b သူရဲကောင်းကြယ်: တခါကတက္ကသိုလ်နွေညများ(၁)
•Wednesday, February 18, 2009
ငါတို့ ကျောင်းလေးရဲ့ အဝင်မှာ ရေနီမြောင်းလေးတစ်ခု ရှိတယ်…တသွင်သွင် စီးဆင်းနေတတ်ပြီး အလွန်လည်း အေးမြတယ်။ ကျောင်းအဝင် အဓိပတိလမ်းမကြီးရဲ့ ဘေးမှာ တမာတောလေးရှိတယ်..ဒီချိန်ဆို တမာတောလေးက ဆောင်းဦးရွက်ကြွေတွေနဲ့ ပုံနေလောက်ရောပေါ့

အရင်တုန်းကဆို ငါတို့တွေ တမာတောလေးထဲမှာ ပျော်ရွှင်ကြည်နူးခဲ့ကြဖူးတယ်။ နင်နဲ့ ငါ စိန်ပြေးတမ်း ကစားခဲ့ကြဖူးတယ်…နင်ကပြေးတဲ့အခါ ငါက မိအောင်လိုက်ဖမ်းရပြီး ငါက ပြေးတဲ့အခါ နင်က မိအောင်လိုက် ဖမ်းတယ်…ဒီဆော့နည်းလေးကို ငါသိပ်သတိရတာပဲ ပြေးလို့မောလာတဲ့အခါ အဆောင်က ငါယူလာတဲ့ ရေဗူးလေးကို နှစ်ယောက်တူတူ လုသောက်ကြတယ်…ငါက ကောင်လေးဆိုတော့ နင့်ကို ဦးစားပေးရတာပေါ့

ငါက အဖြူရောင်ရှပ်အင်္ကျီလေးကို နေ့ တိုင်းဝတ်ရတယ်။ နင်ကလည်း အဖြူရောင်ရင်ဖုံးအင်္ကျီလေးကို ဝတ်ရတယ်.. ကြည်ပြာရောင် လုံချည်လေးနဲ့ နင်လေ..တအားလှတာပဲ..နင်က နည်းနည်းလေးဝတော့
ငါက ပါကျယ်လေးလို့ ခေါ်တယ်… မိုနာလီဇာကို လှတယ်လို့ စာအုပ်တွေထဲမှာငါ ဖတ်ခဲ့ဖူးတယ်… ငါ့မျက်စိထဲမှာတော့ နင်လောက် မလှတာ သေချာခဲ့တယ်။ ဒါပေမဲ့ ငါလေ.. နင့်ရှေ့မှာ နင့်ကို လှတယ်လို့ မချီးကျူးမိဖူး…

ငါရင်ထဲမှာပဲ နင့်အလှတွေကို သိမ်းထားခဲ့တာကိုး…ငါတို့ မေဂျာက မောင်မယ်သစ်လွင်ကြိုဆိုပွဲလေးမှာ ငါလည်း သီချင်း ဆိုချင်မိတယ်…သူငယ်ချင်းတွေလည်း ဆိုကြတယ်။ ငါက သင်္ကြန်မိုး သီချင်းလေးဆိုတော့ နင်က စင်ပေါ်မှာ ကပေးခဲ့တယ်။ ငါတို့ ပါချုပ်ကြီးကတောင် ငါ့တို့ကို ဆုချသွားသေးတယ်။ သင်္ကြန်လို့ ကြားလိုက်မိတိုင်း ဒီသီချင်းလေးနဲ့ အတူ နင့်ကို သတိရနေတတ်တယ်။

နှစ်တွေသာ ကြာညောင်းလာခဲ့ပေမဲ့ မဟောင်းနိုင်တဲ့ ဒီသီချင်းလေးနဲ့ အတူ တမာမြေကကျောင်းတော်ကြီးကို သတိရတယ်။ စွယ်တော် ရှိုက်သံသီချင်းလေးကို နားဆင်ရင်းနဲ့တောင် တမာရှိုက်သံကို ကြားနေမိတယ်
သီတင်းကျွတ် မီးမျှောပွဲညလေးမှာပေါ့….နင်တို့လည်း အဲဒီညမှာ အဆောင်အပြင်ထွက်ခွင့်ရတယ်…ငါတို့တွေ အဓိပတိလမ်းမကြီးပေါ် သူငယ်ချင်းတွေနဲ့ အတူတူ လမ်းလျှောက်ခဲ့ကြတယ်…ဦးတည်ရာ အတူတူနဲ့ပေါ့

တန်ဆောင်မုန်းလမှာ မဲဇလီဖူးသုတ်တွေ နင်တို့ အဆောင်မှာ လုပ်ကြတယ်။ ငါတို့လည်း ဆေးပေါင်းခတဲ့ အချိန်ကို နင်တို့နဲ့ အတူတူ စောင့်ခဲ့ကြဖူးတယ်။ အိုးစည် ဒိုးပတ်သံတွေနဲ့ ဆရာ ဆရာမတို့ အဆောင်တွေမှာ မုန့်ဖိုးလိုက်တောင်းကြတယ်။ ငါက က,ရတာဝါသနာပါတယ်…ဒါပေမဲ့ နင်ရှိနေတော့ ငါ ရှက်နေမိတယ်..
ကျောင်းသားဘဝ အဖြူထည်လေးတွေမို့ ရိုးသားမှုတွေ လှိုင်လှိုင်ပွင့်ခဲ့ကြတယ်

ဒီနယ်မြေမှာ သိင်္ဂါရ ရသတွေကို အပြည့်အဝခံစားနိုင်ခဲ့တယ်..ထွေထွေထူထူမဟုတ်ပေမဲ့ ငါတို့တွေ တနေ့တမျိုး မရိုးနိုင်အောင် ချစ်စကားတွေ ပြောခဲ့ကြတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဖူးပွင့်စ အချစ်တွေနဲ့ အရိုးသားဆုံး ချစ်ခဲ့ကြဖူးတယ်။ ခုတော့ နင်ရော ငါရော ပြေးလည်း မပြေးကြတော့ဘူး။ လိုက်လည်း မဖမ်းကြတော့ဘူးနော်….

ဘာလို့လည်းဆိုတော့ နင်နဲ့ ငါက ဝေးခဲ့ကြပြီကိုး နေရာဒေသတွေက ငါတို့ကို ခြားခဲ့တာလား…?
ငါတို့ စိတ်တွေက ငါတို့ကို ခြားလိုက်တာလား? တစ်ခုခုတော့ တစ်ခုခုပေါ့..

သေချာတာက ကျောင်းတော်ကြီးကို ငါလွမ်းတတ်နေပြီ

သူငယ်ချင်းများကို သတိရခြင်းများစွာဖြင့်

herostar
This entry was posted on Wednesday, February 18, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: