b သူရဲကောင်းကြယ်: March 2009
•Sunday, March 29, 2009
ကန်ထဲမှာ ရေပြည့်နေပြီ
သာသာယာယာ ရှိပါသည်။

ငါ့နှလုံးသားကန်ထဲမှာ အချစ်တွေပြည့်နေပါပြီဟာ…ရာသီဥတုကလည်း သာယာပါတယ်. ငါ့ကောင်းကင်မှာ နေမင်းဆိုလို့ နင်တစ်စင်းပဲ ရှိတာပါ…ငါ့ရာသီဥတုကို နင့်စိတ်ကြိုက် ဖန်တီးပါ.

ကြာပန်းများလည်း ခူးကြမည်။
ပျော်ပျော်ပါးပါးလှေလှော် သွားကြမည်။

ငါ့နှလုံးသားရဲ့ သူငယ်တန်းဖတ်စာကို နင်နဲ့ အတူတူ ပထမဆုံးဖတ်ခဲ့ဖူးတာပေါ့ သင်ပုန်းကြီးမကျေသေးတဲ့ နှလုံးသားတစ်စုံနဲ့ ချစ်ခဲ့တာပါ...တက္ကသိုလ်မှာ ၉ နှစ်ကြာတာတောင် အချစ်ဘာသာမှာ အောင်မှတ်မရခဲ့ဘူး နင်နဲ့သာဆိုရင် ကမ္ဘာဆုံးအောင် ကြာရှည်နေရဖို့ ကြာပန်းတွေခူးပြီး ဘုရားမှာတူတူကပ်ချင်ပါ သေးတယ်။ ဘဝခရီးတွေကို နှစ်ယောက်တူတူဖြတ်ကျော် လိုက်ချင်တယ်။ အချစ်လှေကလေးကို အတူတူစီးရင် ပျော်ရွှင်စရာလေးတွေ ကြုံချင်ပါသေးတယ်။ ထားခဲ့လို့ နေခဲ့ရပေမဲ့ ငါ့ကန်လေးထဲက အချစ်တွေဟာ နင့်တစ်ယောက်တည်း အတွက်ပါဟာ…

သင်္ကြန်တောင် ရောက်တော့မယ်ဟ…ဒီချိန်က တို့တွေအမျှော်ရဆုံး အချိန်လေ…အိမ်ပြန်ခွင့်ရ တော့မှာမို့ အဆောင်ကပစ္စည်းတွေ သိမ်းရင်း နင်ပေးခဲ့ဖူးတဲ့ အမှတ်တရတွေကို ကြည့်နေမိတယ်..အချစ်ရဲ့ သင်္ကေတအဖြစ် နင်ပေးဖူးတဲ့ ကျောက်ခဲလေးတစ်လုံးလည်း ပါတာပေါ့...

ဒီချိန်လောက်ဆို တက္ကသိုလ် Main ရှေ့မှာ ရေလောင်းတဲ့သူတွေများနေလောက်ပြီ။ အိမ်မပြန်ခင် သင်္ကြန်ကျတာပေါ့ ဟာ…ငါလေ နင့်ကို လောင်းဖို့ ရေသန့်တစ်ဗူးဝယ်ထားတယ်သိလား…ငါကိုယ်တိုင် ရေသန့်မသောက်နိုင်ရင်တောင်မှ နင့်ကိုတော့ သန့်ရှင်းတဲ့ ငါ့မေတ္တာတွေနဲ့ လောင်းချင်လို့ပေါ့

သနပ်ခါးဘဲကြားလေးနဲ့ Main ရှေ့ တမာပင်အောက်က ခုံဝိုင်းလေးမှာ ထိုင်နေတဲ့ နင့်ကို မြင်လိုက်ရတော့ ငါ့ရင်ထဲ အေးချမ်းလိုက်တာဟာ…ဒီနွေဘယ်လောက်ပဲ ပူပါစေတော့…. နင့်မျက်နှာလေးက ငါ့အတွက် အိုအေစစ်လေးတစ်ခုပါဟာ…တမာရနံ့တွေကို နင့်ပါးပြင်ထက်က သနပ်ခါးနံ့လေးက အနိုင်ယူနေခဲ့တယ်လေ…

ငါက နင့်ဘေးကို ရေသန့်ဗူးလေးကိုင်ပြီး ရောက်လာတော့ “တကယ်လောင်းတော့မှာပေါ့လေ” ဆိုပြီး မပွင့်တပွင့်လေးပြုံးပြခဲ့တဲ့ နင့်ကို သင်္ကြန်ရောက်တိုင်း လွမ်းပါတယ်ဟာ…နောက်တွဲလေးထုံးထားတဲ့ နင့်ဆံပင်လေးကို အသာအယာမပြီး ငါယူလာတဲ့ ရေတွေနဲ့ နင့်ကို လောင်းခဲ့တာပေါ့ဟာ…

ကျန်တဲ့ရေတဝက်နဲ့ နင်ကလည်း ငါ့ကို ပြန်လောင်းခဲ့တယ်လေ…အညာနွေရဲ့ အပူဒဏ်အောက်မှာ တို့လောင်းခဲ့ကြတဲ့ ရေတွေ အခြောက်မြန်ခဲ့ပေမဲ့ ငါ့နှလုံးသားပေါ်နင်လောင်းခဲ့တဲ့ ရေတွေကတော့ ခုထိစိုနေတုန်းပါပဲဟာ…ဦးထုပ်ငိုက်စိုက်ဆောင်းတတ်တဲ့ အနက်ရောင် အင်္ကျီအောက်မှာလည်း ဖြူစင်တဲ့ အချစ်တွေရှိနေခဲ့ဖူးပါတယ်…

ကျောင်းတော်ကြီးကို တိုင်တည်ပါတယ်ဟာ…ငါကြုံခွင့်ရှိမဲ့ သင်္ကြန်တစ်ခုရောက်ရင် ဘယ်လို အနေအထားမျိုးနဲ့ ပဲဖြစ်ဖြစ် နင့်ကို ရေတစ်ခွက်လောက် လောင်းချင်ပါသေးတယ်…

နင် မြင်တတ်မယ်ဆိုရင် ငါလောင်းမဲ့ရေတွေဟာ အသဲထဲစိမ့်အောင် အေးနေမှာပါ..

အားလုံးနဲ့ ဝေးတဲ့နေရာလေးတစ်ခုကနေ ဆုတောင်းပေးလိုက်ပါတယ်…

နင် ဒီသင်္ကြန်မှာ ပျော်ရွှင်ပါစေ

herostar
•Thursday, March 26, 2009
ငယ်ရွယ်နူပျိုတဲ့အရွယ်တွေမှာ အမှတ်တရဆိုတာ ရှိခဲ့ဖူးရင်
သေဆုံးတဲ့ထိ အမှတ်ရနေတတ်တယ်ဆိုတာ ဖြစ်နိုင်တယ်ဟ..

ငါ့နှလုံးသားရဲ့ မှတ်ဥာဏ်အကောင်းဆုံးအရွယ်မှာ နင်နဲ့ စတွေ့ခဲ့တာပေါ့… ခုဆို ငါ့နှလုံးသားက မေ့တတ်နေပြီဟ.အတိတ်ကို အမှတ်ရလွန်းနေတော့ ပစ္စုပ္ပန်ကို မေ့နေတတ်လို့လေ…

ဆရာရှင်းပြနေတဲ့ သင်္ချာပုစ္ဆာတွေထက် ငါက နင့်မျက်နှာလေးကိုပဲ ပိုနားလည်နေတယ်... ဆရာအလစ်မှာ စက္ကူမြှားလေးနဲ့ လှမ်းပစ်ရတာ ရင်ခုန်ဖို့ကောင်းတယ်ဟာ…လွယ်အိပ်ထဲမှာ စာအုပ်နဲ့ ဘောပင် ပါချင်မှ ပါမယ်…စက္ကူမြှားနဲ့ ဇွန်းလေးတစ်ချောင်းကတော့ အမြဲပါနေတတ်တယ်ဟ…စက္ကူမြှားက နင့် နှလုံးသားလေးကို မှန်အောင် ပစ်ဖို့၊ ဇွန်းလေးတစ်ချောင်းတော့ အတန်းဆင်းလို့ တက္ကသိုလ်စားရိပ်သာမှာ နေ့လယ်စာစားတဲ့အခါ အဆင်သင့်ဖြစ်နေချင်လို့လေ…

နက်မှောင်ရှည်လျားတဲ့ နင့်ဆံကေသာလေးပေါ်မှာပဲ ဖြစ်ဖြစ်၊ နင်ရေးနေတဲ့ စာအုပ်လေးရဲ့ ဘေးမှာပဲဖြစ်ဖြစ် ငါ့စက္ကူမြှားလေးကျသွားတဲ့အခါ ဘယ်သူဘယ်ဝါ သိချင်ဇောနဲ့ သမင်လည်ပြန်လေး လှည့်ကြည့်တတ်တဲ့ နင့်မျက်ဝန်းလေးတွေကို ခုထိ ရင်ခုန်နေတုန်းပဲဟာ…

ဆရာရှင်းပြတဲ့ Differentiate ကိုကောင်းကောင်းနားမလည်ပေမဲ့ နင့်အချစ်တွေကို ပိုင်ဆိုင်ခွင့်ရဖို့
ငါ ရှိတ်တတ်ချင်ခဲ့တယ်၊၊ နင်က စာတော်တဲ့သူတွေကိုမှ အထင်ကြီးတတ်တာဆိုတော့ ငါလို ငပေလေးတွက် ခက်တာပေါ့ဟာ...နင်နဲ့ ပတ်သက်လာရင် ငါဟာဘယ်နေရာမှာပဲ ဖြစ်ဖြစ် သူရဲကောင်းတစ်ယောက် ဖြစ်နေချင်ခဲ့တယ်…

နင်နဲ့ ငါက မေဂျာမတူတော့ minor တန်းလေးကိုပဲ အားကိုးနေရတယ်လေ…သင်္ချာသင်ရင်း..နင့်ကို ငေးမယ်… တက္ကသိုလ်သက်တမ်းတလျှောက်လုံးမှာ တစိုက်မတ်မတ် လေ့လာနေခဲ့မိတာ နင့်မျက်ဝန်းတွေပါဟာ…

စက္ကူမြှားလေးတွေနဲ့ Theater 1-2 ကို လွမ်းတယ်ဟာ…ဘဝမှာ ပြန်လည်တူးဆွစရာဆိုလို့ အတိတ်တစ်ခုပဲ ရှိလေတော့ ငါ တန်ဖိုးထားခဲ့တဲ့ ကျောင်းသားဘဝကိုပဲ အကိမ်ကြိမ်မြင်ယောင် နေမိတယ်ဟာ…တက္ကသိုလ်ကျောင်းသားဘဝ Theater ထဲမှာ စာသင်ရတာကို တအား ဂုဏ်ယူမိတယ်…ထရံကာ ဝါးကပ်မိုး အခြေခံပညာကျောင်းလေးမှာ သူငယ်တန်းဘဝကို ဖြတ်သန်းခဲ့ဖူးလို့လားတော့ မသိဘူးဟ… လူအများကြီး တခါတည်း သင်ယူနိုင်တဲ့ နည်းပညာတက္ကသိုလ်ဒီကျောင်းတော်ကြီးက ငါ့အတွက် အစစအရာရာ အသစ်အဆန်းတွေချည်းပါပဲဟာ…

ငါ့အသိဥာဏ်တွေကိုပါ ရင့်ကျက်စေခဲ့သလို ငါ့နှလုံးကိုပါ ရင့်ကျက်အောင်သင်ပေးခဲ့တဲ့ ဒီတက္ကသိုလ်ကြီးကို တွေးမိတိုင်းလွမ်းနေမိတယ်..

ချစ်ခြင်းရင်ခုန်ယုံကြည်စွာဖြင့် ရုပ်ရှင်ကားကို ဒွေးနဲ့ အူဝဲတို့ လာရိုက်တုန်းကဆို မင်းသားမင်းသမီးတွေကို အရှင်လတ်လတ်မြင်လိုက်ရတော့ ကိုယ့်ကျောင်းတော်ကြီးကို ဂုဏ်ယူမိတယ်ဟာ… ငါ့လိုတောသားတစ်ယောက်အတွက်တော့ အူဝဲကို အော်တို ရေးခိုင်းစေချင်တာပေါ့...နင်က မကြိုက်ဘူးဆိုလို့ နင့် စကားကိုပဲ နားထောင်ပြီး ရုပ်ရှင်ရိုက်တဲ့နေရာကို ခြေဦးတောင် မလှည့်ခဲ့ဘူး။ ဖြတ်လျှောက်တွေထဲမှာ နင်လည်း မပါခဲ့ဘူးလေ…ငါက နင့်စကားဆိုရင် မြေဝယ်မကျပါဟာ.

တခါက ငါဖတ်ဖူးတဲ့ စာလေးတစ်ကြောင်းရှိတယ်..

အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။

ခုတော့ ဒီစကားလေးရဲ့ အဓိပ္ပါယ်ကို ငါကောင်းကောင်းနားလည် နေပြီဟ…တန်ဖိုး ဆိုတဲ့စကားလေးတစ်ခုရဖို့ အချစ်ကို ယစ်ပုလ္လင်မှာ ဆက်သခဲ့ဖူးပါပြီ..နင်လည်း နင်တကယ် ချစ်တဲ့သူနဲ့ ပျော်ရွှင်နေပြီဆိုတော့ ငါကျေနပ်ရမှာပေါ့…ငါ့ဘဝကို တံတားလိုခင်းပေးလိုက်ရပေမဲ့ နင်တို့တွေ ပျော်ရွှင်တယ်ဆိုရင် ငါလည်း တစ်ယောက်တည်း ပျော်အောင်နေရမှာပေါ့ဟာ…

ကျောင်းကို လွမ်းမိတဲ့အခါတိုင်း အရင်တုန်းကနင့်ကိုပါ လွမ်းနေမယ်နော်

ခင်မင်လေးစားစွာဖြင့်

herostar
•Saturday, March 14, 2009
အချိုလွန်တဲ့အခါ အခါးဖြစ်တယ်ဆိုရင် ... အခါးတွေလွန်တဲ့အခါ အချိုပြန်ဖြစ်မှာလား???

နွေလေရူးနဲ့အတူ တမာရွက်ကြွေတွေ ပြေးလွှားဆော့ကစားနေတတ်တဲ့ အညာနွေရဲ့မြင်ကွင်းကို မြင်ရတိုင်း တို့ကျောင်းကြီးကို လွမ်းတယ်ဟာ...ငါ ကိုက အလွမ်းဓာတ်ခံရှိနေတာလားတော့ မသိဘူးဟ...ဒီလိုရာသီကို ပြန်ရောက်ပြီဆိုရင်ကို မလွမ်းပဲမနေနိုင်ဘူးလေ..ငါ့ရဲ့ အမှတ်တရတွေထဲမှာ

ရွှေလီလမ်းပေါ်က တမာတန်းလေးရယ်...
ညောင်ရမ်း ဆောင်ထဲက ပိတောက်ပင်လေးရယ်
ရေကြည်ရွာထဲက စပယ်ပန်းသည်ကြီရယ်...အဓိပဲဖြစ်မယ်ထင်တယ်ဟ

နင် မှတ်မိသေးလား ... ငါက အညာကတောသားဆိုတော့လေ တမာရွက်နဲ့ ငပိချက်သာ စားရမယ်ဆိုရင် ဝက်သားနဲ့ မလဲနိုင်ဘူးလို့ ပြောခဲ့ဖူးတာ... ကျောင်းထဲက တမာရွက်နုနုလေးတွေကို ဆီးသီးနဲ့ ပြုတ်ပြီး ငါကိုယ်တိုင် ချက်ထားတဲ့ ငပိချက်နဲ့ ထမင်းအတူတူ စားခဲ့ကြဖူးတယ်လေ...မန်ကျည်းရွက်ချဉ်ရည်လေးက အသဲအေးတယ်ဆိုပြီး နင်ကလည်း တစ်ခွက်ချက်လာတယ်လေ...ငါးဆင့်ချိုင့်ကြီး တကားကားနဲ့ လမ်းသလားနေတတ် နင်နဲ့ ငါ့ကို သူငယ်ချင်းတွေ နဲ့ဆုံတိုင်း ရယ်ပြနှုတ်ဆက်တဲ့အခါ နင်မျက်နှာလေး မချိုမချဉ် ဖြစ်နေတာကို ခုထိမှတ်မိနေတုန်းပဲဟ..

နွေအကြိုမိုးလေး တဖြိုက်နှစ်ဖြိုက် ရွာလိုက်တဲ့အခါ ရလာတတ်တဲ့ မြေသင်းနံ့လေးနဲ့ အတိုတောက်ပင်အိုတွေလည်း နိုးထလာတတ်တယ်လေ...ညောင်ရမ်းဆောင်ထဲက ပိတောက်ပင်လေးကတော့ ငါ့အတွက်ပဲလားတောင် မသိပါဘူးဟာ...ကျောင်းဂိတ်တဲ ခေါင်းရင်းက ပိတောက်ပန်းရနံ့ ထက် ငါတို့ညောင်ရမ်းဆောင်ဘေးက ပိတောက်က သာတယ်လို့ နင်ကပြောတော့ ငါလည်း သေချာမသိပေမဲ့ အင်း.ဟုတ်လောက်တယ်လို့ ခေါင်းညိမ့်ခဲ့ဖူးတယ်...တကယ်တော့ ငါဟာ နင်ဘာပြောပြော လက်ညှိုးထောင်
ခေါင်းညိမ့်နေတတ်တဲ့ လူတစ်ယောက်ပါဟာ...နင်ဖြူဆို ဖြူ နင်မည်းဆို မည်း နင့်အမိန့်ပဲ နာခံတတ်တဲ့ နယ်ရုပ်လေးတစ်ရုပ်ပါဟာ...

ရေကြည်ရွာထဲက စံပယ်ပန်းသည်ကြီး ဒေါ်ကြင်မေ တောင် စပယ်ပန်းတွေ ရောင်းတုန်းပဲလားတော့ မသိဘူးဟ...ညနေတိုင်း စပယ်ပန်း တွေကို ဘုရားကပ်ဖို့ ငါတို့အတူတူဝယ်ခဲ့ကြဖူးတယ်လေ...တို့ဇာတ်လမ်း စပယ်က စတယ်လို့တောင် ပြောလို့ရမယ်ထင်တယ်ဟ နင့်ကို ချစ်ရေးဆိုပြီးနောက် ရက်တစ်ရာတိတိ စပယ်တွေ နေ့တိုင်း ပေးခဲ့ဖူးတယ်လေ...ငါတို့ ကျောင်းပြီးတော့ ငါပေးခဲ့ဖူးတဲ့ ရည်းစားစာဟာ ကျန်ကျောင်းအိတ်ကြီး(ကျွတ်ကျွတ်အိတ် အကြီးစား)နဲ့တစ်ထုပ်ရတဲ့အကြောင်း စံပယ်ပန်းခြောက်တွေက ယမ်ယမ်ဗူးနဲ့ သုံးဗူးအပြည့်ရတဲ့အကြောင်း နင်ပြန်ပြောတော့မှ ငါတော်တော် ဆိုးတဲ့ကောင်ပါလားလို့ ကိုယ့်ကိုယ်ကို ရှက်နေမိတယ်

ခုတော့ဟာ တမာတောမှာကြီးပြင်းခဲ့တဲ့ငါဟာ စံပယ်ခင်းထဲက နင်နဲ့ မဆုံနိုင်လောက်အောင် ပိတောက်နဲ့ဝေးတဲ့ နေရာတစ်ခုမှာ ရှင်သန်နေရတယ်ဟာ...ဗမာတွေ ဘယ်ရောက်ရောက် ဗမာဟာ ဗမာပဲလေ...ချောကလက်နဲ့ ကိုလာတွေ ဘယ်လောက်ပဲပေါပေါ ရေနွေးကြမ်းနဲ့ ထန်းလျက်ခဲကိုပဲ ခုံမင်နေဆဲပါဟာ...ဝက်သား ငါးဆယ်သားနဲ့ တမာရွက်တစ်စည်း ဈေးချင်းတူတာတောင် ငါ့ ကျောင်းကြီးကို လွမ်းတဲ့အခါ တမာရွက်တစ်စည်းကိုပဲ အလွမ်းပြေ ဝယ်စားမိတယ်ဟာ...

နင်တို့တောင် ဘွဲ့နှင်းသဘင်တွေ နီးပြီနော်...မတ်လ ၂၂ ရက်နေ့ဆိုလား ... မာစတာကြီးတွေဖြစ်ကြ၊ ဒေါက်တာကြီးတွေ ဖြစ်ကြနဲ့ အားကျလိုက်တာဟာ...ဘွဲ့ယူတုန်းမှာတီးလေ့ရှိတဲ့ ဘွဲ့နှင်းတီးလုံးလေးရဲ့ အဓိပ္ပါယ်ကို နားမလည်ပေမဲ့ ရင်ထဲမှာ အီလည်လည်ကြီး ခံစားရတယ်ဟာ...မိဘတွေ စုံစုံညီညီနဲ့ သူငယ်ချင်းတွေကို တွေ့ရတဲ့အခါ ရင်ထဲမှာ ဝမ်းသာဝမ်းနည်းကြီးပေါ့...ဝမ်းသာတာက ဘွဲ့တွေရကြပြီမို့ ..ဝမ်းနည်းတာက ပညာသင်ကာလ တစ်ခုပြီးဆုံးသွားလို့...တို့တွေ ခွဲခွာရတော့မယ်ဆိုတဲ့ အသိပေါ့ဟာ...
ဝတ်ရုံနက်ကြီးရဲ့ တည်ငြိမ် နက်ရှိုင်းမှုနဲ့ အတူ အဝါရောင်လိုင်းကလေး နှစ်ခု ပခုံးပေါ်ရောက်လာပြီဆိုတော့ တိုတွေ တာဝန်တစ်ခုကို ရုန်းရတော့မယ်လို့ ဆိုလိုနေတာလားတော့မသိဘူးဟာ...အဝါရောင်လိုင်းကလေး ပခုံးပေါ်ရောက်ခဲ့တာ ခဏဆိုပေမဲ့ ကျရာတာဝန်ကို ထမ်းရင်း အသိုက်ခဏခဏ ပြောင်းနေရတာကတော့ အကြာကြီးပဲဟာ...

အဓိပတိလမ်းမပေါ်မှာ ခဏလောက်ပြန်ဆုံတာတောင် မျက်နှာလွှဲပြီး ဆိုင်ကယ်ကို ဒုန်းစိုင်းသွားတဲ့ နင့်ကို
နောက်ပြန်လှည့်ကြည့်ရင်း ငါ့မြင်ကွင်းကနေ နင်ပျောက်ကွယ်သွားတဲ့ အထိ ငါရပ်ကြည့်ခဲ့ဖူးတယ်
ဒီတခါ ပြန်ဆုံးဦးမယ်ဆိုရင်တော့ ငါ နင့်ကို နှုတ်ဆက်ဖြစ်ဖို့ ကြိုးစားမိမှာပါဟာ...

ခါးသီးမှုတွေ ရင်မှာပိုက်ရင်း အတိတ်က ပျော်ရွှင်မှုတွေကို တူးဆွနေပါ့မယ်...
အခါးတွေရဲ့ နောက်က ရလာမဲ့ ချိုမြိန်ခြင်းလေးကို မျှော်လင့်နေမိတတ်လို့ပါ...

နင်ပျော်ပါစေ

လေးစားလျက်

herostar
•Saturday, March 14, 2009
လူပျိုလက် ဝက်မြီးတဲ့ဗျ... ကျွန်တော့် လက်ကလေးက keyboard ပေါ်မှာ ဝက်မြီးလေးလို အငြိမ်မနေတဲ့အခါ တက္ကသိုလ်က နွေညတွေအကြောင်း ရောက်ရောက်သွားတတ်တယ်ဗျ...အမိတက္ကသိုလ် လို့ မိခင်နဲ့ နိုင်းရလောက်အောင် တက္ကသိုလ်ရင်ခွင်ဟာ ကျွန်တော့်တို့တွက် တကယ်ကို နွေးထွေးခဲ့ဖူးပါတယ်...

ကံခေတယ်ပဲ ပြောရမလား? ဆယ်တန်းအောင်လို့ တက္ကသိုလ်ကို တက်ချင်ပါတယ်ဆိုမှ ပထမနှစ်မှာ ကြုံရတာက မမေ့ချင်စရာပဲဗျ...ကျွန်တော်တို့ မြန်မာပြည် အထက်ပိုင်းက အညာသားတွေအတွက် မန္တလေးနည်းပညာ တက္ကသိုလ်ကြီးက ပထမနှစ်မှာ မကြိုဆိုခဲ့ဘူးဗျ...

မုံရွာလို ပူပြင်းခြောက်သွေ့တဲ့ အညာမြေ နွေနေပူပူမှာ မွေးခဲ့တဲ့ ကျွန်တော့်ကို ဆောင်းရာသီမှာ ပြင်ဦးလွင် G.T.I ကို ပို့ခဲ့တယ်လေ...ပုစွန်ထုပ်လို ကွေးနေအောင် အိပ်လို့ကောင်းတဲ့ ဆောင်းရာသီ မနက်စောစောတွေမှာ P.T ဆိုတာကြီး ထထ ပြေးရတာ သေချင်စော်တောင် နံမိပါတယ်...မနက်မနက် ကြားရတဲ့ ငှက်ဆိုးထိုးသံ P.T ခရာသံကြီးနဲ့ အတူ..ဘာစိတ်ဓာတ်လဲ..သံမဏိစိတ်ဓာတ် ဆိုပြီး ဖယောင်းလို ပြေးခဲ့ရပါတယ်

ကိုယ့်ကိုယ်ကို ကျောင်းသားလိုလို စစ်သားလိုလို ဖားတပိုင်းငါးတပိုင်း ဘဝနဲ့ ပြေးလိုက်ရတဲ့ P.T ဟာ ရှစ်လ ကြာခဲ့ပါတယ်....မနက်မနက် ရွေးကောက်ပွဲ လုပ်ပြီးစားခဲ့ရတဲ့ ထမင်းကြော်ကို ခုထိမှတ်မိတုန်း...ဒန်ဖလား ပုံစံခွက်ကြီးနဲ့ ထမင်းတစ်လုပ် မြေပဲတစ်စေ့ စားရင်တောင် အလုတ် နှစ်ဆယ်သာသာပဲ စားလို့ရတဲ့ ရွှေဝါရောင် ထမင်းကြော်တွေက အစာအိမ်ထဲကို ခဲထည့်ထားတဲ့ အတိုင်းပါပဲဗျာ..

ဒီလိုနဲ့ ပေါ့ဗျာ..အင်မတန် ပူပြင်းတဲ့ နွေရက်တွေလည်းရောက်ရော .ပြင်ဦးလွင်ကနေ ပြောင်းရတော့တာပေါ့.. ခုတော့ M.T.U (Mandalay Technology University), ကိုရောက်ပြီပေါ့ဗျာ...ကျွန်တော် တက္ကသိုလ် ရောက်စက တောကြီးမြက်ကြီးထဲ နေရမှာဆိုတဲ့ အတွေးနဲ့ ပျော်စရာတွေ မရှိလောက်ဘူးလို့ ထင်တာပေါ့. .တကယ်တော့ အပျော်ဆိုတာက နေရာဒေသတွေနဲ့ မဆိုင်မှန်း နောက်တော့ သိလာတာပေါ့ဗျာ..

တခါတခါ ဘယ်ရက်တွေက ပျော်စရာ အကောင်းဆုံးလဲလို့ စဉ်းစားကြည့်ရင် ပြောရ အခက်သားဗျ.. သေချာတာတစ်ခုကတော့ဗျာ ... ကျော်သူဆွေမှာ ဆီဆမ်းလေးတစ်ပွဲ စားပြီး Black and White မှာ ကျဆိမ့်လေးတစ်ခွက်နဲ့ London လေးတစ်လိပ်လောက် ခဲလိုက်ရရင်ကိုပဲ ကျွန်တော့် အတွက်ကတော့ လုံလောက် နေတတ်လို့ပါ...ဘာလို့လဲဆိုတော့ ဒီနေရာလေးက ခံစားမှု ပေါင်းစုံကို ပေးစွမ်းနိုင်တဲ့ဗျ... .မျက်စိစားပွဲထိုင်းရင် ထွေရာလေးပါးလေးပြောရတာပေါ့..

ခက်တာကဗျာ..ပြင်ဦးလွင်က ပြောင်းလာခါစ ကျွန်တော်တို့ အဖွဲ့တွေကို နာမည် ဘယ်သူတွေ ပေးထားလဲတော့မသိဘူးဗျ....ကြွက်ဆယ်ကောင်တို့..ကျားဆယ်ကောင်တို့ပေါ့..ကြွက်ဆိုတာကကြွက်တွင်းဖြစ်အောင် သောက်နေတတ် တဲ့ ဂျိုးတွေကို ပြောတာတဲ့..ကျားဆယ်ကောင် ဆိုတာကတော့ မိန်းကလေးတွေနဲ့ မိတ်ဖွဲ့ချင်တဲ့ ကောင်တွေကို ဦးချိုး ထားတဲ့ သဘောလားတော့ မသိလူးဗျ..

စစ်မှန်တဲ့ ခင်မင်မှုတွေက သံယောဇဉ်တွေကို မွေးဖွားပေးနိုင်ပါတယ်ဗျာ...တက္ကသိုလ် အဝန်းအဝိုင်းကြီးက ကျယ်ပေမဲ့ ကျောင်းသားလောကက ကျဉ်းလေးတော့ တစ်ခုခုဆို ပြန့်လွယ်တယ်လေ... ရည်စားစကားဆိုတာကြီးကိုလည်းတော်တော် စဉ်းစားပြီးမှ ပြောရတာဗျ...စံပြကျောင်းသားတွေတွက် ရည်စားစကားဆိုတာ ပေပင်နဲ့ ပေသီးလိုပါပဲဗျာ...ပြောပြီးမှ မီးနီပြလိုက်မယ်ဆိုရင်တော့ ကွဲပြီသာမှတ်....

ဒီနယ်မြေတွေက ချစ်ခြင်းတရားနဲ့ အတူ သစ္စာတရားတွေလည်း လွှမ်းခြုံနေတတ်လို့လေ...
ချစ်တိုင်း မညားခဲ့ကြရင်တောင် ကျွန်တော်တို့ အချစ်တွေကို တက္ကသိုလ် မော်ကွန်းတိုက်မှာ ကမ္ပည်းရေးထိုးထားခဲ့ဖူးပါ တယ်...အချစ်ကြောင့်နေခဲ့ရဖူးတဲ့ ပါချုပ်အိမ်မှာ တိုက်ပိတ်ခံရခြင်းတွေ အပါအဝင်ပေါ့ဗျာ...တော်ပြီဗျာ..နောက်မှပဲ ဆက်တော့မယ်နော်

လေးစားလျက်

herostar
•Saturday, March 14, 2009
တခါတခါ နင်တို့ အတန်းပြီးချိန်ထိ ထိုင်စောင့်နေရတာ တော်တော် စိတ်ရှည်ရတယ် သိလား ။ဒီနေ့ ငါကိုယ်တိုင် ချက်ထားတဲ့ ဝက်သားဟင်းလေးနဲ့ ချဉ်ပေါင်ကျော်လေး နင့်ကို စားစေချင်လိုက်တာဟာ။ တကယ်ဆို ငါကလေ...ငါ့အိမ်မှာ ဘုရင်တစ်ဆူလို နေခဲ့ဖူးတာဟ...နင်နဲ့ တွေ့မှ အပါးတော်မြဲ ရာထူးကို ရပေမဲ့ ဒီလိုလေးတွေ လုပ်ပေးခွင့် ရနေတာကိုပဲ ပျော်နေမိတယ်လေ..

ဒီနေ့ ငါတို့မေဂျာက အရင်စောဆင်းတယ်လေ...ဒါ့ကြောင့် ငါကနင့်ကို စောင့်နေနှင့်တာပေါ့ .. နင့်ကို ငါ့နဲ့ အတူထမ်းပိုးခဲ့ဖူးတဲ့ ငါ့စက်ဘီးနီညိုရောင်လေးတောင် အရောင်တွေမှိန်နေပြီဟ...ဒါပေမဲ့ သူလည်းငါနဲ့အတူ ငါးနှစ်လုံးလုံး တာဝန်ကျေခဲ့ပါတယ်ဟာ...နင် အဆောင်ပြန်နောက်ကျမှာစိုးလို့ လျှာထွက်အောင် နင်းခဲ့ရပေမဲ့ မောလားလို့ မေးတဲ့အခါတိုင်း မမောဘူးလို့ ဖြေရတာ အမောပါပဲ...

ခုနင့်ကို တင်ပြီးစက်ဘီးလေး မစီးရတာ ကြာလာတော့မှ ငါမောတတ်နေပြီဟ...အရင်တုန်းက မမောခဲ့တဲ့ အမောတွေက ခုမှ စုပြီးသိပ်ခံစားနေရတယ် ထင်ပါတယ်ဟာ..ငါလေ...နင်နဲ့ အတူစားခဲ့ဖူးတဲ့ တိုးကျော်ကျော်က ထမင်းဆီဆမ်းတွေကို ခုထိ သတိရတုန်း ဒီစာလေး ရေးနေရင်းနဲ့တောင် တိုးကျော်ကျော်ကို သတိရတဲ့အခါ ငါ့ နှလုံးသားက ဆတ်ကနဲ နာကျင်နေတတ်ပြီဟ..

ဘာပဲဖြစ်ဖြစ်လေ...နင့်တို့အတန်းပြီးတော့ နင့်ကို တွေ့ခွင့်ရပြီ... ငါအရမ်းပျော်သွားတာပဲဟာ...ဝက်သားဟင်းက ဆားငန်နေပေမဲ့ နင်က ကောင်းတယ်လို့ ပြောခဲ့တယ်နော်..တကယ်ဆို ငါတောင် မနည်းမျိုချနေရတာ သိတာပေါ့...နားလည်ပေးတတ်လွန်းလို့ သိပ်ချစ်နေမိတာနေမှာ...

ဒီစာမျက်နှာတွေက နင်ဖတ်ချင်တဲ့ စာတွေမဟုတ်တော့ပေမဲ့ ငါမှာ ပြောပြရင် နားလည်ပေးနိုင်မဲ့လူ မရှိလို့သာ ခံစားချက်တွေကို အန်ထုတ်နေရတာ...အရက်သောက်လို့ အမူးလွန်နေရင်တောင် နင့်နာမည်လေးတလိုက်မှ အန်ဖတ်က ထွက်လာတတ်တာဟ...နင် ငါ့ရင်ထဲ ဘယ်လောက်ထိ တစ်ဆို့နေလဲ နင့်ကို သိစေချင်လိုက်တာဟာ....လွမ်းဆွတ်ရတဲ့ အခါရင်ဘတ်တွေ တအားအောင့်တယ်ဟ..

ငါ့မှာ နှလုံးရောဂါအခံရှိလို့လားတော့ မသိဘူး...တစ်ခုခု နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရရင် သူများနဲ့ မတူအောင်လှိုက်ဖိုပြီး မောနေတတ်တယ်လေ..ခုချိန်ဆို နင်နဲ့ အတူစိုက်ခဲ့ဖူးတဲ့ အောင်ကောင်းကျော် ဓမ္မာရုံဘေးက သပြေပင်လေးတွေတောင် တော်တော်လေး ကြီးနေလောက်ပြီနော်....သူတို့လေးတွေကို ရှင်သန်အောင် စိုက်ပျိုးနိုင်ခဲ့ကြပေမဲ့ နင်နဲ့ ငါရဲ့ ရှင်သန်မှုကို တော့ မစိုက်ပျိုးနိုင်ခဲ့ကြဘူးလေ..

Building 14 အဝင်က တမာပင်လေးတောင် အရင်ကထက် အရိပ်တွေကောင်းနေလောက်ပြီဟ.. ဒီဆောင်းကျွတ်လို့ နွေဝင်တော့မယ်ဆိုရင် တမာတွေကြွေတော့မယ်နော်...တမာရွက်ကြွေလေးတွေ လေအတိုက် ကြွေကျတဲ့ အခါ လေထဲက ရွက်ကြွေလေးတွေ လိုက်ဖမ်းတမ်း ကစားရတာ ပျော်စရာကောင်းတယ် လေ...နင်က လေထဲက ရွက်ကြွေတွေကိုတောင် ငါ့ထက်မိအောင် ပိုဖမ်းနိုင်တဲ့သူပါဟာ...

ငါကလေ..ရွက်ကြွေလေးတစ်ခုကိုတောင်မှ မိအောင်ဖမ်းနိုင်ခဲ့တာမှ မဟုတ်တာ...

လေးစားလျက်

herostar
•Saturday, March 14, 2009
အဖြူရောင် တိမ်တိုက်တွေနဲ့ ကြည်ပြာရောင် ကောင်းကင်ကြီးကို မြင်ရတိုင်း အမိတက္ကသိုလ်ကြီးမှာ သူငယ်ချင်းတွေနဲ့ အတူဝတ်ခဲ့ဖူးတဲ့ အဖြူရောင် ရှပ်အင်္ကျီလေးနဲ့ မည်းပြာရောင် ပုဆိုးလေးကို လွမ်းမိတယ်...

တိမ်တိုက်တွေ ရွေ့လျားနေကြသလို သူငယ်ချင်းတွေလည်း ဝေးကွာနေကြပေမဲ့ ကြည်ပြာရောင် စိတ်ဓာတ်တွေကတော့ ခုချိန်ထိ တူညီနေကြတုန်းပါ...ကျနော်တို့ ဝတ်ခဲ့ကြတာ ယူနီဖောင်းလို့ ပဲ ထင်ခဲ့မိတာ.......... တကယ်တော့ စိတ်ဓာတ်တွေကိုပါ ထပ်တူကြနေစေခဲ့တာပါ

တမာတန်းလေးနဲ့ မြေနီလမ်းလေးကို လွမ်းတယ်....အဓိပတိလမ်းမထိပ်က အုတ်ခုံလေးကိုလည်း လွမ်းတယ်...
ညနေချိန်တွေဆို အဆောင်ရှေ့က ကွင်းပြင်ကျယ်ကြီးကို နှစ်ယောက်တူတူ ဖြတ်လျှောက်ရတာ လျှောက်ဖူးသူတိုင်း မေ့နိုင်မှာတဲ့လားဗျာ...ဘဝရဲ့ လမ်းတွေမှာ တစ်ယောက်တည်းလျှောက်နေရတဲ့အခါ ဟိုစဉ်ချိန်တွေကို သတိရမိတယ်

စားမေးပွဲနီးမှ သူငယ်ချင်းတွေဆီက စာအုပ်လိုက်ငှားပြီး မိတ္တူကူးရတဲ့ ဘဝလေးကို ခုံမင်မိတယ်…
တကယ်တော့ စာပဲမိတ္တူကူးရတာ မဟုတ်ခဲ့ပါဘူး…ဦးနှောက်တွေကိုပါ မိတ္တူကူးခွင့်ပေးဖို့ လက်ဖက်သုတ်တစ်ပွဲ…အကြော်တစ်ဝိုင်းနှုန်းနဲ့ တောင်းပန်ရတဲ့ အခါလည်းရှိတာပေါ့...
ခုတော့ ဒီမှာက အဲဒီလို ဆိုးလို့မရတော့ဘူးလေ..

တခါကတက္ကသိုလ် နွေရက်တွေမှာပေါ့.... Main အပေါ်ဆုံးထပ်က လေသာဆောင်လေးမှာ စာအတူတူလုပ်ခဲ့ဖူးတဲ့ ဘဝတွေကို ဘယ်လိုမေ့လို့ရမှာလဲ..တကယ်တော့ တို့ဖတ်ခဲ့ကြတာ ကျောင်းသင်ခန်းစာတွေတင် မကပါဘူး… ဘဝသင်ခန်းစာတွေရောပါပါတယ်ဟာ…

တို့တွေက ချို့တဲ့သူတွေဆိုတော့ တစ်ယောက်ကို တစ်ယောက်ဖေးမ ကူညီရတယ်လေ...လစာထုတ်ရက်လေးကို မျှော်ရင်း နင့်အတွက် ငါဘာလုပ်ပေးနိုင်မလဲ စဉ်းစားရတာ အမောပါပဲ...မောင်နှရင်းတွေလို ကောင်းတူဆိုးဖက် တိုင်ပင်ရင်း ရင်းနှီးခဲ့ကြဖူးတာပေါ့…

တက္ကသိုလ် သက်တမ်းတလျှောက်မှာ သင်ခဲ့ဖူးတဲ့ စာတွေသာ အချိန်မရွေးမေ့ချင်မေ့မယ်..
သူငယ်ချင်းတို့ရဲ့ ဖော်ရွေတဲ့ မျက်နှာလေးတွေနဲ့ သူတို့အသံတွေကို အချိန်မရွေး သတိနေတတ်ပါတယ်

အရင်းတုန်းကဆို လေချင်းတိုင်းလေနေပြီး စာမလုပ်ဘဲ လျှောက်သွားနေရင် သူငယ်ချင်းတွေက ဝိုင်းထိန်းကြတယ်…ဦးရှည်ကြီးကလည်း အားပေးတယ်…ကိုယ်သောက်ရင် သောက်သလောက် သူစီးပွားတက်မယ်ဆိုတဲ့ အသိ သူ့မှာ ရှိမနေခဲ့ဘူး…ငါ့ညီလေးတို့ ဒီလောက်ဆို.တော်လောက်ပြီ လို့ ပြောတတ်တယ်…

ကျောင်းရှေ့က ဦးရှည်ကြီးကတောင် ဒီလိုကြင်နာတဲ့ စကားလေးတွေ ပြောနေတတ်ပါတယ်..ဒါဆို ကျနော်သိပ်ချစ်ရတဲ့ မိခင်ကျောင်းတော်ကြီးကသာ စကားပြောတတ်မယ်ဆိုရင် ဗိုက်ခေါက်ဆွဲလိမ်ရင်း ကရုဏာဒေါသနဲ့ ဘယ်လောက်များ ပြောနေလိမ့်မလဲဗျာ.....လမ်းကြုံရင် ဦးရှည်ကြီးကို ပြောလိုက်ကြပါဗျာ...အရင်ကလို လူပေကြီး မဟုတ်တော့တဲ့ အကြောင်းပေါ့

တစ်ယောက်တည်း ကြိုက်သလောက်သောက်လို့ရနေပေမဲ့ ဒီဘီယာတွေက စနှိုးဝှိုက်က ဘီယာလောက် မချိုမြိန်ဘူး…အမြည်းနည်းနည်းနဲ့ လုသောက်နေရပေမဲ့ ပျော်မိတယ်။ သူငယ်ချင်းတွေနဲ့ သောက်ရတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ပါဘူး။ မူးလာတိုင်း ရင်ဖွင့်ရတဲ့ အရသာလောက် ဘယ်အရာက ကောင်းအုန်းမှာလဲဗျာ။

အခန်းတစ်ခန်းမှာ စုအိပ်ရင်း မလောက်ငှတဲ့အခါ စောင်တွေကို လုခြုံရတယ် .....လုခြုံခဲ့ရတဲ့ စောင်တွေက မနွေးပေမဲ့ သူငယ်ချင်းတွေရဲ့ ခင်မင်မှုက နွေးထွေးတယ်။ တက္ကသိုလ်ဆိုတာကြီးကစာပဲသင်ပေးတတ်တဲ့ နေရာလို့ ထင်ခဲ့မိတာ။ တကယ်တော့ နှလုံးသားတွေကိုလည်း ရင့်ကျက်လာအောင် သင်ပေးနိုင်ခဲ့ပါတယ်…

ဒီနယ်မြေမှာ ပြောမဲ့ဆိုမဲ့သူ ဆီးကြိုမဲ့သူတွေ မရှိတော့ပေမဲ့ သူငယ်ချင်းတွေပေးခဲ့ဖူးတဲ့ ဖြူစင်တဲ့ ခင်မင်မှုတွေကို တသသ တွေးရင်း ကိုယ်ကိုယ့်ကို ပျော်အောင်နေနေရပြီ...လုပ်ယူနေတဲ့ ပျော်ရွှင်မှုဆိုတာ ဘယ်လောက်ထိ စစ်မှန်မှာတဲ့လဲဗျာ…

M.I.T မှသူငယ်ချင်းအားလုံးကို သတိရနေမိတယ်

herostar