b သူရဲကောင်းကြယ်: လွယ်အိတ်အနီကလေး
•Thursday, April 15, 2010
ကျွန်တော် ဆယ်တန်းအောင်တော့ မြန်မာစာကလွဲရင် ဂုဏ်ထူးအားလုံးပါတယ်လေ။ အောင်စာရင်း မထွက်ခင်တုန်းက တစ်ကိုယ်လုံး ရွှေသုတ်ထားမယ်ဆိုတဲ့ ကျွန်တော့် ဆရာက အမှတ်တရအဖြစ် ကချင် လွယ်အိတ်အနီလေး တစ်လုံး လက်ဆောင်ပေးပါတယ်။ အထက်တန်း ကျောင်းသားဘဝ တလျှောက်လုံးမှာ အဖေ့ စစ်လွယ်အိတ်ကြီးကိုပဲ လွယ်ခဲ့ရလို့ ဒီကချင် လွယ်အိတ်လေးကို အရမ်းနှစ်သက်မိပါတယ်။

တက္ကသိုလ် စတက်တော့ ပထမနှစ်မှာ စစ်သားတွေလိုပဲ ကျောင်းတက်ခဲ့ရတယ်လေ။ ပြင်ဦးလွင်မှာ ကျောင်းသားချည်းပဲ ၁၆၀ ကျော် အတူတူတက်ခဲ့ရလို့ ကချင် လွယ်အိတ်လေးကို မလွယ်ဖြစ်ဘဲ သိမ်းထားခဲ့တာ တစ်နှစ်ကြာတယ်။ ဒီလိုနဲ့ သူနဲ့ ကျွန်တော် ရင်းနှီးရမဲ့ တက္ကသိုလ် ဒုတိယနှစ်ကို ရောက်ခဲ့တယ်။ ဒီနှစ်မှာတော့ ကျွန်တော့်ရဲ့ ကချင်လွယ်အိတ်အနီလေးက ကျောင်းသွားတိုင် ကျွန်တော့် ဘယ်ဘက်ပခုံးထက်မှာ ပါနေကြလေ။

ကျွန်တော်တို့ ကျောင်းမှာ လွယ်အိတ်ကြိုးထုံးလေးက အဓိပ္ပါယ်ရှိတယ်တဲ့။ လွယ်အိတ်ကြိုးထုံးလေးကို ရင်ဘတ်ရှေ့မှာ ထားရင် အဲ့ဒီကောင်လေးက ချစ်သူ ရှာနေပါတယ်ဆိုတဲ့ သဘောလေ။ အဲ့ဒီ လွယ်အိတ်ကြိုးထုံးလေး ပခုံးပေါ်ရောက်လာပြီဆိုရင် သူ့ချစ်သူကို ရှာဖွေ တွေ့ရှိသွားပြီဆိုတဲ့ သဘောပေါ့။ အဲ အဲ့ဒီအထုံးလေး နောက်ကျောကို ရောက်သွားပြီဆိုရင်တော့ သူ့မှာ ချစ်သူရှိနေပါပြီဆိုတဲ့ သဘောပေါ့လေ။

ဒါတွေကို နောက်မှ သိတာပါ။ ကျွန်တော်သိတာက အစိုးရက လစဉ်ထုတ်ပေးတဲ့ လစာငွေလေးကို လောက်ငှအောင် သုံးနိုင်ဖို့ရယ်၊ လကုန်ရက်တွေမှာ အမေ့ကို ကန်တော့ငွေ ပေးနိုင်ဖို့ရယ်ပဲ တွေးနေတာနဲ့ တစ်ရက်ကို ၁၀ ဖိုးနှုန်းနဲ့ ရှည်နေတဲ့ ဒီဆံပင်ကိုတောင် လစဉ်မညှပ်ဖြစ်ဘူး။ အဲ့ဒီတုန်းက ဆံပင်တစ်ခါ ညှပ်ရင် ၃၀၀ ကျပ် ကျတယ်လေ။ ၂ လပေါင်းပြီး တစ်ခါ အောင်ဆန်းကေ ညှပ်ရင်တော့ ၂၀၀ ပဲကျတယ်လေ။ မန္တလေးမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ MIT တောအုပ်ထဲမှာ ကျောင်းအိပ်၊ ကျောင်းစား ကျောင်းတက်ခဲ့ရတော့ ငွေသိပ်သုံးစရာလည်း မလိုဘူးလေ။

ဘဝကိုက ခြိုးခြံနိုင်မှ တော်ကာကျတာဆိုတော့ ကပ်စေးနည်းတယ် ထင်လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ဝန်ထမ်းဖြစ်တဲ့ အဖေ့သင်ရိုးကို ကျေတယ် ပြောရမှာပဲ။ ကုန်သည်ဖြစ်တဲ့ အမေ့ စကားပရိယာယ်ကိုတော့ ခုထိ မကြွယ်သေးပါဘူး။


ဒါပေမဲ့ လွယ်အိတ်နီလေးကိုတော့ ကျွမ်းကျွမ်းကျင်ကျင် လွယ်တတ်ခဲ့ပါတယ်။ ကျောင်းကပြန်လာလို့ အမောတကောနဲ့ အိပ်ပျော်သွားရင်တောင် လွယ်အိတ်က မချွတ်ဘူးလေ။ ဒီလွယ်အိတ်လေးထဲမှာ ဘယ်ဆရာ ဘာသင်သင် လိုက်မှတ်ဖို့ အတွက် A4 စက္ကူ ၁၀ ရွက်လောက်ပါတဲ့ ဖိုင်တစ်ခုရယ်၊ ခဲတံလေးတစ်ချောင်းရယ်။ ဘောပင်လေး တစ်လက်ရယ်၊ ဇွန်းလေးတစ်ချောင်းလည်း ပါတယ်။ ဇွန်းက ဘာလို့ ထည့်ထားရတာလဲဆိုတော့ Lecture တန်းတွေပြီးလို့ စားရိပ်သာမှ ထမင်း ဝင်စားတဲ့အခါ အဆင်သင့် ဖြစ်အောင်လို့ပေါ့ ။

လွယ်အိတ်ကလေးရဲ့ ၅ နှစ်တာ တာဝန်တွေပြီးလို့ နောက်ရန်ကုန်ကို ပြောင်းပြီး ဘွဲ့ယူကျမ်းပြုစုရတော့လည်း သူက ပါစမြဲပဲလေ။ ရန်ကုန်မြို့ကို ကျွန်တော်က ငွေကုန်မြို့လို့ နာမည်ပေးထားမိတယ်။ ရေတောင် အလကားမရတဲ့ မြို့လေ။ ၂၀၀၅ ခုနှစ်လောက်ကပေါ့။ အင်းစိန်လမ်းမပေါ်က သံလမ်းမှတ်တိုင်ကနေ ကြို့ကုန်း (BBI) မှတ်တိုင်ထိ ၄၅ ကားစီးမယ်ဆိုရင် သမိုင်းလမ်းဇုံကို ကျော်လို့ ၄၀ ကျပ်ပေးရပါတယ်။ ကားခကို တစ်ဝက်ချွေတဲ့ အနေနဲ့ ၂၀ ကျပ်ပဲပေးပြီး သမိုင်းကနေ ကြို့ကုန်းထိ လမ်းလျှောက်ပါတယ်။ နောက်တော့ RC -2 ကနေ ကြို့ကုန်းထိ လမ်းလျှောက်တိုင်းလည်း ဒီလွယ်အိတ်ကလေးကပဲ ကျွန်တော့်ရဲ့ အဖော်ပေါ့ဗျာ။

ကျွန်တော် ဒီကချင် လွယ်အိတ်အနီလေးကို အရမ်းချစ်ပါတယ်။ သူဟာ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တစ်ဦးပဲလေ။ သူမပါဘဲ လမ်းလျှောက်ရတဲ့အခါ တစ်ခုခုလိုနေသလို ခံစားရတယ်။ အင်္ကျီအဖြူဝတ်ရလွန်းလို့ မတော်တဆတစ်ခုခုများ စွန်းထင်းနေရင် လွယ်အိတ်ကလေးက အားကိုးရတယ်လေ။ ခုဆို သူ ကျွန်တော်နဲ့ အတူရှိနေတာ ဆယ်နှစ်တောင်ကျော်ပေါ့။

ရန်ကုန်မှာ အမှုတော်ထမ်းခဲ့ရုံတင်မကပဲ ဥရောပထိ လိုက်ထမ်းနေတုန်းပေါ့။ အနောက်တိုင်းသားတွေ ဘာပဲ လွယ်လွယ် ကျွန်တော်ကတော့ ကချင်လွယ်အိတ်လွယ်ပြီး ခုထိ သူတို့ ကျောင်းမှာ တက်နေတုန်းပါပဲ။ ပိုင်ဆိုင်မှုနည်းတဲ့ ဘဝထဲမှာ ကြီးပြင်းလာခဲ့ရလို့လားမသိပါဘူး။ ဘယ်အရာလေးကိုပဲဖြစ်ဖြစ် နှစ်နှစ်ကာကာ စွဲစွဲလန်းလန်းဖြစ်နေတတ်တယ်လေ။


အသုံးပြုလို့ မရတော့ရင်တောင် အမှတ်တရ ပစ္စည်းတစ်ခုအဖြစ်
သိမ်းဆည်းထားတတ်တာ ကျွန်တော့် အကျင့်ပေါ့။


ခင်မင်လေးစားစွာဖြင့်


herostar


This entry was posted on Thursday, April 15, 2010 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

3 comments:

On April 16, 2010 at 5:23 AM , Anonymous said...

တိုက်ဆိုင်မှုရှိက ခွင့်လွတ်...
အလယ်တန်းကျောင်းသူဘ၀မှာ လားရှိုးကနေ အဖွားပို့ပေးတဲ့ ကချင်လွယ်အိတ်အနီလေးကို မြတ်နိုးစွာသိမ်းထားခဲ့ဖူးတယ်...
ဆယ်တန်းအောင်တော့ အမေ့မိတ်ဆွေ
သွားဆရာဝန်တစ်ဦးက အဖြူခံလိမ္မော်ဝါရောင်
ပန်းပွားလွယ်အိတ် တလုံးလက်ဆောင်ပေးခဲ့တယ်...
တက္ကသိုလ်တက်တော့ မိန်းကလေးတယောက်လိုနွဲ့နှောင်းမှုမရှိတော့
ကြိုးကိုထုံးပြီးပုခုံးမှာမလွယ်ဘူး
လက်မှာဆုပ်ကိုင်ပြီး ဂေါ်လီစတိုင်ပေါ့လေ..
ခုနေတွေးကြည့်တော့ ကိုယ့်ကိုကိုယ်တောင်ရီချင်တယ်..
တချိန်ကကျောင်းသူဘ၀ကို သတိရသွားတယ်...

 
On May 4, 2010 at 6:02 PM , Unknown said...

အစ်ကိုကအေ၇းအသားကောင်းပါတယ်ဆို
ညီမလေးလည်းကိုယ့်ပစ္စည်းဆိုရင်တန်ဖိုးထားတယ်
မကောင်းတော့ချင်နေသိမ်းထားတယ်။
အဲ..ကချင်လွယ်အိတ်နဲ့ပတ်သက်ပြီးညီမလေးမှာလည်း
အမှတ်တရရှိတယ်တက္ကသိုလ်စတက်တဲ့နေမှာအတန်း
ကြီးကအစ်ကိုတွေကမူကြိုကျောင်းနဲ့မှားလာတာလား
ဆိုပြီးတစ်ယောက်က ကချင်လွယ်အိတ်ထဲလက်နိုက်ပြီ
မုန့်ဖိုးတဲ့လာပေးတာကိုယ့်မူကြိုကျောင်းကိုယ်ပြန်နေမုန့်
ဖိုးဆိုပြီးမှ

 
On May 9, 2010 at 8:35 AM , Unknown said...

ဟေး နင်က ဒီလိုလည်း အရေးအသားအရမ်းကောင်းတာပဲ ကဗျာထက်စာရင် ဒါကို ပိုကြိုက်တယ်