b သူရဲကောင်းကြယ်: အလွမ်းနာ
•Saturday, January 16, 2010
နက်မှောင်ရှည်လျားလှသည့် ချစ်သူ၏ ဆံနွယ်လေးများကို ပျော့ပျောင်းညှင်သာစွာ ထိတွေ့ခွင့် ရချင်နေမိသည်။ ချစ်သူနှင့် တွေ့ခွင့် ရသည့်အခါတိုင်း ''ငါ နင့်ကို ချစ်တယ်'' ဟူသော စကားကလွဲ၍ များများစားစား ပြောဖြစ်လိမ့်မည်တော့ မဟုတ်ပါ။

ပျင်းရိခြောက်ခြားဖွယ် နေ့ရက်များကို တဖြည်းဖြည်း ဖြတ်ကျော်နေရချိန်တွင် ချစ်သူ့အနား ရှိနေလိုက်ချင်သည်။ ဘဝဟူသည် စိတ်ကူးယဉ်နေ့ရက်များနှင့် ပြည့်စုံနေသော အိပ်မက်တစ်ခု မဟုတ်မှန်းသိသော်လည်း သူ့ကို တမ်းတမိစဉ် ခဏတိုင်းတွင် အရာအားလုံး ပြည့်စုံနေတတ်သည်။ ချစ်သူ့မျက်နှာ လရိပ်ဝါလေးကို မြင်ခွင့်ရဖို့က အသက်တမျှ အရေးကြီးနေတာတော့ အမှန်ပင် ဖြစ်သည်။

စိန်ကတီပါ ဖဲမွေ့ယာထက်တွင် ဘဝကို နိဂုံးချုပ်ခွင့် မရချင်နေပါစေတော့။ ချစ်သူ့ရင်ခွင်ကြားတွင် ဦးခေါင်းထား၍ ဘဝကို အဆုံးသတ် နေချင်မိသည်။ နံရံလေးဘက်ကာထားသည့် ဤအခန်းငယ်အတွင်း၌ တစ်ယောက်တည်း ကြေကွဲဆို့နင့် နေသော်လည်း မည်သူ တစ်ဦးတစ်ယောက်ကမျှ အားပေးစကား ပြောကြားလာလိမ့်မည် မဟုတ်ပေ။ သို့သော် ခုလိုချရေးလိုက်တော့ တစ်ယောက်ယောက်ကို ဖွင့်ပြော လိုက်ရသလို ပေါ့ပေါ့ပါးပါး ဖြစ်သွားသည်။ သူသိသည် ဖြစ်စေ၊ မသိသည် ဖြစ်စေ ကျွန်တော့်တွင် ရယ်စရာအမြဲ ပြောတတ်သည့် ပေါက်ကရ နှုတ်ခမ်း တစ်စုံအပြင် မိန်းကလေးတစ်ဦးကို နှစ်နှစ်ကာကာ ချစ်တတ်သည့် အသဲနှလုံးတစ်စုံပါ ရှိနေခဲ့သည်ဆိုသည့်အချက်ကို သူ့အား တချိန်ချိန်တွင် သိစေချင် မိပါတော့သည်။
This entry was posted on Saturday, January 16, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: