ့ခံ တည်ရှိနေမဲ့ နန်းတော်ဆောင်လို့ ဆိုပါတယ်။

အသီနာ နတ်ဖုရားမရဲ့ ကျောင်းဆောင်ဘေးမှာကတော့ အဲရစ်သွန် ကျောင်းဆောင်ကို တွေ့မြင်ရပါတယ်။ ဂရိသူရဲကောင်း Erichthonius အဲရစ်သိုးနီးယပ်စ်တွက် နတ်ကွန်းဗိမာန်ဖြစ်ပြီး ဂရိ ဒဏ္ဍာရီ ဘုရင် Erechtheus က သူသေဆုံးတဲ့အခါ ဒီကျောင်းဆောင်ရဲ့ ဘေးမှာ မြှုပ်နှံပေးဖို့ဆိုပြီး ဆောင်လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ နတ်သမီးတိုင်လုံးတွေနဲ့ မို့ ဒီကျောင်းဆောင်က ကမ္ဘာ့လှည့်ခရီးသည်တွေကို ဆွဲဆောင်အား ကောင်းစေ ပါတယ်။ ဒီနတ်ဖုရားကျောင်းလေးက ရာဇဝင်လေး ရှိတော့ နည်းနည်းလေး ပြောပြချင်ပါသေးတယ်။

အေသင်မှာက ဘီစီ ၅၀၀ စု အစစောပိုင်းကတည်းက ဒီမိုကရေစီထွန်းကားနေခဲ့ပြီလေ။ လူ့အခွင့်အရေး အပြည့်အဝရတယ်ဆိုပေမဲ့ အစပိုင်းမှာတော့ အမျိုးသမီးတွေ မဲပေးခွင့် မရကြပါဘူး။ ပန်ဒိုရာနဲ့ သူမရဲ့ သေတ္တာလေးအကြောင်းကြောင့်လည်း ဖြစ်မယ်ထင်တယ်။ ဂရိဒဏ္ဍာရီမှာ ပန်ဒိုရာ (Pandora ) ဆိုတာက နတ်ဘုရားတွေ ဖန်ဆင်းပေးလိုက်တဲ့ ပထမဆုံး လူသားအမျိုးသမီးလေးလေ။ သူမနဲ့ သူမရဲ့ သေတ္တာလေးအကြောင်း ပြောပြရမလား။ ဒါဆို အပိုင်း (၂)မှာ ဖတ်နော်။ :P :P

herostar
•Monday, May 03, 2010

ကမ္ဘာပေါ်မှာ အရင်တုန်းက ယောက်ျားတွေပဲ ရှိတာတဲ့လေ။ ပရပ်မီးသယပ်စ်ကို မကျေနပ်တာနဲ့ ဇုနတ်ဘုရားကြီးက လူသားတွေကို လက်စားချေဖို့ အမျိုးသမီးတစ်ဦးကို စတင်ဖန်ဆင်း ခဲ့တယ်တဲ့။ သူမဟာ ပန်ဒိုရာပေါ့။ ရှည်လျားသော ဆံပင်၊ တင့်တယ်သော ကိုယ်နေဟန်နဲ့ ချစ်ခင်စွဲမက်ဖွယ်ကောင်းတဲ့ ပန်ဒိုရာကို ဖန်ဆင်းပြီးတဲ့နောက်မှာတော့ လှပတဲ့ သေတ္တာလေးနဲ့ အတူ ကမ္ဘာမြေပေါ်ကို ပထမဆုံးအမျိုးသမီးလေး ခြေချခဲ့တယ်ဆိုပဲ။ ဇုနတ်ဘုရားကြီးက ပေးလိုက်တဲ့ သေတ္တာလေးကို တစ်သက်လုံး ဖွင့်မကြည့်ဖို့လည်း မှာလိုက်သေးတယ်တဲ့။ ယောက်ျားတွေချည်းပဲ ရှိတဲ့ ကမ္ဘာလောကကို စတင်ရောက်ရှိလာတဲ့ ပန်ဒိုရာကို ချစ်ခင်စွဲလန်းသွားသူကတော့ ပရပ်မီးသယပ်စ် ရဲ့ ညီတော် Epimetheus အပီမီးသယပ်စ်ပဲပေါ့။ အချစ်ဆိုတာ ဆန်းတော့ အဆန်းသားနော်။ သူတို့ လက်ထပ်လိုက်ကြပြီး နောက်မှာတော့ ပန်ဒိုရာက လှပတဲ့ သေတ္တာလေးကို မဖွင့်ဘဲ မနေနိုင်တော့ဘူးဆိုပဲ။

သေတ္တာကလေးကို ဖွင့်လိုက်တဲ့အခါ လှပတဲ့စီခြယ်မှုများတွေရဲ့ နောက်ကွယ်က ဇုနတ်မင်းရဲ့ လက်စားချေမှုကို ပန်ဒိုရာ သဘောပေါက်သွားတော့တယ်။ သေတ္တာအတွင်းမှာ နတ်ဘုရားတို့သိရှိ သမျှ မကောင်းဆိုးဝါး စိတ်ဓါတ်များကို ထည့်သွင်းထားတယ်လေ။ သေတ္တာဖုံးကိုဖွင့်လိုက်တာနဲ့ ၀မ်းနည်းခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ဒေါသထွက်ခြင်း၊ ရောဂါစွဲကပ်ခြင်း၊ ရူးသွပ်ခြင်းနှင့် အခြားရာပေါင်းများစွာသော မကောင်းတဲ့ စိတ်ဓာတ်တွ ထွက်ကျကုန်ပြီး အဲ့ဒီကတည်းက လူသားမျိုးနွယ်တစ်ခုလုံးကို ထာဝရနှိပ်စက်ဒုက္ခပေး နေတော့တာ ဒီနေ့ထိ ဆိုပါတော့။ သေတ္ထာတွင်းမှ အဲ့ဒီမကောင်းတဲ့ စိတ်ဓါတ်တွေ ထွက်ကုန်လို့ ပန်ဒိုရာကြောက်လန့်သွားခြဲ့ပီး သေတ္တာဖုံးကို အမြန်ဆုံးပြန်ပိတ်လိုက်ပေမဲ့ နောက်ကျသွားခဲ့တယ်လေ။

ပန်ဒိုရာ နောင်တရမိပေမဲ့ နတ်ဘုရားတွေရဲ့ လက်စားချေမှု အောင်မြင်သွားခဲ့တာပေါ့လေ။ ဒါပေမဲ့ သေတ္တာထဲမှာ စိတ်ဓါတ်တစ်ခု ကျန်ရှိနေ သေးကြောင်း ပန်ဒိုရာသိရှိခဲ့တယ်။ အဲ့ဒီ စိတ်ဓါတ်ကတော့ “မျှော်လင့်ခြင်း” (hope) ပဲ ဖြစ်ပါတော့တယ်။ ဒါ့ကြောင့် လူသားတွေဟာ ဒီနေ့ထိ မျှော်လင့်ချက် ကိုယ်စီနဲ့ အသက်ရှင်နေ ကြတယ်တဲ့လေ။ ဒါ့ကြောင့် ဒီကျောင်းဆောင်လေးမှာ အမျိုးသမီးပုံလေးကို တိုင်လုံးအဖြစ်ထုပြီး ဒီနေ့ထိတိုင် တွေ့မြင်နေရခြင်း ဖြစ်တယ်တဲ့။

ဒီနေရာတဝိုက်မှာကတော့ နတ်ဖုရားတွေတွက် ဆောက်လုပ်ထားတဲ့ ကျောင်းဆောင်တွေကို နေရာတော်တော်များများမှာ တွေ့မြင်ခဲ့ရပါတယ်။ ဒီကိုရောက်တော့ ကိုယ့်ဆီက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တို့ စုဝေးရာ ပုဂံဒေသကို သွားလည်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာမိပါတော့တယ်။

ဇုနတ်ဘုရားကျောင်း

ဒီနောက်မှာတော့ မိုးကောင်းကင်ကို အစိုးရတဲ့ Zeus ဇုနတ်ဘုရားကြီးရဲ့ ကျောင်းဆောင်ကို ရောက်ရှိခဲ့ပါတယ်။ နတ်ဘုရားတို့ရဲ့ ဘုရင်ဖြစ်တဲ့ ဇုနတ်မင်းကြီးရဲ့ ကျောင်းဆောင်ကြီးကတော့ ဂရိနတ်အားလုံး လာရောက်ပူဇော်နိုင်အောင် ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဇုနတ်မင်းကြီးကတော့ ဂရိမှာ အမြင့်ဆုံးတောင် ဖြစ်တဲ့ အိုလံပီယာတောင်ကုန်းကို အစိုးရတဲ့သူတဲ့လေ။ အဲ့ဒီတောင်ကုန်းကြီးရဲ့ နာမည်ကို အစွဲပြုပြီး ကမ္ဘာမှာ အိုလံပစ်အားကစားပြိုင်ပွဲတွေကို ဒီနေရာလေးမှာ စတင်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။ လေးနှစ်တစ်ကြိမ် ကျင်းပနေကျဖြစ်တဲ့ ကမ္ဘာ့အိုလံပစ်အားကစားပွဲတွေကို ၂၀၀၄ မှာ အေသင်၊ ၂၀၀၈ မှာ ဘီဂျင်း နဲ့ လာမဲ့ ၂၀၁၂ မှာတော့ လန်ဒန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။


ဒုတိယနေ့


ဒီနေ့မှာတော့ အိုလံပစ်အားကစားကွင်းကြီးဆီကို ရောက်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပွဲတွေ ကန်သွားခဲ့တဲ့ ကွင်းထဲမှာ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့ပါတယ်။ ဘီစီ ၇၇၆ ကနေ အေဒီ ၃၉၃ ထိ အေသင်မှာပဲ ပထမဆုံးကမ္ဘာ့အိုလံပစ်ပြိုင်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပါတယ်။ ၁၈၉၆ မှာတော့ ပထမဆုံးခေတ်ပေါ် အိုလံပစ်အားကစား ကျင်းပခဲ့ပါတယ်။

အိုလံပစ်ရဲ့ အမှတ်တံဆိပ်ကတော့ အဖြူရောင်အောက်ခံမှာ နီ၊ပြာ၊ဝါ၊စိမ်း၊နက် အရောင် ၅ မျိုးပါတဲ့ ကွင်းကလေးတွေကို ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အရောင်မတူပေမဲ့ ပေါင်းစည်းခြင်းပါ။ နိုင်ငံတိုင်းရဲ့ အလံတွေမှာ ဒီအရောင်တွေထဲက တစ်မျိုးမဟုတ် တစ်မျိုးပါဝင်နေကြပြီး အဲ့ဒီအရောင်လေးတွေ ပေါင်းစည်းနေကြသလို အားကစားစိတ်ဓာတ်နဲ့ နိုင်ငံအချင်းချင်း ပျော်ရွှင်ညီညွတ်စွာ ဆင်နွှဲခြင်းကို ဆိုလိုပါတယ်။ ၁၉၁၂ ခုနှစ်မှာ ပြင်သစ်လူမျိုး Baron Pierre က ဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပြီး မူလအတွေးကတော့ အိုလံပစ်စတင်ကျင်းပတုန်းက ပါဝင်ခဲ့တဲ့ တိုက်ကြီး ၅ တိုက်ကို အရောင် ၅ မျိုးနဲ့ ကိုယ်စားပြုဖော်ပြခဲ့တာ ဖြစ်ပါတယ်။


အေသင်မှာ လျှောက်လည်ရတာ ကျောင်းသားတွေတွက် တကယ့် အခွင့်အရေးကောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ သာမန်အားဖြင့် Acropolic လိုတောင်ကုန်းပေါ်ကို တက်မယ်ဆိုရင် ၁၂ ယူရိုပေးရပါတယ်။ ကျွန်တော်တို့ ကျောင်းသား ၈ ယောက်လုံးမှာ အီးယူကျောင်းသားကဒ်တွေ ပါသွားတာဆိုတော့ ဥရောပ ကျောင်းသားဆိုရင် တစ်ပြားမှ မယူပါဘူး၊ ပြတိုက်ဝင်ကြေး၊ ဘာကြေး၊ ညာကြေး ဘာမှကို ပေးစရာမလိုတဲ့ မြို့ပေါ့။ ပြီးတော့ 24 hours ticket တစ်စောင်မှ ၃ ယူရိုပဲပေးရပါတယ်။ ဒါ ဝယ်ထားလိုက်ရင် Metro ပဲ စီးစီး၊ Bus ကားပဲ စီးစီး ကြိုက်ရာစီးလို့ ရပါပြီ။ အေသင်မှာက နီ၊ ပြာ၊ စိမ်း ဆိုပြီး Metro လိုင်းက ၃ လိုင်းပဲ ရှိလေတော့ သွားရတာ လွယ်ကူပါတယ်။

ဒါ့ကြောင့် အားကစားကွင်းကအပြန် ညနေဘက်မှာတော့ ဂလိုက်ဖားရားကမ်းခြေဘက်ကို ရောက်ဖြစ်ပါတယ်။ အေသင်ကမ်းခြေမှာ လေညှင်းခံရင် ကျွန်တော့် ရောင်းရင်းတွေကတော့ ကမ်းခြေက ဆိုင်ထဲမှာ ပင်လယ်စာတွေကို အားပါးတရ စားခဲ့ကြတယ်ဆိုပဲ။ ကျွန်တော်ကတော့ ဂရိကော်ဖီလေးကို သောက်ရင်း မြေထဲပင်လယ်ရဲ့ ကမ်းခြေအလှကို တစ်နာရီနီးပါး ထိုင်ကြည့်ဖြစ်ခဲ့ပါတယ်။


ဂရိကော်ဖီ

ကမ်းခြေမှာ ရေကစားကြပြီး အဖွဲ့လိုက် ဓာတ်ပုံတွေ ရိုက်ကြပါတယ်။ အဲ့ဒီနောက်မှာတော့ Hot Dog လေးစားပြီး ဟိုတယ်ကို ပြန်ခဲ့ပါတော့တယ်။
•Monday, May 03, 2010
တတိယနေ့

တစ်ရက်မှာ ၁၂ ယူရိုပဲ ပေးရပေမဲ့ ဟိုတယ်က ကျွေးတဲ့ မနက်စာကတော့ တော်တော်လေးကောင်းပါတယ်။ တန်တယ်လို့ ပြောလို့ရပါတယ်။ မနက်စာစားပြီးတာနဲ့ အမျိုးသားရှေးဟောင်းယဉ်ကျေးမှုပြတိုက် (National Archeological Museum) ဖွင့်တဲ့အချိန်နဲ့က အံကျပါပဲ။ အေသင်မှာ ပြတိုက်တွေက ညနေ ၃ နာရီဆို ပိတ်တာက များပါတယ်။ နတ်ဘုရားရုပ်တွေကို ပြသထားတဲ့ ပြတိုက်ဆိုတော့ သူတို့ နတ်ဘုရားတွေရဲ့ ပုံစံအတိုင်း လိုက်တုပြီး ဓာတ်ပုံရိုက်တာတို့၊ ထိတာ ကိုင်တာတို့ဆိုရင် သူတို့ အားကြီး စိတ်ဆိုးကြပါတယ်။ ပြတိုက်ထဲက အရုပ်တွေနဲ့ ဓာတ်ပုံရိုက်တိုင်း သူတို့က သေသေချာချာ လိုက်ကြည့်နေပါတော့တယ်။

ဒါတွေကတော့ ပြတိုက်ထဲမှာ
ရိုက်ဖြစ်ခဲ့တဲ့ ပုံတွေ ဖြစ်ပါတယ်။

၂ နာရီခွဲလောက် လျှောက်ကြည့်ပြီးတဲ့နောက်မှာတော့ ပင်လယ်ကို အစိုးရတဲ့ နတ်ဖုရားကြီး ( Poseidon ) ပိုဆီဒွန်ရဲ့ ကျောင်းတော်ရှိရာကို ရောက်ခဲ့ပါတယ်။ Sounion အငူပေါ်မှာ တည်ရှိပြီး ကမ္ဘာပေါ်မှာ အသက်ရှူလို့ အကောင်းဆုံးနေရာလို့ ပြောကြတယ်လေ။ ဒီနေရာလေးကတော့ နေဝင်ချိန်ကို ကြည့်ရှုခံစား ရင်း ဘဝအမောတွေကို ပြေစေတဲ့ နေရာလို့ နာမည်ကြီးပါတယ်။

ပိုဆီဒွန် ဘုရားကျောင်းပုံ



ကျွန်တော်တို့ အဖွဲ့လည်း ဆိုနီယွန် ပင်လယ်ကွေ့က ကျွန်းဆွယ်လေးပေါ်မှာ ပင်လယ်ပြင်ကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေနုအေးတွေကို အားပါးတရ ရှုသွင်းကြရင်း ညနေဆည်းဆာအလှကို ခံစားခဲ့ကြပါတယ်။ ပင်လယ်ကို ငေးရတဲ့အခါ လွတ်လပ်ခြင်း၊ ကျယ်ပြန့်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ ရောက်ရှိလာသလို ဖြစ်မိပါတယ်။ နေဝင်ချိန်လေးမှာတော့ ၅.၇ ယူရို ပေးရတဲ့ Bus ကားကို ၂ နာရီကြာစီးပြီး အေသင်မြို့ထဲကို ပြန်လာခဲ့ကြပါတော့တယ်။ ဒါကတော့ နေဝင်ချိန် ရှုခင်းလေးပါ။


နောက်နေ့ မနက်မှာတော့ အေသင်မြို့ကနေ မနက် ၁၀ နာရီ ၁၀ မိနစ်လေယာဉ်နဲ့ ဂျာမနီကို ပြန်လာခဲ့ ပါတော့တယ်။ အိုင်ယာလန်မှာ မီးတောင်ပေါက်ခါနီးလို့ ပြာမှုန်တွေ ထွက်နေတာနဲ့ လေယာဉ်တွေ ပျံသန်းမှုရပ်ဆိုင်းနေချိန်၊ ဂရိမှာ စီးပွားပျက်ကပ်ဆိုက်လို့ အေသင်မှာ ဗုံးခွဲသံတွေ၊ ဆန္ဒပြတဲ့သူတွေနဲ့ ရှုပ်ရှက်ခတ်နေတယ်လို့ ပြောနေတဲ့အချိန် ကျွန်တော်တို့တွေကတော့ အေးချမ်းစွာ၊ အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ပါတယ်။ အမှတ်တရအဖြစ် သူငယ်ချင်းတွေပါ လည်လို့ ရအောင် မှတ်မိသမျှ တင်ပြလိုက်ရပါတယ်။ ခရီးတစ်ခု ထွက်ဖြစ်တိုင်း မိတ်ဆွေတွေကို သတိရမိနေတတ်တာ ကျွန်တော်ပေါ့ဗျာ။ ပန်ဒိုရာရဲ့ သေတ္တာလေးထဲက မျှော်လင့်ချက်ဆိုတာလေးကို လက်တွဲပြီး နေ့စဉ်ဘဝတွေမှာ ကြိုးစား ရုန်းကန်ရင်း ဘဝကို ပျော်ပျော်ကြီး နေသွားကြတာပေါ့။

P.S ဂရိနတ်ဘုရားတွေနဲ့ နတ်ဖုရားမတွေအကြောင်း ထပ်သိချင်စိတ်များ ရှိခဲ့မယ်ဆိုရင် Michelle M. Houle ရေးသားထားတာကို စာရေးဆရာ မောင်သစ်စိမ်း ဘာသာပြန်ထားတဲ့ စာအုပ်လေး ရှိပါတယ်။

ဒါလေးက မြန်မာပြန် စာအုပ်လေးပါ။ ဒီနေရာ မှာ ဒေါင်းလုပ်ရယူပါ။
ဒါလေးက မူရင်း စာအုပ်လေးပါ။ အင်္ဂလိပ်လို ဖတ်ရင် မေးခွန်းနဲ့ အဖြေတွေပါ တွေ့ရမှာပါ။ ဒီနေရာလေးမှာ ဒေါင်းလုပ်ရယူပါ။

ခင်မင်လေးစားစွာဖြင့်

herostar
•Tuesday, March 16, 2010
အတိတ်ရဲ့ အရိပ် မြန်မာရုပ်ရှင်ကား ကြော်ငြာများကို ကြည့်ပြီးနောက် ဆွတ်ဇာလန်ကို သွားလည်ချင်စိတ်များ ထိန်းမရဖြစ်ခဲ့သည်။ အိန္ဒြာကျော်ဇင်နဲ့ ဒါရိုက်တာ ဇင်ယော်မောင်မောင်တို့ ရုပ်ရှင်ရိုက်ကူးခဲ့ရာ နေရာများကို အပြင်မှာလည်း ကိုယ်တိုင်မြင်ဖူးချင်သည်။ ဒါနဲ့ပဲ ဒီခရီးစဉ်လေးကို စီစဉ်ဖြစ်ခဲ့သည်။
ဒီအိမ်လေးမှာ နွေရာသီလာနေလိုက်ချင်ရဲ့

ဆွတ်ဇာလန်ကို သွားလည်မယ်ဆိုတော့ လည်စရာမြို့ကို ဦးစွာရွေးချယ်ရသည်။ မြို့တော်ဖြစ်တဲ့ Bern ကို မလည်တော့ဘဲ ဆွတ်ဇာလန်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Zurich ကိုပဲ ရွေးချယ်လိုက်သည်။ ဇူးရစ်မြို့သည် ၂၀၀၉ ခုနှစ်ရဲ့ လေ့လာချက်အရ နော်ဝေးနိုင်ငံမှာ ရှိတဲ့ အော်စလို မြို့ပြီးရင် ကမ္ဘာ့ဈေးအကြီးဆုံးနဲ့ အချမ်းသာဆုံးမြို့တော် တစ်ခုဖြစ်သည်။ သွားလည်တုန်းကတော့ အဲလောက်ဈေးကြီးတဲ့ မြို့လို့ မသိခဲ့ပါဘူး။ ပြန်လာမှ ဟိုရှာဒီရှာ ရှာကြည့်မှ ဒီဆိုဒ်မှာ ရေးထားတာကို တွေ့ခဲ့တာပါ။

12.03.2010 သောကြာနေ့ နေ့လည် (၂)နာရီလောက်မှာ ဂျာမနီနိုင်ငံ Heidelberg ကနေ စထွက်ခဲ့တာပေါ့ ဇူးရစ်မြို့ကို ညနေဘက် ၆ နာရီလောက်မှာ ရောက်ပါတယ်။ ရောက်တယ်ဆိုရင်ပဲ ဆွတ်ဇာလန်နိုင်ငံဟာ EU နိုင်ငံတွေမှာ ပါဝင်ထားခြင်းမရှိသေးတဲ့အတွက် ယူရိုငွေကို သုံးလို့မရတဲ့ ပြဿနာကို စတွေ့ရပါတယ်။ ဒါနဲ့ ပါသွားတဲ့ ယူရိုကို သူတို့ဆွတ်ဇာလန်ငွေဖြစ်တဲ့ Swiss Franc နဲ့ စလဲရပါတော့တယ်။ ပြီးတော့ လိုအပ်တဲ့ ရထားလက်မှတ်တွေကို ဝယ်ယူခဲ့ပါတယ်။ ဆွတ်ဇာလန်ကို လာရတဲ့ အဓိကရည်၇ွယ်ချက် နှစ်ခုရှိပါတယ်။

တစ်ခုကတော့ ရေခဲတွေဖုံးနေတဲ့ ဆွတ်ဇာလန်က Alps တောင်တန်းတွေပေါ်မှာ လမ်းလျှောက်ဖူးချင်လို့ပါ။ နောက်တစ်ခု ကတော့ အတိတ်ရဲ့ အရိပ်ဇာတ်ကားထဲက မင်းသား ကိုအောင်သူရတို့ ရုပ်ရှင်ရိုက်ကူးခဲ့ရာ နေရာများကို အပြင်မှာ မြင်တွေ့ဖူးချင်လို့ပါ။ ဒါနဲ့ပဲ ဇူးရစ်ကို မသွားခင်လိုအပ်တဲ့ အချက်အလက်များကို ရှာဖွေဖတ်ရှုပြီး ဟိုတယ်နဲ့ ရထားလက်မှတ်များကို Booking လုပ်ရပါတော့တယ်။

လူဦးရေ ၇ သန်းကျော်ပဲ ရှိတဲ့ ဆွတ်ဇာလန်နိုင်ငံဟာ ကုန်းပိတ်နိုင်ငံတစ်ခုဖြစ်ပါတယ်။ ပင်လယ်နဲ့ ထိစပ်နေတဲ့ နိုင်ငံဧရိယာမရှိဘူးပေါ့လေ။ ဒါပေမဲ့ ဒီနိုင်ငံလေးက ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ အံ့သြစရာကောင်းတာ တစ်ခုက နိုင်ငံဧရိယာ စတုရန်းမိုင် တစ်သောင်းခွဲ (၁၅၉၄၉) သာသာ ရှိတဲ့ ဒီနိုင်ငံလေးမှာ ဒေသစိတ်နယ်မြေ ၂၆ ခုရှိနေခြင်းပဲ ဖြစ်ပါတယ်။ ဒေသစိတ်နယ်မြေတွေကို ဇုံအလိုက်သတ်မှတ်ထားပြီး နယ်မြေတစ်ခုစီမှာ သက်ဆိုင်ရာ အစိုးရအဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေဆိုတော့ လူဦးရေ တစ်သိန်းက တောင်းဆိုမှု တစ်ခုပြုလုပ်လာပြီဆိုရင် အစိုးရအဖွဲ့က ပြည်သူအားလုံးကို အဆိုတင်သွင်းပြီး မဲခွဲဆုံးဖြတ်ကြပါတယ်။

ပြည်သူတွေရဲ့ ထောက်ခံမှုမရလို့ အခုအချိန်ထိ EU ငွေကြေးကို သုံးစွဲတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ခြင်းလည်း မရှိလေတော့ ကျွန်တော်တို့လို ခရီးသွားတွေအတွက် သူတို့ဆီမှာ သူတို့ရဲ့ Swiss Franc ငွေကို မဖြစ်မနေ လဲရတော့တာပေါ့လေ။ နိုင်ငံအကြီးအသေးထက် သူတို့လူမျိုးတွေရဲ့ စွမ်းဆောင်အားတွေကတော့ အတော်လေးကို လေးစားဖို့ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့စီးပွားရေး ရုံးထိုင်ရာအရပ် (The World Economic Forum (WEF) ကလည်း ဒီမှာပဲ ရှိနေလို့ပါ။ နောက်ပြီး ကမ္ဘာ့အိုလံပစ်ကော်မတီ၊ ကမ္ဘာ့ကြက်ခြေနီ၊ ကမ္ဘာ့ကုန်သည်ကြီးများ အဖွဲ့၊ဒုတိယအကြီးဆုံး ကမ္ဘာ့ကုလသမဂ္ဂရုံးခွဲ တွေကို ဒီနိုင်ငံမှာ ရှိနေလို့ပါပဲ။

လူဦးရေ ၇ သန်းကျော်လောက်ပဲ ရှိပေမဲ့ ရုံးသုံးဘာသာစကားက ဂျာမန်၊ ပြင်သစ်၊ အီတာလျှံ၊ ရိုမန်းနစ် ဆိုပြီး လေးမျိုးကွဲနေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဖွဲ့သွားလည်ဖြစ်ခဲ့တဲ့ Zurich မြို့လေးကတော့ ဂျာမန်စကားပြောတဲ့ အထဲမှာပါလေတော့ သွားရလာရ မေးရမြန်းရတာ အဆင်ပြေခဲ့ပါတယ်။ စရောက်တဲ့နေမှာပဲ Kloten မှာရှိတဲ့ ကျွန်တော်တို့တည်းမဲ့ တည်းခိုခန်း Hotel Welcome Inn ကို အရင်ရောက်အောင် သွားပြီး အထုပ် အပိုးတွေကို ထားပါတယ်။ အဲဒီနောက်မှာတော့ ညဘက် ၈ နာရီလောက်မှာ မြို့ထဲကို အလည် ထွက်ခဲ့ပါတယ်။ Zone 10 Ticket ကို 12.40 CHF (Swiss Franc) ပေးရပါတယ်။ အဲဒီလက်မှတ်က ဒီဇုံ ၁၀ မှာတော့ ကြိုက်တဲ့နေရာကို ၂၄ နာရီအတွင်း ကြိုက်သလို သွားလို့ရတဲ့ ရထားလက်မှတ်ဖြစ်ပါတယ်။

ဇူးရစ်မြို့ရဲ့ ညဘက်ရှုခင်းတွေကို ခံစားဖို့ ထွက်လာခဲ့ပါတော့တယ်။ တိုးတက်ပြီးသား နိုင်ငံတွေဆိုတော့လည်း လျှပ်စစ်မီးက မျက်တောင်တခတ်လောက်ကို မပျက်လေတော့ စိတ်ချမ်းသာရပါတယ်။ ပဲရစ်တုန်းကလို ညဘက်လျှပ်စစ်မီးတွေနဲ့ လှနေမယ်လို့ ထင်ထားပေမဲ့ တကယ်တမ်းကျတော့ မဟုတ်ခဲ့ပါ။ ရထားပတ်စီးပြီး မြို့အလှကို ခံစားမယ်လို့ တွေးပြီး ရထားပတ်စီးတော့လည်း လမ်းမတွေပေါ်မှာ လူတွေကို တွေ့ရခဲပါတယ်။ လူတွေက ရထားတွေပေါ်မှာပဲ ရောက်နေတာလည်း ပါမှာပေါ့လေ။ ဇူးရစ်မြို့ရဲ့ အဓိက ဇူးရစ်ကန်ကြီးကိုပဲ ရထားပေါ်ကနေ ကြည့်ဖြစ်ပါတယ်။

လူငယ်အများစုကတော့ ဘူတာရုံမှာ စုရပ်လုပ်ပြီး ဘီယာအတူ သောက်နေတဲ့ ကောင်မလေးတွေနဲ့ ကောင်လေးတွေကို တွေ့ရပါတယ်။ ရောက်စရက်မှာတော့ ကားစီးရတာ ခရီးပန်းတာနဲ့ နောက်နေ့သွားမဲ့ ခရီးအတွက် ပြင်ဆင်ရင်း မိုးချုပ်ခဲ့ပါတော့တယ်။ ရီဂီတောင်ကို တက်ဖို့ ရထားခကတော့ Kloten ကနေ အသွားအပြန် 84.20 CHF ကျပါတယ်။ ၂ ရက်လည်တဲ့ ရထားခ အားလုံးက ယူရို ၈၀ လောက်ကျပါတယ်။

ဒီနေ့ခရီးစဉ်ကတော့ Rigi တောင်ကို တက်ဖို့ပါပဲ။ ဆွတ်ခ်ျ အဲလ်ပတ်စ်တောင်တန်းတွေပေါ်မှာ လမ်းလျှောက်ခဲ့ ဖူးချင်ရုံလေးပါ။ ရီဂီတောင်ဟာ ပေ ၆၀၀၀ နီးပါး မြင့်ပါတယ်။ ဒီတောင်ပေါ်မှာ စကိတ်စီးတဲ့သူတွေများပါတယ်။ သဘာဝရှုခင်းတွေ သာယာတာရယ်၊ တောင်တန်းတွေကြားက ရေကန်ကြီးတွေကို မြင်တွေ့ရတာရောကြောင့် အိပ်ရာဝင်ပုံပြင်တွေထဲက နတ်ရေကန်တွေကို တွေ့ရသလို သာယာဖွယ် ရှုခင်းတွေကို ခုလို တွေ့မြင်ခဲ့ရပါတယ်။

ပေ ၃၀၀၀ ကျော်သာမြင့်တဲ့ ပြင်ဦးလွင်ကို ရထားနဲ့ တက်ခဲ့ရတုန်းက ဘဝမှာ ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရဖူးပါတယ်။ ရထားတွေက ပထမလွန်းထိုးကနေ စတုတ္ထလွန်းထိုးထိ လွန်းခဏခဏထိုးပြီး တက်ရလေတော့ ကြောက်ဖွယ်လည်းကောင်း ပျော်စရာလည်း ကောင်းခဲ့ပေမဲ့ တစ်ခါပဲ စီးခဲ့ဖူးပြီး နောက်မစီးရဲတော့ပါ။ ခုတော့ ပေ ၆၀၀၀ ကျော်မြင့်တဲ့ ဒီ ရီဂီတောင်ထိပ်ပေါ်ကို ရထားနဲ့ တက်ရတယ်ဆိုပေမဲ့ သိပ်မကြောက်မိပါ။ လျှပ်စစ်ရထားတွေဆိုတော့ မြန်လည်း မြန်၊ စိတ်လည်း ချရပါတယ်။ တောင်ပေါ်မှာ ၄ နာရီကြာလောက် ဓာတ်ပုံတွေရိုက်လမ်းတွေ လျှောက်နဲ့ ပျော်စရာကောင်းခဲ့ပါတယ်။

ရီဂီတောင်ပေါ်မှ မြင်ကွင်းများ(၁)
ရီဂီတောင်ပေါ်မှ မြင်ကွင်းများ(၂)
ရီဂီတောင်ပေါ်မှ မြင်ကွင်းများ(၃)
ရီဂီတောင်ပေါ်မှ မြင်ကွင်းများ(၄)

Cable Car လို့ ခေါ်တဲ့ ကောင်းကင်ကားတွေကိုလည်း တွေ့ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Vitznau ဘက်မှာ ရှိတဲ့ Vierwaldstätt ကန်ကြီးကို ရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ညနေဘက်မှာ တည်းခိုရာ ဟိုတယ်ကို ပြန်လာခဲ့ပါတော့တယ်။

ကိုအောင်သူရနဲ့ ညနေဘက် ၈ နာရီလောက်မှာ ဇူးရစ်ဘူတာရုံမှာ ချိန်းလိုက်ပါတယ်။ ကိုအောင်သူရရဲ့ ရုပ်ရှင်ကားကို ကြည့်ထားလေတော့ သူ့ကို ကျွန်တော်တို့က မှတ်မိပါတယ်။ ဥရောပမှာ အာရှဘက်ကလာတဲ့ ရုပ်မျိုးက ရှာကလွယ်ပါတယ်။ ကျွန်တော်တို့အဖွဲ့က မင်းသားအတွက် ဂျာမနီဖြစ်လက်ဆောင်လေး သယ်လာ ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ အိုင်းစတိုင်း စာသင်ခဲ့တဲ့ တက္ကသိုလ်ဘက်ကို ရောက်ဖြစ်ပါတယ်။ ညဘက်ဆိုတော့ ဓာတ်ပုံရိုက်လို့ မကောင်းပေမဲ့ ဇူးရစ်မြို့အလှကို စက်မှုတက္ကသိုလ်ပေါ်ကနေ ခံစားရတာ ပီပြင်လှပါပေတယ်။ အိုင်းစတိုင်း ကျောင်းဆရာလုပ်ခဲ့ဖူးတဲ့ ဆွတ်ဇာလန်က ကျောင်းပဲ ဖြစ်ပါတယ်။
အိုင်းစတိုင်း တက်ခဲ့ဖူးတဲ့ ကျောင်း

UZH လို့ခေါ်တဲ့ ဇူးရစ်တက္ကသိုလ်ကိုလည်း တွေ့ခဲ့ရပါသေးတယ်။ ညဘက် ၉ နာရီလောက်မှာတော့ ကိုအောင်သူရ မိတ်ဆက်ပေးတာနဲ့ တန်ဂို (Tango) အကကို ကြည့်ခွင့်ရခဲ့ပါတယ်။ Argentine Tango, Uruguayan Tango, Ballroom tango , Finnish tango နဲ့ vintage tangos လို့ အကမျိုးစုံရှိတဲ့အနက် ကျွန်တော်တို့ ကြည့်ဖြစ်ခဲ့တာကတော့ အာဂျင်တီးနား တန်ဂိုအကပဲ ဖြစ်ပါတယ်။ ဒီတန်ဂိုအကဟာ လူသားမျိုးနွယ်စုရဲ့ ကမ္ဘာ့အမွေအနှစ်လို့ ယူနက်စကို (UNESCO) က ၂၀၀၉ ခုနှစ်မှာ ကြေငြာခဲ့ပါတယ်။

ဒီအကရဲ့ ထူးခြားချက်ကတော့ တစ်ဦးရဲ့ လှုပ်ရှားမှုကို တစ်ဦးက အာရုံခံစားပြီး အလိုက်သင့်ကရတဲ့ အကမျိုးဖြစ်ပါတယ်။ တန်ဂို ကသူနှစ်ဦးလုံးဟာ တစ်ဦးခေါင်းကို တစ်ဦးက မှီထားပြီး ဟန်ချက်ညီအောင် ကရတဲ့ သဘောပါ။ 2-4 or 4-4 တိုင်ပင်ရှိတဲ့ စည်းချက်မှန် တေးသွားကို ဖွင့်ပေးထားပြီး ကရခြင်းဖြစ်ပါတယ်။ အမျိုးသမီးရဲ့ ဘက်ဘက်လက်က အမျိုးသားရဲ့ ညာဘက် ပခုံးပေါ်မှာ တင်ထားရပြီး အမျိုးသားရဲ့ ညာဘက်လက်က အမျိုးသမီးရဲ့ ကျောပြင်ကို ထိန်းပေးပြီး ကတဲ့ အကဖြစ်ပါတယ်။ ရင်ချင်းအပ်ပြီး ခေါင်းချင်းထိထားချိန်မှာ တစ်ဦးရဲ့ အတွင်းစိတ်ကို တစ်ဦးက ခန့်မှန်း ပုံဖော်ကြပါတယ်။ တစ်ဦးရဲ့ လှုပ်ရှားမှုကို တစ်ဦးက အဆင်ပြေအောင် တွဲခေါ်ပြီး ကရတဲ့အကမို့ စိတ်ချင်းနီးစပ်ဖို့လိုတာပေါ့လေ။

ဒီကပွဲလေးကို ကြည့်ခွင့်ရဖို့ ဝင်ကြေးက Swiss Franc 20 ပေးရပါတယ်။ မြန်မာငွေနဲ့ဆို ၄ သောင်းနီးပါး လောက်ပေးရပေမဲ့ ကြည့်ရတာ တန်ပါတယ်။ ကျွန်တော်တို့ကတော့ ထိုင်ကြည့်ရုံသက်သက်ပေါ့လေ။ တန်ဂိုအကဆိုလို့ ခုမှကြားဖူးတာဆိုတော့လည်း ဘယ်သိပါ့မလဲလေ။ အဲလို သူတို့ရဲ့ အကတွေကို ဗွီဒီယို ရိုက်ယူခဲ့ပြီး ညဘက် ၁၂ လောက်မှာတော့ ဟိုတယ်ကို ပြန်ခဲ့ကြပါတော့တယ်။

ဒီနေ့မနက်မှာတော့ ကိုအောင်သူရက သူ့ကားလေးနဲ့ ဇူးရစ်မြို့ကို လိုက်လည်ပေးပါတယ်။ အတိတ်ရဲ့ အရိပ်ဇာတ်ကားရိုက်ခဲ့တဲ့ နေရာတွေကိုလည်း လိုက်ပြပါတယ်။
ဝီလီယမ်တဲလ်ရှေ့မှာ အမှတ်တရ

ဖြတ်ခဲ့တဲ့ လမ်းတလျှောက်မှာတော့ ဆွတ်ဇာလန်သူရဲကောင်း မုဆိုးကြီး ဝီလီယမ်တဲလ်ကို ဂုဏ်ပြုထားတဲ့ ရုပ်တုကြီးကိုတွေ့ခဲ့ပါတယ်။ သူရဲ့ ပုံပြင်လေးကိုလည်း ကြုံတုန်းဖောက်သည်ချလိုက်ပါရစေ။ သူ့ခေတ်မှာ သြစတီးရီးယားက သူတို့မြို့ကို သိမ်းပိုက်ထားပါတယ်။ မြို့စားကြီး ဖြစ်တဲ့ Gesseler (ဂက်စလာ) က သူ့ရဲ့ ဦးထုပ်ကို မြို့လည်ခေါင်ရဲ့ အမြင့်ဆုံးတိုင်ထိပ်မှာ ချိတ်ဆွဲထားပါတယ်။ လမ်းသွားလမ်းလာလူမှန်သမျှက သူ့ဦးထုပ်ကိုတွေ့ရင် အလေးပြုကြရပါတယ်။ သူ့ဦးထုပ်ကို အရိုအသေပေးပြီးမှ လိုရာခရီးကို ဆက်သွားကြရတယ်တဲ့လေ။

အဲလိုနဲ့ တနေ့တော့ မုဆိုးကြီး ဝီလီယမ်တဲလ် တစ်ယောက်က အဲဒီ ဦးထုပ်ကြီးကို အလေးပြုဖို့ မေ့လျော့သွားတယ်ဆိုပဲ။ ဒါကို သိတော့ မြို့စားကြီးက မုဆိုးကြီးကို အပြစ်ပေးတဲ့အနေနဲ့ သူ့ကို ဖမ်းချုပ်ထားလိုက်ပါတယ်။ ပြီးတော့မှ သူ့အချစ်ဆုံးသားလေးရဲ့ ခေါင်းပေါ်ကို ပန်းသီးတစ်လုံးတင်စေပြီး မှန်အောင်ပစ်ဖို့လည်း ဖိအားပေးပြီး စေခိုင်းပါတော့တယ်။ မတတ်နိုင်တဲ့အဆုံးမှာတော့ သားလေးရဲ့ ခေါင်းပေါ်က ပန်းသီးကို သူ့ရဲ့ မုဆိုးကိုင် လေးမြှားနဲ့ ပစ်ဖို့ လိုက်လျောရပါတော့တယ်။ ဖခင်တစ်ယောက်ရဲ့ သားသမီးအပေါ်မှာ ထားတဲ့မေတ္တာတရားကြောင့်ပဲလား သူ့ရဲ့ လေးပစ်ကျွမ်းကျင်မှုရောပါ ပေါင်းစပ်လိုက်လို့လား မသိပါဘူး။ သူ့သားခေါင်းပေါ်က ပန်းသီးကို ထိအောင် ပစ်နိုင်ခဲ့ပါတယ်။

မှန်အောင် ပစ်နိုင်ခဲ့လို့ သူ့ကို အပြစ်မှလွတ်မြောက်ခွင့် ပေးမယ်လို့ပြောပြီး ပစ်စေခဲ့တာပါ။ ထိအောင် ပစ်နိုင်ခဲ့တော့ မြို့စားကြီးက သဘောကျသွားပါတယ်။ သို့ပေမဲ့ သူ့မြှားကျည်တောက်ထဲက မြှားအပို တစ်လက်ကိုတွေ့သွားတော့ အကြောင်းရင်းကို မေးတာပေါ့လေ။ တဲလ်ကလည်း အမှန်တိုင်းပဲ ဖွင့်ပြောလိုက်ပါတယ်။ တကယ်လို့သာ ပန်းသီးကို မထိပဲ သူ့သားသာ အသက်ဆုံးရှုံးရမယ်ဆိုရင်လည်း မြို့စားကြီးကိုပါ ပစ်သတ်ဖို့ မြှားအပို တစ်လက်သူ့မှာ ရှိနေခဲ့ပါတယ်ပေါ့လေ။ ဒီအခါမှာတော့ မြို့စားကြီး စိတ်ဆိုးသွားပြီး တဲလ်ကို သူ့သင်္ဘောပေါ်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ကမ္ဘာ့စတုတ္ထအကြီးဆုံး ရေကန်ဖြစ်တဲ့ Lake Lucerne ကို ဖြတ်ပြီး တဲလ်ကို ဖမ်းဆီးလာရာမှာ လမ်းမှာ မုန်တိုင်းကျပြီး တဲလ် လွတ်မြောက်သွားပါတယ်။ နောက်ဆုံးမှာတော့ တဲလ်က သူ့ရဲ့ လေးနဲ့ မြို့စားကြီးကို ပစ်သတ်နိုင်ခဲ့ပါတယ်။

ဒီပုံပြင်လေးကတော့ မင်းသားကိုအောင်သူရပြောပြခဲ့တာပါ။ အဲဒီနောက်မှာတော့ ဇူးရစ်မြို့ရဲ့ အနောက်တောင် ဘက်မှာ ရှိတဲ့ ကီလိုမီတာ ၅၀ လောက်ဝေးတဲ့ Luzern မြို့ကို ရောက်ဖြစ်ခဲ့ပါတယ်။ ဒီမြို့ကလေးကတော့ Chapel Bridge ကြောင့် နာမည်ကြီးခြင်း ဖြစ်ပါတယ်။ ၁၄ ရာစုလောက်မှာ ပထမဆုံး စတည်ဆောက်ထားခဲ့တဲ့ ဥရောပရဲ့ သစ်သားတံတားတစ်ခု ဖြစ်ခဲ့ပါတယ်။ Reuss River မြစ်ကို ဖြတ်ဆောက်ထားပြီး ပေ ၆၇၀ ရှည်ပါတယ်။ ရေလည်ခေါင်မှာတော့ Water Tower တစ်ခုရှိပြီး အရင်တုန်းကတော့ ထောင်အဖြစ်လည်း သုံးခဲ့တယ်လို့ သိရပါတယ်။

လူဆန်မှာရှိတဲ့ သစ်သားတံတားလေး
တံတားအထဲက မျက်နှာစာတွေမှာ ဆွဲထားတဲ့ ပန်ချီကားတွေက နာမည်ကျော်ပါတယ်။ ၁၉၉၃ ခုနှစ်တုန်းက တံတားကြီး မီးလောင်သွားတော့ ခုဆို တချို့တလေကိုပဲ တွေ့ရပါတော့တယ်။ ရှုခင်းတွေ ကောင်းတာနဲ့ ဓာတ်ပုံတွေတော့ ရိုက်ယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကိုအောင်သူရနဲ့ အတူ နေ့လည်စာ အတူစားပြီး ဇူးရစ်မြို့ထဲကို ပြန်ခဲ့ပါတော့တယ်။ ခရီးတစ်ခု ထွက်ဖြစ်တိုင်း မြန်မာ့ အနုပညာလက်ရာတွေကို ကမ္ဘာ့လှည့် ခရီးသွားတွေ စိတ်ဝင်စားလာအောင် ဖော်ဆောင်လိုစိတ်များ တဖွားဖွား ပေါ်လာမိပါတယ်။ ဒီသစ်သားတံတားလေးကို မြင်ရတော့ ရွှေမန်းမြေက ဦးပိန်တံတားကို ပို သတိရမိတာပေါ့။


အပြန်ခရီးမှာတော့ ရန်ကုန်တိုင်း တစ်တိုင်းစာလောက်ရှိတဲ့ လူဦးရေနဲ့ စစ်ကိုင်းတိုင်းတစ်ဝက်လောက်ရှိတဲ့ နိုင်ငံဧရိယာသာ ရှိပေမဲ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်နေတဲ့ ကုန်းပိတ်နိုင်ငံ ဆွတ်ဇာလန်ကို အားကျနေမိပါတော့တယ်။ ဒီဘလော့လေးကို ဖတ်ပြီး ရွှေမြန်မာကို ရွှေခေတ်ရောက်အောင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာကြပါစေလို့ ဆုတောင်းနေမိပါရဲ့။

ခင်မင်လေးစားစွာဖြင့်

herostar
•Saturday, January 30, 2010
ဒီနေ့တော့ ကျောင်းကသူငယ်ချင်းတွေ ဖိတ်တာနဲ့Saarbrücken ဆိုတဲ့ မြို့ကို အလည်ရောက်ဖြစ်ခဲ့ပါတယ်။ ဂျာမနီမှာ Saarland ဆိုတဲ့ ပြည်နယ်က ပြည်နယ် ၁၆ ခုရှိတဲ့အနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံရဲ့ အနောက်တောင်ဘက်ခြမ်းမှာ တည်ရှိပြီး မြို့တော်ကတော့ Saarbrücken ပဲ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံနှင့် ဂျာမနီနိုင်ငံကြားက နယ်စပ်မြို့လည်း ဖြစ်ပါတယ်။ Saarbrücken ဆိုတာကတော့ Saar နဲ့ brücken ကို ပေါင်းစပ်ပြီးခေါ်တွင် ထားခြင်း ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ Saar မြစ်ပေါ်က တံတားမြို့ ပေါ့လေ။ ရှေးဂျာမန်တွေကတော့ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့မြို့လို့လည်း အဓိပ္ပါယ် ဖွင့်ကြပါတယ်။ brücken ဆိုတာကတော့ မြန်မာလို တံတားကို ခေါ်တာပါ။ မြို့ရဲ့ တည်နေရာကို အောက်က မြေပုံလေးမှာ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။
ကျွန်တော့်ကျောင်းနဲ့ဆို တစ်နာရီလောက် ရထားစီးသွားရုံနဲ့ ရောက်တာမို့ ဒီမြို့လေးကို သွားလည် ဖြစ်ခဲ့ပါတယ်။ သူငယ်ချင်း ၁၇ ယောက်နဲ့ အတူသွားရတာဆိုတော့ ရာသီဥတုဆိုးပေမဲ့ ပျော်ခဲ့ပါတယ်။ နှင်းတွေ အရမ်းကျတဲ့ ရာသီမို့ လမ်းသွားတဲ့အခါ ဂရုစိုက်ရပါတယ်။ နှင်းတွေက ကျနေတုန်းခဏပဲ ချစ်စရာကောင်းတာပါ။ နှင်းကျပြီး ရေခဲအဖြစ် ပြောင်းသွားတဲ့အခါ ပြောင်ချောနေတတ်ပါတယ်။ ဒီမျက်နှာပြင်ပေါ် လမ်းလျှောက်ရတဲ့အခါ တော်တော်မလွယ်တဲ့ ကိစ္စပေါ့။ အဲဒီက သူငယ်ချင်းတွေ ဖိတ်လို့ သွားဖြစ်တာလည်း ပါပါတယ်။ ကျောင်းသားကဒ်ရှိတော့ လမ်းစရိတ်ပေးစရာ မလိုတာလည်း ပါတာပေါ့လေ။

ဒီမြို့ကို ဘာဖြစ်လို့ လာတာလဲလို့ မြို့ခံ သူငယ်ချင်းက ရောက်ရောက်ချင်း ဆီးမေးပါတော့တယ်။ Saar ဆားလ်မြစ်ရှိလို့ လာတာပေါ့လို့ ပြန်ပြောလိုက်တယ် ။ မြန်မာပြည်မှာဆိုရင်တော့ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားတို့၊ မြစ်ငယ်တို့ မြစ်သားတို့ စတဲ့ မြို့တွေဟာ ဧရာဝတီမြစ်ကြောင့် နာမည်ကြီးသလို ဒီမှာလည်း ဆားလ်မြစ်ရှိလို့ ဒီမြို့လေးက နာမည်ကြီးတာပေါ့လေ။ လူဦးရေ တစ်သိန်း ရှစ်သောင်းလောက်ရှိတဲ့မြို့ဆိုတော့ မြို့ကြီးတစ်မြို့ပေါ့။

ဒါကတော့ St. John's Basilica ဘုရားကျောင်းပါ။

အရင်ဆုံးစရောက်တဲ့ နေရာကတော့ ဒီဘုရားကျောင်းပေါ့ဗျာ။ မြန်မာပြည်မှာလိုပဲ ဘယ်ဧည့်သည်လာလာ အဲဒီမြို့မှာ ရှိတဲ့ ဘုရားတို့ကျောင်းတို့လိုက်ပို့သလိုပေါ့လေ။ ဒီဥရောပမှာလည်း ဘယ်မြို့နေနေ ခရစ်ယာန်ဘုရားကျောင်းကြီးတွေကို လိုက်ပြလေ့ရှိပါတယ်။ နောက်တစ်ခုက ရဲတိုက်ပေါ့။ ခုလည်း ဒီမြို့မှာ အဓိက ကြည့်စရာကတော့ ရဲတိုက်ကြီးပါပဲ။ သမိုင်းဝင်ရှေးဟောင်းပြတိုက်ကြီးကို မသွားခင် မြို့ထဲကို အရင်ရောက်တာပေါ့လေ။ ဒါကတော့ မြို့လည်ခေါင်က ခေတ်မီ အဆောက်အဦးတစ်ခုပေါ့။














အဲဒီနောက်မှာတော့
ဆားလ်မြစ်ကို သွားကြည့်ခဲ့ပါတယ်။ မြစ်လို့သာဆိုတယ်။ ကျွန်တော့် မျက်စိမှာတော့ ချောင်းသာသာပဲ ရှိပါတယ်။ ဒီက မြစ်တွေက သေးတာတော့ သေချာပါတယ်။ ဒီမှာ ကြည့်နိုင်ပါတယ်။ ဒီမြစ်လောက်ကတော့ ဟိုဘက်ဒီဘက် နှစ်ခါလောက် အသာလေး လက်ပစ်ကူးလို့ ရတာပေါ့။ ဒါပေမဲ့ ရေခဲမြစ်နီးပါး အေးခဲနေတော့ ကူးဖို့ နေနေသာသာ မြစ်ဘေးတောင် ကြာကြာမရပ်နိုင်ခဲ့ပါဘူး။ ဒါကတော့ ဆားလ်မြစ်ပေါ်က တံတားလေး တစ်စင်းပါ။
အဲဒီနောက်မှာတော့ ရဲတိုက်ကြီးရှိရာ မြစ်တစ်ဖက်ကမ်းကို ကျွန်တော်တို့ အဖွဲ့လေး ချီတက်ခဲ့ပါတော့တယ်။ ဒါတော့ ရဲတိုက်ကြီးကို အဝေးက မြင်ရတဲ့ပုံပဲ ဖြစ်ပါတယ်။ ဒီမြို့တော်ကြီးက ဘီစီ ၁၀၀ လောက်တုန်းက ရောမအင်ပါယာကြီးရဲ့ အစိပ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီပြတိုက်ကြီးမှ အလွန်တရာ ရှေးကျလှတဲ့ ကျောက်ဆစ်ပညာများနဲ့ တကွ ကျောက်တုံးနဲ့ ဆောက်လုပ်ထားတဲ့ ရဲတိုက်ကြီးကို အံဖွယ်ဘနန်း တွေ့မြင်ခဲ့ရပါတယ်။ ဆားလ် မြစ်ပေါ်မှာ ကျောက်တုံးနဲ့ တည်ဆောက်ထားတဲ့ တံတားကြီးတွေက ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေမဲ့ ယနေ့တိုင် အသုံးပြုလို့ ရနေသေးတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဂျာမနီမှာ ရှိတဲ့ အဆောက်အဦးတော်တော်များများဟာ ကျောက်တုံးကြီးတွေနဲ့ တစ်တုံးပေါ်တစ်တုံးဆင့်ပြီး ဆောက်လုပ်ထားတာကိုလည်း နေရာတော်တော်များတွေ့မြင်နိုင်ပါတယ်။ ကျွန်တော်တို့က ကျောင်းသားတွေဆိုတော့ ပြတိုက်ကြေးလည်း ပေးစရာမလိုခဲ့တဲ့အပြင် ပြတိုက်မှ ဂျာမန်မလေးက ဂိုက်လုပ်ပေးတာရောကြောင့် အတော်အသင့် ပိုနားလည်ခဲ့တာပေါ့လေ။ သူမ ရှင်းပြခဲ့သလောက်ထဲက ကိုယ်နားလည်သလောက် ပြန်လည်တင်ပြလိုက်ပါရစေ။ ကျွန်တော်တို့ကို အရင်ဆုံးစခေါ်သွားတဲ့ နေရာကတော့ ရှေးခေတ်က စစ်သည်တော်တွေ ဝတ်ဆင်ခဲ့တဲ့ ချပ်ဝတ်တန်ဆာများထားရာနေရာ ဖြစ်ပါတယ်။ ရန်သူက ဓားနဲ့ခုတ်လှံနဲ့ ထိုးတဲ့အခါ အသားကို အလွယ်တကူ မထိနိုင် ဝတ်ဆင်ရတဲ့ သံချပ်ကာ အင်္ကျီကြီးပဲ ဖြစ်ပါတယ်။ အလေးချိန်အားဖြင့်တော့ ၁၀ ပိဿာကျော်မယ်ထင်မိပါတယ်။ ကျွန်တော်သာဆို ဝတ်ဖို့နေနေသာသာ အင်္ကျီကို မ,မနိုင်တာနဲ့ပဲ ရန်သူသတ်တာ ခံရလောက်တယ်။ အဲဒီ အက်ႌႀကီးကေတာ့ ဒီမွာပါ။
အဲဒီနောက်မှာတော့ သံဦးထုပ်ကို ပြပါတယ်။ အဲဒါလေးကတော့ မဆိုးပါဘူး။ ဆောင်းလို့ ရပါသေးတယ်။ ဦးထုတ်က နှစ်မျိုးနှစ်စားရှိပါတယ်။ တစ်ခုက မျက်လုံးလေး နည်းနည်းပဲ ဖော်ထားတဲ့ ဦးထုပ်နဲ့ နောက်တစ်ခုက မျက်နှာပြင်တစ်ခုလုံးမြင်ရတဲ့ဟာပဲ ဖြစ်ပါတယ်။ လက်အိပ်လေးလည်း ပါပါသေးတယ်။ ပုံတွေကတော့ ဒီမှာပါ။
အဲ .. ဒီပြတိုက်ထဲမှာ ထူးထူးခြားခြားတစ်ခုတွေ့ခဲ့တာကတော့ ကျွန်တော်တို့ ငယ်ငယ်က ကစားခဲ့ဖူးတဲ့ ဇယ်ခတ်လို့ရတဲ့ လူရိုးဆစ်လေး ၃ ခုကို တွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ အခြားမြို့တွေမှာတော့ မသိပါ။ မုံရွာနယ်တစ်ဝိုက် အညာမှာတော့ ငယ်ငယ်က ကျောက်ခဲအလုံးလေးတွေ ၅ လုံးနဲ့ ဇယ်ခတ်တမ်း ကစားခဲ့ဖူးပါတယ်။ ကျောက်ခဲလုံးလေးတွေ ၅ လုံးကို တစ်ခုမြှောက်လိုက် ကျန်တစ်ခုကောက်လိုက်နဲ့ လက်ခေါက်လက်ပြန် ကစားခဲ့ဖူးပါတယ်။ သူတို့ဆီမှာလည်း အဲဒီလို ကစားနည်းမျိုးရှိနေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ဒီနေ့ခေတ်မှာတော့ ကစားကြဟန် မရှိလှပါ။ ကျွန်တော်တို့ဆီက ၅ ခု ကစားတာကို သူတို့ဆီက ၃ ခုနဲ့ ကစားတာပဲ ကွာပါတယ်။ အောက်မှာ ကစားတဲ့ အရိုးဆစ်လေး ၃ ခုနဲ့အတူ ကစားနည်းတွေကိုပါ ဂျာမန်လို ရေးထားတာကို ခုလို တွေ့မြင်ခဲ့ရပါတယ်။















အဲဒီနောက်မှာတော့ အမြောက်တွေ တပ်ဆင်ထားတဲ့နေရာတွေကို ရောက်ခဲ့ပါတယ်။ တချိန်တုန်းကတော့ ဒီနေရာကြီးဟာ ဘုရင်နဲ့ စစ်သားတွေသာသွားလာခွင့် ရတဲ့နေရာတွေပေါ့လေ။ ဒီရဲတိုက်ကြီး တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ကျောက်တုံးတွေကို ပြည်သူတွေဆီကနေ လုပ်ခပေးပြီး ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ဒီနေရာမှာ ရှေးခေတ်က လူတွေရဲ့ အမှတ်သင်္ကေတ တချို့ကို လေ့လာခွင့် ရခဲ့ပါတယ်။ ကျောက်တုံးတစ်ခု ထုဆစ်ပြီးတိုင်း ထုဆစ်သူရဲ့ ကိုယ်ပိုင် အမှတ်အသားတစ်ခု ပေးရလေ့ရှိပါတယ်။ အဲဒီ သင်္ကေတအရေအတွက်ပေါ်မူတည်ပြီး လုပ်ခအား ပေးတယ်လို့ ရှင်းပြပါတယ်။ သူတို့ရဲ့ သင်္ကေတတွေနဲ့ ကျောက်ပုံးကြီးကတော့ ဒီမှာပါ။

လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်ကတည်းက ဆိုပေမဲ့ ဒီနေ့ထိ ထိန်းသိမ်းထားနိုင်တဲ့ လက်ရာတွေကြောင့် ဒီမြို့ကိုလာလည်ကြတဲ့သူတွေလည်း များလှပါတယ်။ ဒါကတော့ ကျွန်တော်တို့တတွေ မြို့တော်ခန်းကြီးရှေ့မှာ ရိုက်ဖြစ်ခဲ့ပုံလေးပါ။
နှင်းတွေကြားမှာ ရာသီဥတုက အေးခဲနေခဲ့ပေမဲ့ သူငယ်ချင်းတွေရဲ့ ခင်မင်မှုကတော့ နွေးထွေးနေခဲ့ပါတယ်။ တကယ်ဆို ကျွန်တော်တို့ ၁၇ ယောက်လုံးက တစ်ယောက် တစ်နိုင်ငံစီတွေပေါ့။ အာဖရိကကလည်းပါတယ်။ အာရှကလည်းပါတယ်ပေါ့။အထူးသဖြင့် အာဖရိကတွေနဲ့ ပေါင်းဖြစ်တာများပါတယ်။ အပြန်ခရီးမှာတော့ ရောက်တတ်ရာရာ ပြောကြရင်း အာဖရိကတိုက်ထဲမှာ ရှိတဲ့ ဂါနာက သူငယ်ချင်းနဲ့ ဂျာမနီက ကျွန်တော်တို့ရဲ့ အခင်ရဆုံး သူငယ်ချင်းတွေနဲ့ ပြောဖြစ်ခဲ့တဲ့ ဥရောပနဲ့ အာဖရိက အိမ်ထောင်ရေး၊ အချစ်ရေးအကြောင်းတွေကိုတော့ နောက်မှပဲ ဖောက်သည်ချတော့မယ်ဗျာ။ ခုလောက်ဆို မျက်စိလည်း ညောင်းလောက်ရောပေါ့။ ဗဟုသုတ တစ်ခုတလေ ရသွားပါစေလို့ ဆုမွန်ခြွေလျှက်။

ခင်မင်လေးစားစွာဖြင့်

herostar