b သူရဲကောင်းကြယ်: ဟန်ဆောင်တတ်သူ
•Monday, March 29, 2010

ကျွန်တော်သည် အိမ်တွင် အကြီးဆုံးသား ဖြစ်သည်။ ညီမလေးတစ်ယောက်ရှိပြီး ကျွန်တော့်ထက် အသက် ၆ နှစ် ငယ်ပါသည်။ တစ်ယောက်တည်း ကစားဖော်မရှိဘဲ ပျင်းနေချိန်မှာ မေမေက ကျွန်တော့်ကို လက်ဆောင်ပေးခြင်း ဖြစ်ပါလိမ့်မည်။ ညီမလေးအတွက် ကိုယ်တိုင် နို့ ဗူးဖျော်ပေးရသည်။ ရေချိုးပေးရသည်။ သနပ်ခါး လိမ်းပေးရသည်။ ညီမလေးက မွေးကတည်းက ၈ ပေါင်ကျော်သည်။ တဖြိုးတည်း ဝလာခဲ့တာ ခုထက်ထိ ဆိုပါတော့။ ဒါ့ကြောင့် ကျွန်တော်က သူ့ကို ဝက်ကလေး လို့ ခေါ်တာက များသည်။ ခေါ်တိုင်းလည်း သူ စိတ်ဆိုးနေကျ ဖြစ်သည်။ ကလေးထိန်းတဲ့ အတတ်ပညာကို ငယ်စဉ်ကတည်းက သင်ကြားခဲ့ရသည်။ သူရယ်အောင် မျောက်က ကပြရသည်။ သီချင်းဆိုပြရသည်။

သူအိပ်ပျော်သွားတဲ့အခါ သူ့ဘေးနားမှာ ခြင်ခြောက်ရင်း ကျွန်တော်လည်း အိပ်ပျော်သွားလေ့ရှိသည်။ သွားကလေးတွေပေါက်လာတော့ ခဏခဏ ကုန်းကိုက်တာ ခံရဖူးသည်။ သူ့သွားလေးတွေ ချွန်အောင် ကျွန်တော့် အသားနဲ့ သွေးတာပဲလေဟု နားလည်ခဲ့ဖူးသည်။ နာပေမဲ့လည်း အံကြိတ်ခံခဲ့ဖူးသည်။ မောင်နှမဆိုလို့ ဒီညီမလေးပဲ ရှိလေတော့ သံယောဇဉ်လည်း ပိုရပါသည်။ ကျောင်းနေစဉ်ကာလတွေမှာဆို ညီမလေးနဲ့ အတူတူ။ ထမင်းချိုင့်လေးကိုယ်စီနဲ့ပေါ့။ ကားလမ်းကူးတိုင်း လက်တွဲမဖြုတ်ကြပါ။

ငယ်ငယ်က ကြက်တောင်ရိုက်တိုင်း အလျော့ပေးရသည်။ ထမင်းအတူစားတိုင်းလည်း အသားဟင်းဆိုရင် သူ့ကို တစ်တုံးပိုထည့် ပေးဖြစ်သည်။ ကျွန်တော်မည်မျှပင် ဆာလောင်နေစေကာမူ သူစားမည်ဆိုရင် မဆာဟန် ဆောင်တတ်ခဲ့သည်။ သူက အရုပ်ကလေးများနှင့် ဆော့ကစားရသည်ကို နှစ်သက်သူ ဖြစ်သည်။ မိန်းကလေးဆိုပေမဲ့ အလှအပ အခြယ်အသများကို အရုပ်လေးများလောက် မက်မောလေ့ မရှိပါ။ အငယ်ဆိုတော့ ဘာမဆို ဦးစားပေးဖြစ်သည်။ သူက ဘာသာရေး ကိုင်းရှိုင်းပြီး ရိုသေလေးစားမှုလည်း အပြည့်ရှိသည်။

အစ်ကို အများစုက ညီ၊ ညီမတွေကို ဖွင့်ဟမပြောသော်လည်း အရမ်းချစ်ကြလိမ့်မည်ဟု ယုံကြည်မိသည်။ ကျွန်တော့်ကို မည်မျှပင် ကဲ့ရဲ့စကားဆိုနေစေကာမူ ကျွန်တော်သည် အပြုံးပျက်လေ့မရှိပါ။ သို့သော် ညီမလေးနှင့် ပတ်သက်လာရင်တော့ ကျွန်တော်ကသာ သူ့ရဲ့ ညံ့ဖျင်းမှုတွေကို ဆုံးမစကားပြောချင်ပြောမည်။ အခြားတစ်ယောက်က ညံ့လိုက်တာဟု ပြောလျှင် မခံမရပ် ဖြစ်မိသည်။ ကျွန်တော် ဆယ်တန်းအောင်တော့ မြန်မာစာက ဂုဏ်ထူး မထွက်ခဲ့ပါ။ ညီမလေးကို မြန်မာစာ ဂုဏ်ထူးပါစေချင်သည်။ ညီမလေးကို ကျေးဇူးတင်မိသည်။ သူ့ဆီမှာ ကျွန်တော် ရသမျှစာတွေကို "၏၊ သည်" မလွဲ စာအံ ခဲ့ဖူးသည်။ တစ်ခုခု မှားလျှင် ညီမလေးက ကြိမ်လုံးနဲ့ လက်ဝါးကို ရိုက်ပါသည်။ သူဆယ်တန်းရောက်တဲ့အချိန်မှာတော့ ကျွန်တော် တက္ကသိုလ်တက်နေပြီ ဖြစ်တဲ့အတွက် အစ်ကို တစ်ယောက်အနေနဲ့ ဘာမျှဂရုမစိုက်နိုင်ခဲ့တော့ပါ။ ဒီ့အတွက် စိတ်မကောင်း ဖြစ်မိသည်။

ဘဝဟူသည် တိုတောင်းလှသည်ဟု ဆိုကြသည်။ ညီမလေးနဲ့ အတူတူ နေခဲ့ရချိန် ၇ နှစ်တာ ကာလသည် ကျွန်တော့်အတွက် အမှတ်တရများကို ဖြစ်စေခဲ့သည်။ ယခုတော့ အိမ်နှင့် ဝေးနေခဲ့သည်မှာ ၁၀ နှစ်ပင် ကျော်ခဲ့လေပြီ။ ငယ်သံယောဇဉ်ဆိုတာ ဘယ်လောက်ထိ ကြီးမားတတ်တယ် ဆိုတာ အားလုံးအသိပင် ဖြစ်ပါလိမ့်မည်။ ညီမလေးကို မည်မျှပင် ချစ်နေစေကာမူ သူ့ရှေ့တွင် ကျွန်တော် ဟန်ဆောင် ကောင်းခဲ့သည်။

အချစ်များစွာကို ဟန်ဆောင်နေရခြင်းသည် စိတ်ကို အလွန်မွန်းကြပ်စေကြောင်း တစတစ သိလာခဲ့သည်။ ဘာပဲ ဖြစ်ဖြစ် အချစ်နဲ့ ပတ်သက်လာရင် ဟန်မဆောင်တာ အကောင်းဆုံးဖြစ်ကြောင်း သိရှိလာချိန်မှာတော့ ကျွန်တော့် ညီမလေးကို ချစ်ကြောင်းပြဖို့ ကျွန်တော့်ရဲ့ အချိန်တွေ သူ့ကို မပေးနိုင်တော့ပါ။ သတိရကြောင်း စာရေးပြောရုံက လွဲလို့ ခုတော့ ဘာတတ်နိုင်တော့မှာလဲလေ။ အတူနေခွင့် ရနေချိန်မှာ မောင်နှမတွေ အချင်းချင်း ချစ်ခင်ကြစေဖို့ ဒီစာလေးကို ရေးဖြစ်သည်။


ခင်မင်လေးစားစွာဖြင့်

herostar

This entry was posted on Monday, March 29, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

3 comments:

On March 29, 2010 at 7:31 PM , Anonymous said...

အဖေ အမြဲပြောသော စကားကို သတိရမိတယ်..
အတူနေကြရတုံး ချစ်ချစ်ခင်ခင်နေကြ ..
နောင်ကြီးလာရင် အတူဆုံကြဖို့မလွယ်တော့ဘူး..ဆိုတဲ့
စကားဟာ ငယ်စဉ်က အမှုမဲ့ အမှတ်မဲ့ထားခဲ့ မိတာ အခုတစ်ကယ်ပြန်ဆုံကြဖို့ မလွယ်တော့ဘူး...
သူလိုဘဲ အကြီးဆုံးဖြစ် ပေမယ့် သိပ်ပြီးညာတာရကောင်းမှန်းနားမလည်ဘဲ
အဖေအမြဲဆိုဆုံးမတဲ့ "အမကြီးအမိအရာမပီသစွာ"
အတ္တကြီးခဲ့တယ်...
ဒီလိုဘဲ နားလည်သိတတ်လာချိန်မှာ..
ထူးအိမ်သင်သီချင်းလို ဟိုး.......အဝေးကြီးကို ရောက်နေခဲ့ပြီလေ...
အတူနေခွင့် ရနေချိန်မှာ မောင်နှမတွေ အချင်းချင်း ချစ်ခင်ကြစေဖို့ ... ဆိုတဲ့စာကြောင်းလေးကို....

 
On March 30, 2010 at 10:25 AM , johnmoeeain said...

လှိုက်မောစွာ....နားလည် ခံစားရင်းနဲ့....
ညီမလေးတွေကို သတိရသွားတယ်

 
On April 7, 2010 at 8:00 PM , Unknown said...

နားမလည်လို့မေးကြည့်မယ်နော်ညီမလေးကိုချစ်တာကို
ဘာလို့ဟန်ဆောင်နေရတာလည်းဟင်........