b သူရဲကောင်းကြယ်: တခါက တက္ကသိုလ် နွေညများ (၂)
•Saturday, March 14, 2009
အဖြူရောင် တိမ်တိုက်တွေနဲ့ ကြည်ပြာရောင် ကောင်းကင်ကြီးကို မြင်ရတိုင်း အမိတက္ကသိုလ်ကြီးမှာ သူငယ်ချင်းတွေနဲ့ အတူဝတ်ခဲ့ဖူးတဲ့ အဖြူရောင် ရှပ်အင်္ကျီလေးနဲ့ မည်းပြာရောင် ပုဆိုးလေးကို လွမ်းမိတယ်...

တိမ်တိုက်တွေ ရွေ့လျားနေကြသလို သူငယ်ချင်းတွေလည်း ဝေးကွာနေကြပေမဲ့ ကြည်ပြာရောင် စိတ်ဓာတ်တွေကတော့ ခုချိန်ထိ တူညီနေကြတုန်းပါ...ကျနော်တို့ ဝတ်ခဲ့ကြတာ ယူနီဖောင်းလို့ ပဲ ထင်ခဲ့မိတာ.......... တကယ်တော့ စိတ်ဓာတ်တွေကိုပါ ထပ်တူကြနေစေခဲ့တာပါ

တမာတန်းလေးနဲ့ မြေနီလမ်းလေးကို လွမ်းတယ်....အဓိပတိလမ်းမထိပ်က အုတ်ခုံလေးကိုလည်း လွမ်းတယ်...
ညနေချိန်တွေဆို အဆောင်ရှေ့က ကွင်းပြင်ကျယ်ကြီးကို နှစ်ယောက်တူတူ ဖြတ်လျှောက်ရတာ လျှောက်ဖူးသူတိုင်း မေ့နိုင်မှာတဲ့လားဗျာ...ဘဝရဲ့ လမ်းတွေမှာ တစ်ယောက်တည်းလျှောက်နေရတဲ့အခါ ဟိုစဉ်ချိန်တွေကို သတိရမိတယ်

စားမေးပွဲနီးမှ သူငယ်ချင်းတွေဆီက စာအုပ်လိုက်ငှားပြီး မိတ္တူကူးရတဲ့ ဘဝလေးကို ခုံမင်မိတယ်…
တကယ်တော့ စာပဲမိတ္တူကူးရတာ မဟုတ်ခဲ့ပါဘူး…ဦးနှောက်တွေကိုပါ မိတ္တူကူးခွင့်ပေးဖို့ လက်ဖက်သုတ်တစ်ပွဲ…အကြော်တစ်ဝိုင်းနှုန်းနဲ့ တောင်းပန်ရတဲ့ အခါလည်းရှိတာပေါ့...
ခုတော့ ဒီမှာက အဲဒီလို ဆိုးလို့မရတော့ဘူးလေ..

တခါကတက္ကသိုလ် နွေရက်တွေမှာပေါ့.... Main အပေါ်ဆုံးထပ်က လေသာဆောင်လေးမှာ စာအတူတူလုပ်ခဲ့ဖူးတဲ့ ဘဝတွေကို ဘယ်လိုမေ့လို့ရမှာလဲ..တကယ်တော့ တို့ဖတ်ခဲ့ကြတာ ကျောင်းသင်ခန်းစာတွေတင် မကပါဘူး… ဘဝသင်ခန်းစာတွေရောပါပါတယ်ဟာ…

တို့တွေက ချို့တဲ့သူတွေဆိုတော့ တစ်ယောက်ကို တစ်ယောက်ဖေးမ ကူညီရတယ်လေ...လစာထုတ်ရက်လေးကို မျှော်ရင်း နင့်အတွက် ငါဘာလုပ်ပေးနိုင်မလဲ စဉ်းစားရတာ အမောပါပဲ...မောင်နှရင်းတွေလို ကောင်းတူဆိုးဖက် တိုင်ပင်ရင်း ရင်းနှီးခဲ့ကြဖူးတာပေါ့…

တက္ကသိုလ် သက်တမ်းတလျှောက်မှာ သင်ခဲ့ဖူးတဲ့ စာတွေသာ အချိန်မရွေးမေ့ချင်မေ့မယ်..
သူငယ်ချင်းတို့ရဲ့ ဖော်ရွေတဲ့ မျက်နှာလေးတွေနဲ့ သူတို့အသံတွေကို အချိန်မရွေး သတိနေတတ်ပါတယ်

အရင်းတုန်းကဆို လေချင်းတိုင်းလေနေပြီး စာမလုပ်ဘဲ လျှောက်သွားနေရင် သူငယ်ချင်းတွေက ဝိုင်းထိန်းကြတယ်…ဦးရှည်ကြီးကလည်း အားပေးတယ်…ကိုယ်သောက်ရင် သောက်သလောက် သူစီးပွားတက်မယ်ဆိုတဲ့ အသိ သူ့မှာ ရှိမနေခဲ့ဘူး…ငါ့ညီလေးတို့ ဒီလောက်ဆို.တော်လောက်ပြီ လို့ ပြောတတ်တယ်…

ကျောင်းရှေ့က ဦးရှည်ကြီးကတောင် ဒီလိုကြင်နာတဲ့ စကားလေးတွေ ပြောနေတတ်ပါတယ်..ဒါဆို ကျနော်သိပ်ချစ်ရတဲ့ မိခင်ကျောင်းတော်ကြီးကသာ စကားပြောတတ်မယ်ဆိုရင် ဗိုက်ခေါက်ဆွဲလိမ်ရင်း ကရုဏာဒေါသနဲ့ ဘယ်လောက်များ ပြောနေလိမ့်မလဲဗျာ.....လမ်းကြုံရင် ဦးရှည်ကြီးကို ပြောလိုက်ကြပါဗျာ...အရင်ကလို လူပေကြီး မဟုတ်တော့တဲ့ အကြောင်းပေါ့

တစ်ယောက်တည်း ကြိုက်သလောက်သောက်လို့ရနေပေမဲ့ ဒီဘီယာတွေက စနှိုးဝှိုက်က ဘီယာလောက် မချိုမြိန်ဘူး…အမြည်းနည်းနည်းနဲ့ လုသောက်နေရပေမဲ့ ပျော်မိတယ်။ သူငယ်ချင်းတွေနဲ့ သောက်ရတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ပါဘူး။ မူးလာတိုင်း ရင်ဖွင့်ရတဲ့ အရသာလောက် ဘယ်အရာက ကောင်းအုန်းမှာလဲဗျာ။

အခန်းတစ်ခန်းမှာ စုအိပ်ရင်း မလောက်ငှတဲ့အခါ စောင်တွေကို လုခြုံရတယ် .....လုခြုံခဲ့ရတဲ့ စောင်တွေက မနွေးပေမဲ့ သူငယ်ချင်းတွေရဲ့ ခင်မင်မှုက နွေးထွေးတယ်။ တက္ကသိုလ်ဆိုတာကြီးကစာပဲသင်ပေးတတ်တဲ့ နေရာလို့ ထင်ခဲ့မိတာ။ တကယ်တော့ နှလုံးသားတွေကိုလည်း ရင့်ကျက်လာအောင် သင်ပေးနိုင်ခဲ့ပါတယ်…

ဒီနယ်မြေမှာ ပြောမဲ့ဆိုမဲ့သူ ဆီးကြိုမဲ့သူတွေ မရှိတော့ပေမဲ့ သူငယ်ချင်းတွေပေးခဲ့ဖူးတဲ့ ဖြူစင်တဲ့ ခင်မင်မှုတွေကို တသသ တွေးရင်း ကိုယ်ကိုယ့်ကို ပျော်အောင်နေနေရပြီ...လုပ်ယူနေတဲ့ ပျော်ရွှင်မှုဆိုတာ ဘယ်လောက်ထိ စစ်မှန်မှာတဲ့လဲဗျာ…

M.I.T မှသူငယ်ချင်းအားလုံးကို သတိရနေမိတယ်

herostar
This entry was posted on Saturday, March 14, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On October 8, 2009 at 1:43 PM , johnmoeeain said...

ဖတ်လိုက်တဲ့ တက္ကသိုလ် နွေညများမှာ.. ဒီ အပိုင်း ၂ ကို အကြိုက်ဆုံးပါ...
ဖတ်လိုက်တိုင်း ခံစားရတယ်...
မဆီမဆိုင်... မတူညီတဲ့ ကိုယ့် ကျောင်းကို ကိုယ် လွမ်းရတယ်....
မတူညီတဲ့ ဘ၀တွေကို မတူညီတဲ့နေရာမှာ မတူညီတဲ့ အတွေးအခေါ် ခံယူချက်တွေနဲ့ ဖြတ်သန်းနေရပေမယ့် တစ်ခါက ထပ်တူကျခဲ့ဖူးတဲ့ အဖြူရောင် သံယောဇဉ်တွေနဲ့ သူငယ်ချင်းတွေကို အရမ်းအမှတ်ရတဲ့အခါ.. လာလာ ဖတ်ပါတယ်.. ဒီ post လေးကို.....

ကျောင်းကြီးကို လွမ်းလိုက်တာရှင်......