b သူရဲကောင်းကြယ်: ဒါနဲ့ စကားမစပ်
•Tuesday, January 19, 2010
ဒါနဲ့ စကားမစပ်...စာသင်ခန်းထဲမှာ ဆရာပြောပြတဲ့ ဂျာမနီအကြောင်း တစေ့တစောင်းလေးတွေ ဖောက်သည် ချချင်လို့ပါ။ ထွေရာလေးပါး ပြောဖြစ်မှာဆိုတော့ ဟိုရောက်ဒီရောက်ပေါ့။ ပထမဆုံးအနေနဲ့ ပြောပြချင်တာက လူဦးရေ 82 သန်းကျော် ရှိတဲ့ ဂျာမနီမှာ အလုပ်လက်မဲ့ ဦးရေက ၈ သန်းကျော် ရှိနေတယ်တဲ့လေ။ လူတို့နိုင်ငံသားတွေရဲ့ ဆယ်ပုံတစ်ပုံလောက်က အလုပ်လက်မဲ့ ပြဿနာရှိနေတာပေါ့။

စက်ရုံ အလုပ်ရုံတွေ ပေါများလာခြင်းနဲ့ နည်းပညာတိုးတက်လာမှုတွေကြောင့် လုပ်သားဦးရေ လိုအပ်မှုက နည်းသထက် နည်းလာတဲ့ အတွက် အလုပ်လက်မဲ့တွေ များလာတယ်ဆိုပဲ။ သူတို့ဆီမှာ အစိုးရက ချမ်းသာလို့ တော်သေးတယ်လို့ ပြောရမယ်ထင်တယ်။ အလုပ်မရှိတဲ့ လူတွေက အစိုးရရုံးတွေမှာ သွားပြောပြီး Arbeitlos ဆိုတာ လျှောက်ထားခွင့်ရှိတယ်။ ဆိုလိုတာက အလုပ်ရှိခဲ့စဉ်က သွင်းထားခဲ့တဲ့ အတိုးငွေတွေကို ပြန်လည် ထုတ်ယူတဲ့ သဘောပေါ့။ ကျန်းမာရေး ကောင်းစဉ်က လခ တစ်လကို ၂၀၀၀ ယူရို ရခဲ့သူက အလုပ်မလုပ်နိုင်တော့တဲ့အခါ သို့မဟုတ် အလုပ်မရှိတော့တဲ့အခါ ဆိုရင် ရခဲ့ဖူးတဲ့ လစာရဲ့ တစ်ဝက်ကို အစိုးက တစ်နှစ်ခွဲနီးပါး ပေးထားသေးတယ်။

အဲဒီ တစ်နှစ်ခွဲအတွင်းမှ အလုပ်နောက်တစ်ခု ရအောင် မရှာနိုင်တော့ဘူးဆိုရင် One Euro Job ဆိုတဲ့ အလုပ်ကို လုပ်ရတော့တာပါပဲ။ အစိုးရက အလုပ်ပေးထားပြီး တစ်နာရီလုပ်မှ တစ်ယူရိုပဲ ရတဲ့ အလုပ်ပေါ့။ တစ်ပတ်ကို နာရီ ၃၀ လုပ်ရပြီး တစ်လကို ယူရို ၁၅၀ လောက်ပဲ ပေးတော့တယ်။ ဒါပေမဲ့ အဲဒီလူက သာမန်အလုပ်သမားတွေလို ကျန်းမာရေး စရိတ် (Health Insurance)၊ အမြတ်ခွန်၊ လောင်စာဆီဖိုး၊ ရေဖိုး မီးဖိုး၊ စတာတွေ ပေးဆောင်ဖို့တော့ မလိုဘူးပေါ့။ ဒါပေမဲ့ ဂုဏ်သိက္ခာ အားဖြင့်တော့ ကျဆင်းသွားတာပေါ့။ မိဘက Arbeitslos ယူထားတယ်ဆိုရင် သားသမီးတွေပါ မျက်နှာငယ်ရ၊ အပေါင်းအသင်းတွေက လှောက်ပြောင်ကြနဲ့ဆိုတော့ သူတို့တွေ အလုပ်တစ်ခု ပြုတ်သွားမှာကို တအားကြောက်ကြတယ်။

သူ့တို့ ဘယ်အလုပ်ပဲ လုပ်လုပ် အဲဒီအလုပ်က ဘဝတစ်သက်တာလုံးကို ပြဌာန်းပေးနိုင်တယ်။ ဆိုလိုတာက အသက် ၂၅ နှစ်လောက်ကနေ ကုမ္ပဏီ တစ်ခုတည်းမှာ နှစ် ၃၀ လောက်လုပ်ခဲ့ပြီးပြီဆိုရင် ပင်စင်ယူတဲ့အခါ ဘာမှ မလုပ်တော့ပေမဲ့ ကုမ္ပဏီရဲ့ အမြတ်ငွေတွေထဲကနေ သူတို့တစ်သက်တာ အတွက် ဗောက်ဆူးတွေ ပေးသလို အစိုးရဆီမှာ သွင်းထားရတဲ့ အခွန်တွေကိုလည်း အသက်အရွယ်ကြီးတဲ့အချိန်မှာ ပြန်လည် ထုတ်ယူခံစားခွင့် ရှိကြတော့ အိုဇာတာကောင်းဖို့ ပူစရာမလိုတော့ဘူးပေါ့။

နောက်တစ်ခုက နိုင်ငံအသီးသီးကနေ အကြောင်းအမျိုးအမျိုးကြောင့် ခေတ္တခိုလှုံခွင့် ယူးထားကြတဲ့ လူပေါင်း များစွာကိုလည်း ဂျာမန်အစိုးရက လစာပေးထားတယ်တဲ့လေ။ ဆိုလိုတဲ့ သဘောက ဘာမှ လုပ်စရာမလိုဘဲ ကျွေးထားတဲ့ သဘောပေါ့လေ။ ဒါပေမဲ့ သူတို့ ထောက်ပံ့တဲ့ငွေက ဆင်းရဲတဲ့ နိုင်ငံတွေကနေလာတဲ့လူတွေ အတွက် ဘာမှ မလုပ်ရဘဲ လစာကောင်းကောင်း ရသလို ဖြစ်နေတတ်တယ်ဆိုပဲ။ အလုပ်လက်မဲ့တွေနဲ့ သူတောင်းစားတွေ ကိုလည်း လစာအသီးသီး ပေးထားသေးတယ်လေ။ နောက်ပြီး ဘီယာ၊ အရက်တွေ အသောက်လွန်တဲ့ အရက်ဂျိုးတွေကို ကျန်းမာရေး စောင့်ရှောက်ဖို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေလည်း လုပ်ထားသေးတယ်။

အရင်တစ်ပတ်က Mannheim က ပြန်အလာ ဘူတာမှာ ရထားမလာသေးလို့ စောင့်နေခိုက် အရက်သမားတစ်ယောက် ဘူတာထဲ မူးမှောက်နေတာကို ရဲက ချော့ပြီး လူနာတွန်းလှဲပေါ် တက်ဖို့ ပြောနေတာကိုကြည့်ပြီး ရယ်ချင်မိသေးတယ်။ အင်း.......ကွာပါ့၊ လို့သာ သက်ပြင်းတစ်ချက်ချမိတယ်။

မြန်မာအမျိုးသားတွေကို ကံကောင်းတဲ့ ယောက်ျားတွေလို့ ပြောလို့ ရမယ်ထင်တယ်ဗျ။ ဒီနိုင်ငံမှာက အမျိုးသားတွေရဲ့ ၃၀ % ရာနှုန်းဟာ ထမင်းဟင်းချက်ရတယ်။ ကလေးထိန်းရတယ်။ ဝင်ငွေလည်း ရှာရတယ်။ သူတို့အိမ်တွေကို ဧည့်သည်တွေ လာပြီဆိုရင် အမျိုးသားက ဂုဏ်ယူဝင့်ကြွားစွာ ချက်ကျွေးတတ်တာကို တွေ့ရပါတယ်။ ဆိုလိုတာက သူ့အမျိုးသမီးကို ဘယ်လောက်ထိ ချစ်ကြောင်း သက်သေပြချင်တဲ့ သဘောလည်း ပါတယ်တဲ့လေ။

ုအချက်အပြုတ် ၊အလျှော်အဖွတ် ၊မီးပူတိုက်၊ ကလေးထိန်းဆိုတာ အိမ်ရှင်မပဲ လုပ်ရမဲ့ အလုပ်လို့ ခွဲခြားမထားဘူးတဲ့လေ။ တစ်ယောက်တလှည့် လုပ်ကြရတယ်ဆိုပဲ။ အမျိုးသားက စီးပွားရေး လုပ်ရတာ၊ သို့မဟုတ် အလုပ်လုပ်ရတာ ပျင်းရိလာရင် အမျိုးသမီးက ငွေရှာပေးတယ်။ အမျိုးသားကို အိမ်ရှင်မ ပြန်လုပ်ခိုင်းတယ်။ ကိုယ့်ဆီမှာတော့ အဲလို ဘယ်ရမလဲလေ။ ဒါတွေက မိန်းမ အလုပ်တွေပါ။ မိန်းမယူထားတာ ဒါတွေ လုပ်ရမှာ ပျင်းလို့ ဆိုပြီး ဆင်ခြေပေးလို့ ဘယ်ရပါ့မလဲ။ မျှတတဲ့ အချက်လို့ ပြောလို့ရပေမဲ့ အာရှသားပီပီ ယောက်ျားတန်မဲ့ အိမ်အလုပ်လုပ်ရမှာတော့ ပျင်းမိသား။

ကျွန်တော့်ဆရာဆို တစ်လကို နှစ်ပတ် ထမင်းချက်တာဝန်ယူရတယ်ဆိုပဲ။ သူချက်တဲ့ဟင်းက သူ့အမျိုးသမီးချက်တဲ့ ဟင်းထက် စားကောင်းကြောင်း အမြဲပြောလေ့ရှိတယ်။ ဆရာ့မှာ ကလေး ၂ ယောက်၊ အိမ်မွေးခွေးကြီးက ၃ ကောင်၊ ဆိတ် ၂ ကောင်၊ မြင်း တစ်ကောင်၊ ဝက် ၁၅ ကောင် ကားနှစ်စီး နဲ့ ကြောင် ၈ ကောင်တောင် ရှိတယ်ဆိုပဲ။ ကျောင်းကိုလာပြီး စာလည်းသင်ရ၊ ဟင်းလည်းချက်ရ တိရိစ္ဆာန်တွေကိုလည်း ကျွေးမွေးရနဲ့ သူခမျာ တော်တော်အလုပ်များမှာပဲလို့ တွေးနေမိသေးတယ်။

အတွေးမဆုံးခင်မှာပဲ ခုံခေါက်သံကြားလိုက်ရတော့ အတန်းဆင်းပြီဆိုတာ သိလိုက်ရတယ်။ ကိုယ့်ဆီမှာ ဆိုရင်တော့ မင်္ဂလာပါ ဆရာ၊ ကျေးဇူးတင်ပါတယ်ဆရာလို့ ပြောပြီး ပြန်ရမှာပေါ့လေ။ ဒီမှာကတော့ အတန်းပြီးတဲ့ အထိန်းအမှတ်ကတော့ စာသင်စားပွဲတွေကို ''တဒေါက် ဒေါက်" မြည်အောင် ခေါက်ရပါတယ်။ ဒါဟာ သင်ခန်းစာပြီးဆုံးသွားလို့ အတန်းဆင်းတော့မယ်ဆိုတဲ့ သဘောပေါ့လေ။

အင်း ... ခုလောက်ဆို ပေါက်ကရ ပြောရတာ အားရသွားပြီ ဖြစ်လို့ နားလိုက်ဦးမယ်နော်။

herostar
This entry was posted on Tuesday, January 19, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On January 27, 2010 at 2:56 PM , Anonymous said...

အတွေ့အကြုံလေးတွေ မှတ်သားသွားပါတယ်ဗျား ..။