b သူရဲကောင်းကြယ်: March 2010
•Tuesday, March 30, 2010
အဆုံးသတ်ကို ကြိုသိထားရင်

ဒီဇာတ်လမ်းက ဒီလောက်ထိ စိတ်ဝင်စားစရာ

ကောင်းမယ် မထင်ဘူး။


မမရယ်...

ကျွန်တော့် အချစ်တွေကို မ,ယူနေသလား အောက်မေ့ရတယ်။

စက္ကန့်တံလေးနဲ့ အတူ ရှေ့တိုးနေတဲ့ ကျွန်တော့် အချစ်တွေမှာ

Back Gear မပါဘူး မမ။


အသက်က ကျွန်တော့်ထက် နှစ် နှစ်ငယ်ပေမဲ့

အချစ်မှာ နှစ်တန်းကြီးနေလို့ မမလို့ပဲ ခေါ်လိုက်ပါတယ်။

မမရိုက်နေကျ ကြက်တောင်လေးလို မမအားကုန်လွှဲရိုက်ဖို့

ကျွန်တော် လူဖြစ်လာခဲ့သလား ထင်နေမိတယ်။

အနီးအဝေး အကြီးအသေးတွေက အချစ်ကို တိုင်းတာတဲ့ ယူနစ်

မဟုတ်မှန်း ကျွန်တော်တို့ လက်ခံထားမယ်ဆိုရင်

ရှောင်လင်ပညာတွေ ခဏခဏသုံးပြီး

အချစ်နဲ့ ဝေးရာကို ပုန်းမနေပါနဲ့တော့ဗျာ။


ဘဝက စိတ်ကို ရင့်ကျက်ဖို့ ဖိအားမပေးခင်မှာ

စိတ်ကြိုး နှစ်စကို အချစ် နဲ့ ထုံးကြရအောင်နော်။

သစ္စာ လည်ဆွဲလေး ထာဝရ မြဲဖို့

ယုံကြည်ခြင်း ပုလဲကုံးတွေ မမကို ပေးမယ်။


ကမ်းလင့်နေတဲ့ လက်တစ်စုံအတွက်

ကန္တာရမှာ မိုးရွာပေးပါနော်...မမ။ ။


herostar

•Monday, March 29, 2010

ကျွန်တော်သည် အိမ်တွင် အကြီးဆုံးသား ဖြစ်သည်။ ညီမလေးတစ်ယောက်ရှိပြီး ကျွန်တော့်ထက် အသက် ၆ နှစ် ငယ်ပါသည်။ တစ်ယောက်တည်း ကစားဖော်မရှိဘဲ ပျင်းနေချိန်မှာ မေမေက ကျွန်တော့်ကို လက်ဆောင်ပေးခြင်း ဖြစ်ပါလိမ့်မည်။ ညီမလေးအတွက် ကိုယ်တိုင် နို့ ဗူးဖျော်ပေးရသည်။ ရေချိုးပေးရသည်။ သနပ်ခါး လိမ်းပေးရသည်။ ညီမလေးက မွေးကတည်းက ၈ ပေါင်ကျော်သည်။ တဖြိုးတည်း ဝလာခဲ့တာ ခုထက်ထိ ဆိုပါတော့။ ဒါ့ကြောင့် ကျွန်တော်က သူ့ကို ဝက်ကလေး လို့ ခေါ်တာက များသည်။ ခေါ်တိုင်းလည်း သူ စိတ်ဆိုးနေကျ ဖြစ်သည်။ ကလေးထိန်းတဲ့ အတတ်ပညာကို ငယ်စဉ်ကတည်းက သင်ကြားခဲ့ရသည်။ သူရယ်အောင် မျောက်က ကပြရသည်။ သီချင်းဆိုပြရသည်။

သူအိပ်ပျော်သွားတဲ့အခါ သူ့ဘေးနားမှာ ခြင်ခြောက်ရင်း ကျွန်တော်လည်း အိပ်ပျော်သွားလေ့ရှိသည်။ သွားကလေးတွေပေါက်လာတော့ ခဏခဏ ကုန်းကိုက်တာ ခံရဖူးသည်။ သူ့သွားလေးတွေ ချွန်အောင် ကျွန်တော့် အသားနဲ့ သွေးတာပဲလေဟု နားလည်ခဲ့ဖူးသည်။ နာပေမဲ့လည်း အံကြိတ်ခံခဲ့ဖူးသည်။ မောင်နှမဆိုလို့ ဒီညီမလေးပဲ ရှိလေတော့ သံယောဇဉ်လည်း ပိုရပါသည်။ ကျောင်းနေစဉ်ကာလတွေမှာဆို ညီမလေးနဲ့ အတူတူ။ ထမင်းချိုင့်လေးကိုယ်စီနဲ့ပေါ့။ ကားလမ်းကူးတိုင်း လက်တွဲမဖြုတ်ကြပါ။

ငယ်ငယ်က ကြက်တောင်ရိုက်တိုင်း အလျော့ပေးရသည်။ ထမင်းအတူစားတိုင်းလည်း အသားဟင်းဆိုရင် သူ့ကို တစ်တုံးပိုထည့် ပေးဖြစ်သည်။ ကျွန်တော်မည်မျှပင် ဆာလောင်နေစေကာမူ သူစားမည်ဆိုရင် မဆာဟန် ဆောင်တတ်ခဲ့သည်။ သူက အရုပ်ကလေးများနှင့် ဆော့ကစားရသည်ကို နှစ်သက်သူ ဖြစ်သည်။ မိန်းကလေးဆိုပေမဲ့ အလှအပ အခြယ်အသများကို အရုပ်လေးများလောက် မက်မောလေ့ မရှိပါ။ အငယ်ဆိုတော့ ဘာမဆို ဦးစားပေးဖြစ်သည်။ သူက ဘာသာရေး ကိုင်းရှိုင်းပြီး ရိုသေလေးစားမှုလည်း အပြည့်ရှိသည်။

အစ်ကို အများစုက ညီ၊ ညီမတွေကို ဖွင့်ဟမပြောသော်လည်း အရမ်းချစ်ကြလိမ့်မည်ဟု ယုံကြည်မိသည်။ ကျွန်တော့်ကို မည်မျှပင် ကဲ့ရဲ့စကားဆိုနေစေကာမူ ကျွန်တော်သည် အပြုံးပျက်လေ့မရှိပါ။ သို့သော် ညီမလေးနှင့် ပတ်သက်လာရင်တော့ ကျွန်တော်ကသာ သူ့ရဲ့ ညံ့ဖျင်းမှုတွေကို ဆုံးမစကားပြောချင်ပြောမည်။ အခြားတစ်ယောက်က ညံ့လိုက်တာဟု ပြောလျှင် မခံမရပ် ဖြစ်မိသည်။ ကျွန်တော် ဆယ်တန်းအောင်တော့ မြန်မာစာက ဂုဏ်ထူး မထွက်ခဲ့ပါ။ ညီမလေးကို မြန်မာစာ ဂုဏ်ထူးပါစေချင်သည်။ ညီမလေးကို ကျေးဇူးတင်မိသည်။ သူ့ဆီမှာ ကျွန်တော် ရသမျှစာတွေကို "၏၊ သည်" မလွဲ စာအံ ခဲ့ဖူးသည်။ တစ်ခုခု မှားလျှင် ညီမလေးက ကြိမ်လုံးနဲ့ လက်ဝါးကို ရိုက်ပါသည်။ သူဆယ်တန်းရောက်တဲ့အချိန်မှာတော့ ကျွန်တော် တက္ကသိုလ်တက်နေပြီ ဖြစ်တဲ့အတွက် အစ်ကို တစ်ယောက်အနေနဲ့ ဘာမျှဂရုမစိုက်နိုင်ခဲ့တော့ပါ။ ဒီ့အတွက် စိတ်မကောင်း ဖြစ်မိသည်။

ဘဝဟူသည် တိုတောင်းလှသည်ဟု ဆိုကြသည်။ ညီမလေးနဲ့ အတူတူ နေခဲ့ရချိန် ၇ နှစ်တာ ကာလသည် ကျွန်တော့်အတွက် အမှတ်တရများကို ဖြစ်စေခဲ့သည်။ ယခုတော့ အိမ်နှင့် ဝေးနေခဲ့သည်မှာ ၁၀ နှစ်ပင် ကျော်ခဲ့လေပြီ။ ငယ်သံယောဇဉ်ဆိုတာ ဘယ်လောက်ထိ ကြီးမားတတ်တယ် ဆိုတာ အားလုံးအသိပင် ဖြစ်ပါလိမ့်မည်။ ညီမလေးကို မည်မျှပင် ချစ်နေစေကာမူ သူ့ရှေ့တွင် ကျွန်တော် ဟန်ဆောင် ကောင်းခဲ့သည်။

အချစ်များစွာကို ဟန်ဆောင်နေရခြင်းသည် စိတ်ကို အလွန်မွန်းကြပ်စေကြောင်း တစတစ သိလာခဲ့သည်။ ဘာပဲ ဖြစ်ဖြစ် အချစ်နဲ့ ပတ်သက်လာရင် ဟန်မဆောင်တာ အကောင်းဆုံးဖြစ်ကြောင်း သိရှိလာချိန်မှာတော့ ကျွန်တော့် ညီမလေးကို ချစ်ကြောင်းပြဖို့ ကျွန်တော့်ရဲ့ အချိန်တွေ သူ့ကို မပေးနိုင်တော့ပါ။ သတိရကြောင်း စာရေးပြောရုံက လွဲလို့ ခုတော့ ဘာတတ်နိုင်တော့မှာလဲလေ။ အတူနေခွင့် ရနေချိန်မှာ မောင်နှမတွေ အချင်းချင်း ချစ်ခင်ကြစေဖို့ ဒီစာလေးကို ရေးဖြစ်သည်။


ခင်မင်လေးစားစွာဖြင့်

herostar

•Thursday, March 25, 2010

သင်္ကြန် ရောက်တော့မယ်။ ကျောင်းတွေ ပိတ်တော့မှာမို့ ဒီအချိန်ဆို အရမ်းပျော်တယ်။ တခါတုန်းက တက္ကသိုလ် Main ရှေ့မှာ ကျောင်းသားအချင်းချင်း အပြန်အလှန် ရေလောင်းရင်း ပျော်မြူးခဲ့ကြဖူးတယ်။ အိမ်မပြန်ခင် သင်္ကြန်ကျသွားတာပေါ့လေ။

ငါလည်း နင့်ကို လောင်းဖို့ရေသန့်တစ်ဗူးဝယ်ထားတယ် သိလား။ ငါကိုယ်တိုင်ရေသန့် ဝယ်မသောက်နိုင် ရင်တောင်မှ နင့်ကိုတော့ သန့်ရှင်းတဲ့ ငါ့မေတ္တာအဖြစ် ဒီရေသန့်လေးနဲ့ လောင်းလိုက်ချင်လို့ပေါ့။ သနပ်ခါးဘဲကြားလေးနဲ့ Main ရှေ့ တမာပင်အောက်က ခုံဝိုင်းလေးမှာ ထိုင်နေတဲ့ နင့်ကို မြင်လိုက်ရတော့ ငါ့ရင်ထဲ အေးချမ်းလိုက်တာဟာ။ ဒီနွေဘယ်လောက်ပဲ ပူပါစေတော့။ နင့်မျက်နှာလေးက ငါ့အတွက် အိုအေစစ်လေးတစ်ခုပါဟာ။ နင့်ပါးထက်က သနပ်ခါးနံ့လေးက တမာရနံ့တွေကို အနိုင်ယူနေခဲ့တယ်လေ။

ငါက နင့်ဘေးကို ရေသန့်ဗူးလေးကိုင်ပြီး ရောက်လာတော့ “တကယ်လောင်းတော့မှာပေါ့လေ” ဆိုပြီး မပွင့်တပွင့်လေးပြုံးပြခဲ့တဲ့ နင့်ကို သင်္ကြန်ရောက်တိုင်း လွမ်းပါတယ်ဟာ။ နောက်တွဲလေးထုံးထားတဲ့ နင့်ဆံပင်လေးကို အသာအယာမပြီး နင့်ကို ငါ ရေလောင်းခဲ့ဖူးတယ်။

ကျန်တဲ့ရေတဝက်နဲ့ နင်ကလည်း ငါ့ကို ပြန်လောင်းခဲ့တယ်လေ။ အညာနွေရဲ့ အပူဒဏ်အောက်မှာ တို့အချင်းချင်း လောင်းခဲ့ကြတဲ့ ရေတွေ အခြောက်မြန်ခဲ့ပေမဲ့ ငါ့နှလုံးသားပေါ် နင်လောင်းခဲ့တဲ့ ရေတွေကတော့ ခုထိစိုနေတုန်းပါပဲဟာ။ ဦးထုပ်ငိုက်စိုက်ဆောင်းတတ်တဲ့ အနက်ရောင် အင်္ကျီအောက်မှာလည်း ဖြူစင်တဲ့ အချစ်တွေ ရှိနေခဲ့ဖူးပါတယ်။

ငါ့ နှလုံးသား သူငယ်တန်းဖတ်စာကို နင်နဲ့ အတူတူ ပထမဆုံး ဖတ်ခဲ့ဖူးတာပါ။ သင်ပုန်းကြီးမကျေသေးတဲ့ နှလုံးသားတစ်စုံနဲ့ ချစ်ခဲ့တာပါ။ တက္ကသိုလ်မှာ ၅ နှစ်ကြာတာတောင် အချစ်ဘာသာမှာ အောင်မှတ်မရခဲ့ဘူး ။ နင်နဲ့သာဆိုရင် ကမ္ဘာဆုံးအောင် ကြာရှည်နေရဖို့ ကြာပန်းတွေခူးပြီး ဘုရားမှာတူတူကပ်ချင်ပါ သေးတယ်။ ဘဝခရီးလမ်းတွေကို ဖြတ်ကျော်တဲ့အခါ နင့်လက်ကလေးကို ဆုပ်ကိုင်ထားချင်မိတယ်။ အချစ်လှေကလေးကို အတူတူစီးရင်း ပျော်ရွှင်စရာလေးတွေ ကြုံချင်ပါသေးတယ်။ ထားခဲ့လို့ နေခဲ့ရပေမဲ့ ငါ နင်ပြန်လာမဲ့ နေ့ကို ဒီနေ့ထိ စောင့်နေဆဲပါဟာ။ ငါ့ကန်လေးထဲက အချစ်တွေဟာ နင့်တစ်ယောက်တည်း အတွက်မို့ပေါ့။

ငါ့နှလုံးသားကန်ထဲမှာ အချစ်တွေပြည့်နေပြီဟ။ ငါ့ ရာသီဥတုကို နင့်စိတ်ကြိုက် ဖန်တီးပါတော့ဟာ။

သိကြားမင်းကြီးကို တိုင်တည်ပါတယ်။ ငါ ကြုံခွင့်ရှိမဲ့ သင်္ကြန်တစ်ခုရောက်ရင် ဘယ်လို အနေအထားမျိုးနဲ့ ပဲဖြစ်ဖြစ် နင့်ကို ရေတစ်ခွက်လောက် လောင်းလိုက်ချင်ပါသေးတယ်…

နင် မြင်တတ်မယ်ဆိုရင် ငါလောင်းမဲ့ရေတွေဟာ အသဲထဲစိမ့်အောင် အေးနေမှာပါ။


ငါ ဆုတောင်းပေးလိုက်တယ်နော်။

နင် ဒီသင်္ကြန်မှာ ပျော်ရွှင်ပါစေဟာ

ခင်မင်လေးစားစွာဖြင့်

herostar

( စိတ်ကူးဖြင့် ပုံဖော်သည်။) :P :P
•Wednesday, March 24, 2010
ဂျာမနီမှာ ထီ တစ်ခါလောက် ပေါက်ဖူးချင်တယ်ဗျာ။ ယူရို ၅ သန်း (မြန်မာငွေ ကျပ် သန်း ၇၅၀၀) လောက်သာ ရမယ်ဆိုရင်တော့ ဒီဘဝ ဘာမှကို မလုပ်တော့ဘူး။ ရတာလေး ဆွတ်ဇာလန်ဘဏ်မှာ တစ်ဝက်အပ်ထားပြီး ကျန်တဲ့ တစ်ဝက်ကို မြန်မာပြည်မှာ ပရဟိတ လုပ်ငန်းတွေ လုပ်ရင်း ဘဝကို ဇိမ်နဲ့ နေလိုက်ချင်တယ်။ ဒါနဲ့ ၅ ယူရို (၇၅၀၀ ကျပ်) ပေးပြီး မနေ့က ထီထိုးလိုက်ပါတယ်။ ထီ ၃ ကွက်ထိုးရင် ၂ ယူရိုခွဲ ပေးရပါတယ်။


ဂျာမနီက 6 aus 49 ဆိုတဲ့ ထီအကြောင်းလေး ပြောပြချင်လို့ ဒီ Post ကို ရေးလိုက်တာပါ။ 6 aus 49 ဆိုတာက ဂဏန်း ၄၉ လုံးမှာ ၆ လုံးတူရင် ထီပေါက်ပြီလို့ ပြောချင်တာပါ။ မြန်မာပြည်မှာဆို ၃ လုံးတို့ ၂ လုံးတို့လိုပေါ့လေ။ သူက ကိုယ်ကြိုက်တဲ့ ဂဏန်းကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိပါတယ်။ ၁ ကနေ ၄၉ ထိ ရှိတဲ့ ဂဏန်းတွေထဲက ကိုယ်ကြိုက်ရာ ဂဏန်း ၆ လုံးကို ပေးထားတဲ့ စာရွက်လေးပေါ်မှာ ကြက်ခြေလိုက်ခတ်ရပါတယ်။ အောက်မှာ ထီထိုးတဲ့အခါ ကြက်ခြေခတ်ရတဲ့ စာရွက်လေးကို ဖော်ပြထားပါတယ်။
ထီတစ်ခါ ထိုးရင် ပေးထားတဲ့ စာရွက်လေးမှာ ၁ ကွက်ကနေ ၁၂ ကွက်ထိ ကိုယ်နှစ်သက်ရာ နှစ်သက်သလို ထိုးခွင့်ရှိပါတယ်။ တစ်ကွက်မှာပါတဲ့ ဂဏန်း ၄၉ လုံးထဲက ကိုယ်နှစ်သက်ရာ ဂဏန်း ၆ လုံးကို ဘောပင်လေးနဲ့ လိုက်ကြက်ခြေခတ်ရပါတယ်။ ပြီးတော့ Spiel 77 တို့ Super 6 တို့ကိုပါ ထိုးချင်သေးတယ်ဆိုရင် ထိုးလို့ ရပါသေးတယ်။ ထိုးမယ်ဆိုရင်တော့ Ja(Yes) ပေါ့။ မထိုးတော့ဘူးဆိုရင်တော့ Nein (No)ပေါ့လေ။ အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့တိုင်း တစ်ပတ် နှစ်ခါ ထီဖွင့်ပါတယ်။ ၆ လုံးလုံးတူတဲ့သူ မရှိသေးဘူးဆိုရင် မရှိသေးသလောက် အဲဒီငွေတွေက ဆတိုးနဲ့ ပုံနေတတ်ပါတယ်။ သူက ၆ လုံးလုံးတူမှ မဟုတ်ပါဘူး။ အနည်းဆုံး ၃ လုံးတူတယ်ဆိုရင်ကို ယူရို ၁၀ ကတော့ ရနေပါပြီ။ အောက်မှာ ဘယ်နှစ်လုံးတူရင် ဆုငွေ ဘယ်လောက်ဆိုတဲ့ ဇယားလေး ရှိပါတယ်။

အပေါ်ဆုံးက First Class မှာ ဆုငွေ ၅,၂၄၃,၉၃၁ ယူရို (ကျပ်သန်း ၇၅၀၀ နီးပါး) ဖြစ်ပါတယ်။ ဒီပမာဏက အတူတူ ပေါက်တဲ့သူ ရှိလာရင်တော့ ဒီဆုကို ခွဲယူရပါတယ်။ သူကတော့ ဖြစ်ခဲပြီး ပေါက်ခဲပါတယ်။ ဂဏန်း ၃ လုံးတူဖို့ ဖြစ်နိုင်ခြေက ၄၄ % တနည်းအားဖြင့် ၆၁ ပုံတစ်ပုံပေါ့လေ။ ဒီတော့ သူကတော့ ဖြစ်နိုင်ခြေ ပိုများပါတယ်။ မြန်မာပြည်က ထီနဲ့စာရင်တော့ ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတာရယ်၊ ဂဏန်း ၆ လုံးပဲ တူဖို့ လိုတာရယ် ဆိုတော့ အားကျမိတာတော့ အမှန်ပါ။ ပေါက်လိုက်ရင်လည်း တစ်ဘဝစာ လုံလောက်တယ်ဆိုတော့ ဒီထီကို ထိုးနေမိတာ ယူရို ၅၀ နီးပါးတော့ ကုန်နေပါပြီ။ ခုထိ ၂ လုံးပဲ တူပြီး ၃ လုံးကို တခါမှ မတူသေးလို့ ယူရို ၁၀ တောင် ပြန်တော့ မရဖူးသေးပါဘူး။ ဒါကတော့ မနေ့က ကျွန်တော်ထိုးထားတဲ့ စာရွက်လေးပေါ့။

၂၄.၀၃.၂၀၁၀ အတွက်နဲ့ ၂၇.၀၃.၂၀၁၀ နေ့အတွက် ထိုးထားတဲ့ ထီစာရွက်လေးပါ။ ဒီနေ့ထွက်သွားတဲ့ ဂဏန်းကတော့ အောက်မှာ ပြထားတဲ့အတိုင်း ဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်က ၃ ကွက်ထိုးထားတဲ့ အထဲမှာ အလယ်ကွက်မှာ ၂ လုံးပဲ တူလေတော့ ဘာဆုမှ မရဘူးပေါ့ဗျာ။ ထိုးထားတဲ့ ၃ ကွက်မှာ ၄ လုံးတော့ တူပါရဲ့။ တူတာက တစ်ကွက်တည်းမှာ လာမတူပဲ ကျန်တဲ့ နှစ်လုံးက အခြားတစ်ကွက်စီမှာ ပါနေလို့ပေါ့။ ၄ လုံးလုံးသာ တစ်ကွက်တည်းမှာ တူပြီး Bonus No ရောပါ တူမယ်ဆိုရင်တော့ ယူရို ၁၆၀ ကျော်( မြန်မာငွေ ၂ သိန်းကျော်) လောက်တော့ ရဦးမှာပေါ့လေ။ ခုတော့ ထိုးထားတဲ့ ထီ ၃ ကွက်ဖိုး ၂ ယူရိုခွဲ ( ကျပ် သုံးထောင်ကျော်) တော့ ပလုံသွားတာပေါ့လေ။

ဒီထီက စနေနေ့လည်း ဖွင့်ဦးမှာဗျ။ အဲဒီနေ့တွက်ပါ ဒီဂဏန်းတွေပဲ ထပ်ထိုးထားတယ်လေ။ ၆ လုံးလုံးသာတူပြီး Superzahl နံပါတ်ရောပါ တူခဲ့လို့ကတော့ မြန်မာငွေ ကျပ်သန်း ၇၅၀၀ ကျော်ပေါ့ဗျာ။ ဒါဆိုရင်တော့ ကျွန်တော့် ဘလော့မှာ Comment ဝင်ပေးတဲ့ သူမှန်သမျှကို ဥရောပအနှံ့ အလည်လိုက်ပို့ ပစ်လိုက်မှာ သေချာတယ်။

ခုတော့ ဒီနေ့ ထီမပေါက်တာနဲ့ စိတ်ညစ်လို့ ကျွန်တော့် မိတ်ဆွေတွေတွက် ဂျာမနီထီ အကြောင်း ဝေမျှလိုက်ပါကြောင်း။

ခင်မင်လေးစားစွာဖြင့်

herostar
•Monday, March 22, 2010
ကဗျာတွေက လျှို့ဝှက်ချက်တွေကို
ဖော်ထုတ်တတ်သတဲ့လေ။
ငါက ရင်ဘတ်တုနဲ့ ရေးတဲ့သူ
မဟုတ်ဘူး ကောင်မလေး။

ထဆင်ထူးနဲ့ ထိန်းနေတာကို
ပစောက်နဲ့ ပိန်းတယ်လို့ မပြောလိုက်ပါနဲ့။
ချစ်တယ်ဆိုတဲ့ စကား လွယ်လွယ်မပြောတတ်တဲ့
ယောက်ျားတွေထဲမှာ ငါလည်း ပါနေလို့ပါ။

တခုတ်တရ နေ့ရက်တွေကို
တယုတယ သိမ်းဆည်းခဲ့တာ
ခုဆို ငါ့ရင်ထဲမှာ
တခမ်းတနားကြီး ဖြစ်နေပြီ ကောင်မလေး။

အဆိုးဆုံးကို ကြိုတွေးထားမိတော့
လက်တွေ့ဘဝမှာ
ကော်ဖီခါးခါး
နေ့တိုင်း သောက်ဖြစ်တယ်။

herostar
•Saturday, March 20, 2010

နင့် အပြုံး တစ်ပွင့် ကြောင့်

ငါ့ နှလုံးသားကျောက်တောင်တွေ

ပြိုကုန်ပြီ လိပ်ပြာလေး။


ငါ့ Mail Box ကို ဖွင့်လိုက်တာနဲ့

အမြင်ချင်ဆုံးက နင့် e mail တွေပါ။

ဆယ်တန်းကျောင်းသား အောင်စာရင်း

ကြည့်သလို နင် ဘာတွေရေးထားမယ်ဆိုတာ

ကြည့်ရင်း ရင်တွေ ခုန်တတ်နေပြီ။


Chatting မှာ လက်နဲ့ ရေးပြောတော့လည်း

နင့်နှလုံးသားက မဖတ်တတ်။

ဖုန်းခေါ်ပြီးပြောတော့လည်း

လိုင်းမကောင်းလို့ မကြားဘူးလို့ နင်ပဲပြော။


အကောင်လိုက်ပြတာတောင်

အရိပ်မမြင်လိုက်တဲ့ အချစ်မျက်ကန်းမလေးရေ...

ငါသာ လူပျိုကြီး ဖြစ်သွားရင်

တရားခံအစစ်ဟာ နင်ပဲ ဖြစ်မယ်။


အိပ်ပျော်နေတဲ့ နှလုံးသားကို

အပြုံးတစ်ပွင့်နဲ့ လာနှိုးပြီးမှ

နှလုံးသား အစစ်တစ်ခုနဲ့

နိုးထလာချိန်မှာ ပုန်းမနေပါနဲ့နော်။


ခုဆို နင် On Line လာမဲ့ရက်တွေကို လက်ချိုးမျှော်ရင်း

ငါတော့ သစ်ကုလားအုပ် ဖြစ်တော့မယ်။

နင် တစ်ယောက်ယောက်နဲ့ တွဲသွားတာကို မြင်လိုက်တာနဲ့

သစ်ကုလားအုပ်တစ်ကောင် ဘိုင်းကနဲ လဲသွားရင်

အဲဒါ ငါပဲလို့ နင် သိထားနော်။


အပြော မချို၊ အရေးမကောင်းပေမဲ့

နင့်ကို ချစ်ကြောင်း စာတစ်ကြောင်း လောက်တော့

ငါရေးတတ်ပါသေး တယ်ဟ။


herostar

•Thursday, March 18, 2010

အဖြူရောင် နှောင်ဖွဲ့မှုအောက်မှာ လိပ်ပြာငယ်လေး တစ်ကောင်နဲ့ ဆုံခဲ့တယ်။

သူဟာ ကျွန်တော့် ညီမလေး အဖြစ် ကျွန်တော့် နှလုံးသားရွာငယ်လေးမှာ နန်းတော်လာဆောက်ခဲ့တယ်။

အဲဒီနေ့ကစပြီး ကြည်ပြာရောင်ကောင်းကင်မှာ နေသာခဲ့တယ်။


တစ်သက်စာသိမ်းဆည်းထားတဲ့ နှလုံးသားစုဗူးလေး ကျွန်တော့်မှာ ရှိတယ်။ လိပ်ပြာငယ်လေးရဲ့

တောင်ပံခတ်သံအောက်မှာ စုဗူးလေး ကွဲတဲ့အခါ ကဗျာအဆုပ်လိုက်ကို ပန်းလုပ်ပြီး ကျဲလိုက်တယ်။

တကယ်ဆို ညက်ညောလှပတဲ့ စကားလုံးယဉ်ယဉ်တွေနဲ့ မြို့သားတွေလို ကျွန်တော် စာမတတ်ပါ။


နှလုံးသားရပ်ဝန်းမှာ မြစ်ဖျားခံတဲ့ ကြင်နာခြင်းတွေ အရှိန်နဲ့ စီးတဲ့အခါ ကျွန်တော် စာရေးဖြစ်ပါတယ်။

တစိမ့်စိမ့်ယိုဖိတ်လာတဲ့ မြတ်နိုးမှုတွေကို အက္ခရာတွေအဖြစ် အသွင်ပြောင်းခိုင်းတဲ့အခါ ညီမလေး

အပျင်းပြေဖတ်ဖို့ ကဗျာလေးတွေ ဖြစ်လာခဲ့တယ်။


ညီမလေးရယ်...ကဗျာမသီ၊ စာမစီတတ်ပေမဲ့ ရင်ထဲမှာ မင်းအမြဲ ရှိနေပါတယ်။


herostar

•Tuesday, March 16, 2010
အတိတ်ရဲ့ အရိပ် မြန်မာရုပ်ရှင်ကား ကြော်ငြာများကို ကြည့်ပြီးနောက် ဆွတ်ဇာလန်ကို သွားလည်ချင်စိတ်များ ထိန်းမရဖြစ်ခဲ့သည်။ အိန္ဒြာကျော်ဇင်နဲ့ ဒါရိုက်တာ ဇင်ယော်မောင်မောင်တို့ ရုပ်ရှင်ရိုက်ကူးခဲ့ရာ နေရာများကို အပြင်မှာလည်း ကိုယ်တိုင်မြင်ဖူးချင်သည်။ ဒါနဲ့ပဲ ဒီခရီးစဉ်လေးကို စီစဉ်ဖြစ်ခဲ့သည်။
ဒီအိမ်လေးမှာ နွေရာသီလာနေလိုက်ချင်ရဲ့

ဆွတ်ဇာလန်ကို သွားလည်မယ်ဆိုတော့ လည်စရာမြို့ကို ဦးစွာရွေးချယ်ရသည်။ မြို့တော်ဖြစ်တဲ့ Bern ကို မလည်တော့ဘဲ ဆွတ်ဇာလန်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Zurich ကိုပဲ ရွေးချယ်လိုက်သည်။ ဇူးရစ်မြို့သည် ၂၀၀၉ ခုနှစ်ရဲ့ လေ့လာချက်အရ နော်ဝေးနိုင်ငံမှာ ရှိတဲ့ အော်စလို မြို့ပြီးရင် ကမ္ဘာ့ဈေးအကြီးဆုံးနဲ့ အချမ်းသာဆုံးမြို့တော် တစ်ခုဖြစ်သည်။ သွားလည်တုန်းကတော့ အဲလောက်ဈေးကြီးတဲ့ မြို့လို့ မသိခဲ့ပါဘူး။ ပြန်လာမှ ဟိုရှာဒီရှာ ရှာကြည့်မှ ဒီဆိုဒ်မှာ ရေးထားတာကို တွေ့ခဲ့တာပါ။

12.03.2010 သောကြာနေ့ နေ့လည် (၂)နာရီလောက်မှာ ဂျာမနီနိုင်ငံ Heidelberg ကနေ စထွက်ခဲ့တာပေါ့ ဇူးရစ်မြို့ကို ညနေဘက် ၆ နာရီလောက်မှာ ရောက်ပါတယ်။ ရောက်တယ်ဆိုရင်ပဲ ဆွတ်ဇာလန်နိုင်ငံဟာ EU နိုင်ငံတွေမှာ ပါဝင်ထားခြင်းမရှိသေးတဲ့အတွက် ယူရိုငွေကို သုံးလို့မရတဲ့ ပြဿနာကို စတွေ့ရပါတယ်။ ဒါနဲ့ ပါသွားတဲ့ ယူရိုကို သူတို့ဆွတ်ဇာလန်ငွေဖြစ်တဲ့ Swiss Franc နဲ့ စလဲရပါတော့တယ်။ ပြီးတော့ လိုအပ်တဲ့ ရထားလက်မှတ်တွေကို ဝယ်ယူခဲ့ပါတယ်။ ဆွတ်ဇာလန်ကို လာရတဲ့ အဓိကရည်၇ွယ်ချက် နှစ်ခုရှိပါတယ်။

တစ်ခုကတော့ ရေခဲတွေဖုံးနေတဲ့ ဆွတ်ဇာလန်က Alps တောင်တန်းတွေပေါ်မှာ လမ်းလျှောက်ဖူးချင်လို့ပါ။ နောက်တစ်ခု ကတော့ အတိတ်ရဲ့ အရိပ်ဇာတ်ကားထဲက မင်းသား ကိုအောင်သူရတို့ ရုပ်ရှင်ရိုက်ကူးခဲ့ရာ နေရာများကို အပြင်မှာ မြင်တွေ့ဖူးချင်လို့ပါ။ ဒါနဲ့ပဲ ဇူးရစ်ကို မသွားခင်လိုအပ်တဲ့ အချက်အလက်များကို ရှာဖွေဖတ်ရှုပြီး ဟိုတယ်နဲ့ ရထားလက်မှတ်များကို Booking လုပ်ရပါတော့တယ်။

လူဦးရေ ၇ သန်းကျော်ပဲ ရှိတဲ့ ဆွတ်ဇာလန်နိုင်ငံဟာ ကုန်းပိတ်နိုင်ငံတစ်ခုဖြစ်ပါတယ်။ ပင်လယ်နဲ့ ထိစပ်နေတဲ့ နိုင်ငံဧရိယာမရှိဘူးပေါ့လေ။ ဒါပေမဲ့ ဒီနိုင်ငံလေးက ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ အံ့သြစရာကောင်းတာ တစ်ခုက နိုင်ငံဧရိယာ စတုရန်းမိုင် တစ်သောင်းခွဲ (၁၅၉၄၉) သာသာ ရှိတဲ့ ဒီနိုင်ငံလေးမှာ ဒေသစိတ်နယ်မြေ ၂၆ ခုရှိနေခြင်းပဲ ဖြစ်ပါတယ်။ ဒေသစိတ်နယ်မြေတွေကို ဇုံအလိုက်သတ်မှတ်ထားပြီး နယ်မြေတစ်ခုစီမှာ သက်ဆိုင်ရာ အစိုးရအဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေဆိုတော့ လူဦးရေ တစ်သိန်းက တောင်းဆိုမှု တစ်ခုပြုလုပ်လာပြီဆိုရင် အစိုးရအဖွဲ့က ပြည်သူအားလုံးကို အဆိုတင်သွင်းပြီး မဲခွဲဆုံးဖြတ်ကြပါတယ်။

ပြည်သူတွေရဲ့ ထောက်ခံမှုမရလို့ အခုအချိန်ထိ EU ငွေကြေးကို သုံးစွဲတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ခြင်းလည်း မရှိလေတော့ ကျွန်တော်တို့လို ခရီးသွားတွေအတွက် သူတို့ဆီမှာ သူတို့ရဲ့ Swiss Franc ငွေကို မဖြစ်မနေ လဲရတော့တာပေါ့လေ။ နိုင်ငံအကြီးအသေးထက် သူတို့လူမျိုးတွေရဲ့ စွမ်းဆောင်အားတွေကတော့ အတော်လေးကို လေးစားဖို့ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့စီးပွားရေး ရုံးထိုင်ရာအရပ် (The World Economic Forum (WEF) ကလည်း ဒီမှာပဲ ရှိနေလို့ပါ။ နောက်ပြီး ကမ္ဘာ့အိုလံပစ်ကော်မတီ၊ ကမ္ဘာ့ကြက်ခြေနီ၊ ကမ္ဘာ့ကုန်သည်ကြီးများ အဖွဲ့၊ဒုတိယအကြီးဆုံး ကမ္ဘာ့ကုလသမဂ္ဂရုံးခွဲ တွေကို ဒီနိုင်ငံမှာ ရှိနေလို့ပါပဲ။

လူဦးရေ ၇ သန်းကျော်လောက်ပဲ ရှိပေမဲ့ ရုံးသုံးဘာသာစကားက ဂျာမန်၊ ပြင်သစ်၊ အီတာလျှံ၊ ရိုမန်းနစ် ဆိုပြီး လေးမျိုးကွဲနေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဖွဲ့သွားလည်ဖြစ်ခဲ့တဲ့ Zurich မြို့လေးကတော့ ဂျာမန်စကားပြောတဲ့ အထဲမှာပါလေတော့ သွားရလာရ မေးရမြန်းရတာ အဆင်ပြေခဲ့ပါတယ်။ စရောက်တဲ့နေမှာပဲ Kloten မှာရှိတဲ့ ကျွန်တော်တို့တည်းမဲ့ တည်းခိုခန်း Hotel Welcome Inn ကို အရင်ရောက်အောင် သွားပြီး အထုပ် အပိုးတွေကို ထားပါတယ်။ အဲဒီနောက်မှာတော့ ညဘက် ၈ နာရီလောက်မှာ မြို့ထဲကို အလည် ထွက်ခဲ့ပါတယ်။ Zone 10 Ticket ကို 12.40 CHF (Swiss Franc) ပေးရပါတယ်။ အဲဒီလက်မှတ်က ဒီဇုံ ၁၀ မှာတော့ ကြိုက်တဲ့နေရာကို ၂၄ နာရီအတွင်း ကြိုက်သလို သွားလို့ရတဲ့ ရထားလက်မှတ်ဖြစ်ပါတယ်။

ဇူးရစ်မြို့ရဲ့ ညဘက်ရှုခင်းတွေကို ခံစားဖို့ ထွက်လာခဲ့ပါတော့တယ်။ တိုးတက်ပြီးသား နိုင်ငံတွေဆိုတော့လည်း လျှပ်စစ်မီးက မျက်တောင်တခတ်လောက်ကို မပျက်လေတော့ စိတ်ချမ်းသာရပါတယ်။ ပဲရစ်တုန်းကလို ညဘက်လျှပ်စစ်မီးတွေနဲ့ လှနေမယ်လို့ ထင်ထားပေမဲ့ တကယ်တမ်းကျတော့ မဟုတ်ခဲ့ပါ။ ရထားပတ်စီးပြီး မြို့အလှကို ခံစားမယ်လို့ တွေးပြီး ရထားပတ်စီးတော့လည်း လမ်းမတွေပေါ်မှာ လူတွေကို တွေ့ရခဲပါတယ်။ လူတွေက ရထားတွေပေါ်မှာပဲ ရောက်နေတာလည်း ပါမှာပေါ့လေ။ ဇူးရစ်မြို့ရဲ့ အဓိက ဇူးရစ်ကန်ကြီးကိုပဲ ရထားပေါ်ကနေ ကြည့်ဖြစ်ပါတယ်။

လူငယ်အများစုကတော့ ဘူတာရုံမှာ စုရပ်လုပ်ပြီး ဘီယာအတူ သောက်နေတဲ့ ကောင်မလေးတွေနဲ့ ကောင်လေးတွေကို တွေ့ရပါတယ်။ ရောက်စရက်မှာတော့ ကားစီးရတာ ခရီးပန်းတာနဲ့ နောက်နေ့သွားမဲ့ ခရီးအတွက် ပြင်ဆင်ရင်း မိုးချုပ်ခဲ့ပါတော့တယ်။ ရီဂီတောင်ကို တက်ဖို့ ရထားခကတော့ Kloten ကနေ အသွားအပြန် 84.20 CHF ကျပါတယ်။ ၂ ရက်လည်တဲ့ ရထားခ အားလုံးက ယူရို ၈၀ လောက်ကျပါတယ်။

ဒီနေ့ခရီးစဉ်ကတော့ Rigi တောင်ကို တက်ဖို့ပါပဲ။ ဆွတ်ခ်ျ အဲလ်ပတ်စ်တောင်တန်းတွေပေါ်မှာ လမ်းလျှောက်ခဲ့ ဖူးချင်ရုံလေးပါ။ ရီဂီတောင်ဟာ ပေ ၆၀၀၀ နီးပါး မြင့်ပါတယ်။ ဒီတောင်ပေါ်မှာ စကိတ်စီးတဲ့သူတွေများပါတယ်။ သဘာဝရှုခင်းတွေ သာယာတာရယ်၊ တောင်တန်းတွေကြားက ရေကန်ကြီးတွေကို မြင်တွေ့ရတာရောကြောင့် အိပ်ရာဝင်ပုံပြင်တွေထဲက နတ်ရေကန်တွေကို တွေ့ရသလို သာယာဖွယ် ရှုခင်းတွေကို ခုလို တွေ့မြင်ခဲ့ရပါတယ်။

ပေ ၃၀၀၀ ကျော်သာမြင့်တဲ့ ပြင်ဦးလွင်ကို ရထားနဲ့ တက်ခဲ့ရတုန်းက ဘဝမှာ ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရဖူးပါတယ်။ ရထားတွေက ပထမလွန်းထိုးကနေ စတုတ္ထလွန်းထိုးထိ လွန်းခဏခဏထိုးပြီး တက်ရလေတော့ ကြောက်ဖွယ်လည်းကောင်း ပျော်စရာလည်း ကောင်းခဲ့ပေမဲ့ တစ်ခါပဲ စီးခဲ့ဖူးပြီး နောက်မစီးရဲတော့ပါ။ ခုတော့ ပေ ၆၀၀၀ ကျော်မြင့်တဲ့ ဒီ ရီဂီတောင်ထိပ်ပေါ်ကို ရထားနဲ့ တက်ရတယ်ဆိုပေမဲ့ သိပ်မကြောက်မိပါ။ လျှပ်စစ်ရထားတွေဆိုတော့ မြန်လည်း မြန်၊ စိတ်လည်း ချရပါတယ်။ တောင်ပေါ်မှာ ၄ နာရီကြာလောက် ဓာတ်ပုံတွေရိုက်လမ်းတွေ လျှောက်နဲ့ ပျော်စရာကောင်းခဲ့ပါတယ်။

ရီဂီတောင်ပေါ်မှ မြင်ကွင်းများ(၁)
ရီဂီတောင်ပေါ်မှ မြင်ကွင်းများ(၂)
ရီဂီတောင်ပေါ်မှ မြင်ကွင်းများ(၃)
ရီဂီတောင်ပေါ်မှ မြင်ကွင်းများ(၄)

Cable Car လို့ ခေါ်တဲ့ ကောင်းကင်ကားတွေကိုလည်း တွေ့ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Vitznau ဘက်မှာ ရှိတဲ့ Vierwaldstätt ကန်ကြီးကို ရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ညနေဘက်မှာ တည်းခိုရာ ဟိုတယ်ကို ပြန်လာခဲ့ပါတော့တယ်။

ကိုအောင်သူရနဲ့ ညနေဘက် ၈ နာရီလောက်မှာ ဇူးရစ်ဘူတာရုံမှာ ချိန်းလိုက်ပါတယ်။ ကိုအောင်သူရရဲ့ ရုပ်ရှင်ကားကို ကြည့်ထားလေတော့ သူ့ကို ကျွန်တော်တို့က မှတ်မိပါတယ်။ ဥရောပမှာ အာရှဘက်ကလာတဲ့ ရုပ်မျိုးက ရှာကလွယ်ပါတယ်။ ကျွန်တော်တို့အဖွဲ့က မင်းသားအတွက် ဂျာမနီဖြစ်လက်ဆောင်လေး သယ်လာ ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ အိုင်းစတိုင်း စာသင်ခဲ့တဲ့ တက္ကသိုလ်ဘက်ကို ရောက်ဖြစ်ပါတယ်။ ညဘက်ဆိုတော့ ဓာတ်ပုံရိုက်လို့ မကောင်းပေမဲ့ ဇူးရစ်မြို့အလှကို စက်မှုတက္ကသိုလ်ပေါ်ကနေ ခံစားရတာ ပီပြင်လှပါပေတယ်။ အိုင်းစတိုင်း ကျောင်းဆရာလုပ်ခဲ့ဖူးတဲ့ ဆွတ်ဇာလန်က ကျောင်းပဲ ဖြစ်ပါတယ်။
အိုင်းစတိုင်း တက်ခဲ့ဖူးတဲ့ ကျောင်း

UZH လို့ခေါ်တဲ့ ဇူးရစ်တက္ကသိုလ်ကိုလည်း တွေ့ခဲ့ရပါသေးတယ်။ ညဘက် ၉ နာရီလောက်မှာတော့ ကိုအောင်သူရ မိတ်ဆက်ပေးတာနဲ့ တန်ဂို (Tango) အကကို ကြည့်ခွင့်ရခဲ့ပါတယ်။ Argentine Tango, Uruguayan Tango, Ballroom tango , Finnish tango နဲ့ vintage tangos လို့ အကမျိုးစုံရှိတဲ့အနက် ကျွန်တော်တို့ ကြည့်ဖြစ်ခဲ့တာကတော့ အာဂျင်တီးနား တန်ဂိုအကပဲ ဖြစ်ပါတယ်။ ဒီတန်ဂိုအကဟာ လူသားမျိုးနွယ်စုရဲ့ ကမ္ဘာ့အမွေအနှစ်လို့ ယူနက်စကို (UNESCO) က ၂၀၀၉ ခုနှစ်မှာ ကြေငြာခဲ့ပါတယ်။

ဒီအကရဲ့ ထူးခြားချက်ကတော့ တစ်ဦးရဲ့ လှုပ်ရှားမှုကို တစ်ဦးက အာရုံခံစားပြီး အလိုက်သင့်ကရတဲ့ အကမျိုးဖြစ်ပါတယ်။ တန်ဂို ကသူနှစ်ဦးလုံးဟာ တစ်ဦးခေါင်းကို တစ်ဦးက မှီထားပြီး ဟန်ချက်ညီအောင် ကရတဲ့ သဘောပါ။ 2-4 or 4-4 တိုင်ပင်ရှိတဲ့ စည်းချက်မှန် တေးသွားကို ဖွင့်ပေးထားပြီး ကရခြင်းဖြစ်ပါတယ်။ အမျိုးသမီးရဲ့ ဘက်ဘက်လက်က အမျိုးသားရဲ့ ညာဘက် ပခုံးပေါ်မှာ တင်ထားရပြီး အမျိုးသားရဲ့ ညာဘက်လက်က အမျိုးသမီးရဲ့ ကျောပြင်ကို ထိန်းပေးပြီး ကတဲ့ အကဖြစ်ပါတယ်။ ရင်ချင်းအပ်ပြီး ခေါင်းချင်းထိထားချိန်မှာ တစ်ဦးရဲ့ အတွင်းစိတ်ကို တစ်ဦးက ခန့်မှန်း ပုံဖော်ကြပါတယ်။ တစ်ဦးရဲ့ လှုပ်ရှားမှုကို တစ်ဦးက အဆင်ပြေအောင် တွဲခေါ်ပြီး ကရတဲ့အကမို့ စိတ်ချင်းနီးစပ်ဖို့လိုတာပေါ့လေ။

ဒီကပွဲလေးကို ကြည့်ခွင့်ရဖို့ ဝင်ကြေးက Swiss Franc 20 ပေးရပါတယ်။ မြန်မာငွေနဲ့ဆို ၄ သောင်းနီးပါး လောက်ပေးရပေမဲ့ ကြည့်ရတာ တန်ပါတယ်။ ကျွန်တော်တို့ကတော့ ထိုင်ကြည့်ရုံသက်သက်ပေါ့လေ။ တန်ဂိုအကဆိုလို့ ခုမှကြားဖူးတာဆိုတော့လည်း ဘယ်သိပါ့မလဲလေ။ အဲလို သူတို့ရဲ့ အကတွေကို ဗွီဒီယို ရိုက်ယူခဲ့ပြီး ညဘက် ၁၂ လောက်မှာတော့ ဟိုတယ်ကို ပြန်ခဲ့ကြပါတော့တယ်။

ဒီနေ့မနက်မှာတော့ ကိုအောင်သူရက သူ့ကားလေးနဲ့ ဇူးရစ်မြို့ကို လိုက်လည်ပေးပါတယ်။ အတိတ်ရဲ့ အရိပ်ဇာတ်ကားရိုက်ခဲ့တဲ့ နေရာတွေကိုလည်း လိုက်ပြပါတယ်။
ဝီလီယမ်တဲလ်ရှေ့မှာ အမှတ်တရ

ဖြတ်ခဲ့တဲ့ လမ်းတလျှောက်မှာတော့ ဆွတ်ဇာလန်သူရဲကောင်း မုဆိုးကြီး ဝီလီယမ်တဲလ်ကို ဂုဏ်ပြုထားတဲ့ ရုပ်တုကြီးကိုတွေ့ခဲ့ပါတယ်။ သူရဲ့ ပုံပြင်လေးကိုလည်း ကြုံတုန်းဖောက်သည်ချလိုက်ပါရစေ။ သူ့ခေတ်မှာ သြစတီးရီးယားက သူတို့မြို့ကို သိမ်းပိုက်ထားပါတယ်။ မြို့စားကြီး ဖြစ်တဲ့ Gesseler (ဂက်စလာ) က သူ့ရဲ့ ဦးထုပ်ကို မြို့လည်ခေါင်ရဲ့ အမြင့်ဆုံးတိုင်ထိပ်မှာ ချိတ်ဆွဲထားပါတယ်။ လမ်းသွားလမ်းလာလူမှန်သမျှက သူ့ဦးထုပ်ကိုတွေ့ရင် အလေးပြုကြရပါတယ်။ သူ့ဦးထုပ်ကို အရိုအသေပေးပြီးမှ လိုရာခရီးကို ဆက်သွားကြရတယ်တဲ့လေ။

အဲလိုနဲ့ တနေ့တော့ မုဆိုးကြီး ဝီလီယမ်တဲလ် တစ်ယောက်က အဲဒီ ဦးထုပ်ကြီးကို အလေးပြုဖို့ မေ့လျော့သွားတယ်ဆိုပဲ။ ဒါကို သိတော့ မြို့စားကြီးက မုဆိုးကြီးကို အပြစ်ပေးတဲ့အနေနဲ့ သူ့ကို ဖမ်းချုပ်ထားလိုက်ပါတယ်။ ပြီးတော့မှ သူ့အချစ်ဆုံးသားလေးရဲ့ ခေါင်းပေါ်ကို ပန်းသီးတစ်လုံးတင်စေပြီး မှန်အောင်ပစ်ဖို့လည်း ဖိအားပေးပြီး စေခိုင်းပါတော့တယ်။ မတတ်နိုင်တဲ့အဆုံးမှာတော့ သားလေးရဲ့ ခေါင်းပေါ်က ပန်းသီးကို သူ့ရဲ့ မုဆိုးကိုင် လေးမြှားနဲ့ ပစ်ဖို့ လိုက်လျောရပါတော့တယ်။ ဖခင်တစ်ယောက်ရဲ့ သားသမီးအပေါ်မှာ ထားတဲ့မေတ္တာတရားကြောင့်ပဲလား သူ့ရဲ့ လေးပစ်ကျွမ်းကျင်မှုရောပါ ပေါင်းစပ်လိုက်လို့လား မသိပါဘူး။ သူ့သားခေါင်းပေါ်က ပန်းသီးကို ထိအောင် ပစ်နိုင်ခဲ့ပါတယ်။

မှန်အောင် ပစ်နိုင်ခဲ့လို့ သူ့ကို အပြစ်မှလွတ်မြောက်ခွင့် ပေးမယ်လို့ပြောပြီး ပစ်စေခဲ့တာပါ။ ထိအောင် ပစ်နိုင်ခဲ့တော့ မြို့စားကြီးက သဘောကျသွားပါတယ်။ သို့ပေမဲ့ သူ့မြှားကျည်တောက်ထဲက မြှားအပို တစ်လက်ကိုတွေ့သွားတော့ အကြောင်းရင်းကို မေးတာပေါ့လေ။ တဲလ်ကလည်း အမှန်တိုင်းပဲ ဖွင့်ပြောလိုက်ပါတယ်။ တကယ်လို့သာ ပန်းသီးကို မထိပဲ သူ့သားသာ အသက်ဆုံးရှုံးရမယ်ဆိုရင်လည်း မြို့စားကြီးကိုပါ ပစ်သတ်ဖို့ မြှားအပို တစ်လက်သူ့မှာ ရှိနေခဲ့ပါတယ်ပေါ့လေ။ ဒီအခါမှာတော့ မြို့စားကြီး စိတ်ဆိုးသွားပြီး တဲလ်ကို သူ့သင်္ဘောပေါ်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ကမ္ဘာ့စတုတ္ထအကြီးဆုံး ရေကန်ဖြစ်တဲ့ Lake Lucerne ကို ဖြတ်ပြီး တဲလ်ကို ဖမ်းဆီးလာရာမှာ လမ်းမှာ မုန်တိုင်းကျပြီး တဲလ် လွတ်မြောက်သွားပါတယ်။ နောက်ဆုံးမှာတော့ တဲလ်က သူ့ရဲ့ လေးနဲ့ မြို့စားကြီးကို ပစ်သတ်နိုင်ခဲ့ပါတယ်။

ဒီပုံပြင်လေးကတော့ မင်းသားကိုအောင်သူရပြောပြခဲ့တာပါ။ အဲဒီနောက်မှာတော့ ဇူးရစ်မြို့ရဲ့ အနောက်တောင် ဘက်မှာ ရှိတဲ့ ကီလိုမီတာ ၅၀ လောက်ဝေးတဲ့ Luzern မြို့ကို ရောက်ဖြစ်ခဲ့ပါတယ်။ ဒီမြို့ကလေးကတော့ Chapel Bridge ကြောင့် နာမည်ကြီးခြင်း ဖြစ်ပါတယ်။ ၁၄ ရာစုလောက်မှာ ပထမဆုံး စတည်ဆောက်ထားခဲ့တဲ့ ဥရောပရဲ့ သစ်သားတံတားတစ်ခု ဖြစ်ခဲ့ပါတယ်။ Reuss River မြစ်ကို ဖြတ်ဆောက်ထားပြီး ပေ ၆၇၀ ရှည်ပါတယ်။ ရေလည်ခေါင်မှာတော့ Water Tower တစ်ခုရှိပြီး အရင်တုန်းကတော့ ထောင်အဖြစ်လည်း သုံးခဲ့တယ်လို့ သိရပါတယ်။

လူဆန်မှာရှိတဲ့ သစ်သားတံတားလေး
တံတားအထဲက မျက်နှာစာတွေမှာ ဆွဲထားတဲ့ ပန်ချီကားတွေက နာမည်ကျော်ပါတယ်။ ၁၉၉၃ ခုနှစ်တုန်းက တံတားကြီး မီးလောင်သွားတော့ ခုဆို တချို့တလေကိုပဲ တွေ့ရပါတော့တယ်။ ရှုခင်းတွေ ကောင်းတာနဲ့ ဓာတ်ပုံတွေတော့ ရိုက်ယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကိုအောင်သူရနဲ့ အတူ နေ့လည်စာ အတူစားပြီး ဇူးရစ်မြို့ထဲကို ပြန်ခဲ့ပါတော့တယ်။ ခရီးတစ်ခု ထွက်ဖြစ်တိုင်း မြန်မာ့ အနုပညာလက်ရာတွေကို ကမ္ဘာ့လှည့် ခရီးသွားတွေ စိတ်ဝင်စားလာအောင် ဖော်ဆောင်လိုစိတ်များ တဖွားဖွား ပေါ်လာမိပါတယ်။ ဒီသစ်သားတံတားလေးကို မြင်ရတော့ ရွှေမန်းမြေက ဦးပိန်တံတားကို ပို သတိရမိတာပေါ့။


အပြန်ခရီးမှာတော့ ရန်ကုန်တိုင်း တစ်တိုင်းစာလောက်ရှိတဲ့ လူဦးရေနဲ့ စစ်ကိုင်းတိုင်းတစ်ဝက်လောက်ရှိတဲ့ နိုင်ငံဧရိယာသာ ရှိပေမဲ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်နေတဲ့ ကုန်းပိတ်နိုင်ငံ ဆွတ်ဇာလန်ကို အားကျနေမိပါတော့တယ်။ ဒီဘလော့လေးကို ဖတ်ပြီး ရွှေမြန်မာကို ရွှေခေတ်ရောက်အောင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာကြပါစေလို့ ဆုတောင်းနေမိပါရဲ့။

ခင်မင်လေးစားစွာဖြင့်

herostar
•Wednesday, March 10, 2010

အင်္ကျီကို ရွှေနဲ့ ရက်လုပ်ထားလို့ ရွှေအင်္ကျီလို့ ခေါင်းစဉ်တပ်လိုက်တာ မဟုတ်ပါ။ ရွှေလို ရှားရှားပါးပါး လုယူခဲ့ရ လို့သာ ရွှေအင်္ကျီလို့ ခေါ်မိပါတယ်။ Alcatraz အဆောင်ပေါ်က လှမ်းကြည့်တိုင်း အပြေးလေ့ကျင့်နေကြတဲ့ ဂျာမန်ကျောင်းသား တချို့ကို မြင်ရတယ်လေ။ သူတို့တွေ အားကစားကို တော်တော် ဝါသနာထုံ ကြတယ်။ အဆောင်နောက်က ဘောလုံးကွင်းမှာဆိုလည်း ၆ နှစ် ၇ နှစ်အရွယ်မှသည် အသက် ၆၀၊ ၇၀ အရွယ်တွေအထိ ဘောလုံး ကန်နေကြတာ တွေ့ရတယ်။ ဥရောပဘောလုံးအားကစား ကမ္ဘာကျော်တာလည်း ဒါ့ကြောင့်ဟု ထင်မိတယ်လေ။ သူတို့က တကယ် ဝါသနာပါပြီး အားသွန်ခွန်စိုက် လုပ်ကြတာလည်း ပါမှာပေါ့။

ခုလို ပြန်စဉ်းစားလိုက်တော့ မန္တလေးနည်းပညာတက္ကသိုလ်တုန်းက ဝင်ပြေးခဲ့ဖူးသည့် မာရသွန် အပြေးပြိုင်ပွဲလေး ကို ပြန်သတိရမိသည်။ (၅၉) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းအားကစား ပြိုင်ပွဲလေး လုပ်ခြင်း ဖြစ်သည်။ ပြိုင်ပွဲအတွက် ပထမရသူကို ဆုငွေ ၅၀၀၀ ကျပ်နှင့် အင်္ကျီတစ်ထည် ဒုတိယဆု ရရှိသူနှင့် တတိယဆုရရှိသူကို ၃၀၀၀ ကျပ်၊ ၂၀၀၀ ကျပ်နှင့် အင်္ကျီတစ်ထည်စီ အသီးသီး ဆုချမည်ဟု ကြေငြာထားသည်။ ဆုပိုက်ဆံငွေကိုတော့ မမက်မောမိပါ။ အင်္ကျီတစ်ထည်ကိုတော့ မက်မောမိသည်။

ထိုအင်္ကျီလေးကို ပီတီဆရာနှင့် ကိုယ်တိုင် သွားပြီး မန္တလေးမြို့ထဲမှာ အထည် ၂၀၀ အပ်ခဲ့ခြင်း ဖြစ်သည်။ ဇွဲဆု ရရှိသူများကိုလည်း အင်္ကျီတစ်ထည်စီပေးမည် ဖြစ်ကြောင်း ကြေငြာထားသည်။ အဖြူခံမှာ အနီရောင် စာလုံးလေးဖြင့် ရေးထားသော ထိုတီရှပ် အင်္ကျီလေးကို နှစ်နှစ်ကာကာကို လိုချင်နေမိသည်။ ခက်တာက အဆောင်နဲ့ စားရိပ်သာ ပေ ၂၀၀ လောက် ဝေးတာလေးကိုတောင် ဆိုင်ကယ်နဲ့ သွားတဲ့ ကောင်လေ။ ဒါပေမဲ့ အင်္ကျီလိုချင်တော့ မီတာ တစ်သောင်း (ပေ သုံးသောင်းကျော်) ပြိုင်ပွဲကို ဝင်ပြေးဖို့ စာရင်း ပေးခဲ့တယ်လေ။



ညောင်ရမ်း၊ ကနောင်၊ မက္ခရာဆိုပြီး ယောက်ျားလေးဆောင် ၃ ဆောင် ရှိတဲ့အထဲမှာ ကျွန်တော်နေတာက ကနောင်မှာလေ။ ကနောင်က အတန်းတူ သူငယ်ချင်းတွေကတော့ အဲဒီမာရသွန်ပြိုင်ပွဲအတွက် အပြေးလေ့ကျင့်နေကြပြီပေါ့။ အခြားအဆောင်က သူငယ်ချင်းတွေရော မန်းသီရိ၊ မန်းချယ်ရီနဲ့ ပြင်စည်က မိန်းကလေးတွေရော မနက်မနက်ဆို ထပြေးနေကြပြီလေ။ အချုပ်တန်း ဆရာဖေရဲ့ ဆောင်းရတုပွဲထဲကလို မန္တလေးဆောင်း ဘယ်လောက်အေးတယ်ဆိုတာလည်း ခံစားဖူးသူတိုင်း အသိပေါ့။
ဒီပုံလေးက ပြေးခါနီး တန်းစီနေတာပေါ့။
မိန်းကလေးတွေက ကျောင်းနှစ်ပတ်ပဲ ပြေးရတယ်လေ

ကျွန်တော်လည်း အပြေးလေ့ကျင့်ဖို့ ရက်ရွေးနေမိတယ်။ မနက်ဘက်မှာ ထပြေးမယ်လုပ်တိုင်း စောင်ကို ခွာလိုက်တာနဲ့ လေနုအေးတွေက အသားကိုဖောက်ပြီး အသဲထဲထိ စိမ့်အောင် အေးနေတာနဲ့ အင်း ပြိုင်ပွဲစခါနီး တစ်ပတ်လောက် အလိုမှ ထပြေးမယ်လို့ ဆုံးဖြတ်ထားတယ်။ တကယ်တမ်း နီးလာတော့လည်း စောင်ထဲမှာ ကွေးလို့ ကောင်းနေတာနဲ့ပဲ အပြေး လေ့ကျင့်ခြင်းမလုပ်ဖြစ်ခဲ့တော့ပါဘူး။

အင်း ဒီလိုနဲ့ ပြိုင်ပွဲစတဲ့ ၂၀၀၇ ခုနှစ်ရဲ့ လွတ်လပ်ရေးနေ့ကို ရောက်လာတာပေါ့။ အဲဒီနေ့မနက်တော့ နိုးတယ်လေ။ အင်္ကျီရအောင် ပြေးမယ်ဆိုတဲ့ စိတ်နဲ့ လူတစ်ရာကျော်ပါတဲ့ ပြေးပွဲမှာ ဝင်ပြေးတာပေါ့။ ကျောင်းကို ၄ ပတ်ပြည့် အောင်ပြေးရတယ်လေ။ ကျောင်းနှစ်ပတ်(မီတာ ၅၀၀၀)လောက်လည်းပြေးပြီးရော ခြေထောက်တွေက လေးလံလာပြီး လူလည်း ဟောဟဲကို ဆိုက်နေတော့တာပဲ။ အတူပြေးတဲ့ သူငယ်ချင်း ရခိုင်ကြီးကတော့ ဆက်မပြေးတော့ဘဲ အဆောင်ထဲ ဝင်သွားလေရဲ့။ ကျွန်တော်ကတော့ မောပေမဲ့ အင်္ကျီရချင်တဲ့ စိတ်ကို မလျော့နိုင်တာနဲ့ပဲ သေရင်သေပါစေဆိုပြီး ပြေးချလိုက်တာ နောက်ဆုံးမှာတော့ ဘယ်ရမလဲ ပန်းဝင်သွားတာပေါ့လေ။
ဒါကတော့ ကျောနံပါတ် ၀၉၅ နဲ့
ပန်းဝင်လာတဲ့ ကျွန်တော်ပေါ့

ပြေးလည်းပြီးရော တစ်နာရီလောက် စကားမပြောနိုင်ဘူး။ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတဲ့ နှလုံးခုန်သံနဲ့အတူ တော်တော်နဲ့ကို မထနိုင်ဘူးလေ။ အဲဒီတုန်းကတော့ ဘေးမှာက သူငယ်ချင်း မိန်းကလေးတွေလည်း ရှိနေတာဆိုတော့ ဘာမှ မဖြစ်သလိုတက်တက်ကြွကြွ ရှိနေခဲ့သေးတယ်။ အဲဒီနေ့ကုန်ဆုံးလို့ နောက်ရက်လည်း ရောက်ရော ဘာပြောကောင်းမလဲဗျာ။ ကျွန်တော်က ဒုတိယထပ်မှာ နေတယ်လေ။ ကိုယ့်အခန်းကို ပြန်တိုင်း လှေကားတက်ရတော့ ခြေထောက်တွေက လှေကားတစ်ထစ် နင်းတိုင်းကို နာနေတော့တာပါပဲ။

ပြေးပြီး တစ်ပတ်လောက်ကတော့ လမ်းကို ကောင်းကောင်းမလျှောက်နိုင်ဘူး။ ဒါနဲ့ မိုင် တစ်ရာကျော်ဝေးတဲ့ အိမ်က အမေ့ကို ဖုန်းဆက်ခေါ်ပြီး လာနင်းခိုင်းရတယ်။ အမေ နင်းပေးလိုက်မှပဲ လမ်းပြန် လျှောက်နိုင်တော့တယ်။

အမေကတော့ ပြောပါတယ်။ နင် မသေတာ ကံကောင်းတယ်တဲ့လေ။ ကျွန်တော်ကလည်း ပြန်ပြောလိုက်တယ် ဒီအင်္ကျီလေးလိုချင်လို့ပါ ဆိုပြီးပေါ့။ အဲလိုနဲ့ ရခဲ့တဲ့ ကျောင်းတော်က ရွှေအင်္ကျီလေးကို ခုထိ မြတ်မြတ်နိုးနိုးနဲ့ ဝတ်နေတုန်းပဲ။



ကျောင်းကို လွမ်းတိုင်း အင်္ကျီလေးကို ထုတ်ကြည့်မိတယ်။ အတိတ်ကို တူးတဲ့နေရာမှာ သူဟာ အကောင်းဆုံး ပေါက်ပြားတစ်လက်ဖြစ်ခဲ့တယ်။

ခင်မင်လေးစားစွာဖြင့်

herostar
•Sunday, March 07, 2010
နေသာတဲ့ တစ်ရက်မှာ
အိမ်အပြင်ကို ထွက်ကြည့်မိတယ်။

တွေ့တဲ့သူတိုင်းက
ဘိုးတော် လို့
ခေါ်နေကြပြီ။
ငါ့ ကျောင်းသားဘဝက
တစိမ့်စိမ့်ကြာလွန်းနေပြီ ထင်တယ်။

ဘယ်ဘက်ရင်အုံ စေလို့သာ
ဒီနေရာကို ရောက်ဖြစ်ခဲ့တယ်
ဘာမှန်းတော့ မသိခဲ့။

နောက်ကျတဲ့ အသိမှာ
ပီပြင်လာတဲ့ ထူးခြားမှုက
အချစ် ဆိုတဲ့ အရာတွေကိုတယုတယ ငါ စု နေခဲ့မိတယ်

အသိတရားက ရင်ခုန်ခြင်းကို
သော့ခတ်ထားနိုင်ခဲ့ပေမယ့်
ကဗျာဆန်တဲ့ နှလုံးသားကတော့
.....ကို လွမ်းတယ်။

herostar
•Thursday, March 04, 2010
တခါတခါ သူ့များတိုင်းပြည်သွားနေရတာ သေချာစဉ်းစားကြည့်ရင်မလွယ်လှပါ။ ယဉ်ကျေးမှုက မတူ ဘာသားစကားကလည်း မတူနဲ့။ သူပြောရင် ကိုယ်နားလည် ကိုယ်ပြောရင် သူနားလည် လောက်ရှိနေရုံ၊ စားဝတ်နေရေး ပြေလည်နေရုံနဲ့ အဆင်ပြေတယ်ထင်ရင်တော့ တမျိုးပေါ့လေ။ သူတို့စကားပြောရတာ မိခင်ဘာသာစကားလောက်တော့ အားပါးတရ မရှိလှပါ။ ကိုယ့်မြေကိုယ့်ရေ မဟုတ်ပါလားဆိုတဲ့ စိတ်အစွဲက ဖျောက်မရတော့ စိတ်ထဲကျေနပ်သွားတာမျိုးကလည်း မရှိ။

ဒီတစ်ခါတော့ ဥရောပမှာဆိုပေမဲ့ အလိမ်ခံလိုက်ရတဲ့ မြန်မာတစ်ယောက်အကြောင်း ဖောက်သည်ချချင်လို့ပါ။ နေ့စဉ်သွားလာရာမှာ ရန်ကုန်လို Bus ကားကို အားကိုးတာမျိုးမဟုတ်ဘဲ ရထားတွေကို အားကိုးကြပါတယ်။ S-Bahn လို ရထားမျိုးတွေကိုပဲ အားကိုးပြီး သွားလာနေကြတာဆိုတော့ ရထားလက်မှတ်ကို လပေးဝယ်စီးကြတာ များပါတယ်။ ဝယ်လို့ရတဲ့ စက်တွေက ဘူတာတိုင်းလိုလိုမှာရှိနေတော့ အဆင်ပြေလွယ်ကူပါတယ်။ အဲ ဒီနေရာမှာ အဆင်မပြေမှု စတင်လာတာက အချောင်ရလိုတဲ့ စိတ်ဗျ။
















လက်မှတ်ဝယ်လို့ ရတဲ့ စက်နဲ့ ရထားပုံလေးပါ

ဟိုတလောကပေါ့..... Frankfurt မှာမြန်မာတစ်ယောက်က ရထားလက်မှတ်ဝယ်တဲ့ စက်နားမှာ တစ်လစာ ရထားလက်မှတ်ဝယ်နေ တယ်တဲ့လေ။ အဲဒီအချိန်မှာနိုင်ငံခြားသားတစ်ယောက်ရောက်လာပြီး သူ့မှာတစ်လစာ ဝယ်ထားတဲ့ ရထားလက်မှတ်ရှိကြောင်းနဲ့ မကြာခင် အားလပ်ရက်ရှည်ခရီးတစ်ခု ထွက်စရာရှိတာကြောင့် အဲဒီလက်မှတ်ကို ပြန်ရောင်းချင်ကြောင်း ပြောသတဲ့။

စက်မှာ ဝယ်မယ်ဆိုရင် ယူရို ၅၀ ကျော်လောက်ပေးရမှာပေါ့လေ။ သူက ပြန်ရောင်းတာဆိုတော့ ၃၅ ယူရိုနဲ့ ပြန်ရောင်းတာပေါ့။ ကိုရွှေမြန်မာလည်း နည်းနည်းမှ သက်သာသက်သာဆိုပြီး အဲဒါလေးကို ဝယ်ပြီး ရထားတွေ စီးနေလိုက်တာ ၃၊ ၄ ရက်တော့ အဆင်ပြေနေတာပေါ့လေ။ တစ်ရက်မှာတော့ လက်မှတ်စစ်နဲ့ တွေ့သွားပြီး သူ့လက်မှတ်ကို စစ်လိုက်တော့ အတုကြီး ဖြစ်နေကြောင်း ပြောပြီး ဖမ်းခေါ်သွားတယ်တဲ့။

ပြီးတော့ ကိုယ်လုံးတည်း ချွတ်ခိုင်းပြီး အရှေ့အနောက် ဘေးဘယ်ညာကနေ ဓာတ်ပုံတွေ ရိုက်တယ်ဆိုပဲ။ သူကတော့ ရှင်းပြတာပေါ့လေ။ တဆင့်ခံလူဆီကနေ ဝယ်ကြောင်းပေါ့။ ဒါပေမဲ့ ဂျာမန်ရဲတွေက အပြည့်အဝယုံကြည်ပုံမရပါဘူး။ သူ့နောက်ကို နောက်ယောင်ခံလိုက်နေတယ်ဆိုပဲ။ ဒီမှာက အဲလို အတုလုပ်တာတွေကို သိသွားလို့ကတော့ ပြစ်ဒဏ်က မသေးဘူးလေ။

အင်း တခါတခါ ဈေးချိုတယ်ဆိုပြီး တရားမဝင်ဝယ်လိုက်မိရင် ဒုက္ခရောက်တတ်တာကတော့ ဘယ်နေရာမှာဖြစ် ဖြစ်ရှိနေတတ်လို့ သူငယ်ချင်းတွေကို ဒီသတင်းလေး လက်တို့လိုက်တာပါ။

ခင်မင်လေးစားစွာဖြင့်

herostar