b သူရဲကောင်းကြယ်: တခါက တက္ကသိုလ်နွေညများ(၉)
•Wednesday, May 13, 2009
ညအခါ
လသာသာ
ကစားမလား?
နားမလား?

တက္ကသိုလ်က ငွေလမင်းလေးရယ်...ဘယ်ကောင်းကင်မှာ မင်း သာနေလဲကွယ်..

ငါ့ ကို ကစားပါဦးဟာ...နင် နားခဲ့တုန်းက ထားခဲ့တဲ့ ကြင်နာမှုတွေက ခုတော့ နာကျင်မှုတွေဖြစ်နေပြီပေါ့
နင်ချန်ခဲ့တဲ့ နာကျင်မှုအဆိပ်ငွေ့တွေ ငါ့တစ်ကိုယ်လုံးပြန့်နေပြီလေ...နင် ကစားခဲ့တဲ့ ငါ့အိပ်မက်တွေ ပြန်မက်လို့ကို မရတော့ဘူး..
လာပါ..နားပါ..ကစားပါ...လို့ ငါ့ နှလုံးသွေးတွေက နင့်ကိုပဲ ဖိတ်ခေါ်နေတော့တယ်ဟာ...

အုတ်တွေ သဲတွေအကြောင်း ခေါင်းမီးတောက်အောင် ငါ ကျက်နေရတဲ့ အချိန်မှာ နင်ကတော့ DSP ဆိုတာကို သီချင်းလေး တအေးအေးနဲ့ တွက်နေတတ်တယ်လေ...ငါကတော့ နင့် DSP ကို (Don't Speak Parkyawe) ပါကျယ်စကားမပြောတဲ့ ဘာသာလို့ နာမည်ပေးခဲ့ဖူးတယ်။ တခါတခါ စာတွေက ခေါင်းထဲ မဝင်ပါဘူးဟာ...နင့် အပြုံးတွေပဲ ခေါင်းထဲရောက်နေခဲ့တာနဲ့ .. ကျလိုက်တဲ့ အဆင့်တွေကလည်း မပြောပါနဲ့တော့ ... နှစ်တိုင်း ပါချုပ်လက်မှတ် အပေါ်က နာမည်ဟာ ငါ့နာမည်ပဲ ဖြစ်နေတာပေါ့...

ငါပြီးရင် ပါချုပ်ပဲ ကျန်တော့တဲ့ အောင်စာရင်းကို နင်က ဘယ်ကြည့်ချင်မှာလဲနော်...ငါကတော့ ညိုညက်ညက် အသားရေလေးနဲ့ မျက်နှာဝိုင်းလေး နင့်ကိုပဲ ကြည့်ချင်နေမိတော့တယ်။ တက္ကသိုလ်ဇာတ်လမ်းတွေဟာ ပြန်လည်းတူးဆွတိုင်း ပျော်စရာကောင်းသလို လွမ်းစရာလည်း ကောင်းပါတယ်ဟာ...ခုလို ကဆုန်လပြည့်တို့၊ ဝါဆိုလပြည့်တို့မှာဆိုရင် အောင်ကောင်းကျော် ဓမ္မာရုံမှာ မေဂျာလိုက် ကုသိုလ်တွေလုပ်ကြတယ်လေ...ငါတို့တွေ တော်တော်ပျော်ဖို့ကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်ခဲ့ဖူးကြတာပဲနော်...

ဦးလာဘခြံထဲက သပြေပန်းတွေကိုလည်း သတိရနေမိတယ်ဟာ....ညနေဘက် လပြည့်နေ့တွေဆို သပြေပန်းတွေ သွားဝယ်ကြတယ်လေ။ ကျောင်းရှေ့က ရေမြောင်းလေးမှာ သပြေပန်းတွေကို ရေဆေးရင်း ရေစီးနဲ့ မျောလာတတ်တဲ့ ကိုင်းပင်လေးတွေကို မျက်စိတဆုံးအတူတူ လိုက်ကြည့်ရတဲ့ အရသာဟာ စိတ်ထဲမှာ တမျိုးပဲဟ..ဘယ်ဆီကိုရောက်လို့ ဘယ်လောက်ထိ မျောနေဦးမယ်မသိတဲ့
ရေစီးထဲက ကိုင်းပင်လေး တခက်ဟာ ခုတော့ ငါဖြစ်နေပြီပေါ့ဟာ...

ဘယ်ဘဝရောက်ရောက် အတူပေါင်းဖက်ရပါစေဆိုတဲ့ သစ္စာတွေတိုင်တည်ရင်း ညနေဘက် ဘုရားမှာ သပြေပန်းကပ်ရတာ တော်တော်ကြည်နူးဖို့ကောင်းတယ်နော်...အဖြူရောင်အင်္ကျီလေးတွေကိုယ်စီနဲ့ ဖြူဖြူစင်စင် အတူပြုခဲ့ဖူးတဲ့ ကုသိုလ်တွေဟာ ဘယ်တော့များမှ အကျိုးပေးမယ်ဆိုတာ ငါလည်း မခန့်မှန်းတတ်တော့ပါဘူးဟာ...နွေနေက ပူပေမဲ့ ထီးလေးတစ်ချောင်းကို နှစ်ယောက်တူတူဆောင်ရတာ တော်တော်အေးမြတယ်နော်...ချွေးစို့လို့ ထွက်လာတတ်တဲ့ နင့်ပါးပြင်ကသနပ်ခါးနံ့လေးကို
ဝေးဝေးကတောင် ငါအလွတ်ရတယ်...

ငါ့ရဲ့ စေတနာစကားတွေက နင့်နားကို ခါးနေစေပြီလားဟင်..နင်က ကစားတတ်တဲ့သူဆိုတော့ နင်ပျော်မယ်ဆိုရင် ငါ့ကိုသာ ခွဲလိုက် စိပ်လိုက် ပိုင်းလိုက်ပါတော့ဟာ...ကြယ်ရောင်ကင်းမဲ့တဲ့ ဘဝရဲ့ လမိုက်ညတွေမှာလျှောက်လှမ်းရင်း တခါတခါ လသာညလေးများ ကြုံမိရင် ငါတို့ ငယ်ငယ်ကဆိုခဲ့ဖူးတဲ့ အတိုင်း

ညအခါ
လသာသာ
ကစားမလား
နားမလား လို့ နင့်ကို ထပ်မေးလိုက်တယ်နော်...

နင်ပျော်ရွှင်ပါစေ..

လေးစားလျက်

herostar
This entry was posted on Wednesday, May 13, 2009 and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: