b သူရဲကောင်းကြယ်: ဂျာမနီ
•Sunday, May 30, 2010
ဥရောပမှာရှိတဲ့ ဂျူးသင်္ချိုင်းတွေထဲမှာ ဂျာမနီနိုင်ငံ ဗွန်း (Worms) မြို့မှာ ရှိတဲ့ သင်္ချိုင်းက ရှေးအကျဆုံးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်ကတည်းက မြှုပ်နှံခဲ့ဖူးတဲ့ ဂူသင်္ချိုင်းတွေကို တွေ့မြင်နိုင်ပါသေးတယ်။ အတိအကျ ပြောရလျှင် ၁၀၇၆ မှ ၁၉၄၀ နှစ်အတွင်းမြှုပ်နှံခဲ့သော အုတ်ဂူများ ဖြစ်ပါတယ်။ လူတစ်ဦး သေဆုံးသွားတိုင်း ကျောက်တိုင် တစ်ခုနှုန်းနဲ့ မှတ်တိုင် ထူခဲ့ကြလေရာ ထိုသင်္ချိုင်းအတွင်း၌ ကျောက်တိုင်ပေါင်း များစွာကိုလည်း ဤသို့ တွေ့မြင်ခဲ့ပါတယ်။


တချို့သော အုတ်တိုင်များပေါ်တွင် စာရွက်လေးများကို ကျောက်ခဲများဖြင့် ဖိထားရာ အကြောင်းရင်းကို မေးကြည့်တော့ မဖြေရှင်းနိုင်သော ပြဿနာများ၊ အခက်အခဲများရှိလာပါက စာရွက်ပေါ်တွင် ရေးသားပြီး အဘိုးအဘွားများကို ကူညီစောင့်ရှောက်ပေးစေရန် ဖြစ်သည်ဟု သိခဲ့ရပါတယ်။ ဂျူးသာသာစကားဖြင့် ရေးသားထားသော သေဆုံးသူတို့၏ ကိုယ်ရေးအကျဉ်းများကို လည်း ဖတ်ရှုနိုင်ပါသေးတယ်။


မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဆိုသော စကားကို အမှတ်ရမိလိုက်တယ်။ သင်္ချိုင်းမြေကို ခြေချမိစဉ်ခဏတိုင်း သတိတရားတစ်ခုက ခေါင်းထဲ ရောက်လာသလိုလို။ အုတ်ဂူမှတ်တိုင်လေးများ ရှိသူများကို ရေတွက်ကြည့်လျှင်ပင် ဤသင်္ချိုင်းအတွင်း၌ သောင်းနှင့် ချီပြီး ရှိလေသည်။ နှစ်တစ်ထောင်အတွင်း သေဆုံးခဲ့သော ဂျူးလူမျိုးများချည်းပင် ဤမျှ များပြားသည်ကို တွေ့ခဲ့ရပါတယ်။


၂၀၀၇ ခုနှစ်ရဲ့ ကမ္ဘာ့လူသေဆုံးမှုစာရင်းကို ကြည့်မည်ဆိုရင် တစ်မိနစ်ကို 8.37 deaths/1,000 population (2007 est.) ဖြစ်သည်ဟု ဝီကီမှာ ဖြေထားသည်ကို တွေ့ရပါတယ်။ ကမ္ဘာ့လူဦးရေအရ ကြည့်မယ်ဆိုရင် တစ်စက္ကန့်ကို လူနှစ်ဦးနှုန်းနဲ့ စက္ကန့်တိုင်း သေဆုံးနေသည်ကို သတိပြုမိပါတယ်။ ကျွန်ုပ်တို့သည် အဘယ် တစ်စက္ကန့်တွင် ဤလူ့လောကမှ စွန့်ခွာသွားရမည်ကို မည်သူမျှ ကြိုတင် မသိနိုင်ကြပါ။


တစ်ရက်ကို လူ တစ်သိန်းခွဲနှုန်း နေ့စဉ်သေဆုံး နေသည်ကို ဆင်ခြင်မိပါက သံဝေဂ ရစေမယ် ထင်ပါတယ်။ တစ်စက္ကန့်ကို လူသား ၂ ယောက်နှုန်းသေဆုံး နေသလို တစက္ကန့်ကို လူသား ၁၀ ဦးနှုန်းနဲ့ မွေးဖွား လာနေသောကြောင့်သာ ကမ္ဘာ့လူသားတွေ မျိုးမတုံးပဲ လူဦးရေက တိုးသထက် တိုးလာနေခြင်း ဖြစ်ပါတယ်။ စက္ကန့်နဲ့ အမျှ လူမည်မျှ သေဆုံးနေသည်ကို လေ့လာနေသော ဆိုဒ်တစ်ခုကို ဤနေရာတွင် ကြည့်ရှုနိုင်ပါတယ်။

ပထမကမ္ဘာစစ်တုန်းက သေးဆုံးခဲ့တဲ့ စစ်သည်ပေါင်း ၉ သန်းကျော်ကို ဦးခေါင်းကနေ ခြေဖျားအထိ ဆက်လိုက်မယ်ဆိုရင် ၁၅၀၈၄ ကီလိုမီတာ (မိုင်အားဖြင့် ၉၃၇၅ မိုင်) ရှိလိမ့်မည်ဟုလည်း ဆိုကြသည်။ ဒီအကွာအဝေးက ကမ္ဘာကြီးကို တစ်ပတ်ပတ်မယ်ဆိုရင် ထက်ဝက်နီးပါးလောက် ရှိမယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင်ဖြင့် ဒုတိယကမ္ဘာစစ်တုန်းက သေဆုံးခဲ့ရတဲ့ လူသန်းပေါင်း ၇၀ ကျော်ကိုသာ ဆက်လိုက်မယ်ဆိုရင် လူသေအလောင်းတွေနဲ့ ကမ္ဘာကို ၃ ပတ်လောက် ပတ်လို့ရမှာ အသေအချာပါပဲ။


အမှည့်တဝင်းဝင်း၊ အကင်း တဖြုတ်ဖြုတ် ကြွေနေတဲ့ ဒီလောကမှာ လောဘ၊ ဒေါသ၊ မောဟ တရားများကို အတတ်နိုင်ဆုံး လျော့ချပြီး မတည်မြဲခြင်း (အနိစ္စတရား) ကို ဆင်ခြင်ပါမှ တော်ကာကျပေလိမ့်မည်ဟု ဆင်ခြင်မိပါတယ်။ ဘဝတစ်ခု နိဂုံးချုပ်သွားတဲ့အခါအတိုင်း ကိုယ်နှင့်အတူ ဘာတစ်ခုမှ ပါသွားလိမ့်မည် မဟုတ်ပေ။ လူကို လူက ညှင်းဆဲခြင်း၊ ကိုယ့် စိတ်ချမ်းသာမှုလေး တစ်ခု ရရှိရေးတွက် လူတစ်ဖက်သားရဲ့ စိတ်မချမ်းသာမှုနဲ့ လဲယူခြင်းများ လျော့နည်းလာပါစေလို့သာ ဆုတောင်း နေမိပါတော့တယ်။


သင်္ချိုင်းက အပြန်လမ်းမှာတော့ ရှေးဟောင်းပစ္စည်းများ ရောင်းသည့် ဆိုင်လေးကိုတွေ့ခဲ့ပါတယ်။ နှစ်ကာလ ကြာလာတာနဲ့အမျှ တန်ဖိုးတက်တာဆိုလို့ ရှေးဟောင်း ပစ္စည်းများပဲ ဖြစ်ပါလိမ့်မယ်။ လူကတော့ နှစ်ကြာလာလေ ကိုယ်အား ဥာဏ်အားတွေ လျော့လာလေ၊ လှုပ်ရှားမှုတွေ နှေးကွေးလာလေ၊ ယိုယွင်းပျက်စီးလာလေ ၊ နှစ်သက်မြတ်နိုးချင်တဲ့သူတွေ နည်းပါးလာလေ လို့သာ ထင်မြင်မိပါတော့တယ်။

ဒါတွေကို အမှန်တကယ် သိမြင်လက်ခံလာပါက လူအချင်းချင်း မောက်မာခြင်း၊ အနိုင်ယူလိုခြင်းတွေ လျော့ပါးလာမယ်ဆိုတာ မုချ မလွဲပါ။


ခင်မင်လေးစားစွာဖြင့်


herostar


•Wednesday, March 24, 2010
ဂျာမနီမှာ ထီ တစ်ခါလောက် ပေါက်ဖူးချင်တယ်ဗျာ။ ယူရို ၅ သန်း (မြန်မာငွေ ကျပ် သန်း ၇၅၀၀) လောက်သာ ရမယ်ဆိုရင်တော့ ဒီဘဝ ဘာမှကို မလုပ်တော့ဘူး။ ရတာလေး ဆွတ်ဇာလန်ဘဏ်မှာ တစ်ဝက်အပ်ထားပြီး ကျန်တဲ့ တစ်ဝက်ကို မြန်မာပြည်မှာ ပရဟိတ လုပ်ငန်းတွေ လုပ်ရင်း ဘဝကို ဇိမ်နဲ့ နေလိုက်ချင်တယ်။ ဒါနဲ့ ၅ ယူရို (၇၅၀၀ ကျပ်) ပေးပြီး မနေ့က ထီထိုးလိုက်ပါတယ်။ ထီ ၃ ကွက်ထိုးရင် ၂ ယူရိုခွဲ ပေးရပါတယ်။


ဂျာမနီက 6 aus 49 ဆိုတဲ့ ထီအကြောင်းလေး ပြောပြချင်လို့ ဒီ Post ကို ရေးလိုက်တာပါ။ 6 aus 49 ဆိုတာက ဂဏန်း ၄၉ လုံးမှာ ၆ လုံးတူရင် ထီပေါက်ပြီလို့ ပြောချင်တာပါ။ မြန်မာပြည်မှာဆို ၃ လုံးတို့ ၂ လုံးတို့လိုပေါ့လေ။ သူက ကိုယ်ကြိုက်တဲ့ ဂဏန်းကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိပါတယ်။ ၁ ကနေ ၄၉ ထိ ရှိတဲ့ ဂဏန်းတွေထဲက ကိုယ်ကြိုက်ရာ ဂဏန်း ၆ လုံးကို ပေးထားတဲ့ စာရွက်လေးပေါ်မှာ ကြက်ခြေလိုက်ခတ်ရပါတယ်။ အောက်မှာ ထီထိုးတဲ့အခါ ကြက်ခြေခတ်ရတဲ့ စာရွက်လေးကို ဖော်ပြထားပါတယ်။
ထီတစ်ခါ ထိုးရင် ပေးထားတဲ့ စာရွက်လေးမှာ ၁ ကွက်ကနေ ၁၂ ကွက်ထိ ကိုယ်နှစ်သက်ရာ နှစ်သက်သလို ထိုးခွင့်ရှိပါတယ်။ တစ်ကွက်မှာပါတဲ့ ဂဏန်း ၄၉ လုံးထဲက ကိုယ်နှစ်သက်ရာ ဂဏန်း ၆ လုံးကို ဘောပင်လေးနဲ့ လိုက်ကြက်ခြေခတ်ရပါတယ်။ ပြီးတော့ Spiel 77 တို့ Super 6 တို့ကိုပါ ထိုးချင်သေးတယ်ဆိုရင် ထိုးလို့ ရပါသေးတယ်။ ထိုးမယ်ဆိုရင်တော့ Ja(Yes) ပေါ့။ မထိုးတော့ဘူးဆိုရင်တော့ Nein (No)ပေါ့လေ။ အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့တိုင်း တစ်ပတ် နှစ်ခါ ထီဖွင့်ပါတယ်။ ၆ လုံးလုံးတူတဲ့သူ မရှိသေးဘူးဆိုရင် မရှိသေးသလောက် အဲဒီငွေတွေက ဆတိုးနဲ့ ပုံနေတတ်ပါတယ်။ သူက ၆ လုံးလုံးတူမှ မဟုတ်ပါဘူး။ အနည်းဆုံး ၃ လုံးတူတယ်ဆိုရင်ကို ယူရို ၁၀ ကတော့ ရနေပါပြီ။ အောက်မှာ ဘယ်နှစ်လုံးတူရင် ဆုငွေ ဘယ်လောက်ဆိုတဲ့ ဇယားလေး ရှိပါတယ်။

အပေါ်ဆုံးက First Class မှာ ဆုငွေ ၅,၂၄၃,၉၃၁ ယူရို (ကျပ်သန်း ၇၅၀၀ နီးပါး) ဖြစ်ပါတယ်။ ဒီပမာဏက အတူတူ ပေါက်တဲ့သူ ရှိလာရင်တော့ ဒီဆုကို ခွဲယူရပါတယ်။ သူကတော့ ဖြစ်ခဲပြီး ပေါက်ခဲပါတယ်။ ဂဏန်း ၃ လုံးတူဖို့ ဖြစ်နိုင်ခြေက ၄၄ % တနည်းအားဖြင့် ၆၁ ပုံတစ်ပုံပေါ့လေ။ ဒီတော့ သူကတော့ ဖြစ်နိုင်ခြေ ပိုများပါတယ်။ မြန်မာပြည်က ထီနဲ့စာရင်တော့ ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတာရယ်၊ ဂဏန်း ၆ လုံးပဲ တူဖို့ လိုတာရယ် ဆိုတော့ အားကျမိတာတော့ အမှန်ပါ။ ပေါက်လိုက်ရင်လည်း တစ်ဘဝစာ လုံလောက်တယ်ဆိုတော့ ဒီထီကို ထိုးနေမိတာ ယူရို ၅၀ နီးပါးတော့ ကုန်နေပါပြီ။ ခုထိ ၂ လုံးပဲ တူပြီး ၃ လုံးကို တခါမှ မတူသေးလို့ ယူရို ၁၀ တောင် ပြန်တော့ မရဖူးသေးပါဘူး။ ဒါကတော့ မနေ့က ကျွန်တော်ထိုးထားတဲ့ စာရွက်လေးပေါ့။

၂၄.၀၃.၂၀၁၀ အတွက်နဲ့ ၂၇.၀၃.၂၀၁၀ နေ့အတွက် ထိုးထားတဲ့ ထီစာရွက်လေးပါ။ ဒီနေ့ထွက်သွားတဲ့ ဂဏန်းကတော့ အောက်မှာ ပြထားတဲ့အတိုင်း ဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်က ၃ ကွက်ထိုးထားတဲ့ အထဲမှာ အလယ်ကွက်မှာ ၂ လုံးပဲ တူလေတော့ ဘာဆုမှ မရဘူးပေါ့ဗျာ။ ထိုးထားတဲ့ ၃ ကွက်မှာ ၄ လုံးတော့ တူပါရဲ့။ တူတာက တစ်ကွက်တည်းမှာ လာမတူပဲ ကျန်တဲ့ နှစ်လုံးက အခြားတစ်ကွက်စီမှာ ပါနေလို့ပေါ့။ ၄ လုံးလုံးသာ တစ်ကွက်တည်းမှာ တူပြီး Bonus No ရောပါ တူမယ်ဆိုရင်တော့ ယူရို ၁၆၀ ကျော်( မြန်မာငွေ ၂ သိန်းကျော်) လောက်တော့ ရဦးမှာပေါ့လေ။ ခုတော့ ထိုးထားတဲ့ ထီ ၃ ကွက်ဖိုး ၂ ယူရိုခွဲ ( ကျပ် သုံးထောင်ကျော်) တော့ ပလုံသွားတာပေါ့လေ။

ဒီထီက စနေနေ့လည်း ဖွင့်ဦးမှာဗျ။ အဲဒီနေ့တွက်ပါ ဒီဂဏန်းတွေပဲ ထပ်ထိုးထားတယ်လေ။ ၆ လုံးလုံးသာတူပြီး Superzahl နံပါတ်ရောပါ တူခဲ့လို့ကတော့ မြန်မာငွေ ကျပ်သန်း ၇၅၀၀ ကျော်ပေါ့ဗျာ။ ဒါဆိုရင်တော့ ကျွန်တော့် ဘလော့မှာ Comment ဝင်ပေးတဲ့ သူမှန်သမျှကို ဥရောပအနှံ့ အလည်လိုက်ပို့ ပစ်လိုက်မှာ သေချာတယ်။

ခုတော့ ဒီနေ့ ထီမပေါက်တာနဲ့ စိတ်ညစ်လို့ ကျွန်တော့် မိတ်ဆွေတွေတွက် ဂျာမနီထီ အကြောင်း ဝေမျှလိုက်ပါကြောင်း။

ခင်မင်လေးစားစွာဖြင့်

herostar
•Thursday, March 04, 2010
တခါတခါ သူ့များတိုင်းပြည်သွားနေရတာ သေချာစဉ်းစားကြည့်ရင်မလွယ်လှပါ။ ယဉ်ကျေးမှုက မတူ ဘာသားစကားကလည်း မတူနဲ့။ သူပြောရင် ကိုယ်နားလည် ကိုယ်ပြောရင် သူနားလည် လောက်ရှိနေရုံ၊ စားဝတ်နေရေး ပြေလည်နေရုံနဲ့ အဆင်ပြေတယ်ထင်ရင်တော့ တမျိုးပေါ့လေ။ သူတို့စကားပြောရတာ မိခင်ဘာသာစကားလောက်တော့ အားပါးတရ မရှိလှပါ။ ကိုယ့်မြေကိုယ့်ရေ မဟုတ်ပါလားဆိုတဲ့ စိတ်အစွဲက ဖျောက်မရတော့ စိတ်ထဲကျေနပ်သွားတာမျိုးကလည်း မရှိ။

ဒီတစ်ခါတော့ ဥရောပမှာဆိုပေမဲ့ အလိမ်ခံလိုက်ရတဲ့ မြန်မာတစ်ယောက်အကြောင်း ဖောက်သည်ချချင်လို့ပါ။ နေ့စဉ်သွားလာရာမှာ ရန်ကုန်လို Bus ကားကို အားကိုးတာမျိုးမဟုတ်ဘဲ ရထားတွေကို အားကိုးကြပါတယ်။ S-Bahn လို ရထားမျိုးတွေကိုပဲ အားကိုးပြီး သွားလာနေကြတာဆိုတော့ ရထားလက်မှတ်ကို လပေးဝယ်စီးကြတာ များပါတယ်။ ဝယ်လို့ရတဲ့ စက်တွေက ဘူတာတိုင်းလိုလိုမှာရှိနေတော့ အဆင်ပြေလွယ်ကူပါတယ်။ အဲ ဒီနေရာမှာ အဆင်မပြေမှု စတင်လာတာက အချောင်ရလိုတဲ့ စိတ်ဗျ။
















လက်မှတ်ဝယ်လို့ ရတဲ့ စက်နဲ့ ရထားပုံလေးပါ

ဟိုတလောကပေါ့..... Frankfurt မှာမြန်မာတစ်ယောက်က ရထားလက်မှတ်ဝယ်တဲ့ စက်နားမှာ တစ်လစာ ရထားလက်မှတ်ဝယ်နေ တယ်တဲ့လေ။ အဲဒီအချိန်မှာနိုင်ငံခြားသားတစ်ယောက်ရောက်လာပြီး သူ့မှာတစ်လစာ ဝယ်ထားတဲ့ ရထားလက်မှတ်ရှိကြောင်းနဲ့ မကြာခင် အားလပ်ရက်ရှည်ခရီးတစ်ခု ထွက်စရာရှိတာကြောင့် အဲဒီလက်မှတ်ကို ပြန်ရောင်းချင်ကြောင်း ပြောသတဲ့။

စက်မှာ ဝယ်မယ်ဆိုရင် ယူရို ၅၀ ကျော်လောက်ပေးရမှာပေါ့လေ။ သူက ပြန်ရောင်းတာဆိုတော့ ၃၅ ယူရိုနဲ့ ပြန်ရောင်းတာပေါ့။ ကိုရွှေမြန်မာလည်း နည်းနည်းမှ သက်သာသက်သာဆိုပြီး အဲဒါလေးကို ဝယ်ပြီး ရထားတွေ စီးနေလိုက်တာ ၃၊ ၄ ရက်တော့ အဆင်ပြေနေတာပေါ့လေ။ တစ်ရက်မှာတော့ လက်မှတ်စစ်နဲ့ တွေ့သွားပြီး သူ့လက်မှတ်ကို စစ်လိုက်တော့ အတုကြီး ဖြစ်နေကြောင်း ပြောပြီး ဖမ်းခေါ်သွားတယ်တဲ့။

ပြီးတော့ ကိုယ်လုံးတည်း ချွတ်ခိုင်းပြီး အရှေ့အနောက် ဘေးဘယ်ညာကနေ ဓာတ်ပုံတွေ ရိုက်တယ်ဆိုပဲ။ သူကတော့ ရှင်းပြတာပေါ့လေ။ တဆင့်ခံလူဆီကနေ ဝယ်ကြောင်းပေါ့။ ဒါပေမဲ့ ဂျာမန်ရဲတွေက အပြည့်အဝယုံကြည်ပုံမရပါဘူး။ သူ့နောက်ကို နောက်ယောင်ခံလိုက်နေတယ်ဆိုပဲ။ ဒီမှာက အဲလို အတုလုပ်တာတွေကို သိသွားလို့ကတော့ ပြစ်ဒဏ်က မသေးဘူးလေ။

အင်း တခါတခါ ဈေးချိုတယ်ဆိုပြီး တရားမဝင်ဝယ်လိုက်မိရင် ဒုက္ခရောက်တတ်တာကတော့ ဘယ်နေရာမှာဖြစ် ဖြစ်ရှိနေတတ်လို့ သူငယ်ချင်းတွေကို ဒီသတင်းလေး လက်တို့လိုက်တာပါ။

ခင်မင်လေးစားစွာဖြင့်

herostar
•Wednesday, February 24, 2010
ဒီနေ့တော့ သူငယ်ချင်းတွေကို ဥရောပ ငှက်တွေအကြောင်း ပြောပြချင်ပါတယ်။ ဂျာမန်တန်းမှာ ဆရာပြောပြခဲ့သမျှ ထဲက မှတ်သားမိသလောက်ပေါ့။ ဥရောပမှာ ငှက်အုပ်စု (၃) မျိုးရှိပါတယ်။

၁။ ဧည့်သည်ငှက်၊
၂။ အမြဲနေငှက်
၃။ ကြားနေငှက် တို့ပဲ ဖြစ်ပါတယ်။

ဧည့်သည်ငှက်ဆိုတာကတော့ ဥရောပရဲ့ နွေဦးရာသီတွေမှာ လာနေတတ်ပြီး ဆောင်းတွင်းရောက်တဲ့အခါ ပြန်သွားတတ်တဲ့ ငှက်မျိုးပေါ့။ ငှက်မပြောနဲ့ လူတောင် ပြန်ချင်စရာကောင်းလောက်အောင်ကို ဥရောပဆောင်းက အေးလှပါတယ်။ အမြဲနေငှက်ကတော့ ဥရောပသားငှက်တွေပေါ့။ သူတို့က ၁၂ ရာသီလုံး နေတယ်လေ။ သူတို့ထဲမှာ မပါတဲ့ ငှက်တွေကတော့ ကြားနေငှက်တွေပေါ့။ ပြန်တဲ့အခါ ပြန်တယ် မပြန်ချင်တဲ့အခါ မပြန်တဲ့ ငှက်တွေဆိုပြီး ၃ မျိုးရှိပါတယ်။

ဥရောပအလယ်ပိုင်းက နာမည်ကြီး ရိုင်းမြစ်ရိုးတစ်လျှောက်မှာ အနေများကြပါတယ်။ ရိုင်းမြစ်ရိုးတစ်လျှောက်က ပိုနွေးတဲ့အတွက် အဲဒီဒေသတဝိုက်မှာ ကျက်စားလေ့ရှိကြပါတယ်။ ဘာလင်မြို့တဝိုက်မှာရှိတဲ့ ငှက်တွေကတော့ ဆောင်းရာသီဆို အစာရေစာရှားပါးတာရော အအေးပိုတာရောကြောင့် ဆောင်းမှာဆို ငှက်တွေကို အတွေ့ရနည်းပါတယ်။ ဆောင်းရောက်တဲ့အခါ ငှက်တွေကို ဘယ်ကို ပျံသန်းသွားကြသလဲဆိုတာကို လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီမှာ ငှက်အဖွဲ့ (၃)ဖွဲ့ကို ထပ်တွေ့ခဲ့ကြပြန်ပါတယ်။ အောက်မှာ ငှက်တွေ ဘယ်လမ်းကြောင်း ကနေ ပြန်သွားကြတယ်ဆိုတာကို လေ့လာနိုင်ပါတယ်။


အဲဒီပုံလေးမှာ ဘာကိုတွေ့ရသလဲဆိုရင် တချို့ငှက်တွေဟာ ဆောင်းရောက်တဲ့အခါ ဥရောပ အနောက်ပိုင်း ပြင်သစ်တို့ စပိန်တို့ကို ဖြတ်ပြီး အာဖရိကအလယ်ပိုင်းကို ပြန်သွားကြတာ တွေ့ရပါတယ်။ တချို့က အရှေ့ဘက်ခြမ်းဖြစ်တဲ့ ဂရိနိုင်ငံတွေဘက်ကနေ အာဖရိက အလယ်ပိုင်းကို ပြန်သွားကြပါတယ်။ တချို့ကတော့ မြေထဲပင်လယ်ကို ဖြတ်ပြီး ပြန်သွားကြတာကို တွေ့ရပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းက ဘယ်လို ငှက်တွေက ဘယ်လမ်းကြောင်းကနေ ပြန်တာလဲဆိုတာပါပဲ။

ငှက်တွေဟာ သူတို့မိဘတွေ ပျံသန်းခဲ့တဲ့ လမ်းကြောင်းအတိုင်းသာ ပျံသန်းကြတာကို တွေ့ရပါတယ်။ အရှေ့ဘက်ခြမ်းက ပျံသန်းနေကျ ငှက်ဟာ အရှေ့ဘက်ခြမ်းကပဲ အမြဲပျံတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဥရောပမှာ ရှိတဲ့ ငှက်အကြောင်း လေ့လာသူများအဖွဲ့က စမ်းသပ်ချက် နှစ်မျိုးကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒါတွေကတော့ အရှေ့ဘက်ခြမ်းက ပျံတဲ့ငှက်နဲ့ အနောက်ဘက်ခြမ်းက ပျံတဲ့ငှက်တွေကို မျိုးစပ်ပေးပြီး သူတို့ ဘယ်လမ်းကြောင်းကနေ ပျံသန်းမလဲဆိုတာကို လေ့လာခဲ့ပါတယ်။

မျိုးဆက်သစ်ငှက်ကလေးတွေဟာ အမေပြန်ခဲ့တဲ့ လမ်းကြောင်းကိုလည်း မသုံးသလို အဖေပျံသန်းတဲ့ လမ်းကြောင်းကိုလည်း မသုံးကြတာကို တွေ့ရှိခဲ့ပါတယ်။ သူတို့တွေကတော့ မြေထဲပင်လယ်ကို ဖြတ်ပြီး အာဖရိကအလယ်ပိုင်းကို အတိုဆုံး လမ်းကြောင်းနဲ့ ပျံသန်းကြပါတယ်။ နောက်တစ်မျိုးကတော့ အဝေးကြီးပျံသန်းနိုင်တဲ့ ငှက်နဲ့ နီးနီးလေးပဲ ပျံသန်းနိုင်တဲ့ ငှက်တွေကို မျိုးစပ်ပြီး ရလာတဲ့ ငှက်မျိုးဆက်သစ်လေးတွေကို လေ့လာတဲ့အခါ သူတို့ကတော့ အဝေးကြီးလည်း မပျံအနီးလေးလည်း မပြန်တော့ပဲ ဆောင်းရောက်တဲ့အခါ တောင်ဘက်အကျဆုံး ဥရောနိုင်ငံတချို့ကို ပျံသန်းပြီး အစာရှာတာကို တွေ့ရပါတယ်။

နောက်စိတ်ဝင်စားစရာ ကောင်းတာတစ်ခုက သူတို့မှာ သံလိုက်အိမ်မြှောင်လည်း မရှိ၊
Navigation ကိရိယာတွေလည်း မရှိဘဲနဲ့ အာဖရိကအလယ်ပိုင်းကို ဘယ်လို ပျံသန်းကြသလဲဆိုတာပါပဲ။ သူတို့မှာ ရှိတဲ့ အချက် ၃ ခုကြောင့် ခုလို ပျံသန်းနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ အဲဒါတွေကတော့

၁။ သူတို့ရဲ့ မျက်ခွံအောက်မှာရှိတဲ့ Magnetic Zinc လို့ခေါ်တဲ့ ဇီဝသံလိုက်အိမ်မြှောင်
၂။ ညဘက်ပျံသန်းတဲ့အခါ မြင်နိုင်တဲ့ ကြယ်တွေနဲ့
၃။ နေရောင်ခြည်တို့ပဲ ဖြစ်ပါတယ်။

ဒါကတော့ Der Fitis လို့ ခေါ်တဲ့ ငှက်ကလေးပေါ့ဗျာ။ သူ့လိုသာ တောင်ပံတွေပါရင် မြန်မာပြည်ကို ကျောင်းပိတ်ရက်တိုင်း ပျံသန်းလိုက်ချင်ရဲ့။

နေဘယ်အရပ်မှာ ရှိတယ် ဘယ်အချိန်မှာ ပျံသန်းသင့်တယ်ဆိုတာကို သူတို့ ကောင်းကောင်းသိကြပါတယ်။ ငှက်တစ်ကောင်ဟာ 4000 Km ကို အလွယ်လေး ပျံသန်းနိုင်ကြပါတယ်။ သာမန်ငှက်တစ်ကောင်ဟာ 7 g ပဲ လေးပါတယ်။ သူက ဘာအစာမှ မစားသေးခင် 7g အနေအထားမှာ ၂၂၀၀ Km ကို မနားတမ်း ပျံသန်းနိုင်ပါတယ်။ အဲဒီနောက်မှာတော့ သူအစာစားတဲ့အခါ 3 to 5 g ထိစားနိုင်တယ်ဆိုပဲ။ ဒါ့ကြောင့် သူအာဖရိကကို ရောက်တဲ့အခါ သူ့ရဲ့ အလေးချိန်ဟာ 12 g ရှိနေသတဲ့လေ။ အဲလို ပျံသန်းပြီးရင်တော့ ငှက်လေးဟာ ၃ ရက်လောက်နားရတယ်ဆိုပဲ။

သူ့ခန္ဓာကိုယ်အလေးချိန်နဲ့ စာရင် သုံးပုံတစ်ပုံလောက်ကို အသာလေးစားနိုင်တဲ့အတွက် အံ့စရာပေါ့လေ။ 60 Kg ရှိတဲ့ ကျွန်တော်တစ်ရက်လုံး ၃ ခါစားတာတောင် 2 kg အလွန်ဆုံးပဲ ရှိလေတော့ အပုံ ၃၀ ပုံမှ တစ်ပုံလောက်ပဲ စားနိုင်တာပေါ့။ ဒီငှက်ကလေးနဲ့ စာရင် အစားမကြီးဘူးလို့ ပြောရမှာပေါ့လေ။

သူတို့က ဆာဟာရသဲကန္တာရကို ဖြတ်ပြီးပျံသန်းတဲ့အခါ အမြင့်ပေ ၃၀၀၀ အထက်ကနေ ပျံသန်းကြသတဲ့။ ပူလို့ နေမှာပေါ့နော်။ တစ်နာရီကို ၂၁ မိုင်နှုန်းလောက်နဲ့ကို ပျံသန်းကြတာဆိုတော့ ရန်ကုန် Bus ကားတွေထက်တော့ မြန်တာပေါ့လေ။ လေတိုက်နှုန်းနဲ့ပါ ထည့်ပေါင်းလိုက်ရင် နှစ်ဆလောက်မြန်သွားတယ်ဆိုပဲ။ ကန္တာရလို နားစရာမရှိတဲ့ လွင်ပြင်ကြီးကို ဖြတ်ပြီး ပျံသန်းရတဲ့အခါ လိုအပ်တဲ့ ရေကို ဘယ်ကရသလဲဆိုရင်တော့ သူတို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေကနေ ရတယ်လို့ ဆိုပါတယ်။ အဆီ 1g ရှိတယ်ဆိုရင် ရေ 1g ရတယ်ဆိုပဲ။
သူတို့တွေ ပျံသန်းတဲ့အခါ အုပ်စုလိုက်ဖွဲ့ပြီး ဗွီ (V) ပုံသဏ္ဍန်ပျံသန်းတာကို တွေ့ဖူးကြမှာပါ။ ဘာ့ကြောင့် ငှက်တွေ အဲလို ပျံသန်းကြတယ်လို့ သင်ထင်ပါသလဲ။ ဒါကို လေ့လာထားတဲ့ အဖွဲ့ရဲ့ အဆိုအရ သူတို့ဟာ သူတို့ရဲ့ ခွန်အားနဲ့ စွမ်းအင်တွေကို ချွေတာချင်လို့ ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဘယ်လို ချွေတာတာလဲဆိုရင် သာမန်ငှက်တစ်ကောင်ရဲ့ ပျံသန်းနှုန်းအတိုင်း ရှေ့ဆုံးက ငှက်တစ်ကောင် ပျံသန်းနေတဲ့အခါ သူရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို အကြိမ် ၁၉၀ ခုန်ပါတယ်။ ခေါင်းဆောင်ငှက်ကြီး ရင်ခုန်သံမြန်တယ်ပေါ့ဗျာ။ သူ့နောက်လိုက်ငှက်တွေကတော့ တစ်မိနစ်ကို အကြိမ် ၁၆၀ ပဲခုန်ပါတယ်။ ဒါဆို ပုံမှန်ပျံသန်းနိုင်တဲ့နှုန်းထက် နောက်က ငှက်တွေက လျော့ပြီး ပျံသန်းခြင်းအားဖြင့် ကြာရှည် ပျံသန်းနိုင်တာကို တွေ့ရပါတယ်။ ခေါင်းဆောင်လုပ်တဲ့သူကတော့ အားလုံးထက် သာအောင် ပျံသန်းရတာပေါ့လေ။

ကျွန်တော့် အသိထဲက အစ်မတစ်ယောက် ဂျာမနီမှာ ငှက်အကြောင်းလေ့လာနေတာဆိုတော့ သူ့အတွက် ဗဟုသုတ တစ်ခုတလေရလို ရငြားဆိုပြီး ဒီပို့စ်ကို ရေးဖြစ်ပါတယ်။


နေကောင်းကျန်းမာ စိတ်ချမ်းသာကြပါစေဗျာ


ခင်မင်လေးစားစွာဖြင့်


herostar




•Friday, February 12, 2010
အင်တာနက်ခေတ်ကို ရောက်လာတဲ့အခါ ဘာမဆို သိချင်တာကို google မှာရှာ၊ လိုချင်တာကို ဒေါင်းလုပ်ဆွဲနဲ့ အစစအရာရာ အဆင်ပြေနေတာတော့ ဟုတ်တာပေါ့လေ။ ဒါပေမဲ့ ကောင်းကျိုးအပြင် ဆိုးကျိုးတွေပါ လိုက်လာတယ်လေ။ ဒီအကြောင်းကို အတန်းထဲမှာ ဆရာရှင်းပြခဲ့တာလေးကို လိုက်ခဲ့တဲ့ Lecture စာရွက်လေးနဲ့ တကွ ပြောပြချင်လို့ အခုလို အင်တာနက် အသုံးတတ်ရင် မိတ်ဆွေ၊ မသုံးတတ်ရင် တကယ့်ရန်သူ လို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။


အပေါ်မှာ ပြထားတဲ့ပုံလေးက ဒီနေ့ခေတ်မှာ ရေပန်းစားလာတဲ့ မီဒီယာတွေအကြောင်း တစ်ယောက်တစ်မျိုးစီ ပြောပြီးရေးထားတာလေးပါ။ အဓိကက ကွန်ပျူတာပေါ့ဗျာ။ ဒီနေ့ခေတ်မှာ ကလေးတွေကအစ လူကြီးတွေ အဆုံး အင်တာနက်ကိုပဲ သုံးချင်လာတော့တယ်လေ။ အင်တာနက်မှာက ဂိမ်းဆော့မယ်။ Chatting ပြောမယ်။ ဟိုသတင်းဒီသတင်းဖတ်မယ်။ အရင်တုန်းကလို ရုပ်ရှင်တို့၊ ဗွီဒီယိုရုံတို့ကို မသွားချင်တော့ဘူးလေ။ အိမ်မှာသာ ကွန်ပျူတာရှိလို့ကတော့ အဲဒီရှေ့ကကို မခွာတော့ဘူး။

လူကြီးတွေကတော့ ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်တဲ့သူတွေဆိုတော့ တော်သေးတာပေါ့လေ။ ကလေးတွေကျတော့ မရသေးဘူးလေ။ ကျွန်တော့်ဆရာက သူ့သား ၁၂ နှစ်သားလေးကို သူ့လိုပဲ ဘောလုံးကန်စေချင်တယ်။ အားကစားလိုက်စားစေချင်တယ်လေ။ ခုတော့ ကလေးတွေက အားကစားကို ကွန်ပျူတာလောက် စိတ်မဝင်စားတော့ဘူး ဖြစ်နေတယ်တဲ့။ ဂျာမနီမှာက ကွန်ပျူတာဆိုတာက လမ်းဘေးမှာ ပုံထားတာတွေ သွားကောက်ရင်တောင် သုံးလို့ ရနေတတ်တာမျိုးဆိုတော့ အခက်သားလား။ မြန်မာကျောင်းသားပီပီ အဆောင်အောက်မှာ ပစ်ထားတဲ့ တီဗွီတစ်လုံးနဲ့ ကွန်ပျူတာ Desktop ကို အခန်းထဲ ထည့်ထားဖြစ်တယ်။ တီဗွီကတော့ သတင်းကြည့်ချင်လို့ပါ။ Desktop Monitor ကတော့ စားပွဲအောက်မှာ ခြေထောက်တင်ဖို့ထားတာပါ။ အဲလောက်တောင် ပေါလေတော့ သူတို့တွေ ကွန်ပျူတာနဲ့ ရင်းနှီးတာ အဆန်းလား။

ဆန်းတာက ကလေးတွေ ဂိမ်းစွဲတဲ့ရောဂါဗျ။ ဘာဖြစ်လို့လဲဆိုတော့ 11 March 2009 Wednesday နေ့က Stuttgart မြို့နားမှာ ၁၇ နှစ်အရွယ် ဂျာမန်အထက်တန်းကျောင်းသားလေးတစ်ယောက်က လူ ၁၅ ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့လို့ပါပဲ။ ဘာရန်ငြိုးရန်စမှ မရှိဘဲ ဘာ့ကြောင့် ပစ်သတ်ခဲ့တယ်ဆိုတာကို တော်တော်နဲ့ မသိခဲ့ကြဘူး လေ။ ဖြစ်ရပ်မှန် သတင်းကို အသေးစိပ်ဖတ်ချင်ရင်တော့ ဒီမှာ ဖတ်လို့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ဂျာမနီနိုင်ငံအတွက် ဝမ်းနည်းကြေကွဲဖွယ်နေ့တစ်နေ့ ကို ဖြစ်စေခဲ့တယ်လို့ ဂျာမန်ဝန်ကြီးချုပ် အန်ဂလာမာဂယ် ကိုယ်တိုင် ပြောကြားခဲ့ပါတယ်။

ဒီကျောင်းသားလေးက အတန်းဖော်သူငယ်ချင်းတွေကို သေနတ်နဲ့ ပစ်မသတ်ခင် တစ်လလောက်အတွင်းမှာ သူ့အိမ်မှာ တစ်ယောက်တည်း အခန်းပုန်းနေခဲ့တယ်တဲ့။ ပြီးတော့ Counter Strike လိုသေနတ်ပစ်တဲ့ ဂိမ်းတွေကို အလွန်အကျွံဆော့ခဲ့တယ်လို့ နောက်မှ သိရတယ်။ တကယ့် လူမှု ပတ်ဝန်းကျင်နဲ့ ဝေးကွာနေခဲ့ပြီး အွန်လိုင်းကနေ စကားပြော တစ်ယောက်တည်းနေတာတွေ များလာတော့ စိတ်ဓာတ်တွေ ပျက်ပြားလာတယ် ထင်မိပါတယ်။ အချိန်အများစုကို ဝါးမျိုတတ်တာ အင်တာနက်လေ။ ဒါ့ကြောင့် မသုံးတတ်ရင် တကယ့်ရန်သူပါဆို။

နောက်တစ်ခုက VZO တို့၊ Skype တို့မှာ ရုပ်တွေ အသံတွေနဲ့မြင်နိုင်ပြောနိုင်နေပြီဆိုတော့ သူတို့ဆီမှာလည်း ပိုဆိုးတာပေါ့လေ။ အောက်မှာပြထားတဲ့ ပုံလေးက Themen Aktuell 3 , B-1 ထဲမှာ သင်ခဲ့ဖူးတဲ့ ပုံလေး တစ်ပုံ ဖြစ်ပါတယ်။
ဒီပုံလေးမှာက အသံသွင်းလို့ရတဲ့ တယ်လီဖုန်းလေးထဲမှာ Voice Mail ချန်ထားခဲ့တာလေး ရေးထားတာက ပါ။ သားဖြစ်တဲ့လူက ဒီနေ့ညနေပိုင်းမှာ ချိန်းထားတာလေး နှစ်ခုရှိလို့ သူ့အဖွားလာတဲ့အခါ သူ့အတွက် ဗွီဒီယိုလေး ရိုက်ပေးထားပါလို့ ပြောထားခဲ့တာလေးပါ။ ဒါကို သူမှာတဲ့သူက မတွေ့ဘဲ သူ့အဖွားကတွေ့သွား တာလေးကို ဒီပုံလေးမှာ ပြထားတာဖြစ်ပါတယ်။ ဆိုလိုတာက အပြင်မှာ လူကိုယ်တိုင် ဝမ်းသာအယ်လဲတွေ့ဆုံ ရမဲ့ ကိစ္စပါ။ ခုတော့ မိသားစုတွေ့ဆုံဖို့အတွက် အချိန်မရှိကြဘဲ သူ့အဖွားပြန်သွားမှ ဗွီဒီယိုလေးပြန်ကြည့်ပြီး ဖုန်းဆက်နှုတ်ဆက်မဲ့ သဘောမျိုးပေါ့လေ။

အင်တာနက်တွေ ပေါ်လာတာကောင်းပါတယ်။ တစ်ဖက်မှာကလည်း ခင်မင်ရင်းနှီးမှုတွေက ခပ်ပါးပါး ဖြစ်သွားတာ မျိုးတွေလည်း ဖြစ်လာတတ်တယ်။ အကောင်းဆုံးကတော့ အင်တာနက်ကို အပန်းဖြေဖို့ အပျော်သက်သက်ပဲ အလွန်အကျွံမသုံးမိနေစေဖို့ဆိုပါတော့။ အချိန်နဲ့အမျှ စီးပွားဥစ္စာ၊ ပညာကို ရှာဖွေနေကြတဲ့ သူငယ်ချင်းအားလုံးအတွက် စဉ်းစားဆင်ခြင်စရာလေး တစ်ခုတလေ ရသွားနိုင်ပါစေလို့ ဆန္ဒပြုလျက်...

ခင်မင်လေးစားစွာဖြင့်

herostar
•Monday, February 01, 2010
Eine schöne Frau ist meistens dumm.

Ein schöner Mann ist selten treu.

ဂျာမန်သင်တန်းမှာ သင်ရတဲ့ သူတို့ စကားပုံလေး နှစ်ခုပေါ့။ အဓိပ္ပါယ်ကတော့

ချောမောလှပတဲ့ အမျိုးသမီးဟာ အများအားဖြင့် စဉ်းစားဥာဏ် နည်းတတ်သတဲ့။
ချောမောလှပတဲ့ အမျိုးသားကတော့ သစ္စာ ရှိခဲတယ်တဲ့လေ။

ဒီ စကားပုံလေးကို သင်ရတဲ့အခါ သူငယ်ချင်းတွေ ဟုတ်မဟုတ် ငြင်းကြတာပေါ့။ အတန်းထဲမှာ ငြင်းရင်းနဲ့ ဂါနာနိုင်ငံက သူငယ်ချင်းက သူ့ဘဝ အကြောင်းလေးကို အခြေခံပြီး ဒီစကားပုံလေး မှန်ကြောင်း သက်သေပြခဲ့တယ်။ သူ့ငယ်ဘဝကို သိရတော့ စိတ်မကောင်းလည်း ဖြစ်မိသေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ့အဖေမှာ မိန်းမ သုံး ယောက်ရှိနေလို့ပေါ့။ သူ့အမေက သူ့အဖေရဲ့ ဒုတိယ ဇနီး ဖြစ်တယ်တဲ့။ သူ့အဖေရဲ့ ပထမဇနီးနဲ့ တတိယဇနီးတွေဆီမှာ သားတစ်ယောက် သမီးနှစ်ယောက်စီရှိပြီး သူ့အမေမှာတော့ သူအပါအဝင် သားနှစ်ယောက် သမီးနှစ်ယောက် ထွန်းကားခဲ့တယ်တဲ့လေ။

ဇနီး သုံးယောက်လုံးကို တစ်နေရာစီမှာ တရားဝင်လက်ထပ်ခဲ့ပြီး အသက်ကြီးလာမှ အတူတူနေကြတယ်ဆိုပဲ။ ဒါ့ကြောင့် သူတို့အဖေ သူတို့အိမ်ကို လာလေ့ရှိတဲ့ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလေးလမှာဆို တအားပျော်ခဲ့ရတယ်တဲ့။ လိုအပ်တာ ပူဆာသမျှဖြည့်ဆည်းပေးနိုင်တဲ့ သူတို့ အဖေကို အကြွင်းမဲ့ ချစ်ကြတယ်လေ။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလေးလမှ သူတို့အဖေက သူတို့အိမ်ကို လာလေ့ရှိတာကြောင့် သူတို့ မောင်နှမလေးယောက်လုံးရဲ့ မွေးနေ့တွေက ဒီဇင်ဘာလထဲမှာချည်းပဲတဲ့လေ။ သူတို့အဖေက လူမည်းတိုင်းပြည်မှာတော့ လူချောကြီးပေါ့ဗျာ။ ကျွန်တော့် သူငယ်ချင်းကလည်း တော်တော်ခန့်တဲ့အထဲမှာ ပါပါတယ်။ ခုတော့ သူတို့ အဖေတူ အမေကွဲ ညီအစ်ကိုတွေက သူတို့ဖခင်ကြီးဆုံးပြီးတဲ့နောက်မှာ အရင်ကထက် တော်တော်ကို ပိုချစ်လာကြတယ်လို့ ပြောပါသေးတယ်။

ဂါနာမှာဆိုရင် အမျိုးသမီးတွေက အသက် ၁၈ နှစ်ကနေ ၂၈ နှစ်ကြားမှာ အိမ်ထောင်ရေးကို စဉ်းစားရတယ်ဆိုပဲ။ အသက် ၂၈ နှစ်ကျော်သွားပြီးဆိုလို့ကတော့ ယောက်ျားရနိုင်ဖို့ အခွင့်အလမ်းက တော်တော်နည်းသွားတယ်တဲ့ လေ။ အသက် ၃၀ ကျော်အမျိုးသားတွေကလည်း သူတို့လို ၃၀ ကျော်ချင်းတော့ စိတ်မဝင်စားကြတာများတော့ သူတို့ခမျာ ရှိစုမဲ့စု ဆံပင်လေးတွေကို တတ်နိုင်သမျှ ဖီးလိမ်းပြင်ဆင်ပြီး အစွံထုတ်ကြတယ်ဆိုပဲ။ သူတို့ရိုးရာအရ ဘုရားကျောင်းမှာ သစ္စာဆိုပြီး လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးပြီး လက်ထပ်မယ်ဆိုရင်တော့ အဲဒီအမျိုးသားဟာ မိန်းမတစ်ယောက်ပဲ တရားဝင် ယူခွင့်ရှိတယ်တဲ့လေ။ ဆွေးမျိုးသားချင်း အချင်းချင်း တောင်းရမ်းယူတာမျိုးဆိုရင်တော့ နောက်တစ်ယောက် ထပ်ယူမယ်ဆိုရင် ယူလို့ ရနိုင်သေးတယ်တဲ့။

ဒီနေ့ခေတ်မှာတော့ ပညာတတ် အမျိုးသမီးတွေ ပေါများလာတာရော၊ စီးပွားရေးရှာဖွေရတာရောကြောင့် တရားဝင်တစ်ယောက်ပဲ ယူကြတော့တယ်တဲ့။ သူတို့နိုင်ငံကလည်း ကမ္ဘာပေါ်မှာ ရွှေအများဆုံးထွက်တဲ့ နိုင်ငံတွေထဲမှာ ပါလေတော့ သူတို့ရွှေငွေ ဝတ်စားတာတွေက မြန်မာအမျိုးသမီးတွေနဲ့ သိပ်မကွာလှပါဘူး။ နောက်ပြီး မင်္ဂလာစရိတ်ကို အမျိုးသားက အကုန်ခံရတာရော အကုန်တူနေတယ်ဗျ။ ခုနောက်ပိုင်းမှာတော့ သမီးရည်းစားတွေ Living together တွေများလာတဲ့အတွက် သူတို့ အစိုးရက စစ်တမ်းတွေ တိတိကျကျ ကောက်ယူပြီး မလိုလားအပ်တဲ့ လူမှုရေးပြဿနာတွေ ဖြစ်ပွားမှုကနေ ကာကွယ်နေတယ်လို့လည်း ဆိုပါသေးတယ်။

ဒါနဲ့ ဒီစကားပုံလေးနှစ်ခုနဲ့က ဘာဆိုင်လဲဆိုရင် သူ့အဖေ ကိုယ်လူချောက တစ်ယောက်တည်းအပေါ်မှာ သစ္စာမရှိသလောက် စဉ်းစားဥာဏ်နည်းတဲ့ သူ့အမေက တော်တော်ချောတယ်ဆိုပဲ။ ဒါ့ကြောင့် ဒီစကားပုံလေးက တော်တော်မှန်တယ်တဲ့လေ။ ဒီစကားဝိုင်းမှာ ဂျာမန်သူငယ်ချင်းကလည်း အလည်လာရင်းနားထောင်နေတာဆို တော့ သူတို့ဆီမှာ တစ်ယောက်နဲ့ တစ်ယောက်လက်ထပ်တဲ့အခါ မြန်ဆန်လွယ်ကူတာမျိုးမဟုတ်တဲ့အကြောင်း ပြောပြပါသေးတယ်။ အမျိုးသမီးနဲ့ အမျိုးသားလက်ထပ်လိုက်ပြီဆိုတာနဲ့ ပိုင်ဆိုင်မှုတွေ လုပ်ငန်းတွေ၊ နေရာထိုင်ခင်းတွေက အစ အစစအရာရာ ပြင်ဆင်ထားဖို့ လိုတာကြောင့် မြန်မြန်ဆန်ဆန် လက်ထပ်ချင်တဲ့ စုံတွဲတွေဆိုရင် ဒိန်းမတ်ကို သွားကြပါတော့တယ်။

ဒိန်းမတ်ကိုတော့ ချစ်သူ့နယ်မြေလို့ ပြောရမယ် ထင်တယ်ဗျ။ ဒိန်မတ်မကို သွားပြီး လက်ထပ်ရတာကို ဂုဏ်ယူတဲ့ စုံတွဲတွေလည်း ရှိတယ်တဲ့။ နောက်တစ်ခုက သူတို့ဆီမှာ အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်လိုက်ပြီဆိုရင် အမျိုးသမီးက သူရဲ့ ကိုယ်ပိုင်နာမည် ပျောက်ဆုံးသွားပါတော့တယ်။ သူ့အမျိုးသားရဲ့ နာမည်ကို ဆက်ခံရပါတော့တယ်။ ပြီးတော့ မိသားစုနာမည်ဆိုတာရှိတယ်။ သူတို့နာမည်ကြီးတွေက ရှည်လျားလှပေမဲ့ သူတို့ဟာ ဘယ်မိသားစု မျိုးနွယ်ကနေ ဆင်းသက်လာတယ်ဆိုတာကို သိသာစေတယ်လေ။

ဂျာမန်တွေ လက်ထပ်တဲ့နေ့ဆို တော်တော်သိသာပါတယ်။ ကားလမ်းမပေါ်မှာ ဟွန်းတွေ အဆက်မပြတ် တတီတီနဲ့ တီးနေပြီဆိုရင်တော့ အဲဒါဟာ သူတို့ လက်ထပ်လို့ပါပဲ။ မင်္ဂလာမောင်နှံရဲ့ ကားက စတီးလိုက်တာနဲ့ ကျန်တဲ့ကားတွေကလည်း လိုက်တီးပါတော့တယ်။ ဆိုလိုတာက ဟွန်းတီးပြီး ကောင်းချီးပေးတယ်ဆိုတဲ့ သဘောပေါ့လေ။

နောက်တစ်ခုက ဘယ်လောက်ကောင်းထားလဲဗျာ။ သတို့သမီးရဲ့ အဖေက မင်္ဂလာကုန်ကျစရိတ်အားလုံးကို တာဝန်ယူရတယ်တဲ့လေ။ ဒီနေ့ခေတ်မှာတော့ မိသားစုနှစ်ခုလုံး မျှဝေပြီး တာဝန်ယူလာကြတယ်လို့ ပြောပါသေးတယ်။ ပြီးရင် မင်္ဂလာဆောင်မှာ သူတို့ကတဲ့အခါ ရယ်ရတယ်ဗျ။ ဖြစ်ပုံက ဒီလိုပါ။

သတို့သမီးလုပ်တဲ့ သူက သူ့ဖခင်နဲ့ တွဲပြီး ကရပါတယ်။ သတို့သားလုပ်တဲ့သူကတော့ သူ့မိခင်နဲ့ တွဲပြီး ကပါတယ်။ သူတို့ အဲလို ကနေချိန်မှာ သတို့သမီးရဲ့ မိခင်က သတို့သားရဲ့ ဖခင်နဲ့ တွဲကကြပါတယ်။ မြန်မာတွေးတွေးရရင်တော့ သတို့သမီး အဖေ တော်တော်နာမှာပဲနော်။ သမီးလည်း ပေးရ။ ဇနီးကိုလည်း သတို့သားအဖေနဲ့ တွဲကခွင့် ပေးရနဲ့ဆိုတော့လေ။

သူတို့ရဲ့ မင်္ဂလာဦးညက ရင်ခုန်စရာတော့ အကောင်းသား။ သူတို့သူငယ်ချင်းတွေက မြန်မာတွေလို ခဲကြေးတောင်းတာမျိုးတော့ မဟုတ်ဘူးဗျ။ သူတို့ရဲ့ မင်္ဂလာကုတင်ရှိတဲ့ အခန်းထဲမှာ ပူဖောင်းတွေကို အပြည့်ထည့်ထားပြီး ရယ်စရာတွေကို အမျိုးမျိုးဖန်တီးကြတယ်ဆိုပဲ။ နောက်ပြီး နှိုးစက်နာရီမျိုးစုံကို အိပ်ခန်းရဲ့နေရာတိုင်းမှာ ဖွက်ထားပြီး ကျီစယ်ကြတယ်တဲ့လေ။

မင်္ဂလာမောင်နှံသွားရာ လမ်းတစ်လျှောက်မှာ ပန်းတွေကြဲတာတို့ မင်္ဂလာကားမှာ ပန်းမျိုးစုံအလှဆင်တာတွေက ဒီအနောက်တိုင်းက ယဉ်ကျေးမှုတွေ ကူးစက်လာတယ် ထင်မိပါတယ်ဗျာ။ သူတို့က အဲလိုလုပ်တာကို တို့မြန်မာကိုများအတုခိုးသလား အောင်းမေ့နေမိလို့ပါ။ တကယ်တော့ ကားဆိုတာ သူတို့ဆီက ပေါ်လာကို အမှတ်ရတော့မှ အင်း..ဒါဆို တို့ပဲ ဖြစ်မှာပါလေလို့ သက်ပြင်းချမိပါရဲ့။

မင်္ဂလာရက်မရောက်ခင် လူပျိုညတွေမှာဆို သတို့သားက အရက်ဆိုင်တကာကို သူငယ်ချင်းတွေနဲ့ အမူးအမှောက်လျှောက်သောက်တယ်ဆိုပဲ။ သူငယ်ချင်းတွေနဲ့ လူပျိုဘဝကို အပျော်ကြီး ပျော်ပစ်လိုက်တဲ့သ ဘောပေါ့လေ။ အရင်တုန်းကဆိုရင် သတို့သမီးကို သူ့သူငယ်ချင်းတွေက ဖွက်ထားပြီး သတို့သားက အရက်ဆိုင်တကာမှာ လိုက်ရှာရတယ်ဆိုပဲ။ ရှာတွေ့ပြီဆိုတာနဲ့ သောက်ထားတဲ့ ဝိုင်နဲ့ ဘီယာဖိုးမှန် သမျှ သတို့သားက ရှင်းရတယ်တဲ့လေ။

အရင်တုန်းကဆို မင်္ဂလာမဆောင်ခင် တစ်ရက် ညစာစားပွဲမှာ စားသောက်ပြီးတာနဲ့ ပန်းကန်တွေ ခွက်တွေကို အားပါးတရ ခွဲကြတယ်ဆိုပဲ။ ဒီအိုးကွဲ ခွက်ကွဲလေးတွေက သတို့သမီးကို ကံကောင်းစေအောင်လို့တဲ့လေ။ ဒီအိုးခွက် ကွဲတွေကိုတော့ သတို့သမီးနဲ့ သတို့သားတို့က သန့်ရှင်းရတယ်တဲ့လေ။ မင်္ဂလာဆောင်ပြီးသွားလို့ သတို့သမီး ဘုရားကျောင်းကနေ ထွက်ခွာသွားပြီဆိုရင်တော့ သူငယ်ချင်းတွေက ဆန်တွေနဲ့ သတို့သမီးကို ပက်ကြဲပါတော့တယ်။ အဓိပ္ပါယ်က ဒီဆန်စပါးစေ့တွေနဲ့အမျှ သတို့သမီးမှာ သားသမီးရတနာတွေ ထွန်းကားပါစေပေါ့။

မင်္ဂလာဆောင် ကိတ်ကြီးကို တန်ဆာပလာတွေနဲ့ လှသည်ထက် လှအောင် စီမံကြပြီး သတို့သားနဲ့ သတို့သမီးတို့က အတူတူလှီးပြီး တစ်ဦးကို တစ်ဦးက ခွံကျွေးရတယ်တဲ့လေ။ ပြီးတဲ့နောက် နှုတ်ခမ်းချင်းနမ်းကြတဲ့အခါ အားလုံးက လက်ခုပ်လက်ဝါးတီးပြီး အသိအမှတ်ပြုကြတော့တယ်တဲ့။ မင်္ဂလာညနေခင်းမှာတော့ သတို့သမီးရဲ့ ဖခင်ကနေစပြီး မှာတမ်းတွေ စခြွေကြတယ်တဲ့။ ပြီးတဲ့အခါ ကစားနည်းမျိုးစုံနဲ့ နှစ်အိမ့် တစ်အိမ် ချစ်ခင်မှုချင်း ဖလှယ်ကြတော့တာပေါ့လေ။

မင်္ဂလာပွဲကိုလာရောက်အားပေးကြတဲ့ ဧည့်သည်တော်တွေ ပြန်သွားချိန်မှာတော့ သတို့သမီးက ဖဲပြားအဖြူလေးပတ်ထားတဲ့ ပန်းစီးလေးကို ကိုင်ဆောင်လာပြီး သူ့ခင်ပွန်းလောင်းမောင်းမဲ့ကားရဲ့ ရေဒီယို အင်တာနာတိုင်မှာ ချည်ပြီး အတူတူကားမောင်းပြီး မင်္ဂလာအိမ်တော်ကို ပြန်ကြတော့တယ်တဲ့လေ။ လက်ထပ်လက်စွပ်လေးကိုတော့ လက်ယာဘက် လက်သန်းကြွယ်လေးမှာ ဆင်တူဝတ်ဆင်ကြတော့တယ်။ စိန်တွေပါစရာမလိုတဲ့ ရိုးရိုးရှင်းရှင်း မောင်းကွင်းလေးတွေကို ဝတ်ထားတဲ့ မင်္ဂလာမောင်နှံ နေရာလေးမှာ တစ်ယောက်က သင်သာဖြစ်နေခဲ့ရင် ကိုယ့်ချစ်သူနဲ့ဆိုတော့ သင်လည်း တော်တော်ကြည်နူး နေမှာပေါ့နော်။

တချို့ကျတော့ ငါးပြားစေ့ဆယ်ပြားစေ့လေးတွေကို အနှစ်နှစ်အလလ စုထားပြီး မင်္ဂလာဖိနပ်လေးကို အဲဒီနေ့မှ အဲဒီငွေနဲ့ ဝယ်တာလည်း ရှိတယ်တဲ့လေ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော့်သူငယ်ချင်း လူပျိုကြီး၊ အပျိုကြီးများအတွက်ရည်ရွယ်ပြီး ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။

ပျော်ရွှင်ဖွယ်နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ

ခင်မင်လေးစားလျှက်

herostar
•Tuesday, January 19, 2010
ဒါနဲ့ စကားမစပ်...စာသင်ခန်းထဲမှာ ဆရာပြောပြတဲ့ ဂျာမနီအကြောင်း တစေ့တစောင်းလေးတွေ ဖောက်သည် ချချင်လို့ပါ။ ထွေရာလေးပါး ပြောဖြစ်မှာဆိုတော့ ဟိုရောက်ဒီရောက်ပေါ့။ ပထမဆုံးအနေနဲ့ ပြောပြချင်တာက လူဦးရေ 82 သန်းကျော် ရှိတဲ့ ဂျာမနီမှာ အလုပ်လက်မဲ့ ဦးရေက ၈ သန်းကျော် ရှိနေတယ်တဲ့လေ။ လူတို့နိုင်ငံသားတွေရဲ့ ဆယ်ပုံတစ်ပုံလောက်က အလုပ်လက်မဲ့ ပြဿနာရှိနေတာပေါ့။

စက်ရုံ အလုပ်ရုံတွေ ပေါများလာခြင်းနဲ့ နည်းပညာတိုးတက်လာမှုတွေကြောင့် လုပ်သားဦးရေ လိုအပ်မှုက နည်းသထက် နည်းလာတဲ့ အတွက် အလုပ်လက်မဲ့တွေ များလာတယ်ဆိုပဲ။ သူတို့ဆီမှာ အစိုးရက ချမ်းသာလို့ တော်သေးတယ်လို့ ပြောရမယ်ထင်တယ်။ အလုပ်မရှိတဲ့ လူတွေက အစိုးရရုံးတွေမှာ သွားပြောပြီး Arbeitlos ဆိုတာ လျှောက်ထားခွင့်ရှိတယ်။ ဆိုလိုတာက အလုပ်ရှိခဲ့စဉ်က သွင်းထားခဲ့တဲ့ အတိုးငွေတွေကို ပြန်လည် ထုတ်ယူတဲ့ သဘောပေါ့။ ကျန်းမာရေး ကောင်းစဉ်က လခ တစ်လကို ၂၀၀၀ ယူရို ရခဲ့သူက အလုပ်မလုပ်နိုင်တော့တဲ့အခါ သို့မဟုတ် အလုပ်မရှိတော့တဲ့အခါ ဆိုရင် ရခဲ့ဖူးတဲ့ လစာရဲ့ တစ်ဝက်ကို အစိုးက တစ်နှစ်ခွဲနီးပါး ပေးထားသေးတယ်။

အဲဒီ တစ်နှစ်ခွဲအတွင်းမှ အလုပ်နောက်တစ်ခု ရအောင် မရှာနိုင်တော့ဘူးဆိုရင် One Euro Job ဆိုတဲ့ အလုပ်ကို လုပ်ရတော့တာပါပဲ။ အစိုးရက အလုပ်ပေးထားပြီး တစ်နာရီလုပ်မှ တစ်ယူရိုပဲ ရတဲ့ အလုပ်ပေါ့။ တစ်ပတ်ကို နာရီ ၃၀ လုပ်ရပြီး တစ်လကို ယူရို ၁၅၀ လောက်ပဲ ပေးတော့တယ်။ ဒါပေမဲ့ အဲဒီလူက သာမန်အလုပ်သမားတွေလို ကျန်းမာရေး စရိတ် (Health Insurance)၊ အမြတ်ခွန်၊ လောင်စာဆီဖိုး၊ ရေဖိုး မီးဖိုး၊ စတာတွေ ပေးဆောင်ဖို့တော့ မလိုဘူးပေါ့။ ဒါပေမဲ့ ဂုဏ်သိက္ခာ အားဖြင့်တော့ ကျဆင်းသွားတာပေါ့။ မိဘက Arbeitslos ယူထားတယ်ဆိုရင် သားသမီးတွေပါ မျက်နှာငယ်ရ၊ အပေါင်းအသင်းတွေက လှောက်ပြောင်ကြနဲ့ဆိုတော့ သူတို့တွေ အလုပ်တစ်ခု ပြုတ်သွားမှာကို တအားကြောက်ကြတယ်။

သူ့တို့ ဘယ်အလုပ်ပဲ လုပ်လုပ် အဲဒီအလုပ်က ဘဝတစ်သက်တာလုံးကို ပြဌာန်းပေးနိုင်တယ်။ ဆိုလိုတာက အသက် ၂၅ နှစ်လောက်ကနေ ကုမ္ပဏီ တစ်ခုတည်းမှာ နှစ် ၃၀ လောက်လုပ်ခဲ့ပြီးပြီဆိုရင် ပင်စင်ယူတဲ့အခါ ဘာမှ မလုပ်တော့ပေမဲ့ ကုမ္ပဏီရဲ့ အမြတ်ငွေတွေထဲကနေ သူတို့တစ်သက်တာ အတွက် ဗောက်ဆူးတွေ ပေးသလို အစိုးရဆီမှာ သွင်းထားရတဲ့ အခွန်တွေကိုလည်း အသက်အရွယ်ကြီးတဲ့အချိန်မှာ ပြန်လည် ထုတ်ယူခံစားခွင့် ရှိကြတော့ အိုဇာတာကောင်းဖို့ ပူစရာမလိုတော့ဘူးပေါ့။

နောက်တစ်ခုက နိုင်ငံအသီးသီးကနေ အကြောင်းအမျိုးအမျိုးကြောင့် ခေတ္တခိုလှုံခွင့် ယူးထားကြတဲ့ လူပေါင်း များစွာကိုလည်း ဂျာမန်အစိုးရက လစာပေးထားတယ်တဲ့လေ။ ဆိုလိုတဲ့ သဘောက ဘာမှ လုပ်စရာမလိုဘဲ ကျွေးထားတဲ့ သဘောပေါ့လေ။ ဒါပေမဲ့ သူတို့ ထောက်ပံ့တဲ့ငွေက ဆင်းရဲတဲ့ နိုင်ငံတွေကနေလာတဲ့လူတွေ အတွက် ဘာမှ မလုပ်ရဘဲ လစာကောင်းကောင်း ရသလို ဖြစ်နေတတ်တယ်ဆိုပဲ။ အလုပ်လက်မဲ့တွေနဲ့ သူတောင်းစားတွေ ကိုလည်း လစာအသီးသီး ပေးထားသေးတယ်လေ။ နောက်ပြီး ဘီယာ၊ အရက်တွေ အသောက်လွန်တဲ့ အရက်ဂျိုးတွေကို ကျန်းမာရေး စောင့်ရှောက်ဖို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေလည်း လုပ်ထားသေးတယ်။

အရင်တစ်ပတ်က Mannheim က ပြန်အလာ ဘူတာမှာ ရထားမလာသေးလို့ စောင့်နေခိုက် အရက်သမားတစ်ယောက် ဘူတာထဲ မူးမှောက်နေတာကို ရဲက ချော့ပြီး လူနာတွန်းလှဲပေါ် တက်ဖို့ ပြောနေတာကိုကြည့်ပြီး ရယ်ချင်မိသေးတယ်။ အင်း.......ကွာပါ့၊ လို့သာ သက်ပြင်းတစ်ချက်ချမိတယ်။

မြန်မာအမျိုးသားတွေကို ကံကောင်းတဲ့ ယောက်ျားတွေလို့ ပြောလို့ ရမယ်ထင်တယ်ဗျ။ ဒီနိုင်ငံမှာက အမျိုးသားတွေရဲ့ ၃၀ % ရာနှုန်းဟာ ထမင်းဟင်းချက်ရတယ်။ ကလေးထိန်းရတယ်။ ဝင်ငွေလည်း ရှာရတယ်။ သူတို့အိမ်တွေကို ဧည့်သည်တွေ လာပြီဆိုရင် အမျိုးသားက ဂုဏ်ယူဝင့်ကြွားစွာ ချက်ကျွေးတတ်တာကို တွေ့ရပါတယ်။ ဆိုလိုတာက သူ့အမျိုးသမီးကို ဘယ်လောက်ထိ ချစ်ကြောင်း သက်သေပြချင်တဲ့ သဘောလည်း ပါတယ်တဲ့လေ။

ုအချက်အပြုတ် ၊အလျှော်အဖွတ် ၊မီးပူတိုက်၊ ကလေးထိန်းဆိုတာ အိမ်ရှင်မပဲ လုပ်ရမဲ့ အလုပ်လို့ ခွဲခြားမထားဘူးတဲ့လေ။ တစ်ယောက်တလှည့် လုပ်ကြရတယ်ဆိုပဲ။ အမျိုးသားက စီးပွားရေး လုပ်ရတာ၊ သို့မဟုတ် အလုပ်လုပ်ရတာ ပျင်းရိလာရင် အမျိုးသမီးက ငွေရှာပေးတယ်။ အမျိုးသားကို အိမ်ရှင်မ ပြန်လုပ်ခိုင်းတယ်။ ကိုယ့်ဆီမှာတော့ အဲလို ဘယ်ရမလဲလေ။ ဒါတွေက မိန်းမ အလုပ်တွေပါ။ မိန်းမယူထားတာ ဒါတွေ လုပ်ရမှာ ပျင်းလို့ ဆိုပြီး ဆင်ခြေပေးလို့ ဘယ်ရပါ့မလဲ။ မျှတတဲ့ အချက်လို့ ပြောလို့ရပေမဲ့ အာရှသားပီပီ ယောက်ျားတန်မဲ့ အိမ်အလုပ်လုပ်ရမှာတော့ ပျင်းမိသား။

ကျွန်တော့်ဆရာဆို တစ်လကို နှစ်ပတ် ထမင်းချက်တာဝန်ယူရတယ်ဆိုပဲ။ သူချက်တဲ့ဟင်းက သူ့အမျိုးသမီးချက်တဲ့ ဟင်းထက် စားကောင်းကြောင်း အမြဲပြောလေ့ရှိတယ်။ ဆရာ့မှာ ကလေး ၂ ယောက်၊ အိမ်မွေးခွေးကြီးက ၃ ကောင်၊ ဆိတ် ၂ ကောင်၊ မြင်း တစ်ကောင်၊ ဝက် ၁၅ ကောင် ကားနှစ်စီး နဲ့ ကြောင် ၈ ကောင်တောင် ရှိတယ်ဆိုပဲ။ ကျောင်းကိုလာပြီး စာလည်းသင်ရ၊ ဟင်းလည်းချက်ရ တိရိစ္ဆာန်တွေကိုလည်း ကျွေးမွေးရနဲ့ သူခမျာ တော်တော်အလုပ်များမှာပဲလို့ တွေးနေမိသေးတယ်။

အတွေးမဆုံးခင်မှာပဲ ခုံခေါက်သံကြားလိုက်ရတော့ အတန်းဆင်းပြီဆိုတာ သိလိုက်ရတယ်။ ကိုယ့်ဆီမှာ ဆိုရင်တော့ မင်္ဂလာပါ ဆရာ၊ ကျေးဇူးတင်ပါတယ်ဆရာလို့ ပြောပြီး ပြန်ရမှာပေါ့လေ။ ဒီမှာကတော့ အတန်းပြီးတဲ့ အထိန်းအမှတ်ကတော့ စာသင်စားပွဲတွေကို ''တဒေါက် ဒေါက်" မြည်အောင် ခေါက်ရပါတယ်။ ဒါဟာ သင်ခန်းစာပြီးဆုံးသွားလို့ အတန်းဆင်းတော့မယ်ဆိုတဲ့ သဘောပေါ့လေ။

အင်း ... ခုလောက်ဆို ပေါက်ကရ ပြောရတာ အားရသွားပြီ ဖြစ်လို့ နားလိုက်ဦးမယ်နော်။

herostar
•Monday, December 14, 2009
ဘာရယ်ဟုတ်ဘူး။ Lab မှာ နေရင်း အမေရိက အလယ်ပိုင်း ပနားမားက သူငယ်ချင်း တစ်ယောက်ရဲ့ အဖြစ်ကလေး ဖောက်သည် ချချင်လို့ပါ။ ဂျာမနီကို ရောက်ခါစဆိုတော့ ဂျာမန်စကားလည်း ကောင်းကောင်းမပြောတတ်သလို ကောင်းကောင်းလည်း မဖတ်တတ်သေးတာ သဘာဝပဲလေ။

တနေ့ ဆရာက သူမကို ဘယ်နားမှာနေလဲလို့ မေးပါတယ်။ သူမက ပြန်ပြောတာပေါ့၊
Bahnhofstraße နဲ့ Einbahnstraße ဆုံတဲ့ နေရာမှာ နေပါတယ်လို့ ပြန်ပြောတယ်။
ဆရာကတော့ ဘာမှ ဆက်မမေးတော့ပဲ ပြုံးနေခဲ့တယ်။

ဒီလိုနဲ့ ခရစ်စမတ်အကြို ညစာစားပွဲကို ဒီဇင်ဘာ ၈ ရက်နေ့က ကျင်းပတဲ့အခါမှာတော့ ကျွန်တော်တို့နေထိုင်ရာမြို့လေးနဲ့ ဝေးတဲ့ အခြားမြို့တစ်မြို့ကို ကားနဲ့ သွားရတာပေါ့။ လူတွေလည်း စုမိတယ်ဆိုရင်ပဲ သူမက အားလုံးရှေ့မှာ တစ်ခု ပြောလိုက်ပါတယ်။

သူမပြောလိုက်တာက

ဂျာမနီက လမ်းနာမည်တွေကလည်း အတူတူ တွေချည်းပဲနော်။
ဘယ်နားကြည့်ကြည့် လမ်းနာမည်တွေကလည်း Einbahnstraße တွေချည်းပဲ။

ဒီတော့ ကျွန်တော်တို့ အားလုံး ဟန်မဆောင်နိုင်တော့ပဲ ရယ်မိကြပါတော့တယ်။ သူမလည်း လိုက်ရယ်တာပေါ့။ဘာရယ်တော့ သိသေးပုံ မပေါ်ပါဘူး။
နောက်မှ ဆရာက "Einbahnstraße" ဆိုတာ "တစ်လမ်းမောင်း"ကို ပြောတာလို့ ပြောလိုက်မှ သူမ ခမျာ ရှက်လည်း ရှက်၊ ရယ်လည်း ရယ်ချင်နဲ့ မနားတမ်း ရယ်နေမိတာ အတော်ကြာပါတယ်။

နောက်ရက်တွေ Lab မှာ အတူတူ စမ်းသပ်မှုတွေလုပ်တိုင်း သူမကို Einbahnstraße လို့ ပြောလိုက်တိုင်းပြောရင်း ရယ်မိကြပါတော့တယ်။ သူမလည်း ၃ လပြည့်လို့ သူ့တိုင်းပြည်ကို ပြန်သွားတဲ့အခါ ကျွန်တော်တို့အဖွဲ့က Einbahnstraße ဆိုတာလေးကို ဖောင်ကြွလေးတစ်ခု ရိုက်ပြီး အမှတ်တရ လက်ဆောင် ပေးဖြစ်ခဲ့ပါတယ်။
တခါတခါ နိုင်ငံခြားသားတွေ မြန်မာစကားကို လိုက်မှတ်ရင်း ခေါင်းရှုပ်တဲ့အခါ ကျွန်တော်တို့ ရယ်ရသလိုသူတို့လည်း ကျွန်တော်တို့ နားလည်မှု လွဲတဲ့အခါ တော်တော်ရယ်စရာ ကောင်းနေမယ်ဆိုတာ တွေးမိပါတော့တယ်။
•Tuesday, December 08, 2009
ဆယ်တန်းအောင်ပြီးနောက် အကြောင်းကြောင်းကြောင့် တက္က္ကသိုလ်များစွာ တက်ခွင့် ရခဲ့သည်ဟု ပြောရမည် ထင်သည်။။ ပထမဆုံးတက္ကသိုလ်ကတော့ မုံရွာ နည်းပညာတက္ကသိုလ် ဖြစ်သည်။ ပထမနှစ်ပြီးဆုံးပြီးနောက် ဆက်မတက်ဖြစ်တော့ပါ။ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ သစ်တောတက္ကသိုလ် သို့ ပြောင်းလိုက်သည်။ ထိုတက္ကသိုလ်သို့ တက်ရောက်ခွင့် ရခဲ့သော်လည်း ကျောင်း အပ်ပြီး ၂ ပတ်မျှသာ ကျောင်းတက်ခဲ့ပြီးနောက် ကျောင်းပြောင်းခဲ့ရသည်။

ထို့နောက် ပြင်ဦးလွင် စက်မှုလက်မှု သိပ္ပံကျောင်းသို့ တစ်နှစ်မျှ သင်ယူခဲ့ပြီးနောက် အမိတက္ကသိုလ် မန္တလေးနည်းပညာတက္ကသိုလ်သို့ ပြောင်းရွှေ့သင်ယူခွင့် ရခဲ့သည်။ ၅ နှစ်မျှ သင်ယူပြီးနောက် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် တစ်နှစ် ကျမ်းပြုရင်း ရောက်ခဲ့သည်။ ထို့နောက် နိုင်ငံခြား ဘာသာတက္ကသိုလ်ကို မန္တလေးနှင့် ရန်ကုန်တွင် ခေတ္တမျှ သင်ယူခွင့် ရပြန်သည်။ ယခုတော့ ဂျာမနီနိုင်ငံ ကိုက်ဇာလောက်တန် တက္ကသိုလ်တွင် ပညာသင်ခွင့် ရခဲ့သည်။ သူ တကယ် စိတ်ဝင်စားတာကတော့
အဆိုတော်ဟု ပြောသံကြားဖူးသည်။

ကိုင်ဇာလောက်တန် တက္ကသိုလ်သည် ဂျာမနီနိုင်ငံ၏ အနောက်တောင်ဘက် ကိုင်ဇာလောက်တန်မြို့တွင် တည်ရှိသော နည်းပညာတက္ကသိုလ် တစ်ခု ဖြစ်သည်။ ၁၉၇၀ ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤတက္ကသိုလ်တွင် အဓိမေဂျာကြီး ဆယ်ခု ရှိသည်။

၁။ ဗိသုကာ၊ မြို့ပြ အင်ဂျင်နီယာနှင့် ပတ်ဝန်းကျင် လေ့လာထိန်းသိမ်းရေးပညာဌာန
၂။ ဇီဝနည်းပညာ သုတေသနဌာန
၃။ ဓာတုဗေဒ ဌာန
၎။ လျှပ်စစ်နှင့် သတင်းနည်းပညာဌာန
၅။ သုတနည်းပညာဌာန
၆။ စက်မှုအင်ဂျင်နီယာဌာန
၇။ အင်ဂျင်နီယာ သင်္ချာဌာန
၈။ ရူပဗေဒ ဌာန
၉။ လူမှုဆက်ဆံရေးနည်းပညာဌာန
၁၀။ စီးပွားရေးပညာဌာန

ယခင်ကတော့ ထရီးရား (Trier) တက္ကသိုလ်နှစ်ကျောင်းပေါင်းပြီး တည်ရှိခဲ့သည်။ ၁၉၇၅ ခုနှစ်မှ စ၍ သီးခြားရပ်တည်လာခြဲ့ခင်း ဖြစ်သည်။
•Friday, December 04, 2009
၂၀၁၅ တွင် ကလေးတိုင်း မူလတန်းပညာ အခမဲ့သင်ယူခွင့်ရရှိမည် ဟူသည့် မြန်မာသတင်းတစ်ပုဒ်ကို ဖတ်ပြီးနောက် ဝမ်းသာမိသည်။ ဂျာမနီနိုင်ငံ၏ ပညာရေး စနစ်ကို သိချင်တာနဲ့ Lab ခန်းမှာ အတူတူလုပ်နေတဲ့ ဂျာမန်သူငယ်ချင်း တစ်ယောက်ကို မေးဖြစ်သည်။ သူက ၈ တန်းကျောင်းသားတစ်ယောက်ပါ။ အသက်က ၁၆ နှစ်သာ ရှိသေးသည်။ မိဘနှင့် အတူမနေတော့ဘဲ သူ့ ကောင်မလေးနှင့် အတူနေသတဲ့လေ။ သူ Grade 8 (မြန်မာလို ၈ တန်း) ပြီးတော့ ကုမ္ပဏီတစ်ခုမှာ ဝင်လုပ်သတဲ့။ ကုမ္ပဏီရဲ့ လိုအပ်ချက်အရ သူ့ကို ကျွန်တော့်တို့ မြေစွမ်းအားစမ်းသပ်ခန်းမှာ ဓာတ်ခွဲခန်း အကူအဖြစ် လုပ်ရင်း တစ်ဖက်က ကျောင်းတက်နေခြင်းဖြစ်သည်။

သူပြောပြသည့် ဂျာမနီ ပညာရေး အကြောင်းကို စိတ်ဝင်စားစရာ ကောင်းတာမို့ အားလုံးကို မျှဝေချင်တာနဲ့ ဗဟုသုတအဖြစ် ရေးဖြစ်ပါသည်။ သူတို့နိုင်ငံတွင် အစိုးရအခြေခံကျောင်းမှန်သမျှ (State schools are free of charge.) ဘာမျှ ပေးစရာမလိုသည်မှာ ကြာပြီ ဖြစ်သည်။ ကျောင်းဝင်ကြေး ပေးရန်မလိုသည့်အပြင် စာရေးကိရိယာ စာအုပ်က အစ အခမဲ့ ဖြစ်သည်ဟု ပြောပါသည်။

ကျုရှင်ယူစရာ လိုသေးလားလို့ မေးမိသောအခါ အံ့သြစွာ ပြန်ဖြေသည်။ ကျုရှင်တွေက ကျောင်းတွေလောက်မှ မကောင်းတာတဲ့လေ။ သူတို့ဆီမှာ အခြေခံပညာတန်း၌ ကျုရှင်မရှိပါ။

ဂျာမနီနိုင်ငံ၏ ပညာရေးစနစ်ပြ ကားချပ်လေးအကြောင်းကို ပထမဦးစွာ ရှင်းပြသည်။

ဤကားချပ်လေး၌ အောက်ဆုံးတွင် ရှိသော GrundSchule အဆင့်တွင် အသက် ၆ နှစ်မှ ၉ နှစ် (သို့မဟုတ်) ၁၁ အတွင်း မူလတန်း မဖြစ်မနေတက်ရပါသည်။ တော်လွန်း၊ ညံ့လွန်းသော ကျောင်းသား/ သူ များကတော့ Special School ကို တက်ရပါသည်။

မူလတန်းအောင်ပြီးသောအခါ ကလေးငယ်၏ အရည်အချင်းကို ကြည့်ပြီး သူနှင့် သင့်တော်သည့် ကျောင်းကို မိဘနှင့် ဆရာက ပူးပေါင်းပြီး ရွေးချယ်ပေးရသည်။ဤ အဆင့်တွင် ကလေးငယ်အတွက် ရွေးချယ်စရာ (၄) ခု ရှိလာသည်။

၁။ Gymnasium ဟု ခေါ်သည့် တက္ကသိုလ် ပညာရေးထိ ဦးစားပေးသင်သည့် အဆင့်မြင့်ကျောင်း၊
၂၊ Realschule ဟု ခေါ်သည့် စီးပွားရေး နှင့် နည်းပညာကို ဦးစားပေးသင်သည့် အလယ်အလတ်ကျောင်း။
၃။ Hauptschule ဟု ခေါ်သည့် အလုပ်သင်ပညာရေး ကျောင်း( အနိမ့်ဆုံးအဆင့် ကျောင်း)။
၎။ Gesamtschule ဟု ခေါ်သည့် အထက်ပါ ကျောင်း ၃ မျိုးလုံးကို ပေါင်းပြီး သင်တဲ့ ကျောင်း။

မိဘတိုင်းကတော့ ကိုယ့်သားသမီးကို အဆင့်မြင့်ကျောင်းမှာပဲ ထားချင်ကြတာ သဘာဝပဲ ဖြစ်သည်။ သို့သော်ဤနိုင်ငံတွင်တော့ သားသမီးက ညံ့နေလျှင် သင့်တော်သည့် ကျောင်းကိုသာ တက်ခိုင်းသည်။ အဆင့်မြင့် ကျောင်းမှာ ထားပြီး ကျလျှင်လည်း အလယ်အလတ်ကျောင်းသို့ ပြန်ပြောင်းရသည်။

ပုံတွင် ပြထားသည့် အတိုင်း အစိမ်း၊ အနီ၊ အဝါ ကျောင်း (၃) ကျောင်းလုံးသည် တစ်ကျောင်းတွင် ကျပါက အခြားတစ်ကျောင်းသို့ ပြောင်းတက်ရသည်။ တက္ကသိုလ် ပညာရေးထိ စိတ်မဝင်စားပါကလည်း Hauptschule ဟု ခေါ်သည့် အလုပ်သင်ပညာရေး ကျောင်းတွင် Hauptschuleabschluss စာမေးပွဲ အောင်လက်မှတ်ယူပြီး ကျောင်းပြီးလို့ ရသည်။ ထိုလက်မှတ်သည် အပြင်ကုမ္ပဏီများ၌ ဝင်ရောက်လုပ်ကိုင်နိုင်ပြီ ဖြစ်သည်။ သူတို့ အခေါ် Grade 9 ( ကျွန်တော်တို့ အခေါ် အလယ်တန်းအောင်) လျှင် အလုပ်တစ်ဖက်ဖြင့် ကျောင်းဆက်တက်ချင်စိတ်ရှိသေးလျှင်လည်း အလုပ်လုပ်ရင်း ကျောင်းတက်နိုင်သည်။ အောက်တွင် နှစ်အလိုက် ပြသထားသည့်စာရင်းကို ဖတ်ရှုနိုင်ပါသည်။

Percentage of jobholders holding Hauptschulabschluss, Realschulabschluss or Abitur in Germany [1]:

1970 1982 1991 2000
Hauptschulabschluss 87,7 % 79,3 % 66,5 % 54,9 %
Realschulabschluss 10,9 % 17,7 % 27 % 34,1 %
Abitur 1,4 % 3 % 6,5 % 11 %


Abitur ဟု ခေါ်သည့် အခြေခံပညာအထက်တန်းကျောင်းပြီးသွားပါမှ တက္ကသိုလ်တက်ခွင့်ရှိသည်။ တက္ကသိုလ်မှာ ဘွဲ့တစ်ခုခုရချင်လျှင် ဖော်ပြထားသော ကျောင်း ၄ ကျောင်းမှ ဘယ်ကျောင်းမှာမဆို ကြိုးစားပြီး ကျောင်းပြောင်းယူရသည်။ သတ်မှတ်ထားသည့် Grade 12 စာမေးပွဲ အောင်မြင်ပါမှ တက္ကသိုလ် ကျောင်းသားအဖြစ် ဂုဏ်ယူနိုင်ကြသည်။ တက္ကသိုလ်မှ ဘွဲ့တစ်ခုခု ရပြီးပါက အလုပ်လုပ်မည် ဆိုရင် ပိုကောင်းသော အလုပ်ကို ရရှိနိုင်သောကြောင့် ကျောင်းသားတွေမှာ အလယ်တန်းက စပြီး မနားတမ်းကြိုးစားကြရသည်။အတန်းတစ်တန်းတန်းတွင် ကျသွားပါက ကျောင်းပြောင်းမလား၊ တစ်ကြိမ်ပြန်ကြိုးစားမလား တစ်ခါတော့ ရွေးချယ် ခွင့်ရှိသည်။ သူတို့ဆီမှာ ကိုယ်နှင့် သင့်တော်မည် ကျောင်းများကို ရွေးချယ်ခွင့် ရနေခြင်းကို သဘောကျသည်။

တခါတခါ ဘွဲ့ရပြီးတာတောင် အလုပ်က မဲမဲရရ မရှိဖြစ်နေသော ကျောင်းသားအချို့ကို တွေ့ဖူးသည်။ ဘွဲ့ရတွေလောက် စာမတတ်ဘဲ ကားဝါးရှော့တစ်ခုမှာ ၄၊ ၅ နှစ်လောက် ကျွန်ခံပြီး သင်ထားတဲ့သူကမှ အလုပ်အကိုင်မယ်မယ်ရရ ရှိနေတာမျိုး၊ ကိုယ့်ရှေ့မှာ ငါ့မှာ အလုပ်နဲ့ကွလို့ လာပြောတာမျိုး ကြားရသည့်အခါ ခံစားရ ခက်လှသည်။ ကိုယ် ညံ့တာလည်း ဖြစ်နိုင်သည်။ ပြီးတော့... ....

ခင်မင်လေးစားစွာဖြင့်

herostar

အောက်ပါ ဆောင်းပါးတစ်ခုကိုလည်း ကောင်းတာနဲ့ မျှဝေလိုက်ပါသည်။


ငွေကြေးနဲ့ပညာရေး

ပညာရေးနဲ့ ငွေကြေး



ကျွန်တော် သတင်းစာတွေ၊ ဂျာနယ်တွေမှာ မပြီးဆုံးနိုင်တဲ့ စစ်ပွဲအကြောင်းတွေ၊အသေခံ ဗုံးခွဲမူသတင်းတွေ၊ AIDS ရောဂါဟာ အခုချိန်ထိ ထိန်းချုပ်လို့ မရသေးဘဲ နိုင်ငံအများအပြာမှာ ကူးစက်ပျံနှံနေတာ တွေကို ဖတ်ရူမိရင်း လူတွေဟာ ဒီပြသာနာ တွေကို အမှန်တကယ်ပဲ မဖြေရှင်းနိုင်တော့ဘူးလားလို့ တွေးမိပါတယ်၊တကယ်တော့ နိုင်ငံခေါင်းဆောင်တွေ ငြိမ်းချမ်းရေးအတွက် လူပ်ရှားနေသူတွေနဲ့ ပရဟိတ အလုပ်တွေကို အားကြိုးမာန်တက် ဆောင်ရွက်နေသူတွေ အများအပြားရှိနေပါလျက်နဲ့ ဘာကြောင့်ဒီပြသာနာတွေဟာ လျှော့ နည်းမသွားတဲ့အပြင် တိုးပွားနေတာလဲလို့တွေးကြည့်မိပါတယ်။လူတွေဟာ အသိပညာ မပြည့်ဝကြသေးလို့ ဒီပြသာနာတွေရှိကြာတာလားလို့ တွေးမိပါတယ်။တကယ်တော့ လူတန်းစားအလွှာတစ်ခုလောက်ပဲ ပညာတတ်နေလို့ မရပါဘူး။ လူတန်းစားအလွှာအသီးသီးက လူတွေ ပညာပြည့်ဝကြပါမှ ကမ္ဘာကြီး အဆင်ပြေပါလိမ့်မယ်။သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက်ပဲဖြစ်ဖြစ်၊ H1N1 တုပ်ကွေးရောဂါ ကို ကာကွယ်ဖို့ပဲဖြစ်ဖြစ် အခြေခံလူတန်းစားတွေက အစ အသိပညာပြည့်ဝကြပါမှ အောင်မြင်အောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ဒီနေရာမှာ နိုင်ငံခေါင်းဆောင် အများစု မှားယွင်းပြီး ထင်မြင်နေတဲ့ အချက်တစ်ခုကတော့ ပညာရေးစနစ် ထဲကို ငွေအမြောက်အမြားပုံအောပြီး ထည့်လိုက်ရုံနဲ့ ကျောင်းသားတွေရဲ့ ပညာရေး အဆင့်အတန်းမြင့်တက်လာလိမ့်မယ်လို့ ထင်မြင်ယူဆနေခြင်း ဖြစ်ပါတယ်။ အမေရိကန် ပညာရေးဝန်းကြီး အာနီဒန်ကန်က “ကျွန်တော်တို့ အင်းအားကောင်းတဲ့ စီးပွားရေးကို ပြန်လည်တည်ဆောက်ချင်တယ်ဆိုရင် ပညာတတ်လုပ်သမားထုတစ်ရပ် ရှိဖို့ပဲလိုအပ်ပါတယ်” လို့ဝါရှင်တန်အစိုးရကို ရှင်းပြခဲ့ပါတယ်။ဒါကြောင့်လဲ စီးပွားရေးနိုးဆွစီမံကိန်းထဲမှာ ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ဒေါ်လာ ဘီလီယံ ၁၀၀ ထည့်သွင်းးရေးမှာ ငွေအများအပြား သုံးစွဲနေသူနေတာ အမေရိကန်တင်မဟုတ်ပါဘူး။ ဗြိတိန်၊ ဂျာမနီ ၊ ကနေဒါ ၊တရုတ် ၊ ယူအေအီးနဲ အခြားနိုင်ငံအများအပြားဟာ ဒီလမ်းကြောင်းအတိုင်းပြုလုပ်နေပါတယ်။ ဒီငွေတွေ အကုန်လုံး အမှန်တကယ်လိုအပ်တဲ့နေရာ၊ တစ်နည်းပြောရရင် လူ့အဖွဲ့အစည်း ကိုအကောင်းဆုံး ရလဒ်တွေ ပြန်ပေးနိုင်မယ့် နေရာတွေမှာ အသုံးချရဲ့လားဆိုတာ လေ့လာကြည့်ဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ဂျာမနီ မှာဆိုရင် ပညာရေး အသုံးစရိတ် အတွက် အစိုးရထုတ်ပေးတဲ့ ငွေထဲက ယူရိုငွေ ကုဋေတစ်ထောင် ( ၁၀ ဘီလီယံ) လောက်ကျောင်း အဆောင်အအုံတွ အသစ် ပြန်လည်မွမ်းမံ တဲံနေရာမှာ သုံးစွဲနေပါတယ်။ နောက်ဆုံးပေါ် ဗိသုကာ ဒီဇိုင်း အဆန်းများနဲ့ ကျောင်းသစ်တွေ တည်ဆောက်တဲ့ ပညာရေး စီမံကိန်း မှာ ဆောက်လုပ်ရေးကုမ္ပဏီ တွေ အတွက်တော့ ရတနာပုံ ဆိုက်သလို ပွပေါက်တိုးစေပါတယ်။ ကျောင်းသားတွေနဲ့ ဆရာတွေလည်း စာသင်ခန်း အသစ်တွေမှာ စာသင်ရတော့သဘောကျကြပါတယ်။ ဒါပေမဲ့ ဂျာမနီ ကျောင်းသား တွေရဲ့ပညာ အရည်အချင်း က ထူးထူး ခြားခြား တိုးတက်လာခြင်း မရှိလှပါ။ ဗြိတိန်နိုင်ငံမှာလည်း ၀န်ကြီးချုပ် ဂေါ်ဒန် ဘရောင်းက ကျောင်းတွေမှာ ကွန်ပျူတာနဲ့အင်တာနက်ဆက်သွယ်မူတွေ တိုးပြီးထားရှိဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ပညာရှင်အများစုကတော့ သိပ်ပြီး ထိရောက်မှာ မဟုတ်ဘူးလို့ ခန့်မှန်းနေကြပါတယ်။

ထိရောက်အောင် ဘယ်လို သုံးစွဲမလဲ

ကမ္ဘာ့ဘဏ်က ပြုလုပ်တဲ့ လေ့လာမူတစ်ရပ်မှာ နိုင်ငံအတော်များများရဲ့ ခေါင်းဆောင်တွေဟာ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်အသစ်တွေဆောက်လုပ်ဖို့ ငွေတွေပုံအောသုံးနေတယ်လို့ သိရပါတယ်။ ဒီလေ့လာမူရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဂျမေးဆမ်မီက ပညာရေးအတွက် ငွေသုံးစွဲရာမှာ ပိုပြီးထိရောက်အောင် ပြုလုပ်ကြဖို့ သတိပေးလိုက်ပါတယ်။ အစိုးရတွေမှားပြီး လုပ်မိတဲ့ကစ္စတစ်ခုကတော့ ကောင်းမွန်ပြည့်စုံပြီးသား နေရာတွေမှာ ငွေအများကြီး သုံးစွဲနေတာပါပဲ။

ဥပမာ - ဆော်ဒီ အာရေးဗီးယားဆိုရင်ဆိုရင် စာသင်ကျောင်းတစ်ခုတည်းအတွက် ဒေါ်လာ ၁၃ ဘီလီယံခန့် သုံးစွဲနေပါတယ်။ ဒီသုံးစွဲမူတွေက သင့်တော်ကောင်းမွန်တယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ IFO အင်စတီကျူ့နဲ့ စတန်းဖို့ဒ် တက္ကသိုလ်တို့က ပြုလုပ်တဲ့ လေ့လာမူတွေအရ ငွေသုံးစွဲသလောက် ထိရောက်မူမရှိလှဘူးလို့ သိရပါတယ်။ လွန်ခဲ့သော ဆယ်စုနှစ်တွေမှာ အမေရိကန်၊ ပြင်သစ်နှင့် ဂျာမနီတို့ဟာ ပညာရေးအတွက် ငွေအမြောက်အမြားသုံးခဲ့သော်လည်း ပညာရေးစနစ်ကို အဓိက ထား ပြောင်းလဲခဲ့တဲ့ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့လို့် ပညာအရည်အသွေး တိုးတက်လာမူကို မတွေ့မမြင်ရပါ။



တကယ်လိုအပ်တဲ့နေရာ



အမေရိကန်အပါအ၀င် နိုင်ငံအတော်များများ အဓိကထား အာရုံစိုက်ကြတာက အဆင့်မြင့် ပညာရေး အီလိုက်တက္ကသိုလ်ပညားရေး ဖြစ်ပါတယ်။ နိုင်ငံရဲ့ အီလိုက်တက္ကသိုလ်တွေ ကမ္ဘာ့ အဆင့်သတ်မှတ်ချက်မှာ ထိပ်ပိုင်းရောက်နေဖို့ကိုပဲအလေးထားနေကြတယ်လို့ ပညာရှင်တစ်ဦးက ဝေဖန်ပါတယ်။တကယ်တမ်းလိုအပ်နေတဲ့ နေရာကတော့ အခြေခံပညာရေးဖြစ်ပါတယ်။ အထူးသဖြင့်မူလတန်းနှင့် မူကြို အဆင့်တွေမှာ ကလေးတွေကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ ဆင်းရဲ့မွဲတေမူကြောင့် ကျောင်းမတက်နိုင်တဲ့ ကလေးများနှင့် ကျောင်းစောစော ထွက်ရမယ့် ကလေးတွေကို ပညာသင်ကြားစရိတ် ထောက်ပံခြင်းဟာ ငွေကုန်ကြေးကျမများဘဲ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

“စီးပွာရေးအဆင်မပြေတဲ့ မိသားစုတွေက ကလေးများအတွက် မူကြိုပညာရေး ဖော်ဆောင်ပေးခြငးဟာ လူ့ အဖွဲ့အစည်းအတွက် ၊ နိုင်ငံစီးပွားရေးအတွက် ကောင်းကျိုးများစွာဖြစ်တွန်းတဲ့အပြင်…..ရာဇ၀တ်မူနှင့် ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မူဖြစ်စဉ်ကိုပါလျှော့ကျစေပါတယ်” လို့နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဂျမ်းဟက်မန်က ပြောဆိုပါတယ်။ လက်ရှိချိန်မျာမူကြိုပညာရေးကို အဓိက ဆောင်ရွက်နေတဲ့နိုင်ငံကတော့ ချီလီ နိုင်ငံပဲ ဖြစ်ပါတယ်။ ကလေးသူငယ်တွေကို ဆေးကုသ ပေးရလေ့ရှိတဲ့ဆရာဝန်မလေး မီရှဲဘတ်ချလက် ၂၀၀၆ ခုနှစ်မှာ ချီလီသမ္မတဖြစ်လာတဲ့အခါ နိုင်ငံအနှံ မူကြိုကျောင်း အမြောက်အမြားဆောက်လုပ်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံရဲ့အနာဂတ်အတွက် အရေးပါတဲ့ ရင်းနှီးမြှပ်နှံမူဖြစ်ပါတယ်လို့ ပညာရေးသုတေသီ အောတစ်က ချီးကျူးပြောဆိုပါတယ်။



ဆရာတွေရဲ့ အရေးပါမူ



နောက်ထပ်ပြုလုပ်ရမယ့် အရေးကြီးကစ္စတစ်ခုမှာ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းစမ်းသပ်စစ်ဆေးဖို့ ဖြစ်ပါတယ်။ စာသင်ခန်းအရွယ်အစား၊ သင်ရိုးညွန်းတမ်း ၊ ကျောင်းရဲ့ ဘဏ္ဍာရေးငွေ စတာ တွေအားလုံးက ကျာင်းတစ်ခုအောင်မြင်ဖို့သိပ်အရေးမပါလှပါ။ အရေးကြီးဆုံးက ကျောင်းမှာ ဆရာ၊ ဆရာမကောင်းတွေ ရှိဖို့ဖြစ်ပါတယ်။ ဖင်လန် နှင့် တောင်ကိုရီးယားတို့မှာ ကမ္ဘာ့အတော်ဆုံးကျောင်းသားများက ဒီနိုင်ငံတွေက ဆရာ၊ ဆရာမအပေါ် အဓိက အားရုံစိုက်လို့ ဖြစ်ပါတယ်။ ဖင်လန်မှာဆိုရင် ကျောင်းဆရာအလုပ်ဆို ဂုဏ်ယူစရာ အကောင်းဆုံးအလုပ်တစ်ခုအဖြစ်သတ်မှတ်ကြပါတယ်။အဲဒီနိုင်ငံတွေမှာ ဆရာ၊ ဆရာမများကို အရည်းအသွေး ပြည့်မီမူ ရှိမရှိ စစ်ဆေးကြည့်တယ်။ ပြီးတော့ လိုအပ်တဲ့ လေ့ကျင့်သင်ကြားမူများ ပြုလုပ်ပေးတယ်။ ဒါဆိုရင် အခြားနိုင်ငံတွေက ဘာလို့ သူတို့ရဲ့နည်းလမ်းတွေကို အတုခိုးပြီး သူတို့ရဲ့ ပညာရေးစနစ်မှာ အသုံးမချကြတာလဲ။ ဒီမေးခွန်ရဲ့ အဖြေကတော့ နိုင်ငံရေး ဖြစ်ပါတယ်။ အစိုးရတွေက သူတို့ရဲ့ပညာရေးအစီအစဉ်တွေ ချမှတ်တဲ့အခါ မှာ ရေရှည်မှာ ကောင်းကျိးရှိစေမယ့် စီမံကိန်းထက် လတ်တလော ပေါ်ပြူာလာ ဖြစ်နေတဲ့၊ ဒါမှမဟုတ် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ကျောင်းအဆောင်အအုံတွေ ဆောက်တာ၊ ဆရာ၊ ဆရာမ အသစ်တွေ ခန့်ထားတာ စတဲ့ ပြည်သူလူထုကို လက်တွေ ပြနိုင်တဲ့ နေရာတွေမျာ ပိုပြီး ငွေကြေးထောက်ပံ့ချင်စိတ် ရှိကြပါတယ်။

ကျောင်းကောင်းဆိုတာဘာလဲ

ဗြိတိန်၊ နော်ဝေ နဲ့အမေရိကန် ပြည်နယ် အတော် များများမှာ ကျောင်းရဲ့ အရည်းအချင်း ကို စမ်းသပ်စစ်ဆေးဖို့ ပြုလုပ်ကြပါတယ်။ သူတို့ စမ်းသပ်စစ်ဆေးတဲ့နည်းကတော့ ကျောင်းတစ်ခုဟာ ကျောင်းသားတစ်ဦးးကို ဘယ်လောက်အရည်အသွေး၊ ပညာ တွေ ထပ်ဖြည့်ပေးနိုင်မလဲဆိုတဲ့အချက်နဲ့ တိုင်တားကြပါတယ်။ အရင်တုန်းက ယူဆခဲ့သလို ကျောင်းတစ်ကျောင်းက တော်တဲ့၊ အရည်အချင်ရှိတဲ့ ကျောင်းသားတွေ မွေးထုတ်ပေးနိုင်ရုံနဲ့ ကျောင်းကောင်းလို့ မယူဆတော့ပါဘူး။ နာမည်ကြီးတက္ကသိုလ်တွေ ထိပ်ပိုင်းက ကျောင်းကြီးတွေက ကျောင်းသားလက်ခံတဲ့နေရာမှာ အတော် ဆုံးဆိုတဲ့ ကျောင်းသားကို ရွေးချယ်လက်ခံလေ့ရှိပါတယ်။ ဒီတော့ နာမည်ကြီးတက္ကသိုလ်တွေက ထွက်တဲ့ကျောင်းသားတွေက တော်ကြတာ၊ အောင်မြင်ကြတာဟာ ကျောင်းသားတွေကကိုနဂိုထဲ တော်ကြလို့၊ ကြိုးစားကြလို့ ဖြစ်ပါတယ်။ တကယ်တော့ ကျောင်းကောင်းဆိုတာ နဂိုက အရည်းအချင်းမရှိတဲ့သူကို အရည်အချင်းရှိလာအောင် ပြုလုပ်ပေးနိုင်တဲ့ ကျောင်းမျိုးကို ခေါ်တာပါ။ ဒါကြောင့် ကျောင်းတွေကို စမ်းသပ်တဲ့နည်းလမ်းသစ်ကတော့ ကျောင်းသားတစ်ဦးကျောင်းသို့မရောက်ခင် ရှိတဲ့ အရည်အချင်းနဲ့ ကျောင်းပြီးသွားတဲံအခါ ရှိတဲ့ အရည်အချင်းကို နိုင်းယှဉ်ကြည့်ဖို့ဖြစ်ပါတယ်။ ဒီနည်းလမ်းသစ်နဲ့ စမ်းကြည့်တဲ့အခါ အံသြစရာကောင်းတဲ့ ရလာဒ်တွေ ထွက်ပေါ်လာပါတယ်။ ဖလော်ရီဒါ ပြည်နယ်က ယခင် အကောင်းဆုံးကျောင်းတွေလို့ သတ်မှတ်ခဲ့တဲ့ ကျောင်းတွေက ကျောင်းသားတွေ အရည်အချင်းတက်အောင် မလုပ်နိုင်၊ သာမန်ကျောင်းကလေးတွေကတော့ ညံ့ဖျင်းတဲ့ ကျောင်းသားတွေကို အလယ်အလတ် အဆင့်လောက်ရောက်အောင် သင်ကြားပေး နိုင်တာကိုတွေ့ရပါတယ်။ ဒါဆိုသာမန်ကျောင်းလေးတွေက ပိုပြီး တော့ ကျောင်းသားတွေကို အရည်အချင်း ထပ်ဖြည့် ပေးနိုင်တာကို ကြည့်ရင် ဒီကျောင်းတွေကို ပိုပြီး ကောင်းတဲ့ ကျောင်းလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒီနေ့ခတ်ဟာ ပညာခတ်ဖြစ်တယ်ဆိုတာ အစိုးရတွေ အတော်များများ နာလည်း သဘောပေါက်လာကြပါပြီ။ ပညာရေးအတွက် ငွေကြေး ရင်နှီးမြှပ်နှံမူ အများအပြား လုပ်ဆောင်နေကြတာ ကမ္ဘာ့နေရာအနှံမှာ တွေ့နေရပါတယ်။ အစဉ်အလာအားဖြင့်ပညာရေးကို သိပ်အလေးမထာတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေတောင် ရေနံမှ ရတဲ့ ငွေအမြောက်အမြား ကိုပညာရေးထဲကိုထည့်သွင်းမြှပ်နှံနေကြပါတယ်။ အဘူဒါဘီစော်ဘွား ရှိတ်ဇေယတ် ဦးဆောင်တဲ့ အာရပ်ပညာတတ်ခေါင်းဆောင်များ ဟာ အရှေ့ အလယ်ပိုင်းရဲ့ အနာဂတ် အတွက်ကြိုတင်ပြင်ဆင်မူတွေ ပြုလုပ်နေကြပါတယ်။ ဒါပေမဲ့ တကယ်ထိရောက်မူရှိဖို့ဆိုတာက ငွေကြေးတစ်ခုတည်းနဲ့ တက်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျောင်းကောင်းတွေ ဆရာကောင်းတွေ အများကြီးရှိပါမှ ပညာရေးဟာ တိုးတက်မူရှိမှာပါ။ ဒီလိုဖြစ်ဖို့ကလည်း ကျောင်းတွေ၊ ဆရာ၊ ဆရာတွေကို အရည်အသွေး စမ်းသပ်စစ်ဆေးမူတွေ ပြုလုပ်ရပါမယ်။ စမ်းသပ်စစ်ဆေးမူတွေ။ သုတေသန ပြုလုပ်ချက်တွေ မရှိဘဲ မှန်ကန်ပြီး ထိရောက်တဲ့ ပညာရေးပေါ်လစီကို ချမှတ်နိုင်မှာ မဟုတ်ပါဘူး၊ တိုင်းပြည်အများအပြား မှာ ပညာအရည်းအချင်း မပြည့်ဝမူကြောင့် စီးပွားရေးအရ ထိခုက်နစ်နာမူက ဘဏ္ဍာရေး အကျပ်အတည်းကြောင့် နစ်နာရတာထက်တောင် ပိုပြီးများသေးတယ်လို့ OECD အဖွဲရဲ့လေ့လာမူတစ်ခုက ဖော်ပြပါတယ်။ ဒါကြောင့် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းမရှိတဲ့ နိုင်ငံတွေဟာ စီးပွားရေးအရ နှစ်စဉ် နစ်နာနေမှာ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံသားတို့ရဲ့ ပညာရေးကို မြှင့်တင်ပေးခြင်းဟာစီးးပွားရေးအတွက်တင် ကောင်းတာ မဟုတ်ပါဘူး။လူအဖွဲ့ အစည်းတစ်ခုလုံး ပိုပြီး အဆင်ပြေချော့မွေမူကို ဖြစ်စေနိုင်ပါတယ်။



ပညာရေးအတွက် ငွေလိုအပ်မူ



ကျွန်တော် ပြောချင်တာက ပညာရေး အတွက် ငွေသုံးစွဲမူဟာ ဘာအကျိုးမှ မရှိဘူးလို့ဆိုလိုတာ မဟုတ်ပါဘူး။ ကျောင်းအဆောက်အအုံတွေ၊ သင်ထောက်ကူ ပစ္စည်းတွေ မလိုအပ်ဘူးလို့လည်း ပြောတာမဟုတ်ပါ။ ကမ္ဘာ့နေရာအများအပြားမှာ စာသင်ကျောင်းတွေ မရှိသေးတဲ့ ရွာတွေ၊ စားပွဲ။ ကုလားထိုင်တွေမရှိတဲ့ ကျောင်းတွေ စသဖြင့် ပညာကို ကောင်းစွာ သင်ကြားခွင့်မရတဲ့ နေရာတွေ များစွာ ရှိပါသေးတယ်။ တကယ်တော့ ပညာရေးအတွက် အသုံးစရိတ် တွေဟာ ဖွံဖြိုးပြီး နိုင်ငံတွေ အတွက် တောင် နည်းနေပါသေးတယ်။ ကမ္ဘာမှာ ပညာရေးအတွက်အသုံးစရိတ်အများဆုံးဖြစ်တဲ့ အမေရိကန်တောင် စစ်ရေးအသုံးစရိတ်ရဲ့ထက်ဝက်ခန့်ကိုသာ ပညာရေးအတွက်သုံးစွဲပါသေးတယ်။ အမေရိကန်နိုင်ငံဟာ ဂျီဒီပီ ရဲ့ ၂.၉ ရာခိုင်နူန်းကို သုံးစွဲနေပါတယ်။

အရှေ့အလယ်ပိုင်းရှိ နိုင်ငံများကတော့ပညာရေးကို စီးပွားရေးသဘောထားပြီးရင်နှီးမြှပ်

နှံမူများ အကြီးအကျယ်ပြုလုပ်နေကြပါတယ်။ ထင်ရှားတဲ့ သာဓက အဘူဒါဘီရှိ မတ်(စ)ဒါ (masdar) သိပ္ပံနှင့်နည်းပညာ တက္ကသိုလ် ဟာ ကမ္ဘာပေါ်မှာ အစားထိုးစွမ်းအင်နှင့် ရေရှည်တည်တံမယ် ဖွံဖြိုးမူကို အဓိကထား လေ့လာတဲ့တစ်ခုတည်းသော ဘွဲ့လွန် သုတေသန တက္ကသိုလ် ဖြစ်ပါတယ်။ တက္ကသိုလ်နဲ့ တက္ကသိုလ် ပတ်ဝန်းကျင် ရှိ အိမ်တွေ အားလုံးမှာ နေရောင်ခြည်စွမ်းအင်မှ ရတဲ့ လျှပ်စစ်စွမ်းအင်ကိုသာ သုံးစွဲပြီ ကာဗွန်ထုတ်လွှတ်မူ မရှိစေရန် ကားသုံးပြုခွင့်တောင် ပိတ်ပင်ထားပါတယ်။

မတ်(စ)ဒါ တက္ကသိုလ်မှာ အဘူဒါဘီအစိုးရ ရဲ့ထောက်ပံငွေ အမေရိကန်သန်း ၁၅၀၀ ဖြင့်တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတက္ကသိုလ်က မက်ဆာချူးဆက်နည်းပညာအင်စတီကျု့(MIT) နှင့်ချိတ်ဆက်ထားပါတယ်။MIT က ပါမောက္ခ

များနှင့်အတူတူ ကျောင်းသားတွေက သုတေသနပြုလုပ်ခွင့်တွေလည်းရရှိထားပါတယ်။ အဘူဒါဘီရဲ့ ခေါင်းဆောင် ရှိတ်ဇေယတ်ရဲ့ ရည်ရွယ်ချက်ကတော့ အရှေ့အလယ်ပိုင်းရှိ ပညာတတ်လူငယ်တွေ အဝေးကိုသွားပြီး ပညာသွားသင်စရာ မလိုဘဲ ကိုယ့်ဒေသမှာ ကိုယ် အဆင့်မြင့် နည်းပညာတွေ သင်ကြားနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလို တက္ကသိုလ်ကြီးကို ငွေကုန်ခံပြီး ဆောက်ဖြင်းအားဖြင့် အခြားတိုင်ပြည်တွေက ပညာတတ်လူငယ်တွေကိုပါ လာရောက်သင်ကြားဖို့ ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒီအာရပ်စော်ဘွားက တော့ ရေရှည်မှာ ရေနံစီးပွားရေးကို အားကိုးတာထက် ပညာစီးပွားရေး (knowledge economy) ကိုအားထားတာက ပိုပြီး အကျိုးအမြတ် ရလိမ့်မယ်လို့မျှော်လင့်ထားပုံ ရပါတယ်။

ဒါပေမဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေ အတွက် ငွေကြေးမဟုတ်ဘဲ အခြားအခက်အခဲတွေရှိပါသေးတယ်။ အာရပ်ခေါင်းဆောင်တွေက မိမိပြည်သူတွေကို ပညာ လည်းတက်စေချင်တယ်။ ဒါပေမဲ့ ပညာတတ်လာရင် ကိုယ့်ကိုပြန်ပြီး အာခံကြမှာကိုလည်း စိုးရိမ်ကြပါတယ်။ အီရန်နိုင်ငံရှိ ရှရစ်ဖ် တက္ကသိုလ်ဆိုရင်လည်း ကမ္ဘာကျော် နည်းပညာတက္ကသိုလ်များဖြစ်တဲ့ MIT, Caltech, Standford စတဲ့ တက္ကသိုလ်နဲ့ တန်းတူလေးစားခံရတဲ့ ကျောင်းဖြစ်ပါတယ်။ ရှရစ်ဖ် ကျောင်းဆင်းဆိုရင် ကနေဒါတို့၊ သြစတေးလျတိုက အလွယ်တကူ ဗီဇာထုတ်ပေးဖို့ အသင့်ပဲ ဖြစ်ပါတယ်။ ရှရစ်ဖ် တက္ကသိုလ် မှာလည်း အီရန်ရဲ့ အမြော်အမြင်ရှိသော ခေါင်းဆောင်ဖြစ်တဲ့ ရှားဘုရင်က တည်ထောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း အီရန်ကျောင်းသား အများစုက ကျောင်းပြီးတာနဲံ နိုင်ငံခြားကို ထွက်သွားလေ့ရှိပါတယ်။

ကျောင်းသူတစ်ယောက်က“ကျွန်မ ဒီမှာ ဘာမှလုပ်စရာ မရှိဘူးလေ။ ဒီတော့ ကျွန်မ ကြိုးစားပြီး သင်ထားတာတွေ အလဟသ မဖြစ်အောင် နိုင်ငံခြားပဲသွားရတော့မှာပေါ့” ဟု ပ၀ါ အနက်ကို ခေါင်းမှာ ခြုံလျှက် ကနေဒါသံရုံးရှေ့မှာ ဗီဇာလျှောက်ဖို့ တန်းစီနေတဲ့ အီ၇န်အမျိုးသမီး ဒါနီဂျီ က ပြောပြပါတယ်။ ကျောင်းသားအများစုရဲ့ဆန္ဒကတော့ မိမိတို့ တစ်သက်လုံးသင်ကြားလာခဲ့သမျှကို ဘာမှ အသုံးမချပဲ မေ့မေ့ပျောက်ပျောက် နဲ့ ပျောက်ကွယ်သွားမှာကို မလိုလားကြပါဘူး။ အီရန်ရဲ့အဖြစ်အပျက်ကို သင်ခန်းစာယူပြီး အဘူဒါဘီစော်ဘွားဟာ ပြုပြင်ပြောင်းလဲမူတွေ လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလားဆိုတာတော့ စောင့်ကြရပါဦးမယ်။

အဆင့်မြင့် ပညာရေး သို့မဟုတ် အီလိုက်တက္ကသိုလ်များ

အမေရိကန်ရဲ့ အထက်တန်းကျောင်းသားတွေဟာ ကနေဒါ၊ ဖင်လန်နဲ့တောင်ကိုရီးယားက ကျောင်းသားတွေရဲ့ပျမ်းမျှအရည်အချင်းကို မီမယ်ဆိုရင် အမေရိကန် GDP ဟာ၉ ရာခိုင်နူန်းကနေ ၁၃ ရာခိုင်နူန်းအထိ၊ တစ်နည်း ပြောရရင် ၁.၃ ထရီလီယံကနေ ၂.၃ ထရီလီယံထိ မြင့်တက်နိုင်ပါတယ်လို့ မက်က်ကီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါဟာ အမေရိကန်ရဲ့ပြနာပါပဲ။ ကမ္ဘာ့ အကောင်းဆုံးတက္ကသိုလ်အခု ၂၀ မှာအမေရိကန်တက္ကသိုလ် တွေအများဆုံး ပါပေမယ့်လို့ အခြေခံပညာ အဆင့်မှာ တော့ တောင်ကိုရီးယားက ကျောင်းသားတွေကို မမီပါဘူး။ကိုရီးယားက ကျောင်းသားတွေဟာ ညလုံးပေါက် စာကြည့်နေတဲ့ အချိန်မှာ အမေရိကန် လူငယ်တွေက ဟောလီးဝုဒ်ကားတွေကြည့်လိုက်၊ ဂိမ်းနိုပ်လိုက်လုပ်နေကြပါတယ်။ယခင် ပညာရေးဝန်းကြီး ဟောင်း ကိုယ်တိုင်က အမေရိကန်ကလေးတွေက စာသင်ဖို့ထက်အပျော်အပါးဘက်ကို ပိုပြီး စိတ်အားထက်သန်နေတယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။

ဒါကလည်း အစိုးရနဲ့ ပြည်သူတွေက အီလိုက်တက္ကသိုလ်ကိုပဲ အာရုံစိုက်နေကြလို့ ဖြစ်ပါတယ်။ အီလိုက်တက္ကသိုလ်ဆိုတာ အခွင့်ထူးခံလူတန်းစားများသာတက်နိုင်တဲ့ အင်မတန် ကျောင်းစရိတ်ကြီးမားတဲ့ တက္ကသိုလ်ကို ဆိုလိုတာပါ။

ဥပမာ အားဖြင့် ဟားဗက်တက္ကသိုလ်က ကျောင်းသားများထံမှ ရတဲ့ ၀င်ကြေးနဲ့ ကျောင်းလခ ဟာ အမေရိကန်ဒေါ်လာကုဋေ ၃၅၀၀ (၃၅ ဘီလီယံ) ခန့်ရှိပါတယ်။ ဒါဟာ နိုင်ငံတစ်ခုရဲ့ စုစုပေါင်း GDP ပမာဏ လောက်ရှိပါတယ်။ ယေး (yale) တက္ကသိုလ်ဆိုရင်လည်း ကျောင်းသားထံမှ ရငွေ ဒေါ်လာ ကုဋေ ၂၂၅၀ ရှိပြီး ၊ ပရင်စတန် ဆိုလျှင် ကုဋေ၁၄၈၀ ထိရှိပါတယ်။ (ကွာလိုက်တာနော် ငါတို့နဲ့များ) ဒီလို တက္ကသိုလ်ကို သာမာန်လူတန်းစားတွေ တက်ရောက်ဖို့ ဘယ်လိုမှ မလွယ်ကူလှပါ။ အခွင့်ထူးခံ လူ့မလိုင်အီလိုက်တွေပဲ တက်ရောက်နိုင်ကြပါတယ်။ ဒီတော့ ဒီတက္ကသိုလ်ကို တက်နိုင်တဲ့ကျောင်းသားတွေဟာ မာန်တကြွကြွဖြစ်နေတာ ဘာဆန်းတော့လို့လဲ။ တစ်ချိန်မှာ ကျောင်းထဲက မိမိသူငယ်ချင်းဟာ သမ္မတကြီးလဲ ဖြစ်နိုင်တယ်၊ ၀န်ကြီးချုပ်လည်းဖြစ်နိုင်တယ်ဆိုတဲ့အသိစိတ်ဟာ ကျောင်းသား

တွေကို ပိုပြီး ဘ၀င်မြင့်စေပါတယ်။ ကျောင်းသားတွေဟာ ပညာကို ကြိုးကြိုးစားစား သင်ယူလေ့လာဖိုထက် အောင်မြင်မူ ကို ရရှိဖို့ ပိုပြီး စိတ်အား သန်ကြပါတယ်။

တကယ်တော့ အမေရိကန်မှာ အခြေခံပညာရေးကိုတောင် ဆုံးခန်းတိုင်အောင် မတက်နိုင်ဘဲ ကျောင်းထွက်သွားရတဲ့လူတွေ အများအပြား ရှိပါသေးတယ်။ ဒီလူတွေဟာ ကုန်ထုတ်စွမ်းအားမရှိတဲ့ လစာဝင်ငွေနည်းတဲ့ အလုပ်တွေ လုပ်နေရပါတယ်။ ဒီတော့ သူတို့ရဲ့

သာသမီးတွေကိုပညာ အပြည့်အ၀ သင်ကြားပေးနိုင်ခြင်းမရှိတော့ပါဘူး။ ဒီလိုပဲဆင်ရဲမွဲတေမူနဲ့ ပညာမပြည့်ဝမူဟာ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းပြီးဆင်ရဲ သံသရာလည်နေပါတယ်။

ဒီလိုလူတွေကို ငွေကြေးထောက်ပံပြိး ပညာသင်ကြားခွင့်ရအောင် လုပ်ပေးနိုင်ရင် တိုင်းပြည်ရဲ့

ကုန်ထုတ်စွမ်းအားလည်း တိုးတက်လာမှာပါ။ ဒါကြောင့် ဆင်းရဲတဲ့ မိသားစုမှ ကလေးတွေကို ပညာစရိတ် ထောက်ပံတာ ဟာ လူမူရေး လုပ်ငန်းတစ်ခု မဟုတ်ပါဘူး။ တကယ်အကျိုးအမြတ်ရရှိမယ့် စီးပွားရေး အလုပ်ကြီးပါ။ ဒီတော့ ပညာစီးပွားရေး (knowledge Economy) ကိုပဲ နိုင်ငံရဲ့ အဓိက စီးပွားရေးအဖြစ် ငွေကုဋေချီပြီး သုံးစွဲရတဲ့နိုင်ငံတွေဟာ ဒီလိုနေရာမျိုးတွေမှာ အများကြီးရင်နှီး မြှပ်နှံသင့်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော် ကျောင်းဆရာများညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပါပဲ…………….။

“ ပညာရေးသည် နိုင်ငံရေးဖြစ်ပါသည်”

Ref: Newsweek, Internet

Source by ကျော်သူဟန်(Ecovision weekly journal)

http://www.graduateshotline.com/europe/de.html
•Saturday, October 03, 2009
ဒုက္ခကို လှတယ်လို့ ပြောရမယ်ဗျ...

ကျွန်တော် လွန်ခဲ့တဲ့ ကြာသပတေးနေ့ က ဖျားနေခဲ့တာပါ။ ဆေးခန်းသွားပြဖို့ ဆရာဝန်ဆီဖုန်းဆက် ပါတယ်။
စာရေးမနဲ့ ပဲ တွေ့ ပြီး ဖျားနေကြောင်း ပြောပါတယ်။ ခုတအား ဖျားနေတဲ့တွက် အခုပြချင်ကြောင်း ပြောရတာပေါ့။ ဒါပေမဲ့ သောကြာနေ့ မှ တွေ့ ခွင့်ရမယ်တဲ့လေ။ အော် .. တို့ မြန်မာပြည်နဲ့ ဒီနေရာမှာတော့ ကွာတယ်နော်လို့ မှတ်ချက်ချမိပါတယ်။ မြို့ ထဲက အခြားဆရာဝန်တွေကို ထပ်ဆက်ပြန်ရင်လည်း ဒီလိုပဲ နေမှာပါလေဆိုပြီး သူပြောတာကိုပဲလက်ခံလိုက်ပါတယ်။သူကတော့ကျောင်းထဲမှာပဲဆိုတော့သွားရလာရနီးတာလည်းပါတာပေါ့လေ။

ဒီနိုင်ငံမှာ ကျန်းမာရေးအာမခံတဲ့ ကုမ္ပဏီတွေရှိတာကို တွေ့ ရပါတယ်။ Health Insurance ဆိုတာ မရှိဘဲနဲ့
ဒီနိုင်ငံမှာ နေထိုင်ခွင့် မရကြပါဘူး။ ကျန်းမာရေးတွက် ရောဂါတစ်ခုခုမဖြစ်ခင်ကတည်းက မကျန်းမာတဲ့အခါ
ဆေးကုသဖို့ ငွေကို ကျန်းမာနေစဉ် ကြိုပေးထားရပါတယ်။ တစ်လဝင်ငွေရဲ့ ၁.၉၅% မှ ၂.၂၀% ကြားပေးထားရပါတယ်။ ပျမ်းမျှ တစ်လကို ယူရို ၈၀ ပေးဆောင်ထားရပါသည်။ ခုလို နေမကောင်းဖြစ်လာတဲ့အခါ နှစ်သက်ရာ ဆရာဝန်ကို ပြသခွင့်ရှိပါတယ်။ ဆရာဝန်၏ ညွှန်ကြားချက်များအရ လိုအပ်သည့် ဆေးဝါးများကို ဆေးဆိုင်တွင် ဝယ်ယူနိုင်ပါသည်။ ဆရာဝန်၏ ဆေးလက်မှတ်မပါ,ပါက ဆေးဆိုင်မှ ဆေးရောင်းပေးလိမ့်မည် မဟုတ်ပါ။

အသက်အရွယ်ကြီးရင့်လာသောအခါ ဤစနစ်သည် အလွန်ပင်ကောင်းပါသည်။ သားထောက် သမီးခံမရှိလည်း
စိုးရိမ်စရာမလိုပါ။ ဆေးကုသမှုတွက် လိုအပ်သည့် ကျန်းမာရေးစရိတ်ကို ငယ်စဉ်ကတည်းက ပေးချေထားပြီး
ဖြစ်၍ ငွေမရှိလို့ အသက်အဆုံးခံလိုက်ရသည်ဆိုသော အဖြစ်များကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

ဒီလိုနဲ့ အင်္ဂါနေ့ ရောက်လာတော့ ဆရာဝန်နဲ့ တွေ့ တာပေါ့လေ။ ဆရာဝန်က ဘာဖြစ်လဲ မေးတော့ အစာမကြေ ဖြစ်နေကြောင်း၊ လေချဉ်ခဏခဏတက်၍ တံတွေးများများထွက်နေကြောင်း ပြောရတာပေါ့လေ။
ဆရာဝန်က ဗိုက်ကလေးလက်နဲ့ ထောက်ပြီး ဒီနားကလားလို့ မေးပါတော့တယ်။ "ဟုတ်" လို့ ပြောလိုက်တာ
နှင့် သောက်ဆေးပေးလိုက်ပါတယ်။ ဆရာ့လက်မှတ်လေးကိုယူပြီး ဆေးဆိုင်မှာ ဆေးဝယ်ခွင့်ရခဲ့ပါတော့တယ်။

၃ ပတ်မျှ ဆေးသောက်ပြီးပါက ပြန်လာတွေ့ ရန် Appointment ထပ်ယူပြီး ပြန်လာခဲ့လိုက်ပါတယ်။
Omeprazol Heumann တစ်ဗူးကို ယူရိုငွေ ၂၇ ပေးရသဖြင့် မြန်မာငွေ လေးသောင်းနီးပါးရှိပါလိမ့်မည်။
ကျွန်တော်တို့ ကို လုပ်ပေးထားသည့် ကျန်းမာရေးအားမခံ ကုမ္ပဏီမှာ Die Continentale ဖြစ်သဖြင့်
ဆေးဖိုးကုန်ကျငွေ ၄ ယူရိုထက် ကျော်လွန်ပါက ကျော်သမျှငွေ ပြန်လည် ရရှိမည်ဆိုသောကြောင့်
ဆေးဖိုးငွေတွက် ကတ်စေးနည်း နေစရာမလိုတော့ပါ။ မည်မျှ ကုန်ကုန် စိတ်သက်သာခွင့် ရပါတော့သည်။

သူငယ်ချင်းတွေရဲ့ ဂရုစိုက်မှု အားပေးမှုများကို ရရှိလိုက်တဲ့အတွက် သူတို့ ရဲ့ စေတနာကို မြင်ခွင့် ရလိုက်တယ်လေ။ နွေးထွေးမှုကိုလည်း ခံစားရပါတယ်။ မကြာခင် နေကောင်းတော့မည်ဟု ယုံကြည်နေမိပါတယ်။ သီတင်းကျွတ်လပြည့်နေမှာ ပျော်ရွှင်ကြပါစေ။
အင်း ဘာပဲ ဖြစ်ဖြစ်ပေါ့လေ...ဒါတွေကြောင့် ...... ....... .......
ဒုက္ခဆိုပေမဲ့ လှတယ်လို့ ပြောရမှာပဲ။

herostar
•Friday, September 25, 2009
သူငယ်ချင်းတို့ကို ဂျာမနီနိုင်ငံရဲ့ လယ်တောတစ်ခုဆီကို ခေါ်သွားပါရစေ
သောကြာညနေတစ်ခုမှာ သူငယ်ချင်းတွေနဲ့ အတူ ဂျာမနီနိုင်ငံမှာ ရှိတဲ့ လယ်သမားမိသားစု အိမ်လေးကို အလည်ရောက်ရှိခဲ့ပါတယ်။ ဒီလယ်သမားအိမ်လေးမှာ ဇနီးမောင်နှံနှစ်ဦးနဲ့ အတူသားငယ်လေးတစ်ယောက် ရှိပါတယ်။ သူတို့ ပိုင်ဆိုင်တဲ့ မြေအကျယ်အဝန်းကတော့ ဟက်တာအားဖြင့် ၂၀၀ ကျော်လို့ ပြောပါတယ်။ ဧကအားဖြင့် ၅၀၀ ကျော်ပိုင်ဆိုင်တာပေါ့လေ...

ဒီမြေဧက ၅၀၀ ကျော်ကို လူဘယ်နှစ်ယောက်လုပ်ကိုင်ပါသလဲလို့ မေးတဲ့အခါမှာတော့ သူတို့ လင်မယားနှစ်ယောက်အပြင် တခါတလေမှာတော့ သူတို့ အဖေနဲ့ အမေက ကူညီပါတယ်တဲ့။
ဒါဆို ဧက ၅၀၀ ကျော်ကိုလူ ၄ ယောက်တည်းနဲ့ ထွန်ယက်စိုက်ပျိုးနေတာပေါ့လေလို့ အံ့အားသင့်စွာ
မေးလိုက်မိပါတယ်...သူတို့ တွက်တော့ ဒါဟာမထူးဆန်းပါဘူးတဲ့လေ...ဒီမြေဧက ၅၀၀ အပြင် နို့ စားနွား အကောင် ၄၀ ကိုလည်း မွေးမြူထားပါသေးတယ်...ဒီနို့ စားနွား အကောင် ၄၀ ကို ဘယ်လိုများ နို့ ညှစ်ယူလဲဆိုတာကတော့တော်တော်လေးကို အံ့သြမိပါတယ်...ရွာမှာ နွားကျောင်းရင်း ကြီးပြင်းခဲ့ရတဲ့သူအတွက် နွားတွေကိုအစာကျွေးရတဲ့ ဒုက္ခ၊ ရေတိုက်ရတဲ့ ဒုက္ခ၊ နွားချေးကျုံးရတဲ့ ဒုက္ခတွေ ဘယ်လောက်များမှန်း တွေးကြည့်ရုံနဲ့တင်မလွယ်မှန်းသိသာနေပါပြီ ဘယ်လို ညှစ်လဲ သိရအောင် ဗွီဒီယိုလေးပါ တင်ပေးလိုက်တယ်နော်..


သို့ ပေမဲ့ သူတို့ ဘယ်လို အစာကျွေးတယ် ဘယ်လို နို့ ညှစ်ယူတယ်ဆိုတာကို သိလိုက်ရတော့ ကျွန်တော် အံ့သြမိပါတော့တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ နွားနို့ ကို လက်နဲ့ ညှစ်တာမှ မဟုတ်တာလေ...နွားနို့ကို စက်နဲ့ ညှစ်ကြတာဗျ ကိုယ်မှ မမြင်ဖူးတာလေ..နို့မညှစ်ခင် ဒီဘက်အခန်းလေးထဲမှာ သူတို့ကို ဒီလိုတွေ့ရပါတယ်
သူတို့က အချိန်တန်လို့ အစာစားချင်တဲ့အခါ နွားနို့ညှစ်တဲ့အခန်းလေးထဲကို ဖြတ်ရပါတယ်..အဲဒီအခါမှာတော့
ခုမြင်တွေ့ရသလို နို့ညှစ်ကြပါတော့တယ်

မော်တာနဲ့ တချက်တချက် စုပ်လိုက်တိုင်း နို့ကျောတွေခုလိုတင်းနေတာကို တွေ့ရပါတော့တယ်
ခုလိုပိုက်လိုင်းတွေနဲ့ မော်တာကိုသုံးပြီးရရှိလာတဲ့ နွားနို့တွေကိုတော့ ခု မြင်ရတဲ့ နွားနို့ကန်ကြီးနဲ့ သိုလှောင်ကြပါတော့တယ်။
လေစုပ်ခွက် လေးလုံးဖြင့် ဤကဲ့သို့ နို့မညှစ်ခင် ပထမဦးစွာ လက်ဖြင့် အနည်းငယ် ညှစ်ပြီး အရှိန်ယူပါတယ်။ အဲဒီနောက်မှာတော့ လေစုပ်ခွက်ဖြင့် ၁၅ မိနစ်မျှ စုပ်ယူပြီးတဲ့နောက်မှာတော့ ဒဏ်ရာ အနည်းငယ်သက်သာစေ
ရန် Betadine ကဲ့သို့ ဆေးရည်လေးကို သုတ်လိမ်းပေးပါတယ်. အဲဒီနောက်မှာတော့ သူတို့ကို အစာကျွေးတဲ့အခန်းဘက်ဆီကို သွားစေပြီး အစာကျွေးပါတော့တယ် သူတို့ကို ကျွေးတဲ့နွားစာတွေကို ခုလိုတွေ့မြင်ရပါတယ်
အစာစားနေ့တဲ့ နွားလေးတွေဒီနွားစာတွေကို သိုလှောင်ထားတဲ့ နွားစာတိုက်ကိုလည်း ခုလိုတွေ့မြင်ခဲ့ရပါတယ်
ခြံရှိနွားများကို ကျွေးရန် တစ်နှစ်စာ နွားစာများကို ခုလို မိုးကာများဖြင့် အုပ်မိုး၍ အစိုဓာတ်မပျက်စေရန် ထားရှိသည်ဟု ရှင်းပြပါသည်။ ထို့ကဲ့သို နွားစာများအပြင် ရောင်းရန် ထားရှိသောနွားစာများကိုလည်း ခုလို
စနစ်တကျထားရှိသည်ကို မြင်တွေ့ခဲ့ရပါတယ်
ဧက ၅၀၀ ကျော်ကို ထွန်ယက်သည့် လယ်ထွန်စက်များနှင့် လယ်ယာသုံး စက်ပစ္စည်းများကိုလည်း ခုလို ရိုက်ကူးခဲ့ပါတယ်။
ဒါတွေကတော့ ထွန်စက်အကြီးစားတစ်ခုလို့ ပြောပါတယ်

ဒီနေ့ရာမှာ ထူးဆန်းတာတစ်ခုက နွားတွေကို ရေတိုက်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်..နွားတွေ ရေကောင်းရေသန့်
သောက်နိုင်ဖို့အတွက် သူတို့ကို Tap တစ်ခုတပ်ထားတဲ့ ရေခွက်လေးတစ်ခုပဲထားရှိပါတယ်။
ရေသောက်ချင်တဲ့နွားဟာ အဲဒီ ခလုတ်လေးကို ပါးစပ်လေးနဲ့ ဖိလိုက်ရပါတယ် အဲဒီအချိန်ကျမှ ရေကထွက်လာ
ပြီးနွားဟာ လိုသလောက်ရေကို သောက်သုံးနိုင်မှာ ဖြစ်ပါတယ်..ဒီလိုသောက်တတ်အောင် ဘယ်လိုသင်ပေးလဲလို့ မေးလိုက်တော့ သင်ပေးစရာမလိုတော့ဘူးတဲ့လေ..အရင် သူတို့ထက် အသက်ကြီးတဲ့
နွားကြီးတွေက သင်ပေးတာတဲ့လေ..တစ်ကောင်ပဲ သင်ပေးလိုက်ရင် နောက်အကောင်တွေက လိုက်သောက်
တတ်ကြတယ်လို့ ပြောပါတယ်...ပြီးတော့ ဒီကောင်တွေက ပန်းသီးပင်ကို ကိုယ်နဲ့ တိုက်ပြီး ပန်းသီးကျွေလာအောင်အရင် လုပ်တယ်..ပြီးမှ အတူတူစားကြတဲ့ထိ အသိကြွယ်ဝပုံကိုလည်း ပြောပြပါသေးတယ်

နွား ၆ ကောင်အတွက် ဒီခွက်ကလေးတစ်ခုပဲထားပေးပါတယ်...လိုအပ်တဲ့ရေကို လိုအပ်သလောက်အချိန်ပြည့်သောက်သုံးနိုင်ရန် ပိုက်လိုင်းဖြင့် သွယ်တန်းထားသည်ကိုတွေ့မြင်ရပါသည်။ခုမြင်ရတဲ့ နွားခြေထောက်က အဝတ်စလေးကတော့ ဒီနွားရဲ့ ခြေထောက်မှာ ဒဏ်ရာရနေတယ်ဆိုတဲ့ သဘောကို ပြောတာဖြစ်ပါတယ်...သူတို့ ဆီမှာ နွားတစ်ကောင် မွေးပြီဆိုတာနဲ့ ချက်ချင်းပဲ မှတ်ပုံတင် ဌာနကို အကြောင်းကြားရပါတယ်...ပြီးတဲ့နောက်မှာတော့ အဲဒီနွားလေးကို မှတ်ပုံတင်နံပါတ်လေးတစ်ခု ပေးပြီ နွားရွက်မှာ ဖောက်ပြီး တပ်ပေးထားလိုက်ပါတယ်..မှတ်ပုံတင်မှာတော့ ဘယ်နေ့မှာ မွေးဖွားတယ်ဆိုတာနဲ့
တကွ အမှတ်စဉ်ကို ပါ ဖော်ပြထားပါတယ်...ဒါကတော့ ခြံထဲရှိနွားများ၏ သက်တမ်းနှင့် ကိုယ်ဝန် ဆောင်ရန် မည့်သည့်နေ့ မည့်သည်အကောင်အလှည့် စသဖြင့် သိရှိနိုင်ရန် မှတ်သားထားသည့် နွားစာရင်း ဖြစ်ပါသည်။
ဒါကတော့ နောက် ၃ ရက်နေရင် မွေးတော့မယ်ဆိုတဲ့ သားလွယ်ထားရတဲ့ နွားမကြီးတစ်ကောင်ရဲ့ ပုံပါ

ဤသို့ မှတ်တမ်းတင်ထားသည်မှာ ပျမ်းမျှ အသက် ၃ နှစ်ခန့် ရှိသောအခါ သားတင်ရန် ရက်ရွေးချယ်ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင်ပြီးပါကလည်း စတင်ကိုယ်ဝန်ဆောင်ချိန်မှ စ၍ မွေးဖွားချိန်ကို ခန့်မှန်းတွက်ချက်ကာ တိရိစ္ဆာန်ကုဆရာဝန်ကိုပါ မွေးဖွားချိန်တွင် အရန်သင့် ခေါ်ယူထားကြောင်းပြောပြပါတယ်...ခုမြင်တွေ့ရမှာကတော့ ၆ ရက်သား နွားသားပေါက်လေးကို မှတ်ပုံတင်နံပါတ်နှင့်တကွ တွေ့မြင်ရမှာဖြစ်ပါတယ်
၆ ရက်သားနွားသားပေါက်လေးရဲ့ နားမှာတော့ သူ့ရဲ့ မှတ်ပုံတင်နံပါတ်ဖြစ်ပါတယ်။
သူ့ကို မွေးပြီးကတည်းက မိခင်နဲ့ တွေ့ခွင့်မပေးတော့ပါဘူး...လိုအပ်တဲ့ နို့ကို ခုလို နို့ဗူးအကြီးစားဖြင့်
တိုက်ပြီး ကြီးသည်ထိ မွေးမြူပါတော့တယ် သူတို့ကို နို့တိုက်ပုံကတော့ ဒီလိုပါ

လယ်သမားမိသားစု နေတဲ့ အိမ်ကလေးကိုလည်း ခုလိုတွေ့မြင်ရတယ်..
သူတို့မှာ မာစီတီးကားတစ်စီးရှိပြီး ကုန်တက်ကားနှင့် လယ်ယာသုံးကားများလည်း ရှိပါတယ်။ အမျိုးသားရော
အမျိုးသမီးပါ ဘွဲ့ရများ ဖြစ်ကြပြီး အင်္ဂလိပ်စကားလည်း အနည်းငယ်ပြောတတ်သည်ဟုပြောပါတယ်..မိဘအမွေ
လုပ်ငန်းမို့သာ ဆက်လက်လုပ်ကိုင်ကြရတာ ဖြစ်ပြီး မနက်တခါ ညနေတစ်ခါ ခုလို စက်နဲ့ နို့ညှစ်ရတဲ့တွက်
အလုပ်များကြောင်းလည်း ပြောပါသေးတယ်...

ခြံထဲရှိ နို့စားနွားတစ်ကောင်၏ တန်ဖိုးမှာ ခန့်မှန်းငွေအားဖြင့် ယူရို ၁၅၀၀ နီးပါးရှိသဖြင့် စုစုပေါင်းနွားအကောင် ၁၀၀ မျှရှိသောသူတို့အဖို့ ချမ်းသာသည်ဟု ပြောရမည်ဖြစ်ပါသည်။ သို့သော်သူတို့က သာမန်မျှသာ ဖြစ်သည်ဟု ပြန်လည်း ဖြေကြားခဲ့ပါသည်။ Opel ကားတစ်ပတ်ရစ်လောက်ကို ယူရို ၃၀၀၀ မျှသာရှိသဖြင့်
နွားနှစ်ကောင်ဟာ ကားတစ်စီးနှင့် ညီမျှနေသောသူတို့အဖို့ နွားကို ကားထက် တန်ဖိုးထားကြကြောင်း ပြောပါသေးတယ်..သူတို့လယ်ကွင်းလေးထဲက သစ်ပင်လေးတစ်ပင်ကိုကြည့်ရင်း စိတ်ထဲမှာ မဖော်ပြနိုင်သော ခံစားမှုတစ်ခု ဝင်လာပါတော့တယ်
လယ်သမားလင်မယားနှစ်ဦးနဲ့ အတူ ကျွန်တော်တို့ သူငယ်ချင်းတတွေလည်း နှုတ်ဆက်ဓာတ်ပုံရိုက်ရင်း ပြန်လာခဲ့ကြပါတော့တယ်။
ခင်မင်လေးစားစွာဖြင့်

herostar