b သူရဲကောင်းကြယ်: တခါက တက္ကသိုလ်နွေညများ(၁၁)
•Saturday, October 03, 2009
သိင်္ဂါရလွင်ပြင်ထဲ လမ်းလျှောက်ရတဲ့ ဘဝကို သတိရမိတယ်။

ရင်ဘတ်ထဲက စွယ်တော်ရှိုက်သံ သီချင်းသံစဉ်နဲ့ အတူ တခါက တက္ကသိုလ် သီတင်းကျွတ်လပြည့်ညလေးကို သတိရမိပါတယ်။ ဒီလို ညမျိုးတွေဆို အဆောင်တိုင်းရဲ့ ပြတင်းပေါက်နားမှာ မီးပုံးလေးတွေ ကိုယ်စီနဲ့ ပေါ့။ ဆီမီး တစ်ထောင်လွှတ်ပွဲ တွေ ကျောင်းရှေ့ က ရေမြောင်းလေးမှာ လုပ်ကြတယ်လေ။ ခုဆို လွမ်းလို့ ကျလာတတ်တဲ့ နှလုံးသားရှိုက်သံနဲ့ အတူ အဆောင်ကျောင်းသား ဘဝကို ခဏခဏ တမ်းတမိပါတယ်။ တမာတန်းလေးမှာ လမ်းတွေလျှောက်ရင်း အတူတက် ခဲ့ဖူးတဲ့ စက်မှုကျောင်းသားဘဝကတော့ လွမ်းမပြေပါပဲလေ။

ဖူးသစ်စ ၊အပျံသင်ခါစ နှလုံးသားနုနုလေးတွေပေါ့။ လူတိုင်းရဲ့ မျက်နှာမှာ ရည်မှန်းချက်ကိုယ်စီ ရည်ရွယ်ရာပန်းတိုင်ကိုယ်စီနဲ့ ပေါ့။ ဒေါ်ဂွက်တို့ ကျော်သူဆွေတို့ (Canteen's Names) မှာ ခုချိန် လောက်ဆို အသံဗလံတွေ ဆူညံနေလောက်ပြီပေါ့လေ။ အချိန်တွေ ဘယ်လောက်ပဲ ကြာမြင့်လာပေမဲ့ ဒီအလွမ်းနာကို မကုသနိုင်ဘူးထင်တာပဲ။ ဆရာကန်တော့ပွဲတွေနဲ့ စည်ကားနေလောက်ပြီပေါ့။ ခုချိန်ဆို အဆာင်တိုင်းမှာ ဥပုသ်ပွဲအတွက် ပြင်ဆင်မှုတွေ ကိုယ်စီ လုပ်နေလောက်ပြီပေါ့လေ။ ၂၀၀၂ မန်းလေးတမ်းချင်းတွေထဲမှာ သီတင်းကျွတ်ည မီးပုံးပျံလွှတ်တာလေးတွေလည်း ပါတယ်။

အဓိပတိလမ်းမပေါ်မှာ ခြေရာတွေ ရှုပ်နေရောပေါ့။ ဥပုသ်ပွဲတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို အဆောင်လိုက် တာဝန်ယူပြီး လုပ်ရတယ်လေ။ သီတင်းကျွတ်ပြီးလို့ တန်ဆောင်မုန်း ကထိန်ပွဲတွက် တက္ကသိုလ်ခန်းမကြီးထဲမှာ ကထိန်တွက်လုပ်ထားတဲ့ လှူဖွယ်ပစ္စည်းတွေကို အဆောင်လိုက် ပဒေသာပင်သီးရတာ တော်တော်ပျော်စရာ ကောင်းပါတယ်။ ကထိန်ကျမဲ့ ဘုန်းတော်ကြီးကျောင်းကို မဲဖောက်ရွေးပြီး ကထိန်ပစ္စည်းတွေ ပို့ ဆောင်ရတာလည်း ပျော်စရာကောင်းတယ်။

တက္ကသိုလ်ရဲ့ ရင်ခွင်ကို သိင်္ဂါရ လွင်ပြင်လို့ ပြောလိုက်ချင်တယ်။ ချစ်ခင်မှု ပြယုဂ်တွေကို အပီအပြင်မြင်တွေ့နိုင်တဲ့ နေရာလေးမို့ လေ။ မှိုင်းညို့ ညို့ ရီဝေဝေ ဖြစ်နေတတ်တဲ့ မြခနောင်တောင်ရှူခင်းကို သတိရတယ်။ မြင်ခင်းစိမ်းစိမ်းတွေပေါ်မှာ အတူထိုင်ရင်း နေဝင်ချိန်ကို ငေးကြည့်ရတဲ့ အရာသာကို တစ်သက်မေ့မယ် မထင်ဘူး။ နေဝင်ချိန်ဆိုတာ အရာအားလုံး ချုပ်ငြိမ်းခြင်းသဘောကို ဆောင်တယ်တဲ့။ သို့ ပေမဲ့ တစ်ဦးမျက်နှာကို တစ်ယောက်က နောက်ဆုံးစက္ကန့် လေးတွေအထိ မြတ်မြတ်နိုးနိုးကြည့်ရင်း တနေ့ တာပျော်ရွှင်မှုတွေကို ပြန်ပြောနေတတ်ကြတဲ့ အတွဲကိုယ်စီကိုလည်း မြင်တွေ့ နိုင်သေးတယ်လေ။ အပြစ်ကင်းတဲ့ ကြည်နူးခြင်းတွေ ပေါ့။

ကျောင်းတော်ကြီးဆီကို နောက်တစ်ခေါက်ပြန်ရောက်တဲ့အခါ ဟာတာတာခံစားရမှာ သေချာတယ်။ မြင်နေကျခင်နေကျ သူငယ်ချင်းတွေက တစ်ယောက်တစ်နေရာဆီမှာဆိုတော့ ပြန်ရောက်ရင်လည်း ယောင်တောင်တောင်ဖြစ်နေမှာအတူတူဆိုတော့ စိတ်ကူးနဲ့ လွမ်းရတာပဲ ပိုကောင်းမယ်ထင်ပါတယ်လေ။ စိတ်ကူးထဲမှာ အားလုံးကိုပြန်စုစည်းလို့ ရတယ်လေ။ အပြင်မှာတော့ ဖြစ်နိုင်စရာ မလွယ်တော့ဘူးလေ။

နည်းပညာတက္ကသိုလ် (M.I.T) အလွမ်းပြေပေါ့။

ခင်မင်လေးစားလျက်

herostar
This entry was posted on Saturday, October 03, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

1 comments:

On October 7, 2009 at 6:23 PM , နိုင်နိုင် said...

ရွှေမန်းရဲ့တိုင်ခြောက်လုံး
လွမ်းလို့ကကောင်းတုန်း
ဦးပိန်နားရွေ့လို့သွားလဲ
လွမ်းနေဆဲပါ
ဟိုအဝေး ရှမ်းရိုးမက
မီးဆောင်းတန်း
မလွမ်းဘဲဘယ်သူနေမှာလဲ
MIT ကိုလွမ်းတာ
ကျနော် လုံးဝမကန့်ကွက်ပါ