b သူရဲကောင်းကြယ်: တနင်္ဂနွေ ထမင်းဝိုင်း
•Sunday, January 24, 2010
ပေါင်မုန့်တွေ၊ ပီဇာတွေနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနေရတာ ကြာလေပြီ။ စားကောင်းလို့ စားနေမိတာတော့ မဟုတ်ပါ။ ဝယ်ရတာ လွယ်ကူခြင်း၊ အချိန်ကုန်သက်သာခြင်းများကြောင့်သာ ဒါတွေကို အားပြုစားနေရခြင်း ဖြစ်သည်။ အရင်တုန်းကတော့ ဗိုလ်စာ စားရတယ်ဆိုပြီး ကြိုက်သယောင်ယောင်ရှိခဲ့သည်။ ကြာကြာဝါးတော့ ခါးမှန်းသိလာသည်။ မြန်မာစာစားရတိုင်း အားရတင်းတိမ်လှသည်။ အီလည်လည်ဖြစ်သည့် ဥရောပစာများကို စားလာသည်မှာ နှစ်ချီနေပြီဖြစ်သော်လည်း အခုထိ ကျွန်တော့် အစာအိမ်က အနောက်တိုင်း အစားအစာများနှင့် ရင်နှီးတယ်ကို မရှိသေးပါ။

ဒီနေ့တော့ မြန်မာအစားအစာကို အားပါးတရ ချက်စားမိပါတော့တယ်။ အမျိုးသားတို့၏ နှလုံးလမ်းကြောင်းကို သွားရာလမ်းကြောင်းသည် ထမင်းကောင်း ဟင်းကောင်းချက်တတ်ခြင်းလို့ ကြားခဲ့ဖူးသည်။ မည်မျှပင် ဆိုးနွဲ့နေစေကာမူ အိမ်သူသက်ထားက ထမင်းကောင်းကောင်း ဟင်းကောင်းကောင်းလေး ချက်ကျွေးလိုက်လျှင် ဆိုးသမျှကို ပြုံးပြုံးကြီး ခံယူကာ အသက်ထက်ဆုံး ချစ်သွားကြသည့် လင်မယားစုံတွဲများကို မြင်ခဲ့ဖူးသည်။ တကယ်တော့ ထမင်းဟင်းချက်ရသည်မှာ အချိန်တော်တော်ကုန်လှ၏။


ခုပင် ကြည့်။ အညာသားပီပီ အညာထမင်းဟင်းလေး စားချင်တာကြောင့် အာရှမှ လာရောင်းသည့် ဈေးဆိုင်များကို သွားရသည်။ အရင်ဆုံး ကန်စွန်းရွက်တစ်စီး ဝယ်ပစ်လိုက်သည်။ အိမ်မှာတုန်းက ရေတွင်းဘေး ပေါက်နေတဲ့ ကန်စွန်းခင်းကြီးကို မုန်းမိသည်။ မေမေက ဗီတာမင်ရအောင် ချက်ကျွေးသည်ဟု ဆိုတိုင်း သူဈေးဖိုး ချွေတာချင်တိုင်း တို့ကို ချက်ကျွေးသည်ဟု အဖေ့ကို တိုးတိုးလေး ကပ်ပြောနေကျ ဖြစ်သည်။ ခုတော့ ဒီ ကန်စွန်းရွက်ကိုမှ စိတ်က လိုလိုလားလား စားချင်နေမိတော့သည်။ တကယ်ဆို ကန်စွန်းရွက် တစ်စီး၏ တန်ဖိုးမှာ ကြက်တစ်ကောင်ရဲ့ တန်ဖိုးထက် ပိုများနေသည်။ မြန်မာငွေအားဖြင့်တော့ ကန်စွန်းရွက်တစ်စီးကို ၄၀၀၀ ကျပ်နီးပါး ပေးရသည်။ ပုံလေးက ဒီမှာပါ။
ဒီကန်းစွန်းရွက်လေးက ထိုင်းနိုင်ငံကနေ လေယာဉ်စီးလာရလို့ ဈေးကြီးတာလည်း ဖြစ်နိုင်သည်။ သူ့ကို သေချာသင် ရေစင်အောင် ဆေးပြီးတာနဲ့ ကြက်သွန်ဖြူ၊ဂျင်း တို့နဲ့ အရောင်မပြောင်းခင် အလောတော်လေး ကြော်လိုက်ပါတယ်။ ခုလို ကြော်လိုက်တော့ တစ်ပွဲစာ ခုလိုလေး ရလာတာပေါ့လေ။

ပြီးတော့ နွေထနောင်း ဆောင်းမန်ကျည်းလို့ စကားပုံလာအတိုင်း ဆောင်းရာသီမှာ အနွေးဓာတ်ကို ပေးနိုင်တဲ့ မန်ကျည်းချဉ်ရည်လေးလည်း သောက်လိုက်ချင်သည်။ ဒါနဲ့ ဗီယက်နမ်ကနေ လေယာဉ်စီးလာ တဲ့ မန်ကျည်းရွက်ဗူးလေးကို ဝယ်ခဲ့ရပြန်သည်။ အိမ်မှာတုန်းကဆို ခြံထဲတင် အပင်ပေါ်ကြိုက်သလောက် တက်ခူးလို့ ရတဲ့ ဒီအရွက်တွေကို ခုတော့ ဈေးကြီး ပေးစားနေရ တော့တာပါ့။ မန်းကျည်းရွက်ချဉ်ရည်လေးသောက် လိုက်ရရင် အသဲကို အေးစေတယ်လို့ ခံစားရတယ်လေ။ ဒါနဲ့ပဲ ဒီမန်ကျည်းရွက်ဗူးလေးကို ဝယ်ခဲ့လိုက်တယ်။ ကျပ်၃၀၀၀ လောက်တော့ကျတာပေါ့လေ။ ပြီးတော့ မြန်မာမှန်ရင် ငပိကို မမေ့နဲ့။ စာပေမှာ ဗျည်းနဲ့ သရတော့ သတိရပါဦးကွယ် ဆိုတဲ့ တွံတေးသိန်းတန်ရဲ့ သီချင်းလေးကို သတိရမိသည်။ ဒါနဲ့ ငါးပိချက်စားဖို့ ပြင်ဆင်မှုတွေ လုပ်ပြီးတဲ့နောက် ခုလို ငပိချက်တစ်ခွက်ကို ထပ်မံရရှိပါသည်။ ငပိချည်းပဲ ချက်စားရင် သိပ်မကောင်းမှာစိုးတာနဲ့ အချဉ်ဓာတ်ကလေးလည်း ပါသွားအောင် မန်းကျည်းမှည့်လေးကို ရေစိမ်ပြီး ထည့်လိုက်သေးတယ်။ ချက်နည်းပေါင်း တစ်ထောင်လောက်ကို မြန်မာကျူးပစ်ဖိုရမ်ကနေ အလွတ်နီးပါးရအောင် ဖတ်ထားတာဆိုတော့ ဟင်းတော်တော်များ ချက်တတ်နေတာတော့ အမှန်ပင် ဖြစ်သည်။ မြန်မာပြည် ပြန်ရောက်ရင် ကျောင်းဆရာမလုပ်ဘဲ ထမင်းဆိုင် ဖြစ်ဖြစ်၊ မုန့်ဟင်းခါးဆိုင် ဖြစ်ဖြစ် ဖွင့်စားချင်စိတ်တောင် တခါတခါ ပေါက်မိရဲ့။ ဒီ ငပိချက်ဟင်းလေးနဲ့ တို့စားဖို့ ခရမ်းသီးပြုတ်လေးက ဒီဘက်မှာပါ။ သူနဲ့ လိုက်ဖက်တာက ပဲပြုတ်လေးလည်း ပါရင် ပိုကောင်းတာမို့ အခုလို ဆားလေးထည့်ပြီး ပြုတ်လိုက်ပါတယ်။ ဆီလေးဆမ်းပြီး ပဲပြုတ်သုတ်လေးလည်း ပါတော့ ကျွန်တော့် ထမင်းဝိုင်းလေးမှာ
၁။ ကန်စွန်းရွက်ကြော်

၂။ မန်ကျည်းရွက်ချဉ်ရည်

၃။ ငပိချက်

၎။ ခရမ်းသီးပြုတ်တို့နဲ့

၅။ ပဲပြုတ်ဆီဆမ်း

၆။ ပင်တိုင်စံ ငရုတ်သီး ငပိထောင်း
လေးနဲ့

မြိုင်မြိုင် ဆိုင်ဆိုင်လေး ဖြစ်လာတဲ့ အခါ တစ်ယောက်တည်း အားပါးတရ စားလိုက်ချင်သည်။ သို့သော် အစားကောင်းလေး စားရတိုင်း သတိတရ ရှိနေတတ်တဲ့ ကျွန်တော့် ပင်ကိုယ်စိတ်ကြောင့် သူငယ်ချင်းမိတ်ဆွေ တွေကို အခုတော့ အွန်လိုင်းကနေပဲ ထမင်းစားလေးဖိတ်လိုက်ပါတယ်။
နောက်များ လူချင်းတွေ့ဖြစ်ရင်လည်း ကိုယ်တိုင် ချက်ကျွေးရတာပေါ့လေ။

ခင်မင်လေးစားစွာဖြင့်


herostar
This entry was posted on Sunday, January 24, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

7 comments:

On January 25, 2010 at 12:45 AM , လပြည့်ရိပ် said...

great cooking ! it looks delicious.

 
On January 25, 2010 at 1:29 AM , စန္ဒကူး said...

ပျော်စရာကြီး... မရှိတဲ့နေရာမှာ မရရအောင်ကြံ ဖန်စားရတာလဲ အရသာတစ်မျိုးဘဲ... ဈေးတော့ မကြည့်နဲ့ပေါ့းP

 
On January 25, 2010 at 5:44 AM , johnmoeeain said...

မြိုင်မြိုင် ဆိုင်ဆိုင်လေး ဖြစ်လာတဲ့ အခါ တစ်ယောက်တည်း အားပါးတရ စားလိုက်ချင်သည်။ သို့သော် အစားကောင်းလေး စားရတိုင်း သတိတရ ရှိနေတတ်တဲ့ ကျွန်တော့် ပင်ကိုယ်စိတ်ကြောင့် သူငယ်ချင်းမိတ်ဆွေ တွေကို အခုတော့ အွန်လိုင်းကနေပဲ ထမင်းစားလေးဖိတ်လိုက်ပါတယ်။ နောက်များ လူချင်းတွေ့ဖြစ်ရင်လည်း ကိုယ်တိုင် ချက်ကျွေးရတာပေါ့လေ။

အဟိ.. စားရချည်သေးရဲ့... ထမင်းစားဖိတ်တယ် ဆိုပါလား....။ ဒီလိုဆိုတော့လည်း ကို hero က ဟင်းချက်ကောင်းသားကိုး :P.. လေ့ကျင့်ထားနော်...။ နောက် ဆရာ လုပ်ရင်းနဲ့ ထမင်းဆိုင်လေးလည်း ဖွင့်ရအောင်လို့....။ အဲ.. အကြွေးတော့ မရောင်းနဲ့ပေါ့ :D

 
On January 25, 2010 at 10:03 AM , သူရဲကောင်းကြယ် said...

အကြွေးတောင် ရောင်းစရာလိုမယ် မထင်ဘူး။ ကိုယ်ချက်တဲ့ဟင် ကိုယ်တိုင်း မြည်းနေတာနဲ့ တင် ကုန်လောက်တယ် ထင်မိတယ်။ :P :P

 
On January 26, 2010 at 12:18 AM , Steve Evergreen said...

England မှာတော့ ကန်စွန်းရွက် တွေရနေပြီ Tesco မှာ ၂စီးမှ ၂ ပေါင် မပြည့်ဘူး။ ပေါတယ်

 
On January 27, 2010 at 12:44 PM , Anonymous said...

ချက်တတ်တယ်ပေါ့.... ကောင်းပါ့ဗျာ..။ ကြည့်ရင်းစားချင်စိတ်တောင်ပေါက်လာပြီ..။

 
On February 4, 2010 at 6:23 PM , Ko Linn Lwin said...

ဒီနေ့ လာလည်ပီနော် ... အဲ့ထဲကကောင်းမယ်ထင်တာလေးတွေပို့ ပေး .. သူငယ်ချင်းတွေကိုဖြန့် ချင်လို့  .. ဖတ်လို့ အရမ်းကောင်းတ်ာဗျ .. ကျွန်နော်ခရီးသွားကိစ္စနဲ့  သမိုင်းနောက်ခံတွေကို အရမ်းစိတ်ဝင်စားတာ