b သူရဲကောင်းကြယ်: အော်..အချစ် (၃)
•Sunday, September 20, 2009
လွမ်းတယ်ဗျာ…မဖြစ်နိုင် မရနိုင်မှန်း သိရက်နဲ့ တမ်းတနေတတ်တာ ရူးသွပ်မှုသက်သက်ပဲလား.. သတိရနေတတ်သူက ရှုံးနိမ့်သူ ဆိုရင် ကျွန်တော်ဟာ အခါခါ ရှုံးနေသူပေါ့…ကွာခြားမှု … ကွာဝေးမှုတွေနဲ့ ပြည့်နေတဲ့ ဘဝနှစ်ခုထဲက လူသားတစ်ယောက်ဟာ ကျွန်တော်ပေါ့…ချစ်ခွင့် ရနေတာရယ်…ကျွန်တော့်် စာတချို့ကို ဖတ်ပေးနေတာရယ်ကလွဲလို့ ကျွန်တော့်ကို သူ အသိအမှတ်ပြုမိမယ် မထင်ပါ။

မယုံကြည်မှုများစွာနဲ့ စတင်ခဲ့တဲ့ ကျွန်တော့်အချစ်ဇာတ်လမ်းလေးဟာ တစ်ယောက်တည်းကြေကွဲရင်း နဲ့ပဲ ရင်ထဲမှာ ထုထည်များနေလေရဲ့…သူ့ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်ရေးဆိုခဲ့တာပါ…ပြန်ချစ်ပါလို့ ပြောချင်တာပေါ့ဗျာ…အဖြေမရှိတဲ့ မေးခွန်းတစ်ခုလို ပဟေဠိဆန်ဆန်ကြုံရတဲ့ အခါ ကိုယ့်ကိုယ်ကို တကယ်အားငယ်မိပါတယ်…

ပန်းကလေးတစ်ပွင့်လို ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဆီက အချစ်တစ်ခုကို ပိုင်ဆိုင်ခွင့်ရနေတဲ့ တခြားယောက်ျားလေးတွေကို လေးစားမိပါတယ်…အချစ်တစ်ခုကို ပိုင်ဆိုင်ဖို့ဆိုတာ ဂုဏ်တွေ ဒြပ်တွေမလိုမှန်း ခုမှသိတော့တယ် …အမှန်တိုင်းဝန်ခံရရင် ကျွန်တော် ပညာကို အပတ်တကုတ် သင်ကြားခဲ့ဖူးပါတယ်… ချစ်သူတစ်ယောက်နဲ့ အတူနေရတဲ့အခါ ကျွန်တော်က ဦးဆောင်နိုင်တဲ့ ယောက်ျားကောင်းတစ်ယောက် ဖြစ်နိုင်အောင်ပေါ့။

ကျွန်တော် သင်ခဲ့ဖူးတဲ့ ဘာသာရပ်တွေထဲမှာ မိန်းကလေးတစ်ယောက်ကို ချည်းကပ်နည်းလမ်းညွှန် ဆိုတဲ့ ဘာသာရပ်မပါခဲ့ဘူးလေ…

သင်္ချာမှာ အမှတ် နှစ်ခုကို ဖြတ်ပြီးမျဉ်းတစ်ကြောင်းသာဆွဲနိုင် သည်ဟု သင်ခဲ့ဖူးပါသည်…ဘဝမှာတော့ သူ့အပြုံးလေးတစ်မှတ် နဲ့ ကျနော့် နှလုံးသားလေးတစ်မှတ်ကို ဖြတ်ပြီးမျဉ်းကြောင်းများစွာ ဆွဲနေမိပါသည်…

ပေတံမသုံးပေမဲ့ ဘယ်တော့ဆွဲဆွဲဖြောင့်နေတတ်တဲ့ ဒီမျဉ်းလေးဟာ ကျွန်တော့်သံယောဇဉ်တွေနဲ့ ရစ်နှောင်နေတဲ့ အချစ်တွေပေါ့ဗျာ…


ကျွန်တော့်ကိုယ်မှာ အချစ်ကိုတပ်ဆင်လိုက်တာနဲ့ လောင်စာဆီတွေ အလိုလိုပြည့်လာပါတော့ တယ်…အချစ်မှာ ထူးဆန်းတဲ့ စွမ်းအင်ရှိတယ်ဆိုတာ ကျနော်လက်ခံလာခဲ့ပါပြီ…အရင်တုန်းကဆို ပေတေတေ ညှင်းသိုးသိုးနဲ့ နေတတ်တဲ့ ကျွန်တော်ခုဆို သူနဲ့ Web Cam မှာတွေ့ရတော့မယ်ဆို တာနဲ့ သပ်သပ်ရပ်ရပ် ဝတ်စားနေမိပါတယ်…မှုန်ဝါးဝါးသာမြင်ရတဲ့ Computer Screen ပေါ်မှာတောင် ကျွန်တော်ခန့်ညား နေချင်မိပါတယ်…

အချစ်ဟာ အရွယ်မရွေးနုပျိုစေတယ်ဆိုတာ ကိုယ်တွေ့ကြုံတော့ ယုံနေပါပြီ…ပြင်သစ်ရေမွှေးတွေ ကို ဒီနိုင်ငံမှာ အလွယ်တကူဝယ်ယူနိုင်တော့ မဆီမဆိုင်ရေမွှေးတောင်ဆွတ်နေမိပါတယ်….Internet မှာ အနံ့ပါခံစားနိုင်မယ်ဆို ရင် မိုင် ၅၀၀၀ ဝေးတဲ့ ဟိုဘက်ကမ္ဘာခြမ်းက ကျွန်တော့် ကောင်မလေး ခေါင်းများမူးနေမလားမသိ…ကျွန်တော် အဲဒီလောက်ထိ ရူးသွပ်နေမိပါတယ်…

သုတေသနလုပ်စရာတွေ ဖတ်စရာစာအုပ်တွေ မေးထိအောင်ပုံနေပေမဲ့ ဆွဲဆောင်မှုအားကောင်းနေ တာက သူမရဲ့ အကြောင်းတွေပါ…သူမနဲ့မတော်တဆ Online မှာဆုံလာပြီဆိုရင်ဒီစာအုပ်တွေဟာ ကျွန်တော်နဲ့ မဆိုင်သလိုပါပဲ…နောက်တစ်ခုက သူမဟာ စကားပြောနည်းသူတစ်ယောက်ပါ…ကျွန်တော်က စကားသံတွေနဲ့ ဆက်သွယ်တဲ့ အခါ သူမက အက္ခရာတွေနဲ့ ပဲ ဆက်သွယ်ပါတယ်။

One Way Dialogue လေးတစ်ခုမှာ တစ်ယောက်ယောက်သာ ကျွန်တော့်ဘေးမှာ ရှိနေခဲ့မယ်ဆိုရင် ရွာသာကြီးကိုသွားတဲ့ ၂၁၀ Bus ပေါ်ဆွဲတင်နေမလား မတွေးရဲပါ…"ရောဂါဆိုးညမှာတိုး" ဆိုတာကို အရင်တုန်းက နားမလည်ပေမဲ့ ခုလိုချစ်ရေးဆိုပြီးချိန်ကစပြီး နားလည်လာပါတော့တယ်…အဖြေမရသေးတဲ့ တရားခံတစ်ယောက်လိုပေါ့…တအုံနွေးနွေးခံစားချက်ကြီးက ရင်ထဲထိအောင့် တယ်ဗျာ…

ညညအိမ်စာတွေလုပ်ပြီးချိန်တွေဆိုရင် အလိုလိုမခေါ်ပဲရောက်ရောက်လာတတ်တာ…သူ့ကိုလွမ်းနေတတ်တဲ့ အလွမ်းတွေပေါ့…အိပ်ရာပေါ်ဘယ်ယာ လူးလွန့်ရင်း သူ့ကြောင်းလေးတွေတွေးလိုက် သက်ပြင်းအခါခါချလိုက်နဲ့ ညညဆို တော်တော်နဲ့ အိပ်မပျော်တော့ပါ…

တခါတခါ စားလည်းဒီစိတ်ကွယ်…သွားလည်းဒီစိတ်ကွယ်…မင်းကိုသာစွဲလန်းမိတယ် ဆိုတဲ့ သီချင်းကို ရွှေမန်းတင်မောင် လေသံနဲ့သာ ထဆိုလိုက်ချင်ပါတယ်…

ဖူးစာမပါလို့ ဆုံခွင့်မရခဲ့ရင်တောင် ကျွန်တော် တကယ်ချစ်ဖူးသူကို ရှာတွေ့ခဲ့ရလို့ ဒီအရိပ်လေးတစ်ခု ကိုတော့ အမှတ်ရနေမိမှာပါ…ကျွန်တော့်ဘဝရဲ့ နေညိုချိန်ထိ တသသဖြစ်နေစေမဲ့ သူမရဲ့ အပြုံးလေးတစ်ပွင့်ကိုတော့ ထာဝရယူဆောင်ခွင့်ပေးပါလို့ သာ တောင်းဆိုချင်မိပါတော့တယ်…

herostar
This entry was posted on Sunday, September 20, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: